Home ဆောင်းပါး နိုင်ငံတကာအမျိုးသမီးများနေ့ ၂၀၂၀ – နောက်ခံသမိုင်း၊ ရုန်းကန်မှုနဲ့ အောင်ပွဲ

နိုင်ငံတကာအမျိုးသမီးများနေ့ ၂၀၂၀ – နောက်ခံသမိုင်း၊ ရုန်းကန်မှုနဲ့ အောင်ပွဲ

၂၀၂၀ ခုနှစ်၊ မတ်လ(၃)ရက်နေ့ BBC မှ တင်ပြခဲ့သော International Women’s Day 2020: History, strikes and celebrations ကို ပျိုး ဘာသာပြန်သည်။

သင်ဟာ နိုင်ငံတကာအမျိုးသမီးများနေ့အကြောင်းကို သတင်းမီဒီယာတွေမှာတွေ့ဖူး၊ ဖတ်ဖူးသလို သူငယ်ချင်း မိတ်ဆွေတွေ ပြောပြလို့လည်း ကြားဖူးနေမှာပါ။ ဒါဆို ဒါက ဘာအတွက်လဲ။ ဘယ်အချိန်က ဖြစ်ခဲ့လဲ၊ ဒါဟာ အခမ်းအနားပွဲတစ်ခုမျှသာလား ဒါမှမဟုတ် ဆန္ဒပြပွဲတစ်ခုလား။ နောက်ပြီး ဒါနဲ့ အလားသဏ္ဍန်တူတဲ့ နိုင်ငံ တကာ အမျိုးသားများ (ယောကျ်ားသားများ) နေ့ဆိုတာရော ရှိပါသလား..။ ဒါတွေနဲ့အတူ လူတွေဟာ မတ်လ (၈)ရက်နေ့ကို အမျိုးသမီးများအတွက် နေ့ထူးနေ့မြတ်ကြီးအဖြစ် လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်ကြာကတည်းက သတ်မှတ်ခဲ့ကြတာ ဘာကြောင့်လဲဆိုတာတွေကို အကျဉ်းချုပ်တင်ပြလိုက်ရပါတယ်။

၁။ ဘယ်လိုစတင်ခဲ့တာလဲ။
နိုင်ငံတကာ အမျိုးသမီးများနေ့ဟာ အလုပ်သမားလှုပ်ရှားမှုတွေကနေ ပေါ်ပေါက်လာခဲ့ပြီး ကုလသမဂ္ဂက နှစ် ပတ်လည်အခမ်းအနားပွဲတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်တွေဟာ ၁၉၀၈ ခုနှစ်မှာ အစပျိုးခဲ့တာပါ။ အဲဒီအချိန်က နယူးယောက်မြို့မှာ အလုပ်ချိန်လျှော့ ချရေး၊ သင့်တင့်တဲ့လုပ်အားခ ရရှိရေးနဲ့ မဲပေးပိုင်ခွင့်ရရှိရေးအတွက် အမျိုးသမီး(၁၅၀၀၀)ဟာ ချီတက်တောင်း ဆိုခဲ့ကြပါတယ်။ ဒီလိုတောင်းဆိုတာက အမေရိကန် ဆိုရှယ်လစ်ပါတီကဖြစ်ပြီး တစ်နှစ်အကြာမှာ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့နေ့ရက်ဆိုတဲ့အယူအဆကတော့ “ကလာရာဇက်ကင်”ဆိုသူ အမျိုးသမီးထံက ရခဲ့ တာပါ။ ၁၉၁၀ ခုနှစ်မှာ ကိုပီဟေဂင်မှာ ကျင်းပတဲ့ အမျိုးသမီးအလုပ်သမများ ညီလာခံမှာ ဒီအယူအဆကို သူက အကြံပြုတင်ပြခဲ့ပါတယ်။ ညီလာခံမှာ နိုင်ငံပေါင်း(၁၇)နိုင်ငံက အမျိုးသမီး(၁၀၀)ဦးပါဝင်တက်ရောက်ပြီး သူ့ရဲ့ အကြံပြုချက်ကို တခဲနက်ထောက်ခံခဲ့ကြပါတယ်။

၁၉၁၁ ခုနှစ်မှာ သြစတီးယား၊ ဂျာမဏီနဲ့ ဆွစ်ဇာလန်မှာ နိုင်ငံတကာအမျိုးသမီးများနေ့ကို ပထမဦးဆုံး ကျင်းပ ခဲ့ကြပါတယ်။ ရာပြည့်ပွဲတော်ကိုတော့ ၂၀၁၁ ခုနှစ်က ကျင်းပခဲ့တာဖြစ်လို့ ဒီနှစ်ကတော့ (၁၀၉)ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့ကို ကျင်းပကြရမှာဖြစ်ပါတယ်။

၁၉၇၅ ခုနှစ်မှာ ကုလသမဂ္ဂက စတင်ကျင်းပချိန်မှာတော့ ဒီနေ့ဟာ တရားဝင်ဖြစ်လာခဲ့ပါတယ်။ “ အတိတ်ကို အမှတ်ရပြီး အနာဂတ်အတွက် ပြင်ဆင်ကြ” (Celebrating the past, Planning for the Future) ဆိုတဲ့ ဦး တည်ချက်ကို ၁၉၉၆ ခုနှစ်မှာ ကုလသမဂ္ဂက ပထမဆုံး ချမှတ်ခဲ့ပါတယ်။ ဒီနှစ်မှာကတော့ “ တူညီမျှတတဲ့ ကမ္ဘာ ကြီးဟာ ပြည့်စုံတဲ့ ကမ္ဘာကြီးဖြစ်တယ် (An equal world is an enabled world) လို့ ချမှတ်ပြီး အတူတကွ အလုပ်လုပ်ကိုင်ကြပြီး ကျား၊ မတန်းတူညီမျှတဲ့ ကမ္ဘာကြီးကို ဖန်တီးဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံတကာအမျိုးသမီးများနေ့ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ မညီမျှမှုတွေကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲတွေ ကျင်း ပပြီး လူအများသတိပြုမိလာအောင် ဆောင်ရွက်တဲ့ နိုင်ငံရေးအခြေခံနေ့တစ်နေ့ဖြစ်သလို လူ့ဘောင်အဖွဲ့အ စည်းတွေရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးနယ်ပယ်တို့မှာ အမျိုးသမီးတွေ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတယ် ဆိုတာကို ဖော်ပြအောင်ပွဲခံတဲ့ နေ့ရက်တစ်ရက်လည်း ဖြစ်လာခဲ့ပါတယ်။

၂။ ဘယ်အချိန်ကစခဲ့တာလဲ။
မတ်လ(၈)ရက်..၊ ကလာရာရဲ့ “နိုင်ငံတကာအမျိုးသမီးများနေ့”ဆိုတဲ့ အယူအဆက တိကျတဲ့ ရက်သတ်မှတ် ချက် မပါပါဘူး။ ဒီနေ့ရက်ဟာ ရုရှအမျိုးသမီးတွေက “ပေါင်မုန့်နဲ့ ငြိမ်းချမ်းရေး” ကို တောင်းဆိုခဲ့တဲ့၊ ဇာဘုရင်ကို ထီးနန်းစွန့်ဖို့နဲ့ ယာယီအစိုးရအစိုးရက အမျိုးသမီးတွေကို မဲပေးခွင့်အာမခံဖို့ (၄)ရက်ကြာဆန္ဒပြတောင်းဆိုခဲ့ချိန်၊ ၁၉၁၇ ခုနှစ်၊ ပထမကမ္ဘာစစ်ကာလအထိ တရားဝင်ဖြစ်မလာသေးပါဘူး။ ဒီလို စတင်ဆန္ဒပြတဲ့နေ့ရက်ဟာ ရုရှ နိုင်ငံမှာ သုံးစွဲနေတဲ့ ဂျူလီယံပြက္ခဒိန်အရ ဖေဖော်ဝါရီလ (၂၃)ရက်၊ တနင်္ဂနွေနေ့ဖြစ်ပါတယ်။ ဂရီဂိုရီယန် ပြက္ခ ဒိန်အရဆိုရင်တော့ မတ်လ(၈)ရက်နေ့ပါ။ အဲဒီနေ့ရက်ကိုပဲ ဒီနေ့ခေတ်မှာ နိုင်ငံတကာအမျိုးသမီးနေ့အဖြစ် ကျင်းပကြတာဖြစ်ပါတယ်။

၃။ နိုင်ငံတကာ အမျိုးသားများ(ယောက်ျားသားများ) နေ့ဆိုတာရော ရှိပါသလား။
တကယ်တော့ရှိပါတယ်။ နိုဝင်ဘာလ(၁၉)ရက်နေ့ပါ။ ဒါပေမယ့် ဒါဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက သတ်မှတ်ခဲ့ ကြတာဖြစ်ပြီး ကုလသမဂ္ဂက အသိအမှတ်ပြုထားတာ မဟုတ်ပါဘူး။ အင်္ဂလန်အပါအဝင် နိုင်ငံပေါင်း(၆၀) ကျော်မှာရှိတဲ့ ပြည်သူတွေကတော့ အဲဒီအခမ်းအနားကို ကျင်းပကြပါတယ်။ အဲဒီနေ့ရဲ့ ရည်ရွယ်ချက်ကတော့ “ လူကြီး၊ လူငယ် အမျိုးသားတွေရဲ့ ကျန်းမာရေး၊ ကျား၊ မဆက်ဆံရေးကောင်းမွန်ဖို့၊ ကျား၊ မတန်းတူရေးကို မြှင့်တင်ဖို့နဲ့ အပြုသဘောဆောင်တဲ့ စံပြအမျိုးကောင်းသားများဖြစ်စေရေး အလေးထားဖို့” စတာတွေဖြစ်ပါ တယ်။ ၂၀၁၉ ခုနှစ်ရဲ့ ဦးတည်ချက်ကတော့ “လူကြီး၊ လူငယ် အမျိုးသားများအတွက် မတူကွဲပြားမှုကို ဖန်တီးစို့” ဆိုတဲ့ဦးတည်ချက်ဖြစ်ပါတယ်။

၄။ နိုင်ငံတကာအမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်းမှာ ဘယ်လို ကျင်းပသလဲ။
နိုင်ငံတကာအမျိုးသမီးများနေ့ဟာ နိုင်ငံအတော်များများရဲ့ အစိုးရရုံးပိတ်ရက်ဖြစ်ပြီး ရုရှားနိုင်ငံမှာဆိုရင် မတ်လ (၈)ရက်နေ့မတိုင်ခင် ၄ – ၅ ရက်လောက်မှာ ပန်းအရောင်းစံချိန်ဟာ (၂)ဆလောက်ထိ မြင့်တက်သွားတတ်ပါ တယ်။

တရုတ်နိုင်ငံမှာဆို နိုင်ငံတော်ကောင်စီရဲ့ အကြံပေးချက်အရ မတ်လ(၈)ရက်နေ့မှာ အမျိုးသမီးအတော်များများ ကို နေ့တဝက် ရုံးပိတ်ပေးထားပေမယ့် သူတို့အလုပ်ရှင်တွေကတော့ အမြဲတမ်းခွင့်ပြုပေးတာမျိုးမဟုတ်ပါဘူး။

အီတလီနိုင်ငံမှာတော့ နိုင်ငံတကာအမျိုးသမီးနေ့မှာ မီမိုဆာခေါ် ထိကရုန်းနွယ်ပန်းပွင့်တွေ လက်ဆောင်ပေးပြီး ကျင်းပပါတယ်။ ဒီထုံးတမ်းစဉ်လာကို တိတိကျကျ မသိရပေမယ့် ရောမမြို့မှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှ စတင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အမေရိကန်နိုင်ငံမှာလည်း မတ်လဟာ အမျိုးသမီးတို့ရဲ့ သမိုင်းဝင်လ ဖြစ်ပါတယ်။ အမေရိကန်အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုနဲ့ပတ်သက်ပြီး ဂုဏ်ပြုတဲ့ ကြေညာချက်ကို သမ္မတက နှစ်စဉ်နှစ်တိုင်းမှာ ထုတ်ပြန်လေ့ရှိပါတယ်။

၅။ ဒီနှစ်မှာရော ဘာဖြစ်မလဲ။
ဒီနှစ်မှာတော့ နိုင်ငံတကာအမျိုးသမီးနေ့လှုပ်ရှားမှုအတွက် အားလုံးတန်းတူရေး ( Each for Equal) ဆိုတဲ့ဦး တည်ချက်ကို ရွေးချယ်ထားပါတယ်။ ဒါဟာ တသီးပုဂ္ဂလတွေစုစည်းထားတဲ့ အယူအဆကို ပုံဖော်ဖို့ဖြစ်ပါတယ်။ “ ငါတို့ဟာ တစ်စုံလုံးရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်” လို့ ထုတ်ပြန်ထားပါတယ်။ “ ငါတို့တစ်ဦးချင်းစီရဲ့ လုပ် ဆောင်ချက်တွေ၊ ပြောဆိုမှုတွေ၊ အပြုအမူတွေနဲ့ စိတ်ပိုင်းဆိုင်ရာအယူအဆတွေဟာ ကြီးမားတဲ့ ငါတို့လူ့အဖွဲ့ အစည်းအပေါ် သက်ရောက်နိုင်တယ်” ဆိုတာပဲဖြစ်ပါတယ်။

“ စုပေါင်းခြင်းအားဖြင့် အပြောင်းအလဲတွေကို လုပ်နိုင်တယ်။ စုပေါင်းခြင်းအားဖြင့် တစ်ဦးတစ်ယောက်ချင်းစီကို ကူညီနိုင်ပြီး ကျား၊ မတန်းတူညီမျှတဲ့ကမ္ဘာကြီးကို ဖန်တီးနိုင်တယ်..”

လွန်ခဲ့တဲ့နှစ်တွေကတော့ အမျိုးသမီးလှုပ်ရှားမှုတွေဟာ မကြုံစဖူး အခြေအနေကို ကြုံတွေ့ခဲ့ပါတယ်။ ၂၀၁၇ ခု နှစ်၊ အောက်တိုဘာမှာ လူသန်းပေါင်းများစွာဟာ လူမှုကွန်ယက်အသုံးပြုပြီး the hashtag#MeToo ဆိုတဲ့ လှုပ် ရှားမှုကနေ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်တာ၊ တိုက်ခိုက်တာတွေကို ဆန့်ကျင်ထုတ်ဖော်ပြောဆိုခဲ့သလို လူအ များကြားပျံ့နှံ့နေတဲ့ ဒီလိုအပြုအမူတွေကို ရှုတ်ချနိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာဆိုရင် the#MeToo ဆိုတဲ့လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုဟာ ကမ္ဘာ တဝှမ်းလုံးကို ပျံ့နှံ့ခဲ့ပြီး အိန္ဒိယ၊ ပြင်သစ်၊ တရုတ်နဲ့ တောင်ကိုရီးယားလိုနိုင်ငံတွေ အပါအဝင် နိုင်ငံများစွာဟာ ဒီလှုပ်ရှားမှုမှာ ပါဝင်လာသလို အပြောင်းအလဲအတွက် တောင်းဆိုခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် လည်း သက်တမ်းဝက်ကာလမှာ ကျင်းပတဲ့လွှတ်တော်ရွေးကောက်ပွဲမှာ အမျိုးသမီးတွေဟာ စံချိန်တင်ရွေးချယ် ခံခဲ့ကြရတဲ့အောင်မြင်မှုတွေရှိပါတယ်။

မူရင်းလင့်ခ် – https://www.bbc.com/news/world-51666668

Author: Pyo Pyo

Related Articles