Home ဆောင်းပါး အဆိပ်ပန်းရဲ့ ပဲ့တင်သံ

အဆိပ်ပန်းရဲ့ ပဲ့တင်သံ

“ကြာလာတော့ မသုံးရရင် မနေနိုင်တော့တဲ့ အထိ ဖြစ်လာတဲ့အချိန်မှာ မိန်းမရယ်၊ ကလေးတွေရယ်အပေါ်မှာ သိပ်စိတ်မ၀င်စားတော့ဘူး။ သံယောဇဉ် ကင်းမဲ့လာတယ်”

ဓါတ်ပုံ- Burma Partnership

ဓါတ်ပုံ- Burma Partnership

ကောကော်။ ဖယ်ခုံ

အိမ်ရဲ့ ထောင့်စွန်းလေးတနေရာမှာ ၁၂နှစ် သားလေးတယောက် မီးရောင်မှိန်မှိန်လေးနဲ့အတူ စာကျက်နေပါတယ်။ သားလေးရဲ့ မိခင်ကတော့ ၈ နှစ် သမီးအရွယ်ကို ဖက်ထားပြီး ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေကာ သူမရဲ့ အမျိုးသားအကြောင်းကို ကလေးတွေ မကြားအောင် တိုးတိုလေးပြောပြနေပါတယ်။

ကလေးတို့ သဘာဝအရ အဖေကို တခါတလေ တမ်းတနေပေမဲ့ မိသားစုကို ကြင်နာရမှန်းမသိတော့လောက်အောင် မူးယစ်ကျေးကျွန်ဘ၀ ဖြစ်သွားတဲ့ခင်ပွန်းကို စိတ်နာနေတယ်လို့ ပြောပါတယ်။ သူမကတော့ မိုးဗြဲမှ အစိုးရ၀န်ထမ်း ကျောင်းဆရာမတဦးဖြစ်ပါတယ်။

“အစက သူဟာ ကျမအပေါ်အရမ်းကောင်းတယ်။ အသောက်အစားမရှိသလို အလုပ်လဲအရမ်းလုပ်တယ်။ ကလေးလဲရလာတော့ အပေါင်းအသင်းကြောင့်ရယ်၊ ပတ်ဝန်းကျင်ကြောင့်နဲ့ ဆေးစွဲသွားတယ်”။

ဖယ်ခုံဒေသရဲ့ အနောက်ပဒေါင်ရှိ ပီကင်း၊ လအိ၊ လတိန်တို့တွင် ဘိန်းကိုစီးပွါးဖြစ် စိုက်ပျိုးကြပြီး မိသားစုအလိုက် လူမြင်သူမြင် သုံးစွဲကြတာကို မျက်မြင်တွေ့ရှိခဲ့တယ်လို့ ကျောင်းဆရာမက ပြောပါတယ်။ “ဘိန်းကို ကုန်ကြမ်းအဖြစ် စိုက်ပျိုးကြတယ်။ ပြီးတော့ ထိုင်းနိုင်ငံကိုပို့ မြန်မာနိုင်ငံကို ကုန်ချောအဖြစ် ရာမခေါ် ဆေးပြားများကို ပြန်လည်သွင်းကြတယ်”

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်များတွင် လူငယ်များသာမက လူကြီးများအပါအ၀င် အမျိုးသမီးများကပါ မူးယစ်ဆေးဝါးထဲတွင် ရာမခေါ်ဆေးကို သုံးစွဲနေကြကြောင်း ဖယ်ခုံမှ အမျိုးသမီးတဦးက ပြောပြပါတယ်။

အမျိုးသမီးတွေဟာ ကိုယ်တိုင် သုံးစွဲမှု မရှိတာတောင် မူးယစ်ဆေးဝါးရဲ့ ရိုက်ခတ်မှုခံရတာ ဖြစ်တယ်လို့ ဆရာမက ပြောပါတယ်။ သုံးစွဲသူကြောင့် အမျိုးသမီးများအပေါ် ရိုက်ခတ်မှုက ပြင်းထန်လွန်းတယ်လို့ သူမကပြောပါတယ်။ “ပဲ့တင်သံလိုပဲ တန်ပြန်ရိုက်ခတ်မှုက တော်တော်ဆိုးတယ်”

သူမဟာ ကျောင်းဆရာမဖြစ်တဲ့အတွက် ပုံမှန်ဝင်ငွေ ရှိနေသေးပေမယ့် သူမဘ၀လိုမျိုး မူးယစ်ရဲ့ ရိုက်ခတ်မှုကို ခံစားနေရတဲ့ အလုပ်လက်မဲ့ အမျိုးသမီးတွေ ဒုနဲ့ဒေး ရှိနေကြောင်း ပြောပါတယ်။

“သူ့အတွက် သုံးစွဲဖို့ ငွေက မရှာပေးနိုင်တော့ဘူး၊ ခုချိန်မှာ ကျမအတွက် ကလေးနှစ်ယောက်ဟာ ပြည့်စုံနေပါပြီ။ ဘာမှ မလိုအပ်တော့ဘူး”

အမျိုးသားရဲ့ နှိပ်စက်မှုဒဏ်ကြောင့် ကျောင်းဝင်းထဲမှာ လုံခြုံစွာနေရဖို့ အတွက် အုပ်ချုပ်ရေးမှုးများမှ စီစဉ်ပေးသော်လည်း အမျိုးသားမှာ တခါတရံပြန်လာပြီး ပါတ်သက်နေသေးသောကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ သူမကပြောပါတယ်။

အဓိကက တရားဥပဒေ စိုးမိုးမှုမရှိလို့ပဲ။ သူကိုအရေးယူဖို့ တိတိကျကျ အပြစ်ဒဏ်ပေးဖို့လိုတယ်” သူမဟာ ကွာရှင်းဖို့ ဖြစ်သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှုး၏ဆုံးဖြတ်ချက်နှင့်သာ မရေရာတဲ့ ဘ၀ကို ကလေးနှစ်ယောက်နှင့်အတူ အမျိုးသားရဲ့ နှောက်ယှက်မှုကိုလည်း စိုးရိမ်ရပါတယ်။

မူးယစ်ဆေးရဲ့ ကျေးကျွန်ဖြစ်သွားခဲ့တဲ့ ယောက်ျားတွေ အနေနဲ့လည်း သူတို့ကြောင့် မိသားစုတွေ ထိခိုက်နစ်နာမှန်းသိပေမယ့် ဘာမှ မတတ်နိုင်ဘူးလို့ ဆေးစွဲဖူးသူတွေက ပြောပါတယ်။

“ကျွန်တော်အစက မူးယစ်ဆေးဝါးကို စီးပွါးရေးအတွက် တုတ်ကောက်ပုံစံနဲ့ သုံးစွဲလာခဲ့ရာကနေ ကြာလာတော့ မသုံးရရင် မနေနိုင်တော့တဲ့ အထိ ဖြစ်လာတဲ့အချိန်မှာ မိန်းမရယ်၊ ကလေးတွေရယ်အပေါ်မှာ သိပ်စိတ်မ၀င်စားတော့ဘူး။ သံယောဇဉ် ကင်းမဲ့လာတယ်”  လို့ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အိမ်ထောင်ကွဲသွားခဲ့တဲ့ ဇက်မုန်နန် ကပြောပါတယ်။

မူးယစ်ကျေးကျွန်ဘ၀ကြောင့် မိသားစုရဲ့ စားဝတ်နေရေး လစ်ဟင်းသွားခဲ့ရတယ်လို့ ဇက်မုန်နန်ကပြောပြပါတယ်။ သူဟာ ခုဆိုရင် (poc)လို့ခေါ်တဲ့ Prisoner of Christ မှာ ဆေးဖြတ်ခဲ့ပြီး ဖယ်ခုံဒေသတ၀ိုက်မှာ မူးယစ်ဆေးဝါးကို ဖြတ်လိုသော သူများအတွက် ခရစ်ယာန်ဘာသာအရ ဘုရားတရားနှင့်သာ ဖြတ်ပေးကြောင်း ပြောပါတယ်။

ကျွန်တော့်အမျိုးသမီးက တော်တော်စိတ်ညစ်ရမှာပဲ။ ကလေးသုံးယောက်ရဲ့ တာဝန်ကို သူပဲယူခဲ့ရတယ်။ အစစအရာအရာ စိတ်အနှောက်အယှက်တွေ ခံစားခဲ့ရမှာပဲလို့ ကျတော် ကိုယ်ချင်းစာမိတယ်” နောင်တရတဲ့ စိတ်နဲ့အတူ ၀မ်းနည်းတဲ့လေသံနဲ့ သူကပြောပါတယ်။

အမျိုးသမီးများ မူးယစ်ဆေးဝါး သုံးစွဲမှုအစမှာ “အ၀လွန်တဲ့ အမျိုးသမီးများကတော့ ပိန်ပါးတဲ့ ကိုယ်ခနာလေးလိုချင်တယ်။ လှပချင်တဲ့အတွက် စပြီးသုံးစွဲရာကနေ မသုံးရမနေနိုင်တဲ့အထိ ဖြစ်သွားတယ်” လို့ ဇက်မုန်နန်က ဆက်ပြောပါတယ်။ လူကြီးပိုင်းများသည် လေဖြတ်ရောဂါအတွက် သုံးစွဲလျှင် ပျောက်ကင်းသည်ဟု ယုံကြည်ပြီး အသက်ကြီးသော အမျိုးသမီးတချို့လည်း သုံးစွဲကြကြောင်း သူကပြောပါတယ်။

ကချင်လူမျိုး ဂျာဂွန်းကတော့ ၁၈နှစ်သားနှင့် မူးယစ်ကျေးကျွန်ဘ၀ရောက်ခဲ့ရပြီး အခါခါဖြတ်သော်လည်း မရတော့တဲ့ အဆုံးတွင် (poc)သို့ရောက်ခဲ့ရပုံကိုလည်း ပြောပြခဲ့ပါတယ်။

မူးယစ်ကျေးကျွန်ဘ၀ကနေ ပြောင်းလဲချင်လိုသောသူများအတွက် အမြဲတမ်းကြိုဆိုနေပြီး ရန်ကုန် ၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်မှာ သင်တန်းတက်နိုင်ကြောင်း သူကပြောပြပါတယ်။ “မဖြတ်နိုင်တဲ့ သူတွေအတွက်တော့ ကျတော်တို့က သက်သေပြပေးတယ်။ ကျတော်တို့က ဒီမူးယစ်ဆေးဝါးကိုသုံးစွဲခဲ့တာပဲ။ မင်းတို့ထက်တောင်အခြေအနေ တော်တော်ဆိုးခဲ့တာလို့ ပြောပြပေးတယ်”

မူးယစ်ဆေးဝါး ကျေးကျွန်ဘ၀ထဲတွင် ရောက်ရှိနေသော လူငယ်များအတွက် “မင်းတို့မသုံးပါနဲ့ ပြောမှာထက် ဘယ်လိုဖြေရှင်းပေးမလဲဆိုတာရယ် ဒီအတွက် နိုင်ငံတော်နဲ့ အများကြီးဆိုင်တယ်” လို့ အသက်၂၆နှစ်အရွယ် လူငယ် ဂျာဂွန်းရဲ့ မျှော်လင့်ချက်စကားပဲ ဖြစ်ပါတယ်။

မူးယစ်ဆေးစွဲတဲ့ အချိန်မှာ မိခင်တွေ နှမဖြစ်သူတွေကို ဒုက္ခတော်တော် ပေးမိတယ်လို့ မူးယစ်ကျေးကျွန်ဘ၀မှ နှစ်ခါ ပြောင်းလဲလာတဲ့ ဂျာဂွန်းက ပြောပါတယ်။

“ကျွန်တော် မူးယစ်ဆေးဝါးသုံးစွဲတဲ့ အချိန်မှာ ဆေးရှိတဲ့နေရာမှာပဲနေတယ်။ အိမ်ကိုပြန်လာပြီး အမေကိုပိုက်ဆံတောင်းတယ်။ ကိုယ်ထိလက်ရောက်မလုပ်ရုံတမယ်ပဲ။ တွေ့တဲ့ အရာကို ရိုက်ပေါက်တယ်။ ကျတော်ညီမက ဈေးရောင်းတယ်လေ သူရဲ့ ဈေးရောင်းခုံကို မှောက်လှန်ပစ်တယ်။တောင်းတိုင်းလဲ သူတို့မပေးနိုင်တော့ဘူးလေ ခြံလဲရောင်းရတယ်။ အမေက ဒီထက်နောင်တရစရာမရှိတော့ ဘူးဆိုပြီး ကျတော်ကို သားအဖြစ်ကနေ စွန့်လွတ်လိုက်တယ်။ ”

Related Articles