Home ဘာသာပြန် ကိုရိုနာဗိုင်းရပ်စ်က အာရှအမျိုးသမီးတို့ အလုပ်အကိုင်မလုံခြုံမှုကို မီးမောင်းထိုးပြနေ

ကိုရိုနာဗိုင်းရပ်စ်က အာရှအမျိုးသမီးတို့ အလုပ်အကိုင်မလုံခြုံမှုကို မီးမောင်းထိုးပြနေ

(ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကြောင့် အာရှဒေသမှ အမျိုးသမီးများ အလုပ်လက်မဲ့ဖြစ်မှု များပြားဟု ကျွမ်းကျင်သူတို့ ပြော)

(ပျိုး ဘာသာပြန်သည်)

လွန်ခဲ့သည့်လက ကမ္ဘာတဝှမ်းသို့ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်နှံလာမှုကြောင့် ဟောင်ကောင်မြို့မှ ကလေးထိန်း တီနာယန်းသည် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ အိမ်တွင်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသည့် အာရှဒေ သမှ အမျိုးသမီးများစွာသည် ကမ္ဘာကပ်ရောဂါဘေး၏ ခြိမ်းခြောက်မှုကို ခံနေကြရသည်။

ဤဗိုင်းရပ်စ်ရောဂါကို တရုတ်နိုင်ငံတွင် ဒီဇင်ဘာလအတွင်းက စတင်တွေ့ရှိပြီးနောက် ကမ္ဘာတဝှမ်းမှ လူ (၁၃ ၄၀၀၀) ကျော်ကူးစက်ခံခဲ့ရပြီး လူ (၅၀၀၀)ကျော် သေဆုံးခဲ့ရပြီး စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ရ သကဲ့သို့ စက်ရုံလုပ်သားများမှအစ လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းများကိုပါ ထိခိုက်စေခဲ့သည်။

သန့်ရှင်းရေးနှင့် ချက်ပြုတ်ရေး (သို့မဟုတ်) ကလေးထိန်း စသောလစာနည်းပါးသည့် အိမ်တွင်းလုပ်ငန်းများတွင် ကန်ထရိုက်စာချုပ် (သို့မဟုတ်) လူမှုကာကွယ်မှုမရဘဲ အလုပ်လုပ်ကိုင်နေရသော အာရှအမျိုးသမီးများ အလုပ် လက်မဲ့ ဖြစ်ခဲ့ရသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ထိုသူများထဲတွင် ယန်းတစ်ယောက်လည်း အပါအဝင်ဖြစ်သည်။ သူသည် လွန်ခဲ့သည့် ဇန်နဝါရီလ ကိုရိုနာဗိုင်း ရပ်စ်ဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံတောင်ပိုင်းမှ ရုတ်တရက်ထွက်လာပြီး ဗြိတိန်သို့ပြန်မည့် မိသားစုတစ်ခုထံတွင် တစ်လခန့် အလုပ်လုပ်ကိုင်ခဲ့သည်။

“ ကျမ လုပ်ခတစ်လစာမရခဲ့ဘူး။ တစ်ခြား အချိန်ပိုင်းအလုပ်တွေ ထပ်ရှာရမယ်။ ကျမသားတွေကိုလည်း မုန့်ဖိုး မပေးနိုင်တော့ဘူး” ဟု အသက်(၄၄)နှစ်အရွယ် သားနှစ်ယောက်မိခင်က ပြောသည်။

“ ကျမတို့အလုပ်က ဘာအာမခံချက်မှ မရှိပါဘူး” ဟု သော်မဆင် ရိုက်တာဖောင်ဒေးရှင်းကို တယ်လီဖုန်းက တ ဆင့်ပြောသည်။

Babysitter.hk ခေါ် ဟောင်ကောင်အခြေစိုက် ကလေးထိန်းရှာဖွေရေးဝက်ဘ်ဆိုက်က သူတို့နှင့်ဆက်သွယ် ထားသူများ၏ ဆယ်ပုံတစ်ပုံရှိသော အမျိုးသမီး (၄၀၀၀)ခန့် အလုပ်မရကြဟု ဖော်ပြသည်။

ယင်းဝက်ဘ်ဆိုက်ဒါရိုက်တာ ဖေးလစ်ခ်ချိုင်းက အိမ်မှာနေ၍ အလုပ်လုပ်သော မိဘများ များပြားလာခြင်း၊ က လေးထိန်းများနှင့် ပြင်ပမှ ဗိုင်းရပ်စ်ဝင်ရောက်လာမည်ကို စိုးရိမ်ခြင်းတို့ကြောင့် အမှာစာများ ကျဆင်းခဲ့သည်ဟု ပြောသည်။

အမျိုးသမီးများအပေါ် ပို၍ ထိခိုက်ခြင်း
ကုလသမဂ္ဂ၏ စာရင်းအရ အာရှတဝှမ်းတွင် ပုံမှန်မဟုတ်သည့် လုပ်ငန်းများ၌ အမျိုးသားရော အမျိုးသမီးများပါ အလုပ်လုပ်ကိုင်နေသည်။ အမျိုးသမီးများသည် အိမ်တွင်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကဲ့သို့သော လုံခြုံမှုမရှိသည့် လစာနည်းလုပ်ငန်းခွင်များတွင် အများအားဖြင့် အလုပ်လုပ်ကိုင်နေကြရကာ ပင်စင်လစာနှင့် မီးဖွားခွင့်လည်း မရရှိကြပေ။

“ Covid 19 ကြောင့်ဖြစ်တဲ့ စီးပွားရေးရိုက်ခတ်မှုက အမျိုးသမီးတွေကို ပိုပြီးထိခိုက်စေတယ်။ အထူးသဖြင့် ဘာအာမခံချက်မှမရှိတဲ့ အလုပ်ခွင်မှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေမှာ ပိုထိခိုက်တယ်” ဟု ကုလသမဂ္ဂ အာရှဒေသ အမျိုးသမီးရေးရာဌာနအကြီးအကဲ မိုဟာမက် နာဆီရီက ပြောသည်။

“ ကျန်းမာရေးပြဿနာရှိတာနဲ့ ကျောင်းတွေပိတ်လိုက်တဲ့အခါ အမျိုးသမီးတွေအပေါ် ဝန်ထုပ်ဝန်ပိုးတွေက ပိုပိ လာတယ်။ ကလေးတွေကို ထိန်းကျောင်းဖို့နဲ့ နာမကျန်းတဲ့ မိသားစုကို ပြုစုဖို့က အမျိုးသမီးတွေအပေါ် ပိုပြီး တာဝန်ကျလာတယ်လေ”

ပျှမ်းမျှအားဖြင့် အာရှဒေသမှ အမျိုးသားများသည် လုပ်ခမရဘဲ အလုပ်လုပ်ရသည့်အချိန် တစ်ရက်လျှင် (၆၄) မိနစ်ရှိကာ အမျိုးသမီးများသည့် (၂၆၂)မိနစ်ရှိသည်ဟု ကုလသမဂ္ဂဆိုင်ရာ အညွှန်းကိန်းများတွင် ဖော်ပြထား သည်။

ဒေသတွင်းရှိ အာရှဒေသ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ AMCB က စီးပွားရေး ကျဆင်းမှုနှင့် အိမ်အကူများကို ဆက်မထားတော့ခြင်းကြောင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသမီးများ ရာပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်နိုင်ဖွယ်ရှိကြောင်း ပြောဆိုထားသည်။ ယင်းနှစ်နိုင်ငံသည် နိုင်ငံခြား အိမ် အကူများကို အဓိက ပံ့ပိုးပေးနေသော နိုင်ငံများဖြစ်ကာ အမျိုးသမီးများက နှစ်စဉ်ပြန်ပို့ပေးသော သန်းနှင့်ချီ သည့် ဒေါ်လာငွေဖြင့် နိုင်ငံစီးပွားရေးကို ကျားကန်ထားရသည်။

“ ဒီအမျိုးသမီးအများစုဟာ မိသားစုကို ရှာဖွေကျွေးနေသူတွေပါ။ ဗိုင်းရပ်စ်ပိုးရဲ့ သက်ရောက်မှုက အခြေအနေ တွေကို ပိုဆိုးစေပါတယ်” ဟု AMCB ၏ ပြောရေးဆိုခွင့်ရှိသူ အီမန်ဗီလာနျူဗာက ပြောသည်။

Thomsom Reuter Foundation News မှ Beh Lih Yi ရေးသားသော
From nannies to helpers, corona virus spotlights Asia women’s job insecurity ကို ပျိုး ဘာသာပြန်တင်ပြပါ သည်။ https://news.trust.org/item/20200313122408-e2lvu/

Author: Pyo Pyo

Related Articles