Home ဆောင်းပါး ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့  ကိုယ်စိုက်တာကိုယ်စားကြစို့

ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့  ကိုယ်စိုက်တာကိုယ်စားကြစို့

ဒေဝီ။ ။

စစ်အာဏာသိမ်းပြီးနောက် မြို့ပြနဲ့တိုင်းရင်းသားဒေသတွေက ပြည်သူတွေ တူညီစွာကြုံရတဲ့အခက်အခဲတစ်ခုက စားနပ် ရိက္ခာလိုအပ်ချက်ပြသနာပါ။

ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်တာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ လယ်ယာမြေတွေ မစိုက်ပျိုးနိုင်တော့တာတွေ ကြောင့် ပြည်တွင်းမှာ စားနပ်ရိက္ခာ လိုအပ်ချက်ပြသနာက အလေးထားရမယ့် ကိစ္စရပ်ဖြစ်လာပါတယ်။

အထူးသဖြင့် စစ်ကောင်စီနဲ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပဋိပက္ခဒေသတွေမှာ စစ်ဘေးရှောင်ဦးရေတိုးလာသလို စစ်ရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာလိုအပ်ချက်ကလည်း ပိုလို့ကြီးလာပါတယ်။

ယင်းအနက် စစ်ဘေး‌ရှောင်ဦးရေ ငါးသိန်းကျော်ရှိနေတဲ့ ကရင်ပြည်နယ်က စစ်ကောင်စီနဲ့ တိုက်ပွဲတွေ၊လေကြောင်း တိုက်ခိုက် မှုတွေ တစ်နေ့ထက်တစ်နေ့ ပြင်းထန်နေသလို စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီတွေလည်း အများအပြား လိုအပ် နေပါတယ်။

ကရင်ပြည်နယ်က စစ်‌ဘေးရှောင်ပြည်သူတွေ နောင်တစ်ချိန်ကြုံတွေ့လာနိုင်တဲ့ စားနပ်ရိက္ခာအခက်အခဲ ပြေလည်စေဖို့  ကော်သူးလေဒေသခံ  လူငယ်အချို့က “ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့  ကိုယ်စိုက်တာကိုယ်စားကြစို့ ” ဆိုတဲ့ “Food Not Bombs Kawthoolei” လှုပ်ရှားမှုကို လုပ်ဆောင်ကာ ဒေသတွင်းစားနပ်ရိက္ခာဖူလှုံရေးအတွက် တစ်ထောင့်တစ်နေရာကနေ ကြိုးပမ်းနေပါတယ်။

ဒီလှုပ်ရှားမှုကို ဦးဆောင်နေသူက နော်ဇင်းဘာပါ။

ကရင်လူမျိုးတစ်ဦးဖြစ်တဲ့ နော်ဇင်းဘာက သစ်တောနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သူ ပါ။ သူရဲ့အဖူး(အဘိုး) ဖြစ်သူက အင်္ဂလိပ်ခေတ်မှာ ရှမ်းပြည်မြောက်ပိုင်းက သစ်တောတွေကို စီမံခန့်ခွဲရတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ခဲ့ပါတယ်။

ဌာနေလူမျိုးစုတွေ အသက်ရှင်သန်မှုအတွက် သစ်တောက လိုအပ်တဲ့ရေ၊  အစားအစာ၊ဆေးဝါး၊အဆောက်အဦနဲ့ မိသားစု အပို ဝင်ငွေစတဲ့ အရာတွေကိုပေးစွမ်းတဲ့ စျေးကြီးဖြစ်သလို  သစ်တောနဲ့ဒေသခံလူမျိုးစုတွေသဟဇာတရှိရှိ  အမှီသဟဲပြုနေထိုင် နိုင်ဖို့အတွက် သစ်တောကို ရေရှည်တည်တံ့အောင် စနစ်တကျစီမံခန့်ခွဲတာတွေကို ငယ်စဉ်ဘဝကတည်းက သင်ယူလေ့လာ ခဲ့ရပါတယ်။

” သစ်တောတွေမရှိရင် ကမ္ဘာကြီးမှာ ရေရရှိနိုင်မှုခက်ခဲတာနဲ့ အလွန်အမင်းပူလောင်မှုတွေ ဖြစ်စေနိုင်တယ်ဆိုတာတွေကို လေ့လာသိရှိခဲ့ရတာကြောင့် နောင်မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်း လေ့လာသိရှိနိုင်ဖို့ ကိုယ်နိုင်ရာကနေ ကြိုးစားလုပ် ဆောင်နေပါတယ်။” လို့ နော်ဇင်းဘာက ဆိုတယ်။

နော်ဇင်းဘာက ကိုယ်ပိုင်စီးပွားရေးလုပ်ရင်း တစ်ဖက်မှာလည်း freelance documentary producer တစ်ယောက်အဖြစ် ဌာနေတိုင်းရင်းသားဒေသတွေနဲ့ဆိုင်တဲ့ သဘာဝဝန်းကျင်နဲ့လူမှု့ဖွံ့ဖြိုးရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်တွေကို ၂၀၁၀ ကတည်း ကလည်းလုပ်ဆောင်နေသလို  ထိုင်းနိုင်ငံနယ်စပ် ကရင်ဒုက္ခသည်စခန်းကပြန်လာတဲ့ မိဘမဲ့နဲ့ စောင့်ရှောက်သူမရှိတဲ့ စစ်ပွဲ ထဲက အသက်ရှင်လွတ်မြောက်လာတဲ့ ကလေးတွေကို မိခင်သဖွယ် တာဝန်ယူစောင့်ရှောက်မှု ပေးနေတာ ယနေ့အထိပါ။

လက်ရှိမှာတော့ Greater Mekong Indigenous Women Network မှာ ဆွေးနွေးအကြံပေး သူအနေနဲ့ပါဝင် လုပ်ဆောင် နေ သလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ Love Unity Peace Foundation နဲ့ Food Not Bombs Kawthoolei တည်ထောင်သူအဖြစ် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်နေပါတယ်။

စားနပ်ရိက္ခာလိုအပ်ချက်ပြသနာကို ဖြေရှင်းရန်အတွက် Food Not Bombs Kawthoolei လှုပ်ရှားမှုကို စတင်ခဲ့ခြင်းဖြစ်သည်။ 

နော်ဇင်းဘာက Food Not Bombs Kawthoolei လှုပ်ရှားမှုကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဒီဇင်ဘာလမှာ စတင်ခဲ့တာဖြစ်ပြီး စစ်ရှောင်ပြည်သူတွေ ရေရှည်မှာ စားနပ်ရိက္ခာပြတ်လပ်မှုဘေးကနေလျော့ပါးပြီး တန်းတူညီမျှစွာ စားသောက် နေထိုင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုတယ်။

Food Not Bombs ဆိုတာက ဒုတိယကမ္ဘာစစ်နောင်ပိုင်းပေါ်ပေါက်လာခဲ့တဲ့  ကမ္ဘာလုံးဆိုင်ရာ လုပ်ရှားမှုတစ်ခုဖြစ်ပြီး လူကို လူလိုတန်ဖိုးထားခြင်း၊ လူသားနဲ့သက်ရှိတွေအပေါ်မတရားပြုမူနေမှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတစ်ခုလည်း ဖြစ် ပါတယ်။ ဒီလှုပ်ရှားမှုကို နိုင်ငံအသီးသီးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ဆောင်နေကြပါတယ်။  

ပြည်တွင်းမှာလည်း ပြည်သူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ စားဝတ်နေရေးကျပ်တည်းမှုပြသနာလျော့ပါးစေဖို့ Food Not Bombs Myanmar  ၊ Food Not Bombs -Rakhine၊ Food Not Bombs Maesot စတဲ့ ဒေသအလိုက် အစားစာမျှဝေတဲ့ လှုပ်ရှားမှုတွေလည်း ပြုလုပ်လျက်ရှိပါတယ်။

Food Not Bombs Kawthoolei လှုပ်ရှားမှုကို   လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊တန်းတူညီမျှခြင်း၊ ငြိမ်းချမ်းခြင်းစတဲ့ ရပ် တည်ချက်မူဝါဒလေးခုနဲ့ စတင်ခဲ့တာလို့ နော်ဇင်းဘာက ပြောပါတယ်။

Food Not Bombs Kawthoolei လှုပ်ရှားမှုအဖြစ် “ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ ကိုယ်စိုက်တာကိုယ်စားကြစို့ “ ဆိုတဲ့ ခေါင်းစဉ် နဲ့စိုက်ပျိုးရေးအတွက် အဓိကလိုအပ်တဲ့ သဘာဝမျိုးကောင်းမျိုးသန့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့တွေကို ကော်သူးလေမှာ မှီတင်းနေထိုင်တဲ့ ဒေခံတွေ၊ KNU ဌာနဆိုင်ရာ အမှုထမ်းတွေနဲ့ တော်လှန်ရေးထဲကလူငယ်တွေနေထိုင်တဲ့ စခန်းတွေကို လိုက်လံ ဖြန့်ဝေတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကုလသမဂ္ဂစိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့(FAO) ယခုနှစ်မေလကထုတ်ပြန်တဲ့ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ် သတိပေးချက် အစီရင်ခံစာမှာ  မြန်မာနိုင်ငံစားနပ်ရိက္ခာ မလုံလောက်မှုအတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံ ၂၂ နိုင်ငံထဲမှာ ပါဝင်နေတယ်လို့‌ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စားနပ်ရိက္ခာ မလုံ လောက်မှုနဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ အခြေအနေ ပိုပြီး ဆိုးရွားလာနိုင်ပြီး၊၂၀၂၃ ခုနှစ်အတွင်းမှာ မြန်မာ နိုင်ငံက ကလေးငယ်နဲ့အမျိုးသမီးနှစ်သန်းကျော်အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်မယ်လို့ FAOက ခန့်မှန်းထားပါတယ်။

နောင်တစ်ချိန်ကြုံတွေ့လာနိုင်တဲ့ စားနပ်ရိက္ခာ ပြသနာအတွက် ကိုယ်တစ်ကိုယ်ရေစာအပါအဝင် ကိုယ့်မိသားစု အစာရေစာ ဖူ လှုံဖို့ ကိုယ်တိုင်တစ်နိုင်တစ်ပိုင် တာဝန်ယူစိုက်ပျိုးခြင်းက စားနပ်ရိက္ခာပြတ်လတ်မှုပြသနာကို ကိုယ်တိုင် လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ်လို့ နော်ဇင်းဘာက ဆိုပါတယ်။

“ ကိုယ်စားဖို့ကိုယ်တိုင်တာဝန်ယူခြင်း၊ တာဝန်ခံဖြေရှင်းခြင်းကို လူ့ပတ်ဝန်းကျင်မှာ လက်တွေ့ကျကျလုပ်ဆောင်ခြင်းနဲ့ တိုင်း ပြည် တည်ဆောက်ရေး Nation Building မှာ အခြေခံကျကျပါဝင်သွားဖို့ဖြစ်တယ်။” လို့ နော်ဇင်းဘာက ပြောပါတယ်။

ဒေသတွင်း စားနပ်ရိက္ခာဖူလှုံဖို့ လုပ်ဆောင်တာအပြင် ကော်သူးလေဒေသအတွင်းမှာရှိတဲ့ စစ်ပြေးစစ်ရှောင်ကလေးတွေ ကျိုး ကြောင်းဆင်ခြင်ပြီး တီထွင်ဆန်းသစ်စွာ တွေးခေါ်နိုင်ဖို့“ကျန်းမာပျော်ရွှင် ပညာသင်” ၊ သဘာဝသစ်တောတွေထဲ  ပလပ်စတစ် အမှိုက်တွေကို ရှင်းလင်းဖို့ “ပလပ်စတစ်ကင်းစင် သဘာဝဝန်းကျင်” ၊စစ်ဘေးရှောင်ပြည်သူတွေကို ဆေးဝါးကုသပြီ၊ ကျန်းမာ ရေး အသိပညာပေးဖို့အတွက် “ကျန်းမာပျော်ရွှင်တို့ကမ္ဘာ”  ၊လူငယ်အချင်းချင်း ရင်ဖွင့်ခွန်အားပေးတဲ့ “စည်လုံးချစ်ကြည် ‌အောင်ပွဲဆီ” စတဲ့ လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။

ဒါ့အပြင်ကော်သူးလေထဲက စစ်ပြေးစစ်ရှောင်ကလေးတွေနဲ့ ဒေသခံဌာနေလူမျိုးစု ကလေးတွေပညာသင်ယူနေတဲ့မူလတန်း ကျောင်းမှာ လက်မှုအနုပညာနဲ့ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချမှုတွေကို တစ်ပတ်တစ်ရက် သင်ကြားပေးတာ၊ ကျေးရွာမှာ ရှိတဲ့ အမျိုးသမီးလေးတွေအတွက် ရိုးရာဂျက်ခုတ်လုပ်ငန်းကို  အကောင်အထည်ဖော်တာ၊ ကလေးတွေအတွက် စာကြည့်တိုက် ဖွင့်လှစ်တာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုတွေကို လူငယ်ခေါင်းဆောင်တွေ ဦဆောင်ပြီး ကော်သူးလေဒေသ မှာရှိတဲ့ ပညာရေးဌာ၊ သစ်တောဌာန၊ လယ်ယာ စိုက်ပျိုးရေးဌာန၊  ကျန်းမာရေးဌာန ၊ကရင်လူငယ်အစည်းအရုံး  တို့နဲ့ ပူးပေါင်းလုပ်ဆောင်နေတာလို့ဆိုတယ်။

လှုပ်ရှားမှုတွေကိုဦးဆောင်သူတွေက ကိုယ်နိုင်သလောက် ငွေကြေးခွန်အားတွေနဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်နေကြတာ ဖြစ် ပြီး အခြားအဖွဲ့အစည်းတွေရဲ့ ငွေကြေးထောက်ပံမှု Funding တွေနဲ့ လုပ်ဆောင်နေတာမဟုတ်ဘူးလို့ နော်ဇင်းဘာက ဆက် ပြောတယ်။

စိုက်ပျိုးဖို့လိုအပ်တဲ့ မျိုးစေ့တွေနဲ့တစ်ခြားလိုအပ်တာတွေကို အချို့သော လူငယ်ခေါင်းဆောင်တွေကနေ သူတို့လုပ်အားခ ချွေး နည်းစာတွေနဲ့ပါဝင်ပံ့ပိုးပေးကြသလို ဘန်ကောက်မှာရှိတဲ့ ကော်သူးလေအကျိုးပြုအဖွဲ့တွေကလည်း ပါဝင်ကူညီပေးခဲ့တာ တွေ ရှိတယ်လို့ဆိုတယ်။

အထူးသဖြင့် Food Not Bombs Kawthoolei လုပ်ရှားမှုအစီအစဉ်တွေတိုင်းမှာ အမျိုးသမီး​လူငယ်တွေနဲ့ ဒေသခံဌာနေ လူမျိုးစုမိခင်တွေ ဦးဆောင်ပါဝင်နေကြပြီး မိသားစုအတွက် စိုက်ပျိုးတာတွေကိုလည်း ဒေသခံဌာ​နေ မိခင်​တွေ ၊အမျိုးသမီး တွေက လုပ်ဆောင်နေကြတာလို့ နော်ဇင်းဘာက ပြောတယ်။

ဒီအတွက်ကြောင့်လည်း လူမှုအကျိုးပြုလှုပ်ရှားမှု​တွေမှာ အမျိုးသမီး​တွေရဲ့ပါဝင်မှု အား​​ကောင်းလာရင်​တော့ တိုင်းပြည် တည်​ဆောက်ရေးရဲ့ အ​ခြေခံလိုအပ်ချက်ဖြစ်တဲ့အရာ​တွေလုပ်ငန်းစဉ်တွေ ပိုမိုအားကောင်းလာမှာဖြစ်တယ်လို့ သူကဆိုတယ်။

” အမျိုးသမီး​တွေ မိခင်​တွေဟာ တိုင်းပြည်တည်​ဆောက်​ရေးအတွက် စွမ်းအားရှင်​တွေ ဖြစ်ကြပါတယ်၊  လက်တွေ့ကျကျ လုပ် နိုင်စွမ်းရှိ​သော အမျိုးသမီးတွေ မိခင်​တွေဖြစ်​အောင် အ​ခြေခံက​နေ တည်​ဆောက်ခြင်းဖြင့် တိုင်းပြည်တည်​​ဆောက်​ရေးမှာ အမာခံ​တွေအ​နေနဲ့ ပါဝင်သွားနိုင်မှာဖြစ်ပါတယ်။” လို့ နော်ဇင်းဘာက ဆိုပါတယ်။

Food Not Bombs Kawthoolei   က လူမျိုးမရွေးဘာသာမရွေး လူကိုလူလို တန်ဖိုးထားတတ်ပြီး သက်ရှိတွေကို လေးစား တန်ဖိုးထား စာနာထောက်ထားကာ ငြိမ်းချမ်းတဲ့လူ့ဘောင်အတွက် ကိုယ်ချင်းစာတရားနဲ့ မျှဝေဖေးမကြဖို့ ရည်ရွယ်လှုပ်ရှား နေတာဖြစ်တဲ့အတွက် ဒေသတွင်းပြည်သူတွေ ငြိမ်းချမ်းပြီးတော့ ပျော်ရွှင်တယ်ဆိုရင် လှုပ်ရှားမှုအောင်မြင်တယ်လို့ ခံယူထား တယ်လို့ နော်ဇင်းဘာကဆက်ပြောပါတယ်။

” ကျမတို့ရဲ့လုပ်ရှားမှုမှာပါဝင်နေကြတဲ့ ဒေသခံရွာသားတွေ၊ စစ်ပြေးစစ်ရှောင်တွေ၊ ကျောင်းသားလူငယ်တွေ ပျော်ရွှင် ငြိမ်း ချမ်းခြင်းရရှိတယ်ဆိုရင် Food Not Bombs Kawthoolei လုပ်ရှားမှုရဲ့ အောင်မြင်ခြင်းပါပဲ။”လို့ နော်ဇင်းဘာက ပြောပါတယ်။

လက်ရှိမှာတော့ Food Not Bombs Myanmar နဲ့ ချိတ်ဆက်လုပ်ဆောင်မှုတွေရှိပြီး ဒေသအလိုက်  အစားအစာမျှဝေမှုတွေ လုပ်ဆောင်နေတဲ့ အခြားသော Food Not Bombs လှုပ်ရှားမှုတွေနဲ့လည်း နောက်ပိုင်းမှာ မဟာမိတ်ဖွဲ့ ချိတ်ဆက်လုပ်ဆောင် သွားဖို့ရှိတယ်လို့ ဆိုတယ်။

” ကျမတို့ရှေ့ဆက်ပြီး ကိုယ်နိုင်သလောက် လုပ်နိုင်တာလေးတွေဆက်လုပ်သွားမယ်။ ပူးပေါင်းလုပ်ဆောင်မှုချိတ်ဆက်မှုတွေနဲ့ လုပ်ရှားမှုတွေကျယ်ပြန့်လာအောင်အခြေခိုင်ခိုင်နဲ့ဖြေးဖြေးနဲ့ပုံမှန်လေးလှုပ်ရှားသွားမှာပါ။”လို့နော်ဇင်းဘာက ပြောပါတယ်။

ပြည်သူတွေအသက်ရှင်ရပ်တည်ရေးအတွက်စားနပ်ရိက္ခာဖူလှုံမှုက အရေးပါတဲ့နေရာမှာရှိတဲ့အတွက် ကိုယ်တိုင်စိုက်ပျိုးဖို့ ကြိုး ပမ်းခြင်းက ရေရှည်စားနပ်ရိက္ခာအခက်အခဲအတွက် အထောက်အပံ့တစ်ခုဖြစ်စေမှာပါ။

အဲဒီအတွက်   Food Not Bombs Kawthoolei လုပ်ရှားမှုတွေက လူ့အခွင့်အရေးနဲ့ လူသားစံတန်ဖိုးတွေကို လိုက်နာ ကျင့်သုံး သူတိုင်းအတွက် လွတ်လပ်စွာပါဝင်လုပ်ရှားခွင့်ရှိတဲ့အတွက် လိုက်ပါလုပ်ဆောင်မယ့်သူတွေကိုလည်း ကြိုဆိုတယ် လို့နော်ဇင်း ဘာက ဆိုပါတယ်။

Author:

Related Articles