Home ဆောင်းပါး ဂျိုင်းထောက်တဖက်၊ ဂစ်တာတလက်နဲ့ အဆိုတော် (သို့) မသန်စွမ်းတို့ရဲ့ လမ်းပြကြယ်တပွင့်ဖြစ်ချင်သူ

ဂျိုင်းထောက်တဖက်၊ ဂစ်တာတလက်နဲ့ အဆိုတော် (သို့) မသန်စွမ်းတို့ရဲ့ လမ်းပြကြယ်တပွင့်ဖြစ်ချင်သူ

Milla Hniang Pictureမောင်နန်းဝေ

အမေရိကန်လို ကမ္ဘာကျော် အဆိုတော်ကြီးတွေ ရှိတဲ့ နိုင်ငံမှာ သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုပြီး အောင်မြင်တဲ့ အဆိုတော် တဦးဖြစ်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံသူလေး တဦးရှိတယ်။ သူရဲ့နာမည် အရင်းက Milla Dawt Hniang …။ မြန်မာပရိသတ်တွေကတော့ သူ့ကို အလွယ်တကူ မီလာ လို့ပဲခေါ်ကြတယ်။

ချင်းတိုင်းရင်းသူလေးဖြစ်တဲ့ မီလာရဲ့ အသက်က အခု ၂၄ နှစ်ပါ။ သူက မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တခုဖြစ်တဲ့ ချင်းပြည်နယ် ဟားခါးဇာတိပါ။ သူ့လမ်းစလျှောက်နိုင်တော့မယ့် ၁ နှစ်အရွယ်မှာ ပိုလီယိုရောဂါကြောင့် သူ့ရဲ့ခြေထောက် ချိနဲ့သွားခဲ့ရတယ်။

မြင့်မားမတ်ဆောက်ပြီး သာယာလှပတဲ့ တောင်တန်းကြီးတွေပေါ်မှာ မွေးဖွားခဲ့သူဖြစ်ပေမယ့် အဲဒီတောင်တန်းကြီးတွေဟာ မီလာ အတွက်တော့ ဆန့်ကျင်ဘက်လိုဖြစ်ခဲ့ရတယ်။ မသန်စွမ်းတော့တဲ့ သူ့ရဲ့ခြေထောက်တွေနဲ့ပတ်သက်ပြီး ကလေးဘဝရဲ့ ပျော်ရွှင် စရာအချိန်တချို့ကို စွန့်လွှတ်ခဲ့ရသလို ဗဟုသုတနည်းတဲ့ ပတ်ဝန်းကျင်အချို့ရဲ့ အလယ်မှာ ခွဲခြားဆက်ဆံမှုတွေလည်း ကြုံခဲ့ရဖူးပါတယ်။

မီလာ ၄ နှစ်အရွယ်မှာ ဟာခါးကနေ ရန်ကုန်မြို့ကို ပြောင်းခဲ့ကြတယ်။ ရန်ကုန်၊ မြောက်ဒဂုံမှာ ဒုတိယတန်းအထိ ကျောင်းနေ ခဲ့ဖူးတယ်။ ကျန်းမာရေးချို့တဲ့နေတဲ့ သူ့အတွက်တော့ သူငယ်ချင်းတွေနဲ့ ကျောင်းအတူ တက်ခွင့်မရခဲ့။ တခြားကလေးငယ်တွေနဲ့ မတူတဲ့ သူ့အဖြစ် က သူ့ကိုသူ အားငယ်စေခဲ့တယ်။ ဒါပေမယ့် ဆရာမတွေကို အိမ်ခေါ်ပြီး ပညာသင်ခွင့်ရခဲ့တယ်။ စာမေးပွဲဖြေမှ ကျောင်းကိုသွားဖြေခဲ့ရတယ်။

ကျောင်းစာပိုင်းမှာ အမြဲတမ်း ပထမဆုချိတ်ခဲ့တဲ့အထိ မီလာက စာအရမ်းတော်ခဲ့တယ်။ ဒါပေမယ့် ဆရာမတွေက ကျောင်း မတတ်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒုတိယဆု ကိုပဲပေးခဲ့တယ်။ ဒီအဖြစ်အပျက်တွေကို နာကျင်နေတာမဟုတ်ပေမယ့် မီလာက မှတ်မိနေတုန်းပါ။

သက္ကရာဇ် ၂၀၀၀ ခုနှစ်ဟာ သူ့ဘဝအတွက် အချို့အကွေ့ တခုအတွက် အလှည့်အပြောင်း တခုဖြစ်စေခဲ့တယ်။ အဲဒါကတော့ အမေရိကားမှာရှိနေတဲ့ ဖခင်က သူတို့မိသားစုကို ခေါ်ယူခဲ့တာပါပဲ။ အမေရိကန်မှာတော့ မီလာလို ဂျိုင်းထောက်နဲ့ သွားလာ နေရတဲ့သူတွေကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးပိုင်းတွေမှာ အစစအရာရာ ဦးစားပေးတော့ ပိုပြီးအဆင်ပြေခဲ့တယ်။

ကလေးဘဝထဲက ထွက်လာခဲ့တာဆိုပေမယ့် သူမြန်မာပြည်ကို မမေ့ဘူး။ သူ့ရဲ့ Facebook စာမျက်နှာကနေ မြန်မာစာနဲ့ မြန်မာ ပရိတ်သတ်တွေအတွက် သူ့စိတ်ထဲမှာ ရှိတဲ့အကြောင်းအရာတွေကို ခနခနရေးချပြတယ်။ စာလုံးပေါင်း သတ်ပုံတွေ မှားပေမယ့် လည်း သူ့ရဲ့အားနည်းချက်ကို ဝန်ခံပြီး သတ္တိရှိရှိရေးတယ်။ အဓိကကတော့ သူဘယ်အခြေအနေရောက်ရောက် မြန်မာပြည်ကို မမေ့ဘူးဆိုတာပဲ။

သူရေးတဲ့စာတစောင်ထဲမှာဆိုရင် “ဘယ်တော့မှ မြန်မာပြည်ကလာတယ်ဆိုတာ မီလာ မမေ့ဘူး။ မြန်မာ စကား၊ စာ ကိုလည်း တတ်၊ ပြော၊ ရေးနိုင်အောင် အရမ်းကြိုးစားထားတယ်” လို့ သူ့ရဲ့ Facebook ကတဆင့် မြန်မာပရိတ်သတ်တွေကို သူက ကြိုးစားပြီး ရေးပို့ထားတဲ့ စာထဲမှာ တွေ့ရတယ်။

အမေရိကန် တေးထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Tate Music Group က စာချုပ်ချုပ်ဆိုပြီး ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ Milla Hniang ဆိုတဲ့ သူ့ရဲ့နာမည်နဲ့ ပထမဆုံး တေးအယ်လ်ဘမ် ထွက်လာပြီးတဲ့နောက် သူ့ကို မြန်မာပရိတ်သတ်တွေ အသိများသွား ကြတာပါ။

အမေရိကန်မှာတော့ အဆိုတော် အသစ်တယောက်အနေနဲ့ ပထမဆုံး အယ်လ်ဘမ် ထွက်ရင် ကိုယ့်ရဲ့ နာမည်နဲ့ ပထမဆုံး ထွက်ကြတာ ဆိုတော့ Milla Hniang ဆိုတဲ့ သူ့နာမည်နဲ့ပဲထွက်လာတယ်။ တေးအယ်လ်ဘမ် ထဲက သီချင်းတွေက Country / Acoustic အမျိုးအစားတွေဖြစ်ပြီး သီချင်းတွေအားလုံးက မီလာ ကိုယ်တိုင်ရေးစပ်ထားတဲ့သီချင်းတွေပါ။

သီချင်းဆိုတာ ဝါသနာထုံတဲ့ မီလာက သီးချင်းစာသားတွေကို ကိုယ်တိုင်ရေးစပ်၊ ကိုယ်တိုင်ဆိုပြီး Youtube နဲ့ Social network တွေက တဆင့် အများနားဆင်နိုင်ဖို့ တင်ရင်းနဲ့ပဲ သူ့ရဲ့ သာယာတဲ့ အသံနဲ့ သီဆိုဟန်တွေကို Tate Music Group တေးထုတ် လုပ်ရေး ကုမ္မဏီက သဘောကျသွားပြီး အဆက်အသွယ်ရသွားတာဖြစ်ပါတယ်။

“မီလာ အရမ်းပျော်သွားတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံတောင်မှ မယုံဘူးဖြစ်သွားတယ်။ သူတို့က တကယ့် တေးထုတ်လုပ် ရေး ကုမ္ပဏီဆိုတော့ အရမ်းပျော်ပါတယ်။ ဒီလိုအခြေအနေမျိုး ရောက်မယ်လို့ မမျှော်လင့်ခဲ့ဘူးလေ” ဆိုပြီး သူ့ခံစားချက်ကို မီဒီယာတွေမှာ မီလာ က ရှင်းပြခဲ့တယ်။

မီလာကိုယ့်ကိုကိုယ် မယုံနိုင်လောက်အောင်အံ့အားသင့်သွားတယ်ဆိုတာလည်း တကယ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုရင် သူရှိနေတဲ့ နိုင်ငံက သိပ်တော်ပြီးထူးချွန်တဲ့ အဆိုတော်တွေ ပေါများတဲ့ အမေရိကန်လိုနိုင်ငံမျိုးမှာ မို့ပါ။ ဒီလို နေရာမျိုးမှာ အောင်မြင်တဲ့ အဆိုတော်တယောက်အဖြစ်လာဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။

အမေရိကန်မှာ သီချင်းဆိုတတ်ရုံနဲ့ မလုံလောက်ပါဘူး။ Music ကိုသိဖို့လိုတဲ့အပြင် ကိုယ်တိုင်လည်း တီးတတ်ရေးတတ်ဖို့လည်း လိုတယ်လေ။ ငယ်စဉ်ကတည်းက ဝါသနာပါလို့ ကြိုးစားလာခဲ့တာဖြစ်ပေမယ့် ထူးချွန်တဲ့ ကမ္ဘာကျော် အဆိုတော်တွေ ရှိတဲ့ အရပ်မှာ ကျော်လွှားနိုင်ဖို့ တွေးကြည့်ရုံတင် လွယ်ကူတဲ့ကိစ္စမဟုတ်ပါ။ မီလာက သူ့ကိုသူ တွန်းအားပေးပြီး ရုန်းကန်နေသူ တယောက်လို့ပြောရမှာပါ။

မီလာကိုယ်တိုင်ကလည်း ဒီလောကမှာ အောင်မြင်ဖို့အတွက်ဆိုရင် ကိုယ်ရဲ့ ဖန်တီးမှုတွေကို အားထုတ်ပြီး ကြိုးစားလုပ်ဆောင်ဖို့ လိုတယ်လို့ ယုံကြည်လက်ခံထားသူဖြစ်ပြီး အောင်မြင်မှုတွေရဖို့ နောက်ထပ် လှေကားထစ်တွေကို ကျော်ဖြတ်ရဦးမယ် ဆိုတာကိုလည်း သူက သိထားသူပါ။

Milla Hniang ဆိုတဲ့ သူ့ရဲ့နာမည်နဲ့ ပထမဆုံး တေးအယ်လ်ဘမ် ထွက်လာတော့ မြန်မာပရိတ်သတ်တွေက သူ့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပြီး ဝိုင်းအားပေးကြတော့ သူတော်တော်လေး အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားသွားရတယ်။ အောင်မြင် ကျော်ကြား တဲ့ အဆိုတော် တယောက်မဖြစ်သေးတာတောင် မြန်မာပရိတ်သတ်တွေက သူ့ကို ဝိုင်းပြီး အားပေးချီးကျူးနေကြတဲ့ အတွက် ခွန်အားတွေဖြစ်ခဲ့ရတယ်။

မြန်မာနိုင်ငံကို ပြန်လိုတဲ့ သူ့ရဲ့ စိတ်တွေကို နှိုးဆွခဲ့သလို ဖြစ်သွားတယ်။ မြန်မာပရိတ်သတ် တွေကို သူသီချင်းတွေ ဆိုပြ ချင်တယ်။ အဲဒီအတွက် ပြည်တွင်းက မြန်မာ အဆိုတော်တွေဆိုထားတဲ့ သီချင်းတွေကို ကိုယ်တိုင်ဂစ်တာတီးပြီး Facebook ကတဆင့် ပြန်ဆိုပြတယ်။ ချင်းပြည်နယ် ရေကြီးနေချိန်မှာလည်း သူတတ်တဲ့ အဆိုပညာနဲ့ တတ်နိုင်သလောက် လှုပ်ရှားခဲ့တယ်။

တနေ့ တချိန်မှာ သူကိုချစ်တဲ့ မြန်မာပရိတ်သတ်တွေကြားမှာ ကြည်နှုးလွမ်းဆွတ်မှုတွေနဲ့ အတူ သူ့သီချင်းသံတွေကို ကြားရလိမ့်မယ်။ သူလည်းကျိုးစားနေတယ်။ သူ့ကိုချစ်တဲ့ မြန်မာ ပရိတ်သတ်တွေရှေ့မှာ သူ့ရဲ့ ချိုမြတဲ့ အသံနဲ့ မမောမပန်း သီချင်းတွေဆိုပြလိမ့်မယ်။

မီလာရဲ့ အိမ်အပြန်လမ်းဟာ ဝမ်းနည်းတဝက် ဝမ်းသာတဝက်ဖြစ်နေလေမလားဆိုတာကတော့ စဉ်းစားစရာပါ။ သူ့ရဲ့ အိမ်ပြန်လမ်းဟာ ငယ်ငယ်လေးကတည်းက ထွက်လာခဲ့သူမို့ ရန်ကုန်နဲ့ ချင်းပြည်နယ်က အိမ်တွေကို သူအနေများခဲ့တဲ့ ဆေးရုံတွေလောက် ကောင်းကောင်း မှတ်မိမှာမဟုတ်ပါဘူး။

နောက်ထပ် သူ့ရဲ့ မွန်မြတ်တဲ့ ဆုံးဖြတ်ချက်တခုကတော့ မြန်မာပြည်မှာရှိနေတဲ့ မသန်စွမ်းတွေအတွက် လမ်းပြကြယ်တပွင့် ဖြစ်ချင်တာပါ။ မြန်မာပြည်က မသန်စွမ်းတွေအတွက် သူ့ရဲ့ ယုံကြည်ချက်တွေကို သူမျှဝေပေးချင်တယ်။

အဲဒီအတွက် မီလာရဲ့ အမှာစကားက “သူတို့ကို အားမငယ်ရအောင်၊ မျှော်လင့်ချက်တွေရှိအောင် သူတို့အတွက် လမ်းပြနိုင်တဲ့ လူတယောက် ဖြစ်ချင်တယ်။ မီလာက သူတို့အတွက် လမ်းပြပေးချင်တယ်၊ သူတို့ကိုလည်း ဘယ်အရာပဲဖြစ်ဖြစ် ယုံကြည်ချက်နဲ့ ကြိုးစားမှုက အဓိကဆိုတာ ပြောပြချင်တယ်” လို့ မီဒီယာက တဆင့်ပြောဆိုခဲ့ဖူးပါတယ်။

မသန်စွမ်းတွေအတွက် လမ်းပြကြယ်ဖြစ်ချင်တဲ့ မီလာ က ပါရမီရှင်ထူးချွန်သူတွေများပြားလှတဲ့ အနောက်တိုင်း ဂီတလောကမှာ ကြိုးစားရုန်းကန်နေပြီး အတိုင်းအတာတခုထိ ရောက်ရှိနေသူ တယောက်ဖြစ်နေပြီဖြစ်သည်။

မီလာ အနေနဲ့ ငယ်စဉ်က ချင်းတောင်တန်းကြီးတွေရဲ့ တောင်ထွဋ်၊ တောင်ထိပ်တွေပေါ် တက်လှမ်းခွင့်တွေ ဆုံးရှုံးခဲ့ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ သူ့သီချင်းစာသားတွေ၊ သာယာချိုမြတဲ့ သူ့ရဲ့အသံတွေနဲ့ အတူ ဂီတအမြင့်ဆုံး ပန်းတိုင်ကို ဆုပ်ကိုင်နိုင်မလား …။ မြန်မာပြည်က မသန်စွမ်းတွေအတွက် လမ်းပြပေးမယ့် ကြယ်တပွင့်ဖြစ်လာမလားဆိုတာ ကတော့ မိတ်ဆွေများလည်း စိတ်ဝင်စားနေကြမှာပါ ….။

 

Related Articles