Home ဆောင်းပါး အကြောက်တရားအား တွန်းလှန်သူ (သို့မဟုတ်) နော်အုန်းလှ (အင်တာဗျူး)

အကြောက်တရားအား တွန်းလှန်သူ (သို့မဟုတ်) နော်အုန်းလှ (အင်တာဗျူး)

ကချင်မလေး

 

“အကြောက်တရား လွှမ်းမိုးနေရာကနေ မကြောက်ဖို့။ ကြောက်နေရင် ပိုခြောက်တယ်လို့ ခံစားရတဲ့အတွက် အန်တီက ပြည်သူတွေကိုလည်း သိစေချင်တယ်။ အန်တီတို့ကိုယ်တိုင်က ဒီလိုမျိုးရုန်းကန်တယ်ဆိုတာသိပြီး သူတို့ကိုယ်တိုင်ကလည်း လုပ်ရင်ဖြစ်တယ်ဆိုတာ သိစေချင်လို့ အန်တီတို့ကူညီရင်း ပိုကျယ်ပြန့်လာပါတယ်။”

NawOhnHla

 

မိုးသဲကြီးမဲကြီးရွာနေတဲ့ရန်ကုန်ညနေခင်းတခုမှာ တက်ကြွလှုပ်ရှားသူ အမျိုးသမီးခေါင်းဆောင်နော်အုန်းလှနဲ့ စားသောက်ဆိုင်တခုမှာ ဆုံဖို့အတွက် စောင့်နေခဲ့တယ်။

ကရင်မလေးသူငယ်ချင်းတယောက်က သူနဲ့တွေ့ဖို့ချိန်းထားတယ်ဆိုလို့လိုက်သွားခဲ့တယ်။သူ့ကိုအင်တာဗျူးလုပ်ဖို့ အရင်ကကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့်ရုတ်တရက်သူကပြန်ပြီးဖမ်းခံလိုက်ရတယ်။ ဒီတကြိမ်တော့ သူ့ကိုအင်တာဗျူးလုပ်မယ်လို့ အားခဲပြီး လူသူရှင်းတဲ့စားသောက်ဆိုင်ဒေါင့်တနေရာကို ယူပြီးစောင့်နေခဲ့တယ်။

သူရောက်လာပါပြီ။ ကိုင်းတပ်ထားတဲ့အမည်းရောင်ထီးအောက်က အဖြူရောင်အင်္ကျီဖားဖား၊ ဆံပင်ကိုဘေးတဖက် တချက်မှာထုံးထားပြီး ဘာမှလိမ်းခြယ်မထားတော့ရိုးရိုးရှင်းရှင်းမျက်နာဟာ အထင်းသားကြီး မြင်နေရ တယ်။ သူအသက် ၅၂ နှစ် နှင့်ပင်မမျှ သွက်လက်ဆဲ ဖြစ်တယ်။

မိုးကြီးလို့ကားတွေလည်းကျပ်နေ တာကြောင့် နောက်ကျသွားတယ်သမီးရယ်” လို့  ပြောရင်း လွတ်နေတဲ့ ထိုင်ခုံကို ဝင်ထိုင်လိုက်တယ်။

နော်အုန်းလှဟာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ကုန်းဂမူးရွာသူဖြစ်တယ်။ သူမဟာ၈၈အရေးအခင်းမှာ လည်း ပါဝင်ခဲ့ပြီး နောက်ပိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီဝင်ခဲ့တယ်။ ၂၀၀၅ခုနှစ် မှာ ပါတီမှနှုတ်ထွက်ပြီး ၂၀၀၇မှစပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်းပွဲတွေ သူ လုပ်ခဲ့တယ်။ ၂၀၁၂ခုနှစ်ရောက်တော့ သူမဟာ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်ကို တည်ထောင်ခဲ့တယ်။

နော်အုန်းလှဟာ  အခုအထိဆိုရင် ၁၇ ကြိမ်တိတိ အဖမ်းခံခဲ့ရပြီး ထောင်ထဲကို ၇ ကြိမ်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာလည်း ရွှေတိဂုံဘုရားမှာ ၂၀၀၇ ခုနှစ်က အသံကျယ်လောင်စွာနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်းတာနဲ့ ပါတ်သက်ပြီး အာမခံနဲ့ နေနေရသူ တဦးဖြစ်ပါတယ်။

နော်အုန်းလှဟာ လူမှုရေး လုပ်ငန်းတွေ လုပ်ရာကနေ တက်ကြွ လှုပ်ရှားသူ တဦး ဖြစ်လာခဲ့တာလို့ သူ့ရဲ့ ဖြတ်သန်းမှုကို စပြီး ပြောပြပါတယ်။

နော်အုန်းလှ။   ။ အရင်တုန်းကရွာမှာနေတုန်းကလုပ်တာက လူမှုရေးပေါ့။ အန်တီတို့က ကရင်ဆိုတော့ ကရင်ရွာက ရွာရေး၊လူမှုရေးနှင့်အမျိုးသားရေးတွေ စတင်ဆောင်ရွက်လာခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်း ၈၈မတိုင်မှီ တပါတီစနစ် အာဏာရှင်အစိုးရက ဖိနှိပ်မှုတွေ၊ မတရားမှုတွေကိုလုပ်နေတယ်လို့ ခံစားလို့ အရေးအခင်းမှာ ပါဝင်ခဲ့တယ်။ အဲဒီနောက် (NLD) ပါတီဝင်ခဲ့တယ်။ ပွင့်လင်းမြင်သာမှုမရှိသေးတဲ့အချိန်မှာ အားလုံးက အကြောက်တရား လွှမ်းမိုးနေရာကနေ မကြောက်ဖို့။ ကြောက်နေရင် ပိုခြောက်တယ်လို့ ခံစားရတဲ့အတွက် အန်တီက ပြည်သူတွေကိုလည်း သိစေချင်တယ်။ အန်တီတို့ကိုယ်တိုင်က ဒီလိုမျိုးရုန်းကန်တယ်ဆိုတာသိပြီး သူတို့ကိုယ်တိုင်ကလည်း လုပ်ရင်ဖြစ်တယ်ဆိုတာ သိစေချင်လို့ အန်တီတို့ကူညီရင်း ပိုကျယ်ပြန့်လာပါတယ်။

မေး။     ။ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးကွန်ယက်အဖွဲ့ကိုဘယ်လိုစတင်ဖွဲ့စည်းခဲ့လဲ။

နော်အုန်းလှ။   ။ အဓိက အမျိုးသမီးအဖွဲ့ဖွဲ့တယ်ဆိုတာက  အမျိုးသမီးကွန်ယက်အဖွဲ့ကို စဖွဲ့ကတည်းက နိုင်ငံရေးအကျဉ်းသူဟောင်းတွေက အများစုပါဝင်တယ်။ အထူးသဖြင့်က အန်တီနဲ့အတူ ထောင်ထဲအမှာ အတူနေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူတွေနဲ့အတူ စဖွဲ့ခဲ့တယ်။

စဖွဲ့ကတည်းက ကော်မတီဝင်(၇)ဦးနဲ့ ကော်မတီဖွဲ့ခဲ့တယ်။ ဖွဲ့ဖွဲ့ ချင်း ဘာဖြစ်လို့ အဖွဲ့တန်းမဖွဲ့လဲဆိုတော့ အခြားသော ဒေသတိုင်း၊ ပြည်နယ်တွေက အမျိုးသမီးတွေကိုလည်း ပါဝင်စေချင်လို့။ ဒေသတော်တော်စုံပြီဆိုမှ ရွေးကောက်စနစ်ဖြင့် ပြန်လည်းပြီး ရွေးကောက်တင်မြောက်ပြီးမှ အဖွဲ့ကို သေချာစွာ ပြန်လုပ်မှာဖြစ်တယ်။ လောလောဆယ် အမျိုးသမီးကွန်ယက်နေနဲ့တော့ အဖွဲ့ဝင် ၅၀၀ ကျော်ရှိပါပြီ။ ၂၀၁၄ သြဂုတ်လလောက်ဆို အန်တီတို့ အဖွဲ့ဝင်တွေအားလုံး ပထမဆုံးအကြိမ် ဆုံတွေ့ပွဲလုပ်မယ်။ အဲဒီအချိန်မှပဲ အားလုံးက အဖွဲ့ဖွဲ့မယ်ဆိုမှ ဖွဲ့မယ်၊ ခေါင်းဆောင်တွေ ရွေးကောက်ကြမယ်။

မေး။     ။ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်အဖွဲ့ကို စတင်တည်ထောင်ပြီးကတည်းက အခုချိန်ထိဘာတွေလုပ်ဆောင်နေလဲ။

နော်အုန်းလှ။     ။ဒီအဖွဲ့ကိုစဖွဲ့ကတည်းက မတရားခံရမှုတွေကို ကူညီပေးတယ်။ အထူးသဖြင့်တော့ အမျိုးသမီးအဖွဲ့ဖြစ်ပေမယ့် လယ်ယာမြေပြဿနာ အများဆုံးဖြစ်တယ်။ အမျိုးသမီးကိစ္စတွေကိုလည်း ကူညီတယ်ပေါ့နော်။ ဒါပေမယ့် အဲဒီလယ်ယာမြေပြဿနာကူညီတဲ့နေရာမှာလည်း အမျိုးသမီးထုတွေအများဆုံးပါဝင်နေတာတွေ တွေ့ရတယ်ပေါ့နော်။

အမျိုးသမီးဖြစ်တဲ့အတွက် အမျိုးသမီးကဏ္ဍကို ထိထိရောက်ရောက်ကူညီမယ်ဆိုတော့ လယ်ယာပြဿနာမှာ လည်းအမျိုးသမီးတွေ အများကြီးပါဝင်နေတာတွေ့ရတယ်။ လယ်သမားလည်း မုဆိုးမ၊ လယ်သူမတွေ အများကြီးရှိ တယ်။ သူတို့လယ်တွေ ဆုံးရှုံးသွားတဲ့အချိန်မှာဆို ဒုက္ခအမျိုးမျုးရင်ဆိုင်ရတယ်။ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ လူမှုရေး၊စီးပွားရေး၊ ကျန်းမာရေး၊ သား သမီးတို့ ပညာရေး၊ ကုသိုလ်ရေးက အစ ထိခိုက်လာတော့တယ်။

ကျွန်မကူညီလုပ်ဆောင်နေတဲ့ ဆင်ပေါင်ဝဲမြို့နယ်က လယ်သိမ်းခံ လယ်သူမ ဒေါ်သန်းယဉ်ရဲ့ အဖြစ်တခုပေါ့နော်။ သူမ ယာ စသိမ်းခံလိုက်ရချိန်ကတည်းက သူစိုက်ထားတဲ့ နှမ်း၊ ပဲတွေ အကုန်းလုံးက ဖျက်ဆီးခံလိုက်ရသည့် အပြင် သီးစားခ လိုက်လုပ်တဲ့အချိန်ကျတော့လည်း ပြန်ပြီး ဖျက်ဆီးခံရတယ်။ ဒီတော့ သူ့သမီးလေး ဆယ်တန်းတောင် မဖြေလိုက်နိုင်တော့ဘူး။ ဝင်ငွေတွေမရှိတော့တဲ့အတွက် အလွန်နစ်နာတယ် လို့ အန်တီတို့မြင်တဲ့အတွက် ထဲထဲဝင်ဝင်ကူညီချင်တယ်။ အဲတာကြောင့် သူသမီးကိုလည်းကျောင်းဆက် ထားပေးတယ်။ ကျောင်းထောက်တယ်ဆိုပေမယ့်လည်း အများကြီးတော့မဟုတ်ပါဘူး။ အခမဲ့ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ချိတ်ဆက်ပေးပြီး ကျန်တဲ့ နေဖို့၊ စားဖို့၊ ဝတ်ဖို့ နဲ့ စာအုပ်တွေလောက်ကူညီတာပေါ့။

ပြီးတော့ အန်တီတို့က မတရားခံရတဲ့ အိမ်ဖော်ကိစ္စတို့၊ အသက်မပြည့်တဲ့ကလေးတွေကို အဓမ္မပေါင်းသင်းယူခံရတဲ့ ပြဿနာတွေလည်း အန်တီတို့ကို အကူအညီပေးဖို့ ပြောလာခဲ့တယ်။ အဲတာတွေကို လည်း ကူညီလုပ်ဆောင်ပေးပါတယ်။ မတရားခံရတဲ့သူတွေက ရဲစခန်းကို အမှုမဖွင့်ရဲကြဘူး။ အမှုဖွင့်မယ်ဆိုလည်း အမှုလိုက်ဖို့ ပိုက်ဆံ၊ ရှေ့နေငှားဖို့ပိုက်ဆံတွေ ရှိလားလို့ မေးခံရတော့ ကြောက်စိတ်က ပိုပြီးဝင်လာတော့ မလုပ်ရဲတော့ဘူး။ ဒီလိုအခြေအနေတွေမှာဆို အန်တီကိုယ်တိုင် ရဲစခန်းမှာအမှုဖွင့်ပေးပါတယ်။ ရှေ့နေတွေနဲ့ ဆက်ပေးတယ်ပေါ့နော်။ ရန်ကုန်မှာမြေသိမ်းခံရတဲ့ အိမ်တွေမှာဆိုရင် အိမ်ထောင်ဦးစီးက အမျိုးသားပဲဖြစ်နေသည့်တိုင်အောင် မိခင်ကပဲ သား၊သမီးတွေ စားဝတ်နေရေးနှင့် ပညာရေးအတွက် အဓိက စီမံလုပ်ဆောင်နေရတယ်။

အခုတော့ ကော်မတီဝင် (၁၀)ဦးရှိပါတယ်။ အဲဒီမှာမှ လူငယ်တွေကို အခြား အဖွဲ့အစည်းတွေကဖွင့်လှစ်တဲ့ လူ့အခွင့်အရေး၊ သဘာ၀ ပတ်ဝန်းကျင်ရေးတွေကို အလုပ်သင်တွေ၊ သင်တန်းတွေ တက်ခိုင်းတယ်။ ပြီးတော့မှ အမျိုးသမီထုတွေအကြား လူအခွင့်ရေး၊ အမျိုးသမီးအခွင့်ရေး၊ ဆယ်ကျော်သက် မျိုးဆက်ခြား ကျန်းမာရေး ပညာပေးဆွေးနွေးပွဲ၊ သင်တန်းတွေလုပ်တယ်။ နောက်ပြီးတော့ တောင်သူ လယ်သမားတွေကိုလည်း လက်ရှိ လယ်ယာမြေဥပဒေ ဆွေးနွေးပွဲတွေလုပ်ပေးတယ်။ အန်တီကတော့ မကျွမ်းကျင်ပါဘူး။ ဒါပေမယ့် အန်တီကိုတိုင် လယ်သူမ ဖြစ်ခဲ့ဘူးတယ်။ အရင်ကတော့ လယ်ယာမြေဥပဒေကျွမ်းကျင်တဲ့ ရှေ့နေတွေ၊ ဥပဒေပညာရှင်တွေကို ဖိတ်ပြီး ဆွေးနွေးပွဲတွေလုပ်ခဲ့တယ်။ သူတို့မလာနိုင်တဲ့ အခြေအနေတွေမှာတော့ အန်တီကိုယ်တိုင် ဦးဆောင်ပြီးဆွေးနွေးပွဲတွေလုပ်ပါတယ်။

မေး။   ။ လယ်ယာမြေကိစ္စနဲ့ပတ်သက်ပြီးကော ဘယ်လို လုပ်ဆောင်ချက်တွေ ရှိပါသလဲ။

နော်အုန်းလှ။   ။ လယ်ယာမြေသိမ်းခံလိုက်ရတဲ့ လယ်သမားတွေဟာ သူတို့လယ်မြေတွေ သိမ်းလိုက်တဲ့အချိန်မှာ ဒီလိုလုပ်တာဟာ ဥပဒေနဲ့ညီမညီကို သူတိုကမသိဘူး။ ပြီးတော့ ဘယ်လိုဥပဒေအရပြန်ပြောရမယ်မှန်းလဲ မသိဘူး။ ဒီလိုအခြေအနေမှာ အန်တီတို့က သူတို့ကို လက်ရှိလယ်ယာမြေဥပဒေအကြောင်းတွေကို ဆွေးနွေးပွဲတွေလုပ်ပေးတယ်။ ဥပဒေလမ်းကြောင်းကနေ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို ဆွေးနွေးပေးတယ်။ သူတို့က ဥပဒေအကြောင်းတွေကို နားလည်လာတော့ ပြန်ပြောလာနိုင်တယ်။ ဥပမာ- ဆင်ပေါင်ဝဲက လယ်သမားတွေက အစပိုင်းမှာ ပြန်ပြောဖို့အတွက် အင်မတန်မှ ကြောက်ကြတယ်။ သူတို့လယ်ယာတွေကို အမှတ်(၈) စစ်လက်နက်ပစ္စည်းစက်ရုံက သိမ်းလိုက်တဲ့အတွက် ပြန်မပြောရဲကြဘူး။ နောက်ပိုင်းမှာတော့ သူတို့ဟာ ငါတို့မှာ ဒီအခွင့်အရေးတွေရှိပါလားဆိုတာ သိလာတော့ပြန်တိုင်တန်းတာတွေ လုပ်လာခဲ့တယ်။

မေး။   ။ လယ်သမားတွေ လယ်ယာမြေပြန်ရရေးအမှုတွေနဲ့ပတ်သက်ပြီး အနိုင်ရလိုက်တဲ့ အမှုတွေရှိလား။

နော်အုန်းလှ။   ။ ရှိတယ်။ အနိုင်ရတယ်ဆိုပေမယ့်လယ်မြေ ပြန်ရတာတော့ မဟုတ်ဘူးပေါ့နော်။ သူတို့ကို အမှုဆွဲတဲ့အထဲက အမှုတခုက အနိုင်ရသွားတယ်။ အဲတာက မကွေးတိုင်း ဆင်ပေါင်ဝဲ မြို့နယ်ရှိ ကျေးရွာ ၁၃ ရွာက လယ်သမားတွေပိုင်ဆိုင်တဲ့ လယ်မြေ ဧက ၁၂၀၀၀ ကျော် ကို ၁၉၉၆ ဝန်းကျင်မှာ ကပစ (ကာကွယ်ရေးဝန်ကြီးဌာန စစ်ပစ္စည်းထုတ်လုပ်ရေး စက်ရုံ (ကပစ) )အမှတ်(၈)က သိမ်းဆည်းခဲ့တဲ့ ကိစ္စနှင့် ပတ်သက်လို့ လယ်သမားတွေက ပြန်လည်ရရှိအောင် လုပ်ဆောင်နေကြတယ်။ စစ်တပ်က လယ်မြေသိမ်းပြီး လယ်သမားတွေကို သီးစားပြန်စိုက်ခိုင်းတယ်။ တစ်ခါက စစ်သားတစ်ဦးက သေနတ်ဖောက်ပြီး လယ်သမားတွေဆီမှာ သီးစားခတောင်းတာနဲ့ ပတ်သက်ပြီး လယ်သမားတွေက မကျေနပ်လို့ လယ်သမားတွေ(၅၀၀)ဦးက လက်မှတ်ရေးထိုးပြီးတိုင်တန်းခဲ့တယ်။ တိုင်တဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတကာအလုပ်သမားအဖွဲ့(ILO)ကိုလည်း စာပို့တိုင်တန်းခဲ့တယ်။ စာတိုက်က စာပေးပို့သူ ဦးပေါ်ဦးကို မမှန်သတင်း လုပ်တယ်ဆိုပြီး တရားစွဲခဲ့တယ်။ ဒါပေမယ့် လယ်သမားတွေနဲ့ အတူ ကျွန်မတို့ သက်သေထွက်ပြီး ဒီအမှုကို အနိုင်ရလိုက်တယ်။

 

ဒီလို မြေယာသိမ်းကိစ္စတွေ အမျိုးသမီးရေး ကိစ္စတွေလုပ်ဆောင်နေတဲ့ အတွက် သက်ဆိုင်ရာတွေက ခရီးသွားလာတဲ့အခါ မေးမြန်းတာတွေရှိတယ်လို့ ပြောပါတယ်။ တရားစွဲတာတွေ၊ ထောင်ကျတာတွေကတော့ နော်အုန်းလှအတွက် နိစ္စဒူ၀ ကိစ္စတခု ဖြစ်နေပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါ်နော်အုန်းလှကတော့ ပြည်သူတွေရဲ့ အရေးအရာ ကိစ္စတွေကို တတ်နိုင်သလောက် ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပြပါတယ်။

Related Articles