Home ဆောင်းပါး တစ်ပတ်အတွင်း အမျိုးသမီး သတင်းဖြစ်ရပ်များ

တစ်ပတ်အတွင်း အမျိုးသမီး သတင်းဖြစ်ရပ်များ

ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၈ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြလိုက်ပါတယ်။

  • ဝေါမြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး၈ဦးအပါအဝင် အရပ်သား နှစ်ဆယ့်လေးဦးပြန်မလွတ်သေး

ပဲခူးတိုင်း၊ ဝေါမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးသွားတဲ့ အမျိုးသမီး၈ဦးအပါအဝင် အရပ်သား နှစ် ဆယ့်လေးဦးကို တစ်ပတ်ကြာအထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ ဖမ်းဆီးခံထားရတဲ့သူတွေနဲ့ နီးစပ်သူတွေထံမှ သိရ ပါတယ်။

ဖမ်းဆီးခံထားရသူတွေက ဝေါမြို့နယ် အရှေ့ဘက်ခြမ်း ပုဂံရွာက ကိုးဦး၊ အောက်ကွေ့ကျေးရွာ အမျိုးသမီးနှစ်ဦး၊ မြကုန်းရွာ အမျိုးသမီးနှစ်ဦး၊ ဆပ်သွားချုံကျေးရွာ အမျိုးသားနှစ်ဦး၊ အုပ်ဖိုကျေးရွာ အမျိုးသားသုံးဦး အမျိုးသမီး ၂ ဦး၊ သံခွန်ကျေးရွာ အမျိုး သမီးတဦး၊ ဝေါမြို့ပေါ်မှ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတဦး စုစုပေါင်းနှစ်ဆယ့်လေးဦး ဖမ်းဆီးခံထားရတာပါ။

ဖေဖော်ဝါရီလ ၇ ရက် မနက် ၈ နာရီဝန်းကျင်ခန့်က စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ကျေးရွာထဲကို ဝင်ရောက်လာကာ အမည် စာရင်းအတိအကျနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ၊ ရပ်ကျေးအလုပ် အမူဆောင်တွေ၊ ရွေးကောက်ပွဲအောင်နိုင်ရေးမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတချို့ပါဝင်တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဖေဖော် ဝါရီလ ၁၂ ရက်နေ့အထိ နိုင်ငံတဝှမ်း ဖမ်းဆီးခံထားရသူ (၂၆၀၅၆) ဦးရှိပြီး အဲဒီထဲက ၂၀,၀၈၇ ဦးက ထိန်းသိမ်းခံရဆဲဖြစ်ကာ ၈,၇၈၁ ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ 

Source -Delta News Agency

  • ရမ်းဗြဲမြို့နယ်မှာ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေပြတ်လပ်

၂ လ ကျော်နီးပါး တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေကြောင့် စစ်ကောင်စီက ရမ်းဗြဲမြို့နယ်ကနေ ခရီးသွားလာခွင့်နဲ့ ကုန်ပစ္စည်း သယ်ယူခွင့်တွေကို ပိတ်ပင်ထားပြီး ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာ ရှားပါးလာသလို အကန့်အသတ်နဲ့ပဲ ဝယ်ယူနေရတယ်လို့ သိရ ပါတယ်။

မြို့တွင်းတိုက်ပွဲတွေပြင်းထန်နေတဲ့ ရမ်းဗြဲမြို့မှာ မြို့လုံးကျွတ် စစ်ဘေးရှောင်လာရတဲ့အတွက် မြို့ထဲမှာ ဆေးဝါးနဲ့စားနပ် ရိက္ခာ ပစ္စည်းတွေ ကျန်ရှိခဲ့ပြီးတော့ ဒီပစ္စည်းတွေကိုလည်း စစ်ကောင်စီက ဖောက်ထွင်းခိုးယူနေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ရမ်းဗြဲမြို့ပေါ်နဲ့ နယ်တဝိုက်ကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရသလိုစစ်ဘေးရှောင်ပြည်သူတွေဟာ ကျန်းမာရေး၊ အစားအသောက်နဲ့ အဝတ်အထည်တွေ လိုအပ်ပြီး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

Source- DVB

  • NUG ရန်ကုန်တိုင်းစစ်ဌာန တပ်သားသစ်ခေါ်ယူမှုလူပြည့်၊ အမျိုးသမီး ၃၀ ရာခိုင်နှုန်းလျှောက်ထား

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် ရန်ကုန်တိုင်းစစ်ဌာနတပ်ရင်း၊ တပ်ဖွဲ့တွေရဲ့  တပ်သားသစ်ခေါ်ယူမှုမှာ ၄၈ နာရီအတွင်း မျှော်မှန်းအရေအတွက် ပြည့်မီလုနီးပါးဖြစ်သွားပြီး လျှောက်ထားသူတွေအနက် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါတယ်လို့ဟု ရန်ကုန်တိုင်းစစ်ဌာနထံမှ သိရပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနက  အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား၊ တော်လှန်ရေးပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်လိုစိတ်ရှိသူ တပ်သားသစ်များကို နွေးထွေးစွာကြိုဆိုမည်ဖြစ်ကြောင်း တပ်သားသစ်ခေါ်ယူစာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကြေညာခဲ့ပြီးနောက် ၁၂ နာရီအတွင်း တပ်သားသစ်ဝင်ခွင့်လျှောက်လွှာများ ထောင်နှင့်ချီ၍ ရခဲ့ပြီး လျှောက်ထားသူတွေထဲ အမျိုးသမီးဦးရေမှာ ၃၀ ရာခိုင်နှုန်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝက ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အမိန့်အာဏာတည်ပြီ ဖြစ်ကြောင်း ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများအားလုံး စစ်မှုထမ်းရမှာဖြစ်တယ်လို့သိရပါတယ်။

Source- Mizzima

  • ပေါက်တောမြို့နယ်ကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲလို့ စစ်ရှောင်ကလေးငယ်နဲ့ အမျိုးသမီး​တွေအပါအ၀င် ကိုးဦး ဒဏ်ရာရ

ရက္ခိုင့်တပ်တော်(AA)ကသိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ် ကျောက်ပြင်နဲ့ တောင်ဦးမော်ရွာတို့ကို စစ်ကောင် စီတပ်က လေယာဉ်နဲ့ဗုံးကြဲတာကြောင့် စစ်ရှောင်ကလေးငယ်နဲ့အမျိုးသမီးတွေအပါအ၀င်ကိုးဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညည့်သန်းခေါင်ချိန်မှာ စစ်ကောင်စီရဲ့ Y12 ထောက်ပို့လေယာဉ်နဲ့ အဲဒီရွာတွေအတွင်း ဗုံးဆယ်လုံး ဝန်းကျင် ကြဲချခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ အသက် ၉ နှစ်နဲ့ ၁၇ နှစ်အရွယ် ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးလေးဦး လည်း ပါ၀င်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်‌ကောင်စီတပ်က လမ်းတွေ ပိတ်ထားပြီး ဆေးကုသမယ့်လူနာတွေပါ သွားလာခွင့်မပြုတာကြောင့် ဒဏ်ရာရသူတွေကို ဒေသ တွင်းမှာပဲ ဆေးကုသနေရတယ်လို့လည်း ဆိုပါတယ်။  

Source-  Delta News Agency

  • ဖယ်ခုံမှာ လက်နက်ကြီးကြောင့် ကျောင်းသူတစ်ဦး အပါအဝင် အမျိုးသမီး သုံးဦး သေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ရွှေစမ်းရွာနားမှာ ဖေဖော်ဝါရီလ ၁၃ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် ကျောင်းသူတစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကရင်နီ စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦး ပါဝင်ပြီး ကျန်တဲ့သူတွေက အသက် ၃၀ ကျော်နဲ့ ၅၀ ကျော် အရွယ် အမျိုးသမီးတွေဖြစ် ပြီးလက်နက်ကြီးကြောင့် အမျိုးသမီးသုံးဦး သေဆုံးခဲ့တဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်း ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဖေဖော်ဝါရီ ၁ ရက်ထုတ်ပြန်ချက်အရ စစ်ဏာသိမ်းသုံးနှစ်အတွင်း ရှမ်း ပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ကယားပြည်နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာအပြင် လေကြောင်း နဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့ပါတယ်။

Source – RFA

  • ထိုင်းသို့ တရားမဝင် ဝင်လာတဲ့ အမျိုးသမီး ၁၆ဦးအပါအဝင် မြန်မာလုပ်သား ၂၇ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်မှာ တရားမဝင်လမ်းကြောင်းကနေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အမျိုးသမီး ၁၆ဦးအပါ အဝင် မြန်မာအလုပ်သမား ၂၇ ဦးကို ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြ ထားပါတယ်။

တာခ့်ခရိုင် ဖို့ဖရာ့ဒေသရှိ နယ်စပ်တစ်လျှောက် နယ်ခြားစောင့်တပ်များ လုံခြုံရေးတင်းကြပ်စွာ စောင့်ကြပ်နေစဉ် ငှက်ပျော တောထဲ ပုန်းခိုနေတဲ့ မြန်မာအလုပ်သမားများကို ဖမ်းဆီးရမိပြီး ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေထဲ  အမျိုးသား ၁၁ ဦး ၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၇ ဦးပါဝင်ကာ အများစုမှာ လူငယ်အရွယ်များ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူ အားလုံးမှာ နိုင်ငံကူးလက်မှတ်နဲ့ အထောက်အထား စာရွက်စာတမ်းများ မတွေ့ရှိရဘဲဘန်ကောက်နဲ့ အနီးတဝိုက် နေရာတွေမှာ အလုပ်လုပ်ဖို့ ဘတ် ၁၀,၅၀၀ အကုန်ကျခံ၍ ဝင်ရောက်လာခြင်းဖြစ်ပြီးမြန်မာအလုပ်သမားတွေကို ဥပဒေအရ ဆက်လက်အရေးယူရန် ဖို့ဖရာ့ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ရေးသားထားပါတယ်။

Source -Dawei Watch

  • ကျွန်းလှနဲ့ တန့်ဆည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေ၊ ငါးဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကျွန်းလှနဲ့တန့်ဆည်မြို့နယ်မှာ ဖေဖော်ဝါရီလ ၁၄ ရက် မနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွန်းလှမြို့နယ် မော်တုံရွာအနီးကို တစ်ကြိမ်၊ ဝေသာ်ရွာနဲ့ ပေပင်ချောင်ရွာကြားကို တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် လေကြောင်း တိုက်ခိုက်မှုလုပ်ခဲ့လို့ မော်တုံရွာ အနောက်ဘက်က စျေးဆိုင်တစ်ဆိုင်ကို မှန်သွားပြီး မီးလောင်ကာ အမျိုးသမီးတစ်ဦးက မီး လောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ သုံးနှစ်အတွင်း လေ ကြောင်း နဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁,၂၅၄ ဦး သေဆုံးပြီး ၂,၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Source- RFA

  • EPS-TOPIK စာမေးပွဲ ပထမဆုံးအကြိမ်အဖြစ်  အမျိုးသမီးတွေကိုဖြေဆိုခွင့်ပြု

တောင်ကိုရီးယား အလုပ်အကိုင်အတွက်အရည်အချင်းစစ်စာမေးပွဲ EPS-TOPIK မှာ အမျိုးသမီးတွေကိုပါ ဝင်ရောက်ဖြေဆိုခွင့် ပေးသွားမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ထုတ်ပြန်ပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုမယ့် အမျိုးသမီးတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၉ နှစ်ရှိရမှာဖြစ်သလို အခြေခံပညာ အထက်တန်းအောင်မြင်ထားရမှာဖြစ်ပြီး ဖြေဆိုခွင့်လျှောက်ထားချိန်မှာ အထက်တန်း​ပြီး​မြောက်ကြောင်း လက် မှတ်ပြရမယ်လို့ အသိပေးထားပါတယ်။

EPS-​TOPIK စာမေးပွဲ​ဖြေဆိုခွင့် လျှောက်လွှာကို အွန်လိုင်းကနေ မတ် ၄ ရက်ကနေ ၁၀ ရက်အထိ ပထမအဆင့် လက်ခံ သွားမှာဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းအတွက် စာမေးပွဲကို ဧပြီ ၂၄ ကနေ မေ ၁၀ ရက်အထိ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် စာမေးပွဲကို မေ ၂၀ ကနေ ဇူလိုင် ၂၆ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး ဒုတိယ အဆင့်အခြေခံကျွမ်းကျင်မှု စာမေးပွဲတွေ ဆက်လုပ်မှာဖြစ်ကာ အပြီးသတ်အောင်စာရင်းကို ဇွန် ၂၁ နဲ့ စက်တင်ဘာ ၂၀ ရက် တို့မှာ ထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

ယခင်က EPS-TOPIK စာမေးပွဲမှာ ကုန်ထုတ်၊ ဆောက်လုပ်ရေး စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအတွက် အမျိုးသား လုပ်သား တွေပဲ ဝင်ရောက်ဖြေဆိုခွင့်ရထားပါတယ်။ တောင်ကိုရီးယားနိုင်ငံက ဝန်ဆောင်မှုလုပ်ငန်းအတွက် တ​ခြားနိုင်ငံတွေကနေ အမျိုးသမီးလုပ်သား ခေါ်ယူတာတွေရှိခဲ့ပြီး မြန်မာနိုင်ငံကနေ အခုမှစခေါ်မယ်လို့ အဲဒီနိုင်ငံရောက် မြန်မာလုပ်သား အရေးလူပ် ရှားသူတွေက ပြောပါတယ်။

Source- DVB

  • နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေး သေဆုံးမှု မိသားစုအတည်ပြု

ပဲခူးတိုင်း၊ ဝေါမြို့နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီတပ်က သနပ်ပင် မြို့ နယ်၊ ကျိုက်လတ်ရွာအနီးမှာ ပစ်သတ်ခဲ့ပြီး ကျန်ရစ်တဲ့ ရုပ်အလောင်းကို ဝေါဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ မနိုဘလ်အေးရဲ့ မောင်ဖြစ်သူ ကိုထက်မြက်က အတည်ပြုပါတယ်။

ဖေဖော်ဝါရီ ၈ ရက်က ဝေါတရားရုံးမှာ မနိုဘယ်လ်အေးရုံးထုတ်ရမန်ယူပြီး အပြန်မှာ ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်က ပစ်သတ်ခဲ့တာဖြစ်ပြီး  မနိုဘယ်လ်‌အေး သေဆုံးမှုနဲ့ပတ်သက်ပြီး မိသားစုကို အကြောင်းကြားတာလည်းမရှိခဲ့ဘူးလို့ သိရပါတယ်။

မနိုဘယ်လ်‌အေးကို ပြီးခဲ့တဲ့လ ဇန်နဝါရီ ၂၉ ရက်က ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ လက်နက်တွေဝှက်သယ်ဆောင်လာတာကို သတင်းရလို့ လုံခြုံရေးအဖွဲ့တွေက ပဲခူး မြို့အဝင်မှာ မော်တော်ကားတစီးကို စစ်ဆေးရာ နနွင်းအိတ်နဲ့ ဝှက်သယ်လာတဲ့ စနိုက်ပါ တစ်လက်၊ အမ် (၁၆) သေနတ် တစ်လက်၊ ပစ္စတို တစ်လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၉၀၀ တောင့်၊ ယမ်းပျော့ ၆ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိတယ်ဆိုပြီး မနိုဘယ်လ်အေးနဲ့ အမျိုးသားတစ်ဦးနဲ့အတူရိုက်ထားတဲ့ ဓါတ်ပုံတွေနဲ့အတူ ဖော်ပြခဲ့ကြပါတယ်။

မနိုဘယ်လ်အေးဟာ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ထောင်ဒဏ်(၄၂)နှစ်အထိ ကျခံရဖူးသူ နိုင်ငံ ရေးအကျဉ်းသူတစ်ဦးဖြစ်ပြီး ၂၀၀၇ ခုနှစ် လောင်စာဆီကိစ္စမှာလည်း ဖမ်းဆီးမှုကို ခံခဲ့ရဖူးသူတစ်ဦးဖြစ်ပါတယ် ။ အဲ့ဒီနောက် ပိုင်း Covid-19 ကာလမှာ လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေခဲ့ပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီ ၂၉ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါ တယ်။   

Source – Burma VJ

  • စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီး ၁ ဦးသေ၊ ကလေး ၃ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ  

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာအုပ်စု၊ အညာစုကျေးရွာမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ကလေး ၃ ဦးအပါအဝင် ၅ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီခန့်မှာ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ကနေ တိုက်ပွဲမဖြစ်ဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့ရာ အညာစုကျေးရွာထဲကို တလုံးကျရောက်ပေါက်ကွဲခဲ့တာ ကြောင့် ဒေါ်ယုယုမော် ၄၃ နှစ် သေဆုံးပြီး ဦးစန်းအောင် ၄၄ နှစ်နဲ့ သားဖြစ်သူ မောင်ထွဋ်လင်းထက် ၁၃ နှစ်၊ သမီး မသွန်းသွန်း ၈ နှစ်၊ ဦးရွှေလဝင်း ၄၅ နှစ်နဲ့ သားဖြစ်သူမောင်မိုးဒီ ၁၃ နှစ်တို့မှာ ဦးခေါင်း၊ ခြေထောက်နဲ့ ပေါင်တွေမှာ ဒဏ်ရာရသွားတဲ့အပြင် နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးကာ နွား ၁ ကောင်သေဆုံးသွားခဲ့ပါတယ်။

Source- မြေလတ်အသံ

  • လယ်ဒိုမြို့နယ်မှာလက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်ထဲမှာ စစ်ကောင် စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးကာ အသက် ၁၈ နှစ်အောက်ကလေး ၄ ဦးအပါအဝင် ၆ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၁၄ ရက် ည ၇ နာရီလောက်မှာ ၁၂၀ မမ လက် နက်ကြီး ၂ လုံးကို ချုံအင်းကျေးရွာနဲ့ ကညင်ကျိုးကျေးရွာအတွင်း ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့ ဒေသခံ မောင်စန်းအောင်ရဲ့ နေအိမ်ထိခိုက်ပျက် စီးခဲ့ရတဲ့အပြင် ၅ ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက် ၄၂ နှစ်အရွယ် မယုမော်  လက်နက်ကြီးထိမှန် သေဆုံးခဲ့ရတယ်လို့ ကေအန်ယူက ပြောပါတယ်။

အဲဒီနောက် ည ၉ နာရီလောက်မှာတော့ ခမရ-၂၆၄ ကနေပဲ ၁၅၅ မမ လက်နက်ကြီး ၁ လုံးကို နတ်သံကွင်းမြို့ဆီ ပစ်ခတ်ခဲ့ပြီး ၈၁ မမ လက်နက်ကြီး ၅ လုံးကို ခင်ကန့်လန့် ကျေးရွာဆီ ပစ်ခတ်ခဲ့တာကြောင့် ခင်ကန့်လန့်ကျေးရွာက တီးဘူလူရဲ့ နေအိမ်ပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး နေအိမ်ပျက်စီးခဲ့တဲ့အပြင် အသက် ၈၅ နှစ်အရွယ် မယဉ်ဒွေးကို ကျည်စထိမှန်သေဆုံးပြီး အသက် ၄၄ နှစ်အရွယ် အမျိုးသမီး ၁ ယောက် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တာပါ။ 

Source-DVB

Author:

Related Articles