Home ဆောင်းပါး စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ နာ(၄)နာနဲ့ပြည့်စုံပေမယ့် မလုံခြုံတဲ့သူတို့ဘဝတွေ…

စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ နာ(၄)နာနဲ့ပြည့်စုံပေမယ့် မလုံခြုံတဲ့သူတို့ဘဝတွေ…

Photo: ကချင်မလေး

သွေး (စစ်ကိုင်း)။            ။

ပုံမှန်မဟုတ်တဲ့ မြင်ကွင်းတွေကို လူမှုစာမျက်နှာတွေပေါ်မှာ တွေ့လာရပါတယ်။ လူနာတွေကို ပြုစုစောင့်ရှောက်တဲ့ သူ နာပြုဆရာမလေးတွေ လမ်းပေါ်ထွက် ဆန္ဒပြနေကြတာမျိုး အပါအဝင်ပါ။

အဲဒီနေ့ကတော့ မတ် (၁၅) ရက်နေ့ ဖြစ်ပါတယ်။

မကြုံဖူးလောက်အောင် သူနာပြုကျောင်းသား၊ ကျောင်းသူ (၅၀၀)ကျော်က ရန်ကုန်မြို့မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်သူတွေထဲမှာ အမျိုးသမီးသူနာပြုကျောင်းသူတွေ ပါဝင်ခဲ့ပြီး ကျောင်းပြီးတာနဲ့ လိုင်စင်ထုတ်ပေးဖို့၊ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်တွေကို ရုပ်သိမ်းပေးဖို့၊ မြန်မာနိုင်ငံ သူနာပြုနှင့် သား ဖွားကောင်စီဥပဒေတွင်ပါရှိသော သူနာပြုများအား အကာအကွယ်ပေးဖို့ဆိုတဲ့အချက်တွေကို လက်တွေ့ကျကျ အ ကောင်အထည်ဖော်ပေးဖို့ တညီတညွတ်တည်း တောင်းဆိုခဲ့ကြတာပါ။

ရန်ကုန်သူနာပြုတက္ကသိုလ်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ မအေမီမီဂျူးက အခုလို ပြောပါတယ်။

“အရင်တုန်းက ဒီစည်းကမ်းချက်တွေ မပါဘူး။ ဒါပေမယ့် ကျောင်းမတက်ခင်တုန်းကတော့ ခံဝန်ထိုးရတယ်။ (၃) နှစ် လုပ်မလား၊ (၄) သိန်းလျော်မလားဆိုတာပဲ ပါတယ်။ အခုကျတော့ အလုပ်ဝင်ပြီး (၃) နှစ်ပြည့်မှ လိုင်စင်ထုတ်ပေးမယ်၊ လုပ်ငန်းခွင် လုံးဝမ၀င်ဘူးဆိုရင် လိုင်စင်ထုတ်မပေးဘူး။ အရင်က လုပ်ငန်းခွင်ဝင်နေရင်းနဲ့  ပုဂ္ဂလိက ဆေးရုံဆေးခန်း တွေနဲ့ တွဲလုပ်လို့ရတယ်၊ အခုကျတော့ လိုင်စင်မရှိတဲ့သူကို ပုဂ္ဂလိက ဆေးရုံဆေးခန်းမှာ အလုပ်လုပ်ခွင့် မပြုဖို့ တင်း ကြပ်ထားတယ်”

သူနာပြုလုံလောက်မှုမရှိတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီလဆန်းပိုင်းမှာ ကြေ ညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ သူနာပြု တက္ကသိုလ်ဆင်းတဲ့သူတွေ ဝန်ထမ်းအလုပ်ကို သုံးနှစ်မလုပ်ရင် တရားဝင်လိုင်စင်မထုတ်ပေးဘူးဆိုတဲ့ ကြေညာချက်ပဲ ဖြစ်ပါတယ်။

ဒါကို ဆန့်ကျင်ရင်း သူနာပြုတွေ လမ်းပေါ်ရောက်လာကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ သူနာပြုလို့ပြောလိုက်တာနဲ့ အများစုက အမျိုးသမီးတွေကိုပဲ မျက်စိထဲ မြင်လိုက်ကြမှာပါ။ သူနာ ပြုအလုပ်ဟာ အမျိုးသမီးအလုပ်လို့ သတ်မှတ်ထားကြသလို အမှန်တကယ်လဲ သူနာပြုအလုပ်ကိုလုပ်သူ အများစုဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

မနီနီဝင်းဟာ သူနာပြုအလုပ်ကို တကယ်ပဲ ဝါသနာပါလို့ ရွေးချယ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ သူမ တာဝန်ကျတာက မန္တလေးတိုင်းဒေသကြီးက မိုးကုတ်ပြည်သူ့ဆေးရုံမှာပါ။ လုပ်သက် (၁၉) နှစ်နီးပါးရှိပြီဖြစ်တဲ့ အထက်တန်းသူနာပြု တယောက် ရရှိတဲ့လစာက တလမှာ ကျပ်(၁)သိန်း (၇)သောင်း (၅)ထောင်မို့ လက်ရှိကုန်ဈေးနှုန်းနဲ့ နှိုင်းစာရင် နည်းပါးတဲ့ လစာပါ။ ဒါပေမယ့် ဂျူတီဝင်ရတဲ့ နေ့တွေမှာတော့ နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် သူမတာဝန်ကျေပွန်ဖို့ အဓိကဆို တဲ့ စိတ်နဲ့ပဲ အလုပ်ခွင်မှာ ရှင်သန်နေရတာပါ။

မနီနီဝင်းတို့ အလုပ်စဝင်ချိန်က လိုင်စင်ကိုင်ဆောင်ခွင့် ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူနာပြုတက္ကသိုလ်ဆင်း ဖြစ် ပေမယ့် ဝန်ထမ်းအလုပ်ကို (၃)နှစ် မလုပ်ကိုင်ခဲ့ရင် တရားဝင်လိုင်စင်ထုတ်မပေးဘူးဆိုတဲ့ ကန့်သတ်ချက် ထွက်ပေါ် လာခဲ့ပါတယ်။ အစိုးရဘက်ကတော့ အစိုးရဆေးရုံတွေမှာ သူနာပြုလိုအပ်ချက်များတဲ့အတွက် အခုလို စည်းကမ်းသတ် မှတ်ချက် ထုတ်ပြန်ရတာလို့ ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ထဲမှာ ကျောင်းကို (၃)နှစ်ပြည့်အောင် မတက်ရင် လျော်ကြေးပေးဖို့၊ ကျောင်းပြီးလို့ အစိုးရလုပ်ငန်းခွင်မှာ လုပ်သက် (၃)နှစ်မပြည့်ဘဲ အလုပ်ထွက်ရင် လိုင်စင်ထုတ်မ ပေးဖို့၊ လိုင်စင်မရှိတဲ့ သူနာပြုတွေကို ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာ အလုပ်မခန့်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံ တဝှမ်းလုံးမှာ အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ လှစ်လပ်နေတဲ့ သူနာပြု ဦးရေ (၁) သောင်းခွဲ ခန့် ရှိတယ်လို့ သိရပါတယ်။

သူနာပြုဆရာမတွေက ပြည်သူ့ဆေးရုံတွေမှာ အလုပ်ခွင်မဝင်ဘဲ ပုဂ္ဂလိက ဆေးရုံနဲ့ ဆေးခန်းတွေမှာ ဘာကြောင့် ဝင် အလုပ်လုပ်နေကြရတာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အဓိကအချက်ကတော့ အစိုးရဆေးရုံတွေက ပေးတဲ့လစာဟာ လောက်ငှမှု မရှိဘူးလို့ သူနာပြုတွေက ထောက်ပြပါတယ်။ မသီရိရွှေစင်ကတော့  ပုဂ္ဂလိက ဆေးခန်း တခုမှာ အလုပ်လုပ်နေတဲ့ သူနာပြုဆရာမပါ။

“ဖြစ်နိုင်ရင်တော့ အစိုးရ ဆေးရုံမှာပဲ တာဝန်ထမ်းဆောင်ချင်တာပေါ့။ ဒါပေမယ့် သမီးမိဘတွေက ငွေကြေးအကုန်အ ကျ အများကြီးခံပြီး ပညာသင်ပေးခဲ့ရတာလေ။ ကျောင်းပြီးတော့ ဝန်ထမ်းလုပ်တဲ့အခါ လစာက (၁) သိန်းကျော်ပဲဆို တော့ ဘယ်လိုမှ မလုံလောက်နိုင်ဘူးလေ။ ဒါနဲ့ ပုဂ္ဂလိက ဆေးခန်းမှာပဲ အလုပ်ဝင်ဖို့ ဆုံးဖြတ်ခဲ့ရတယ်။ ပုဂ္ဂလိက ဆေး ခန်းမှာ တလ (၅) သိန်းနီးပါး ရတယ်”

မသီရိရွှေစင်ဟာ နယ်ကနေ ရန်ကုန်ကို လာပြီး အလုပ်လုပ်ရသူတယောက် ဖြစ်ပါတယ်။ သူမဟာ တိုက်ခန်းငှားရမ်း နေထိုင်ရသူ ဖြစ်လို့ နေရေးအတွက်လည်း ကုန်ကျစရိတ်ရှိနေတယ်လို့လည်း ရှင်းပြပါသေးတယ်။

“သမီးတို့ သူနာပြုငါးယောက် လှည်းတန်းမှာ တိုက်ခန်းတစ်ခန်းကို စုငှားကြတာပေါ့နော်။ တိုက်ခန်းငှားခက တလ (၂) သိန်းဆိုတော့ တယောက်ကို တလ (၄) သောင်းစီကျတယ်။ စားသောက်စရိတ်ကလည်း ရှိသေးတယ်။ မိဘတွေက နယ်မှာဆိုတော့ သူတို့ကို တလ (၂) သိန်းပို့ပေးရတယ်။ အစိုးရ သူနာပြုလုပ်ရရင်တော့ သမီးတို့ ဘယ်လိုမှ အဆင် ပြေမှာ မဟုတ်ဘူး”

တဖက်မှာလည်း သူနာပြုတွေ မလုံလောက်လို့ ဆေးရုံတွေမှာ လူနာတွေအတွက် အခက်အခဲတွေ ရှိနေတာက အမှန် တရား ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို သေချာလေ့လာပြီး သင့်လျော်တဲ့ ဖြေရှင်းမှု မျိုးသာ ဖြစ်သင့်တယ်လို့ အမျိုးသမီးသူနာပြုတွေဘက်က မကျေမလည် ခံစားနေရတဲ့အခြား အခြေအနေတွေကိုလည်း မနီနီဝင်းက ပြောပြပါတယ်။

“သူနာပြုဘွဲ့နဲ့ အမှတ် မတိမ်းမယိမ်းတက်ရတဲ့ ဆေးဝါးကျွမ်းကျင်၊ ဓာတ်မှန်ကျွမ်းကျင်တို့က ဘွဲ့ရလို့ အလုပ်ဝင်ရင် အခြေခံလစာက Sister Scale (သူနာပြုအုပ်လစာ) နဲ့ ဝင်ရတာ။ ဒါပေမယ့် သူနာပြုဘွဲ့ရတွေ ကျတော့ Training Nurse (အလုပ်သင် သူနာပြု) အနေနဲ့ပဲ ဝင်ရတယ်။ Training Nurse နဲ့ Blue Staff (အပြာဝတ် သူနာပြု) က ရာထူးပဲတက်တာ၊ လစာက အတူတူပဲ။ အရင်ကတည်းက ဖိနှိပ်တယ်လို့ ခံစားခဲ့ရတယ်” လို့ ဆိုပါတယ်။

သူနာပြုတွေအနေနဲ့ တူတူတန်တန် လစာရမယ်ဆိုရင်၊ လုပ်ငန်းခွင် လုံခြုံမှုနဲ့ အနာဂတ် အခွင့်အလမ်းတွေ မျှော်လင့် နိုင်မယ်ဆိုရင်၊ ဆေးရုံတွေမှာ လုပ်ဖို့ ဝန်မလေးဘူးလို့ သူနာပြုတွေက ပြောပါတယ်။

လောလောဆယ်မှာတော့ သူနာပြု မလုံလောက်မှုကြောင့် ဆေးရုံတရုံမှာ လူနာ အယောက် (၉၀)လောက်ကို သူနာပြု တဦး၊ နှစ်ဦးနဲ့ စောင့်ရှောက်မှုပေးနေရတဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒီအခါမှာ လူနာတွေနဲ့ ဆက်ဆံရေး မပြေပြစ် တာတွေ၊ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ရတာတွေ ပိုဖြစ်လာစေတယ်လို့ ဆိုကြပါတယ်။

ဆရာမလေးတွေရဲ့တောင်းဆိုချက်ဟာ တုန့်ပြန်မှုတွေရရှိခဲ့ပါတယ်။

သူနာပြုတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းနိုင်ဖို့ မတ်လ (၁၇)ရက်နေ့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က တာဝန်ရှိသူတွေနဲ့ သူနာပြုတက္ကသိုလ် ကျောင်းသူကျောင်းသားတွေ နှစ်ဖက်တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံညှိနှိုင်း ရာမှာ ဝန်ကြီးဌာနဘက်က သူနာပြုတွေတောင်းဆိုတဲ့ ကျောင်းပြီးရင် ယာယီလိုင်စင်မဟုတ်ဘဲ အမြဲတမ်းလိုင်စင် ထုတ်ပေးဖို့ဆိုတဲ့အချက်ကို လိုက်လျောပေးခဲ့ပါတယ်။ သူနာပြုတွေဘက်ကလည်း ကျောင်းပြီးရင် ၃ နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ဖို့ဆိုတဲ့ အချက်ကို လိုက်လျောပေးခဲ့ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ – “၎င်းတို့ တောင်းဆိုသည့် လိုင်စင်လက်ဝယ်ကိုင် ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီမှ နိုင်ငံ့တာဝန် ထမ်းဆောင်သူများအား လက်ဝယ် ကိုင်ဆောင်ခွင့်ပြုမည်” လို့ ပါရှိပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ သူနာပြုသားဖွားများ၏ လုပ်ငန်းခွင်ပျော်ရွှင်သာယာရေးနှင့် ဘဝဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဦးစားပေးအနေဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ် ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” လို့လည်း ပါရှိပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ လက်ရှိအချိန်အထိ သူနာပြုလိုင်စင် ရရှိထားသူ (၃) သောင်းကျော် ရှိပါတယ်။

မအေမီမီဂျူးက အနာဂတ်မှာ သူမအပါအဝင် သူနာပြုတွေရဲ့ မျှော်လင့်ချက်ကို အခုလို ပြောပါတယ်။

“သမီးတို့အတွက် လုံခြုံမှုက အရေးကြီးပါတယ်။ တခါတလေကျရင် လူနာ (၂၀၀)လောက်ကို သူနာပြုတယောက်ထဲက ကြည့်ပေးရတာမျိုးရှိတယ်။ ညဘက်တွေမှာ အရက်မူးနေတဲ့လူနာစောင့်တွေလည်း ပါလာတတ်တယ်။ Student Nurse ဘဝမှာတောင် တွေ့ဖူးတော့လေ။”

တကယ်တော့ သူနာပြုအလုပ်ဟာ အမျိုးသမီးတွေနဲ့ သင့်တော်တဲ့အလုပ်လို့ ယူဆကြတာကြောင့်တကြောင်း၊ ဝါသနာ ပါတာကြောင့်တကြောင်း သူနာပြုအလုပ်ကို ရွေးချယ်ကြတာပါ။

ပြီးတော့ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ စတဲ့ နာ (၄)နာ ပြည့်စုံပါမှ သူနာပြုတယောက် ဖြစ်နိုင်တာပါ။ အဲဒီ နာ (၄)နာနဲ့ပြည့်စုံတဲ့ သူနာပြုတွေမွေးထုတ်ပေးနိုင်ခဲ့ပြီဆိုရင်လည်း သူတို့ရဲ့ လက်ရှိ လုပ်ကိုင်ရပ်တည်နေထိုင်ရေးနဲ့ သူတို့ရဲ့ အလုပ်မှာ ပျော်ရွှင်ဖို့ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတာကို သတိပြုရမှာဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းခွင်ပျော်ရွှင်သာယာဖို့၊ ဘဝဖွံ့ဖြိုးတိုးတက်ဖို့၊ လုံခြုံမှုရှိဖို့ကို အမျိုးသမီးသူနာပြုတွေက မျှော်လင့်နေ ကြတာ အထင်အရှား တွေ့မြင်ရသလို အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က သူတို့ရဲ့ အနာဂတ်အခွင့် အလမ်းကို ဖန်တီးပေးဖို့လည်း လိုပါတယ်။

မအေမီမီဂျူးကတော့ သူ့မျှော်လင့်ချက်ကို အခုလိုပြောပါတယ်။

“လစာတိုးပေးတာ သဘောကျပေမယ့် ဒီနယ်ပယ်တခုတည်းကိုပဲ ကွက်တိုးလို့ မဖြစ်သေးဘူး။ အလျင်စလို လုပ်လို့ မရ သေးတာကို သမီးတို့နားလည်ပါတယ်။ လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင် တာဝန်ထမ်းဆောင်နိုင်ဖို့ပဲ မျှော်လင့်မိပါ တယ်”

 

Related Articles