Home မေးမြန်းခန်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုကာကွယ်ကြမလဲ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးဒေါက်တာဒေါ်စီလေးခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုကာကွယ်ကြမလဲ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးဒေါက်တာဒေါ်စီလေးခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

(ရွှေရည်စီစဉ်တင်ဆက်သည်။)

တရုတ်နိုင်ငံ၊ ဝူဟန်မြို့က အစပြုလို့ ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့သွားတဲ့ COVID – 19 ကို ကပ်ရော ဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ (၁၁)ရက်နေ့က ကြေညာခဲ့ပါတယ်။ လက်ရှိအချိန် မှာ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ (အင်တာဗျုးဖော်ပြချိန်မှာ) လူပေါင်းခုနှစ်သိန်း နီးပါးကူးစက်ခံနေရတာဖြစ်ပါတယ်။ COVID – 19 ဟာ တကမ္ဘာလုံးကို ကျရောက်နေတာ ကြောင့် ဒါဟာ သာမန်ပြည်သူ့ကျန်းမာရေးအဆင့်မဟုတ်တော့ဘဲ ကပ်ရောဂါအဆင့်သတ်မှတ် ခဲ့တာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးအသစ်ဖြစ်တဲ့အတွက် ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးတာ ကြောင့် တကမ္ဘာလုံးကြီးကြီးမားမားပျံ့နှံ့သွားတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားကြ ပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းက အကောင်းဆုံးဆေးလို့ဆိုထားတဲ့အတိုင်း လတ်တ လောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို သာမန်လူ အမျိုးသား၊ အမျိုးသမီးတွေထက် ရင်သွေး လေးတွေ လွယ်ထားရတဲ့ မိခင်တွေ ဘယ်လိုကာကွယ်ကြမလဲ ဘာတွေလုပ်သင့်ပါသလဲ ဆိုတာ ကို ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်စီလေး ခိုင်နဲ့ ခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

ရွှေရည် : မင်္ဂလာပါဆရာမကြီးရှင်။ ပထမဆုံး သိချင်တာကတော့ ကိုရိုနာဗိုင်းရပ်စ်က ကိုယ်ဝန် ဆောင်အမျိုးသမီးတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်ပါသလဲ။

ဒေါက်တာစီလေးခိုင် : အဓိက ဆွေးနွေးမှာကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို COVID – 19 ရောဂါပိုး ကူးစက်ခံရခြင်းမှ ကင်းဝေးစေဖို့နဲ့ ကူးစက်ခံနေရသော (သို့) သံသယရှိသော ကိုယ်ဝန်ဆောင်မိခင်တွေကို ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှုတွေပေးရမယ်ဆိုတဲ့ အချက် တွေကို အင်္ဂလန်နိုင်ငံ တော်ဝင်သားဖွား မီးယပ်ကောလိပ် Royal College of Obstetricians & Gynecologists – RCOG က မတ်လ(၂၁)ရက်၊ ၂၀၂၀ ရက်နေ့က နောက်ဆုံး ထုတ်ပြန်ချက်အ တိုင်း ဖြေဆိုပေးသွားပါမယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတွေ့ခဲ့တဲ့ ဒီပိုးဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပြန့်ပွားတယ်လို့ သိရှိလာပြီး အဲဒီပိုးတွေဟာ လူရဲ့ခန္ဓာကိုယ်မှာ အသက်ရှူလမ်းကြောင်း၊ မစင်နဲ့ လူ့အသုံးအ ဆောင်ပစ္စည်းတွေမှာ တွေ့တတ်တယ်ဆိုပြီး စမ်းသပ်ရှာဖွေတွေ့ရှိကြပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဒီရောဂါဖြစ်တတ်တယ်လို့ မတွေ့ထားပေမယ့် ကိုယ်ဝန်ဆောင် မိခင်ရဲ့ ခန္ဓာကိုယ် ခုခံနိုင်စွမ်းနဲ့ ဗိုင်းရပ်စ်ပိုးအပေါ် တုံ့ပြန်နိုင်တဲ့ စွမ်းအားဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ပြောင်းလဲ တတ်တာကြောင့် ဘယ်လိုဗိုင်းရပ်စ်ပိုးပဲဖြစ်ဖြစ် ကူးစက်ခံရရင် ရောဂါလက္ခဏာတွေ ပိုပြီးပြင်း ထန်လေ့ရှိပါတယ်။ COVID ပိုးအတွက်ဆိုလည်း ထို့အတူပဲ ဖြစ်ပါလိမ့်မယ်။

မိခင်ကနေ ကလေးကို တိုက်ရိုက်ကူးစက်ခြင်း ( Mother to Child Vertical Transmission) နဲ့ ပတ်သက်လို့အခုအချိန်အထိ သုတေသနပြုချက်တွေအရ မိခင်ရဲ့သွေး၊ ချက်ကြိုး၊ မွေးလမ်း ကြောင်းတို့မှ တိုက်ရိုက်ကူးစက်နိုင်ခြင်း မရှိလို့ ဆိုထားပါတယ်။ ဒါကလည်း မိခင်ရဲ့ ရေမြွှာရည်၊ အချင်း၊ ချက်ကြိုးမှသွေး၊ မိခင်နို့ရည် မိခင်မွေးလမ်းကြောင်းနဲ့ မွေးကင်းစကလေးငယ်ရဲ့ လည် ချောင်းတွေမှာ ဒီဗိုင်းရပ်စ်ပိုး မတွေ့ရှိဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့် မတ်လ(၁၄)ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ သတင်းအရ COVID – 19 ပိုးကို မွေးကင်းစကလေးမှာ တွေ့ခဲ့တယ်ဆိုတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေရော ကျန်းမာရေး စောင့်ရှောက်သူတွေ ပညာရှင်တွေနဲ့ တာဝန်ရှိသူ တွေအားလုံး တုန်လှုပ်ခြောက်ခြားသွားကြတာပေါ့နော်။ ဒီကလေးရဲ့ မိခင်ဟာ နေ့စေ့လစေ့ကြီး နဲ့ COVID ကူးစက်ခံရပြီး အသက်ရှုကြပ်လို့ ဆေးရုံတက်နေတုန်းမှာ ဒီကလေးကို သူက မွေးဖွား ခဲ့တာ ဖြစ်ပါတယ်။

ရွှေရည် : ရောဂါကူးစက်ခံရပါက ဗိုင်းရပ်စ်က ကလေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်သလဲ။

ဒေါက်တာစီလေးခိုင် : အများဆုံးယူဆချက်ကတော့ မိခင်ဆီက မွေးဖွားနေတဲ့ အချိန် (သို့) မွေး ဖွားပြီးပြီးချင်း ကူးစက်တယ်လို့ ကောက်ချက်ချကြပါတယ်။ မိခင်ရဲ့ သွေးထဲကနေ အချင်းက တဆင့် ကလေးဆီကူးတယ်လို့ အတိအကျမပြောနိုင်ပါဘူး။ အဲဒီကလေးကို သူမွေးဖွားတဲ့ North Middlesex ဆေးရုံကလေးအထူးကြပ်မတ်အခန်းထဲမှာပဲထားပြီး စောင့်ကြပ်ကုသပေးနေကြပါ တယ်။ မိခင်စီကနေ ကူးစက်ခြင်းခံရတဲ့ မွေးကင်းစကလေးငယ် (၁၀)ဦးကို လေ့လာတွေ့ရှိတာ ကတော့ အသက်ရှူခက်ခဲတာ၊ သွေးတိတ်စေတဲ့ သွေးဥမွှားလေးတွေ နည်းစေတာနဲ့ အသည်းရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ မူမမှန်စေတာတွေ တွေ့ရှိနေရတယ်လို့ သိရပါတယ်။

ရွှေရည် : ဒါဆို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ဘာတွေ လုပ်ရမလဲ။

ဒေါက်တာစီလေးခိုင် : ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မြန်မာနိုင်ငံကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက အထူးထုတ်ပြန်ပေးထားတဲ့ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေး အကြံပြုချက်တွေကို ပိုမိုပြီး ဂရုစိုက် လိုက်နာရပါမယ်။ မိမိအတွက်ရော မိမိလွယ်ထားတဲ့ ရင်သွေးငယ်လေးအတွက်ပါပေါ့။

အဓိက အခြေခံအားဖြင့်တော့ (၁) အဲဒီ COVID – 19 ပိုးတွေ့ရှိထားသူနဲ့ ရောဂါလက္ခဏာ သံသယရှိသူတွေ၊ အခုတော့ ပြည်ပ၊ နိုင်ငံရပ်ခြားနဲ့ နယ်စပ်ကတဆင့် ပြန်လာကြသူတွေနဲ့ အနီးကပ်ထိတွေ့ခြင်းက ရှောင်ရှားရပါမယ်။
(၂) လက်ကို စင်ကြယ်အောင် ဆေးကြောခြင်းပါ။ အထူးသဖြင့် အများပြည်သူ ထိတွေ့ကိုင်တွယ် တဲ့ တံခါးလက်ရန်း၊ လက်ကိုင်၊ လက်တန်း၊ ဓါတ်လှေကားခလုတ်၊ အသုံးအဆောင် ပစ္စည်းတွေ ကို ကိုင်တွယ်မိရင် လက်ကို ဆပ်ပြာနဲ့ဖြစ်စေ အရက်ပျံပါဝင်တဲ့ လက်သန့်ဆေးရည်နဲ့ စင် ကြယ်အောင် သေသေချာချာ ဆေးကြောရပါမယ်။
(၃) မျက်နှာမှာ နှာခေါင်းစည်း (သို့) အလားတူ သန့်ရှင်းတဲ့ အဝတ်ကို စည်းခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ပါတယ်။ မိမိကိုယ်ကို နှာချေ၊ ချောင်းဆိုးတဲ့အခါမှာလည်း နှာခေါင်းနဲ့ ပါးစပ်ကို လုံ ခြုံအောင် ဖုံးအုပ်ခြင်းဖြင့်လည်း သူတပါးကို ကူးစက်စေခြင်းမှ ကာကွယ်နိုင်ပါတယ်။ မိမိသုံး ထားတဲ့နှာခေါင်းစည်းနဲ့ တစ်ရှူးစက္ကူတွေကိုလည်း အမှိုက်ပုံးထဲကို စနစ်တကျ စွန့်ပစ်ကြရမယ် နော်။ ပြီးရင် လက်တွေကို သေသေချာချာပြန်ဆေးရမှာပါ။
(၄) နောက်အရေးကြီးတဲ့ အချက်ကတော့ လူထူထပ်တဲ့နေရာတွေကို သွားလာတာက အတတ် နိုင်ဆုံး ရှောင်ကြဉ်ကြရမှာ ဖြစ်ပါတယ်။

ရွှေရည် : ဒါဆိုကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ လူထူထပ်တဲ့ နေရာတွေကို ရှောင်ရှားရမယ် ဆိုတော့ ကိုယ်ဝန်စမ်းသပ်ဖို့ ရက်ချိန်းပြရတဲ့နေ့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ဘယ်လိုများ ဆေး ရုံ၊ ဆေးခန်း ပြသင့်ပါသလဲ။

ဒေါက်တာစီလေးခိုင် : ကိုယ်ဝန်နဲ့ပတ်သက်ပြီး အထူးတလည် ပြဿနာမရှိတဲ့ ကိုယ်ဝန်လောင်း တွေကိုတော့ တချို့ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ဌာနတွေက ရက်ချိန်းအနည်းငယ် ပိုခွာပြီး ချိန်းကြပါတယ်။ အစိုးရရုံးပိတ်ရက်ရှည်တဲ့ အခါမျိုးတွေမှာလိုပေါ့။ ဥပမာ : သင်္ကြန်ရုံး ပိတ်ရက်ရှည်တွေမှာလိုပါ။ ဒါပေမယ့် ရက်ချိန်းမတိုင်သေးပေမယ့်လည်း လွယ်ထားရတဲ့ ကိုယ် ဝန်အရေးပေါ်အခြေအနေတွေ၊ ဥပမာ : ကလေးလှုပ်ရှားတာ နှေးကွေးလာတာ၊ သွေးဆင်းတာ၊ ရေဆင်းတာ၊ ဖောယောင်တာ၊ သွေးတိုးပြီး ကိုယ်ဝန်အဆိပ်တက်တာ၊ ဆီးချိုတွေ အလွန်အမင်း တက်နေတာ၊ မိမိကိုယ်ကို အဖျားရှိတာ စတာတွေ ဖြစ်ခဲ့ရင် ဘယ်လိုအချိန်ပဲဖြစ်ဖြစ် COVID နဲ့ ပက်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ သတိထားပြီး ဆေးရုံကို အမြန်ဆုံး လာပြရမှာဖြစ်ပါ တယ်။

ရွှေရည် : တကယ်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးက အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးဖြစ် တယ်ဆိုရင် သူ့အနေနဲ့ ဒီလိုကာလမှာ အလုပ်သွားလို့ရပါသလား။ တဆက်ထဲမှာပဲ သူ့အလုပ် က အများပြည်သူနဲ့ထိတွေ့ ဆက်ဆံရတဲ့ အခန်းကဏ္ဍမှာ လုပ်ရတာဆိုရင် သူ့အနေနဲ့ ဘာတွေ လုပ်သင့်ပါသလဲ။

ဒေါက်တာစီလေးခိုင် : အခုလက်ရှိ အခြေအနေမှာတော့ တချို့အလုပ်ဌာနတွေ၊ ပုဂ္ဂလိက ကုမ္ပဏီ တွေမှာ ကိုယ်ဝန်ဆောင် မိခင်တွေသာမက တခြားဝန်ထမ်း အမျိုးသမီးတွေကိုပါ Social Distancing လို့ခေါ်တဲ့ လူစုဝေးခြင်း မဖြစ်ရအောင် အချင်းချင်းမကူးစက်အောင် Work From Home လို့ခေါ်တဲ့ အိမ်မှာ ကွန်ပြူတာ (သို့) ဖုန်းသုံးပြီး ဆက်သွယ် ဆောင်ရွက်ကြပါတယ်။


စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အခြေခံဝန်ထမ်းအမျိုးသမီးတွေအနေနဲ့ စားဝတ်နေ ရေးအရ မဖြစ်မနေ အလုပ်ဆင်းရမယ်ဆိုရင်တောင် စောစောကပြောခဲ့သလို Social Distancing တစ်ဦးနဲ့ တစ်ဦးအလုပ်ခွင်မှာ အနည်းဆုံး (၂)မီတာ – (၆ပေ) အကွာမှာနေပြီး အလုပ်လုပ် သင့်ပါတယ်။ မဖြစ်မနေ အလုပ်ဆင်းရမယ်ဆိုရင်လဲ စောစောက ပြောခဲ့သလို လုပ်ငန်းခွင်မဝင် ခင် အဖျားတိုင်းဖို့၊ လက်ဆေးဖို့၊ နှာခေါင်းစည်း (သို့) သန့်ရှင်းတဲ့အဝတ်စည်းဖို့ ထပ်ခါတလဲလဲ သတိပေးချင်ပါတယ်။ ဒါ့အပြင် အလုပ်ခွင်မှာသာမက အလုပ်သွား အလုပ်ပြန် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို အသုံးပြုနေသူတွေအတွက်ကတော့ အတက်အဆင်းလိုနေ ရာမျိုးတွေ၊ လူအများစုကိုင်တွယ်အသုံးပြုကြတဲ့ လက်ကိုင်တွေကို ကိုင်တွယ်အသုံးပြုတာတွေ ရှိမယ်ဆိုရင် ကူးစက်ခံရတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် အလုပ်ရှင်တွေအနေနဲ့ ကိုယ်ဝန် ဆောင်မိခင်တွေကို ဒီအချိန်မှာ ဖြစ်နိုင်ရင် ဆေးခွင့် (သို့) လစာနဲ့ ဆေးခွင့် ရက်ရှည်သတ်မှတ် ပေးသင့်ပါတယ်။

ရွှေရည် : ဟုတ်ကဲ့ပါ။ အခုလိုမျိုး မအားလပ်တဲ့ကြားကနေ အချိန်ပေးပြီး ဖြေကြားပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ် ဆရာမကြီးရှင်။

ဒေါက်တာ ဒေါ်စီလေးခိုင် : ဟုတ်ကဲ့ပါ သမီးရေ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအပါအဝင် မြန်မာပြည်သူ ပြည်သားအပေါင်း ကိုဗစ်ဘေးမှ ကင်းဝေးကြပါစေကွယ်။

Author:

Related Articles