Home ဆောင်းပါး ကော့ဆိုင်းရဲ့ “ပန်းပွင့်များနဲ့ ကျည်ဆံများ”

ကော့ဆိုင်းရဲ့ “ပန်းပွင့်များနဲ့ ကျည်ဆံများ”

Photo: ကောကော် (HI)

ကောကော်။              ။

နံရံပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားများထဲမှ ရုပ်ပုံများသည် အကြောက်တရား၊ ဝမ်းနည်းကြေကွဲမှု၊ ယုံကြည်ချက်၊ မျှော်လင့်ချက်တို့နှင့် ပြည့်နှက်နေသည်။

ထိုပန်းချီကားများသည် ခြိမ်းခြောက်မှုများနှင့် အဆက်မပြတ်ရင်ဆိုင်နေရသော ကလေးငယ်များနှင့် မည်သို့ မျှ မမှန်းဆနိုင်သော သူတို့၏ စားဝတ်နေရေးကြပ်တည်းမှုများနှင့်အတူ စစ်ပွဲဆိုင်ရာမြင်ကွင်းများကို ပြက် ပြက်ထင်ထင် မြင်သာစေသည်။

ထိုရုပ်ပုံများတွင် ကလေးများက သူတို့ကိုယ်သူတို့ ဥခွံထဲမှ ခွဲထွက်လာသူများ၊ အပြာရောင်တာလပတ်ဖြင့် ကာရံထားသော လူနေဆောင်များနှင့် အန္တရာယ်အသွယ်သွယ်နှင့် ရင်ဆိုင်လာခဲ့သည့် သူတို့၏ငယ်ဘဝဖြတ် သန်းမှုများကို ဖော်ကျူးထားသည်။

ကလေးများသည် မိဘဆွေမျိုးများကို ဆုံးရှုံးခဲ့ကြရပြီး အိုးအိမ်နှင့် ရွာများကို လက်လွှတ်ခဲ့ကြရသူများဖြစ် သည်။

ထိုပန်းချီရုပ်ပုံများသည် တရုတ်မြန်မာနယ်စပ် စစ်ရှောင်စခန်းများရှိ ကလေးများ၏ နေ့စဉ်ဘဝများကို သူတို့ ၏ အမြင်ရှုထောင့်များဖြင့် ပုံဖော်ထားခြင်းကြောင့် ကြည့်ရှုသူများကို ဖမ်းစားထားသည်။

စစ်ရှောင်စခန်းရှိကလေးများသည် အထက်တန်းပညာသင်ပြီးခဲ့သော်လည်း အသက်မွေးဝမ်းကျောင်းတက္က သိုလ်များကို လက်လှမ်းမှီရန် အခွင့်အလမ်းနည်းပါးနေခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့်လည်း ကလေးများ၏ စိတ်ဖိစီးမှုနှင့် ခံစားချက်အမျိုးမျိုးတို့မှ ရုန်းထွက်နိုင်မည့် ထွက်ပေါက်တခုကို ပန်းချီအနုပညာ ဖြင့် ဖန်တီးပေးရန် “ကော့ဆိုင်း”ဆိုသော ကချင်အမျိုးသမီးတဦးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ကော့ဆိုင်း”သည် ကချင်လူမျိုးနွယ်တခုဖြစ်သော အဇီးလူမျိုးဖြစ်ပြီး တရုတ်မြန်မာနယ်စပ်ရှိ ကချင်စစ်ဘေး ရှောင်စခန်းတွင် နေထိုင်သူဖြစ်သည်။ သူမသည် နှစ်ပေါင်းများစွာ ဒုက္ခသည်စခန်းများတွင် အလုပ်လုပ်ကိုင်ခဲ့ ပြီး မနုဿဗေဒ ပန်းချီအနုပညာရှင်တဦးဖြစ်သလို ကလေးများ၏ ဖန်တီးမှုစွမ်းရည်များကို မြှင့်တင်ပေးသူ လည်း ဖြစ်သည်။

ကချင်စစ်ရှောင်စခန်းထဲတွင် ကလေးများကြုံတွေ့နေရသော ဒုက္ခများကို  နေ့စဉ်နှင့်အမျှ မြင်တွေ့ခဲ့ရသော သူမသည် သူတို့၏ခံစားချက်များကို ပိုမိုစိတ်ဝင်စားလာခဲ့သည်။ အရွယ်မရောက်သေးသော ကလေးသူငယ် အချို့မူးယစ်ဆေးဝါးသုံးစွဲနေကြခြင်း၊ HIV – AIDS ရောဂါကူးစက်ခံခဲ့ရခြင်း စသည်တို့ကို မျက်ဝါးထင်ထင် တွေ့မြင်နေရခြင်းကလည်း ပန်းချီအနုပညာအားဖြင့် သူတို့၏ခံစားချက်ကို ထုတ်ဖော်နိုင်ရေး လုပ်ဆောင်ရန် တွန်းအားပေးနေသည်။

ရှမ်းမြောက်နှင့် ကချင်ဒေသရှိ စစ်ရှောင်လူဦးရေမှာ (၁)သိန်းကျော်ရှိပြီး ကချင်ပြည်နယ်တွင် စစ်ရှောင်စခန်း (၂၀)ကျော်ထဲမှ ကျောင်းနေသည့်ကလေးအရေအတွက် (၁)သောင်းကျော်သာရှိပြီး ကျောင်းမနေသည့် ကလေးများမှာ အလွန်များပြားနေသည်။ စစ်ရှောင်စခန်းသက်တမ်း (၇)နှစ်အတွင်း ကြီးပြင်းလာသော က လေးများ၊ အထူးသဖြင့် ဆယ်ကျော်သက်များ၏ နေထိုင်မှုပုံစံသည် တဖြည်းဖြည်းနှင့် ပုံမှန်ဆယ် ကျော်သက်ရွယ်များနှင့် ကွဲပြားခြားနားသွားခဲ့ပြီဖြစ်သည်။

ဓါတ်ပုံ – ကောကော် (HI)

အထူးသဖြင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်များသည် စစ်ရှောင်စခန်း၏ အိမ်ခန်းကျဉ်းများထဲ တွင် မိသားစုများ၊ ညီအစ်ကို မောင်နှမများနှင့် နေထိုင်ရသဖြင့် ပိုမိုအခက်အခဲဖြစ်စေသည်။ စစ်ရှောင် သက်တမ်း (၇) နှစ်အတွင်း  နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှုကို ရရှိခဲ့သော်လည်း ထိုအထောက် အပံ့များသည် စစ်ရှောင်ပြည်သူတို့ အသက်ဆက်ရှင်သန်ရန်သာဖြစ်ပြီး စစ်ရှောင်စခန်းမှ ရုန်းထွက်နိုင်ရေးကို မစွမ်းဆောင်နိုင်ဟု “ကော့ဆိုင်း”က ပြောသည်။

῝ဆယ်ကျော်သက်ဆိုရင် မိန်းကလေးတွေတင် မကဘူး၊ ယောကျ်ားလေးတွေအတွက်လည်း အခက်အခဲရှိ တယ်။ နေရာကျဉ်းကျဉ်းလေးမှာ ရေချိုး၊ အဝတ်လဲရတော့ သူတို့အတွက် လုံခြုံမှု မရှိဘူး။ နေရတာ အချိန် ကြာလာလေလေ အခန်းတွေက ကျဉ်းလာလေလေပါပဲ῎

စစ်ဒဏ်သင့်ခဲ့သော ပြည်သူများ၏ ဖြတ်သန်းနေရသော အခြေအနေများ၊ အခက်အခဲများကို အချင်းချင်း ဖလှယ်ကြခြင်းဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်မိသလို အနာဂတ်အ တွက်လည်း တစုံတရာပုံဖော်နိုင်မည်ဟု မျှော်လင့်ကြောင်း “ကော့ဆိုင်း”က ပြောသည်။

῝တခါတလေကျရင် ကျမတို့က စကားလုံးတွေနဲ့ ပြောမထွက်နိုင်တဲ့ အခြေအနေမှာရှိနေတယ်။ အခက်အခဲ အမျိုးမျိုးထဲမှာ လူတဦးတယောက်ရဲ့ ခံစားချက်ကို ပြောပြဖို့ အခွင့်အရေး မရှိဘူး။ ဒါကြောင့် ဒီလိုပန်းချီကို ရေးဆွဲလိုက်ခြင်းဖြင့် သူတို့ရဲ့စိတ်တွေကို ထွက်ပေါက်ပေးနိုင်မယ်လို့ ယုံကြည်တယ်῎

စစ်ဘေးသင့်ကလေးများသည် ပန်းချီများရေးဆွဲနေကြစဉ် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများရရှိသည်ကို တွေ့ရ ပြီး သူတို့စိတ်တိုင်းကျ ခဲတံရောင်စုံများဖြင့် ကိုယ်တိုင်ကိုယ်ကျ ပုံဖော်နိုင်ခဲ့ကြသလို စိတ်ဖိစီးမှုနှင့် တခြား သော ပြဿနာများကို မေ့ထားနိုင်ခဲ့ကြသည်။

ပန်းချီအပေါ် အာရုံစူးစိုက်ပြီး အကောင်းဆုံးလုပ်သွားနိုင်သည်ကို တွေ့ရသည့်အပြင် ပန်းချီရေးဆွဲခြင်းသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ဆုံးရှုံးမှုများကို သက်သာရာရစေပြီး နေ့စဉ်ကြုံတွေ့နေရသည့် တိုက်ပွဲများနှင့် အကြောက်တရားများမှ ချွေးသိပ်နိုင်ရန် ဖြစ်သည်ဟု သူမက ဆိုသည်။

ပန်းချီကားချပ်အားလုံးသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အကြောင်းအရာများနှင့် ချိတ်ဆက်နေပြီး ပြီးခဲ့ သော ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက တပ်မတော်ဖက်မှ လက်နက်ကြီးများနှင့် ပစ်ခဲ့သည့်အချိန်ကာလကို ပြန် လည်တွေးမြင်နေသည့် ကတုတ်ကျင်းထဲတွင် ကလေးများ ခိုအောင်းနေသည့်ပုံများလည်း ပါဝင်သည်။

῝ကျမတို့ဟာ ပြဿနာတွေကို ရှောင်လွှဲလို့မရဘူး၊ မျက်စိပိတ်နားပိတ်နေလို့လည်း မရဘူး။ ကြုံတွေ့နေရတဲ့ အရာတွေကို အချင်းချင်း အပြန်အလှန်နားလည်ပေးနိုင်ဖို့လိုတယ်῎

ပန်းချီကားချပ်ထဲတွင် ဖော်ပြထားသော အဖြစ်အပျက်များသည် မဖြစ်သင့်သော်လည်း အမှန်တကယ်ဖြစ် ပျက်ခဲ့သော အမှန်တရားများဖြစ်ခဲ့သည်။ ထိုမှတ်တမ်းကို နောင်မျိုးဆက်များ ဆင်ခြင်ရှောင်လွှဲနိုင်ရန် သမိုင်း တခုအဖြစ် ချန်ထားခဲ့ချင်ပါသည်ဟုလည်း သူမကပြောသည်။  ထိုအကြောင်းအရာများကို ပန်းချီပြခန်း တခု အဖြစ် ပြသထားသောအခါ လာရောက်ကြည့်ရှုသူ ပရိတ်သတ်များသည် ကချင်စစ်ဒဏ်သင့် ကလေးများ၏ အခြေအနေများနှင့် အနာဂတ်ကို သိရှိသွားမည်ဟု သူမက မျှော်လင့်ထားသည်။

ဓါတ်ပုံ – ကောကော် (HI)

အပတ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအခြေအနေကို သေချာမသိသော်လည်း ကလေးများ သည် စစ်ရှောင်စခန်းထဲတွင် နေထိုင်နေရဆဲဖြစ်သည့်အတွက် သူမအနေဖြင့် ကလေးများနှင့်အတူ ဆက် လက်ရှင်သန်သွားရန် ဆုံးဖြတ်ထားသည်။

စစ်ဒဏ်သင့်ကလေးများ စစ်ရှောင်စခန်းများမှ မိမိနေရပ်ကို ပြန်နိုင်ခဲ့လျှင်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများက ခက်ခဲနေဦးမည်ဖြစ်သည်ဟု သူမက ဆိုသည်။

(၇)နှစ်အတွင်း စစ်ရှောင်စခန်းတွင် ကျင်လည်ခဲ့သူအဖြစ် ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် အပြော လွယ်သလောက် အလုပ်ခက်ကြောင်း ကော့ဆိုင်းအနေဖြင့် သိမြင်နားလည်ခဲ့ပြီးဖြစ်သည်။ စစ်ရှောင်စခန်း တွင် အနေကြာလာသည့်နှင့်အမျှ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့သွားသလို စွမ်းဆောင်ရည်များ လျော့ပါး လာပြီး စိတ်ခွန်အားများလည်း ကျဆင်းသွားနိုင်သည်ဟု ကော့ဆိုင်းက ပြောသည်။

῝စာသင်ကျောင်း၊ အိမ်တွေပြန်ဆောက်ရမယ်။ အခြေခံကနေ ပြန်စရမှာဖြစ်တဲ့အတွက် အခက်အခဲက ရှိနေ ဦးမှာဖြစ်တယ်။ ကျမအနေနဲ့တော့ သူတို့တွေအတွက် ဆက်လက်လုပ်ဆောင်နေအုံးမှာပါ῎

စစ်ရှောင်စခန်းတွင် နေရသည့်အချိန် ကြာလာလေလေ စစ်ဒဏ်သင့်ပြည်သူတွေအတွက် ပိုမိုခက်ခဲလေလေ ဖြစ်နေသည်ကို သူမအနေဖြင့် စိုးရိမ်ပူပန်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ ကောင်းမွန်သော အလား အလာများ မတွေ့ရသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီမှုများလည်း နည်းပါးလာသဖြင့် ပိုမို ဆိုးရွားလာသော အခြေအနေသို့ ရောက်နေသလို ခံစားရသည်ဟု ကော့ဆိုင်းက ပြောသည်။

လက်ရှိအခြေအနေတွင်လည်း မထင်မှတ်သည့်အချိန်တွင် စစ်ရှောင်စခန်းများကို လက်နက်ကြီးများဖြင့် လာပစ်မည်ကို စိုးရိမ်နေကြရပြီး စစ်ရှောင်စခန်းများသည် နယ်စပ်ဖြတ်ကျော်ရသည့် နယ်ပယ်ဧရိယာဖြစ် သဖြင့် ကလေးများကို ပန်းချီအနုပညာသင်ကြားနိုင်ရန် တခြားသော သင်ထောက်ကူ ဆရာ/မ များကို ခေါ်သွားလျှင်လည်း လုံခြုံရေးအတွက် စိတ်ချရသည့်အခြေအနေ မရှိကြောင်း သူမက စိုးရိမ်စွာဖြင့် ရင်ဖွင့် သည်။

Related Articles