Home ဆောင်းပါး သက်ငယ်မုဒိမ်းမှုတွေအတွက် တရားမျှတမှုကို ဘယ်လို ဖော်ဆောင်ကြမလဲ?

သက်ငယ်မုဒိမ်းမှုတွေအတွက် တရားမျှတမှုကို ဘယ်လို ဖော်ဆောင်ကြမလဲ?

maxresdefault

သွေး (စစ်ကိုင်း)

အခုတလော စိတ်မသက်သာစရာကောင်းတဲ့ သတင်းတွေဖတ်ရှုနေရချိန် အခိုက်အတန့်မှာ အတွေးတွေနဲ့ ရင်မောမိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေသ တော်တော် များများမှာ မိန်းကလေးတွေ အဓမ္မပြုကျင့်ခံရတဲ့ သတင်းတွေကို ကြားရလို့ပါပဲ။ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးတွေဟာ ကလေးငယ်တွေကနေ သက်လတ်ပိုင်း အထိ ပါဝင်နေတာ တွေ့ရပါတယ်။

အစိုးရရုံးစိုက်တဲ့ နေပြည်တော်မှာ သိပ်မကြာမီက တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ အဓမ္မပြုကျင့်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၇) ရက် ညပိုင်းက နေပြည်တော်၊ ဒက္ခိတာသီရိမြို့နယ် ဂျန်းရှင်းစင်တာ အနောက်ဘက်က သံတမန်အိမ်ရာ စီမံကိန်းနယ်မြေမှာ စုံတွဲတစ်တွဲကို အမျိုးသားကို သတ်ပြီး အမျိုးသမီးကို ယောကျ်ား (၄)ယောက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ အလွန်ရက်စက်တဲ့ အမှုပါ။ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးလေးဟာ အသက် (၁၇) နှစ်ပဲ ရှိပါသေးတယ်။ ကျူးလွန်တဲ့သူ (၄)ယောက်ကို ဖမ်းဆီးစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

တစ်ခါ ရခိုင်ပြည်နယ်မှာ ခပရ (၃၅၄)က တပ်သားတစ်ယောက်ကို (၈)နှစ်အရွယ် မိန်းကလေးတစ်ယာက်ကို အဓမ္မပြုကျင့်မှုနဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ (၂၂) ရက်က အခင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး မိန်းကလေးဟာ စစ်တွေဆုံးရုံကြီးမှာ ဆေးဝါးကုသမှုခံယူခဲ့ရပါတယ်။

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် သာယာကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့အမှုမှာလည်း ပထမတန်းကျောင်းသူလေးဟာ ရက်ရက်စက်စက် အဓမ္မပြုကျင့် ခံခဲ့ရပါတယ်။ စက်တင်ဘာ (၂၃)ရက်က သာယာကုန်းကျေးရွာ အမက (၄၁)မှာ အိမ်သာကျင်းအသစ်ထဲကို ပြုတ်ကျခဲ့တဲ့ကျောင်းသူလေးရဲ့ အလောင်းကို စစ်ဆေးကြည့်ရာမှာ အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာတွေ့ခဲ့ရတာပါ။ ဒီဖြစ်ရပ်မှာလည်း ကျူးလွန်တဲ့တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။

အဆိုးတွေထဲက အကောင်းသတင်းတစ်ပုဒ်ကတော့ လွန်ခဲ့တဲ့ (၂)နှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာက (၅)နှစ်အရွယ် သူငယ်တန်းကျောင်းသူလေး အဓမ္မပြုကျင့်ခံရမှုကို ဖော်ထုတ်နိုင်ခဲ့တဲ့ သတင်းပါ။ DNA လို့ခေါ်တဲ့မျိုးရိုးဗီဇ စစ်ဆေးတဲ့စက်နဲ့ အမျိုးသား (၃)ဦးကို စစ်ဆေးခဲ့ရာမှာ ကျူးလွန်တဲ့ အမျိုးသားကို ရှာတွေဖော်ထုတ်နိုင်ခဲ့တာပါပဲ။

ဝမ်းနည်းစရာကောင်းတာကတော့ တချို့သော အဓမ္မပြုကျင့်မှုတွေမှာ ကျုးလွန်တဲ့ တရားခံကို ခုထက်ထိ မထုတ်ဖော်နိုင်သေးတာပါ။ ဥပမာအားဖြင့် ၂၀၁၅ ဇန်နဝါရီလအတွင်းက ကချင်ပြည်နယ်မှာ ခရစ်ယာန်လုပ်အားပေးဆရာမလေး (၂)ယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှာ တရားခံဘယ်သူမှန်း မဖော်ထုတ် နိုင်သေးပါဘူး။ အခုလို အဓမ္မပြုကျင့်မှုတွေ မြန်မာနိုင်ငံ နေရာအနှံ့ ဖြစ်ပွားနေတာဟာ အမျိုးသမီးတွေရဲ့ ဘ၀ မလုံခြုံတာကို ညွှန်ပြနေသလို တစ်ဖက်ကလည်း တရားဥပဒေစိုးမိုးမှု (Rule of Law)ကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

အခုလို အသက်ငယ်မုဒိမ်းမှုတွေ များပြားလာနေတာနဲ့ပတ်သက်လို့ အထက်တန်းရှေ့နေ ဦးရဲဟိန်းအောင်ကို မေးကြည့်ဖြစ်ခဲ့ပါတယ်။ ဦးရဲဟိန်းအောင်က “သက်ငယ်မုဒိမ်းမှုတွေ များလာတာ ကျွန်တော့်အမြင်မှာ IT နဲ့ ဆက်စပ်နေတယ်လို့ ထင်ပါတယ်။ အပြာကားတွေကို မိုဘိုင်းဖုန်းတွေမှာ လွယ်လွယ်ကူကူ ကြည့်လို့ရနေတာ မကောင်းပါဘူး။ ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်ဖို့လိုပါတယ်။ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ် အထိ အပြစ်ပေးရင် ကျူးလွန်မှုတွေ လျော့ကျလာမယ်လို့ ထင်မိပါတယ်”လို့ ပြောပြပါတယ်။ လက်ရှိအချိန်မှာ ပုဒ်မ (၃၇၆)အရ အမြင့်ဆုံးပြစ်ဒဏ် (၁၀)နှစ် အထိပဲ ချမှတ်လို့ရပါသေးတယ်။

အဓမ္မပြုကျင့်မှုတွေများလာနေတာနဲ့ပတ်သက်ပြီး ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ အလုပ်သမားရေး ဒုတိယတာဝန်ခံ ဒေါ်မာမာဦးကို သူ့အမြင်မေးကြည့်ဖြစ်ခဲ့ပါတယ်။

“အရင်တုန်းက မုဒိမ်းမှုတွေရှိပေမဲ့ နည်းတယ်၊ အခုနောက်ပိုင်း များလာတာက စရိုက်ဆိုးနဲ့ ကြီးပြင်းခဲ့တဲ့သူတွေနဲ့ ဆိုင်တယ်။ ထောင်ထဲမှာ လူသတ်မှု၊ လုယက်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေထဲက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးပြီးနောက်ပိုင်း မုဒိမ်းမှုတွေများလာတယ်။ အဲလိုစရိုက်ရှိတဲ့သူတွေက ယဉ်ကျေးပြီး၊ နောင်တရပြီး ထောင်ကနေလွတ်တယ်ဆိုတာ သိပ်မရှိဘူး” လို့ သူမအမြင်ကို ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးတွေဟာ တစ်ရှက်ကနေ နှစ်ရှက်ဖြစ်နေရတာ လူ့အဖွဲ့အစည်းကနေ ခွဲခြားဆက်ဆံ ခံနေရတာနဲ့ ပတ်သက်ပြီး ဒေါ်မာမာဦးက “ မိန်းကလေးတွေအတွက် အခက်ခဲဆုံး ပြသနာလို့တောင် ပြောနိုင်ပါတယ်။ အဓမ္မပြုကျင့်ခံရလို့ ရဲစခန်းကို သွားတိုင်ရင် စစ်ဆေးတာက အမျိုးသားတွေဖြစ်နေတယ်။ သူတို့အနေနဲ့ တစ်ရှက်ကနေ နှစ်ရှက်ထပ်ရသလိုဆိုတော့ အမျိုးသမီးရဲမေတွေနဲ့ ဖြစ်စဉ်ကို စစ်ဆေးသင့်တယ်လို့ ထင်တယ်။ အစ်မအမြင်မှာ မိန်းကလေးအချင်းချင်းဆို ပိုပြီးပွင့်ပွင့်လင်းလင်း ပြောနိုင်မယ်ပေါ့။ သူတို့အပေါ်မှာ လူ့အဖွဲ့အစည်းကလည်း ခွဲခြားဆက်ဆံတာမျိုး မဖြစ်သင့်ဘဲ စာနာထောက်ထားတဲ့စကား ဖြစ်ရမယ်” လို့ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုတွေများလာတာ အစ်မအမြင်မှာ အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတွေဆို ဖြစ်စဉ်ကို သေချာပြောပြနိုင်တယ်။ ၈နှစ် ၁၀ နှစ်အရွယ် မိန်းကလေးတွေကျ ဘာမှမတွန်းလှန်နိုင်သလို မေးရင်လည်း သေချာပြန်မပြောပြတတ်ဘူးလေ”လို့ ဒေါ်မာမာဦးက သက်ငယ်မုဒိမ်းမှုများလာတာနဲ့ ပတ်သက် ပြီး ဆက်ပြောပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးတွေကို စာနာနားလည်ပြီး နှစ်သိမ့်အားပေးမှုတွေ ပြုလုပ်သင့်ပါတယ်။ မတရားပြုကျင့်ခံရသူဟာ ရှက်စရာ မဟုတ်ဘဲ မတရား ပြုကျင့်သူကသာ ရှက်စရာဆိုတဲ့ အမြင်ရှိမှ လူ့အဖွဲ့အစည်းမှာ မိန်းကလေးတွေ အဆင်ပြေပြေ ဆက်ရပ်တည်နိုင်မှာပါ။ ၂၀၁၄ ခုနှစ် တစ်နှစ်တည်း မှာပဲ နိုင်ငံတစ်ဝှမ်းမှာ အဓမ္မပြုကျင့်မှု (၇၄၁)မှုအထိ ဖြစ်ပွားခဲ့ပါတယ်။

စိတ်ပိုင်းဆိုင်ရာ အရရော ရုပ်ပိုင်းဆိုင်ရာအရပါ ကြံ့ကြံ့ခံနိုင်တဲ့ မိန်းကလေးတွေဖြစ်လာစေဖို့ ခွဲခြားဆက်ဆံမှုတွေ ရပ်တန့်ပစ်ဖို့ လိုအပ်နေသလို တစ်ဖက်က လည်း ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးမှသာ အဓမ္မပြုကျင့်ခံရမှုတွေ လျော့နည်းသွားမယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

Related Articles