Home ဆောင်းပါး ခေါင်းပုံဖြတ် အနိုင်ကျင့်မှုများ ကင်းဝေးစေဖို့ …

ခေါင်းပုံဖြတ် အနိုင်ကျင့်မှုများ ကင်းဝေးစေဖို့ …

Photo: http://layuethonthon.blogspot.com/2013/10/blog-post_8015.html

နန်းဆိုင်နွမ်။ ။

ညအချိန်ရောက်လာတိုင်း မမွန်မွန်တစ်ယောက်ကတော့ အလုပ်သွားလုပ်ရမှာကို  စိုးရိမ်ပူ ပန်နေပါတယ်။

အရင်က သူအလုပ်သွားရင် စိုးရိမ်မှုသိပ်မရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ရဲတွေရဲ့ဖမ်းဆီးမှု ဆက်တိုက်ဖြစ်နေတော့ မမွန်မွန်အလုပ်လုပ်ရတာ စိုးရိမ်မှုတွေရှိနေတာပါ။

တချို့ရဲသတင်းပေးတွေက သာမန်သတင်းပေးမျိုးမဟုတ်ပဲ မမွန်မွန်တို့လို အမျိုးသမီးတွေ ကို ဧည့်သည်ပုံစံ ဟန်ဆောင်ပြီး ဟိုတည်ကို ခေါ်သွားတတ်ကြပါတယ်။

ဟိုတယ်ရောက်ရင်လည်း ပုံမှန်ဧည့်သည်တွေလိုပဲ သူတို့ရဲ့လိင်မှုကိစ္စပြီးစီးပြီးမှ အခကြေး ငွေမပေးဘဲ ရဲကို ဖုန်းဆက်ခေါ်တာမျိုး လုပ်ကြတာပါ။

“ ရဲသတင်းပေးတွေက အရပ်ဝတ်တွေနဲ့ ဧည့်သည်ပုံစံလို လာခေါ်တော့ ကျမတို့လိုက် သွားပါတယ်။ ဟိုတည်ရောက်လို့ ကိစ္စပြီးမှ ရဲတွေကို ဖုန်းဆက်ခေါ်တယ်။ နောက် ရဲတွေ ကျမတို့ကို လာဖမ်းတာ ခဏခဏကြုံရပါတယ်” လို့ မမွန်မွန်က ပြောပါတယ်။

မကြာသေးမီက အဖမ်းအဆီးများကလည်း မွန်မွန်တို့ရဲ့အလုပ်ကို ပိုမိုခက်ခဲသွားစေခဲ့ပါ တယ်။

ဇူလိုင်လဆန်းပိုင်းမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ကျောက်စိမ်းမြို့ တော်ဟိုတယ် (Jade City Hotel) မှာရှိတဲ့ တရားမဝင်အနှိပ်ခန်း၊ ကာရာအိုကေနှင့် လိုင် စင်မဲ့ အရက်ဘီယာရောင်းချတဲ့  သတင်းရရှိလို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့  ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့ကြပါတယ်။

ကျောက်စိမ်းမြို့တော်ဟိုတည်ကို ဝင်ရောက်ဖမ်းဆီးတဲ့အတွက် တရားမဝင်အနှိပ်ခန်း ဖွင့် လှစ်မှုနဲ့ ပတ်သက်ပြီး မန်နေဂျာတဦးနဲ့ တရားမဝင် ကာရာအိုကေ၊ အနှိပ်ခန်းမှာ လုပ်ကိုင် နေတဲ့ အမျိုးသမီး (၁၅)ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီလို ဖမ်းဆီးမှုတွေဟာ မမွန်မွန်ကို သူတို့အလုပ်တွေအပေါ် စိုးရိမ်မှုတွေ ပိုရှိလာစေပါ တယ်။

“ ကေတီဗွီတွေမှာ၊ ဟိုတယ်တွေမှာ၊ နောက်လမ်းတွေမှာ လိုက်ဖမ်းနေတော့ ကျမတို့က ဘယ်လို စိတ်ချလက်ချနဲ့ အလုပ်လုပ်နိုင်မှာလဲ” လို့ ဆိုပါတယ်။

မမွန်မွန်ဟာ ပြည့်တန်ဆာ(သို့မဟုတ်)လိင်အလုပ်သမတစ်ဦးပါ။ ပြည့်တန်ဆာ (သို့မ ဟုတ်) လိင်အလုပ်သမတွေဟာ  ရပ်ကွက်ကုန်စုံဆိုင်၊ ကွမ်းယာဆိုင်နဲ့ မုန့်ဟင်းခါးဆိုင် တွေ သွားထိုင်ရင် ရဲသတင်းပေးတွေက လာခေါ်သလို  ရဲတွေကလည်း လာရောက်မေး မြန်းတာတွေ၊ ခေါ်ဆောင်တာတွေ မကြာခဏ ခံနေရတယ်လို့ ပြောပြပါတယ်။

“ကျမတို့အနေနဲ့ကတော့ လိင်အလုပ်သမ လုပ်စားတာတော့ မှန်ပါတယ်။ ဒါပေမယ့် ရဲအင် ဖော်မာ (သတင်းပေး)သုံးပြီး ရှာတာကတော့ သူတို့ကိုယ်တိုင်ခေါ်သွား၊ ပျော်ပါးပြီး သူတို့ ကိုယ်တိုင် အမှုလုပ်၊ ရဲခေါ်တာတွေ ဖမ်းဆီးတာ လုပ်နေတယ်။ မတရားတဲ့ ပုံစံဖြစ်နေ တယ်” လို့ စန္ဒာထွန်း(အမည်လွဲ)က ပြောပြပါတယ်။

ရဲသတင်းပေးတွေကို သုံးပြီး ဖမ်းဆီးတာကတော့ မတရားသဖြင့် ထောင်ချောက်ဆင် တာလို့ ယူဆကြောင်း၊ လိင်အလုပ်သမတွေက မိသားစုစားဝတ်နေရေးကြောင့် လုပ်ကိုင် နေကြတာဖြစ်ကြောင်းလည်း စန္ဒာထွန်းက ဆိုပြန်ပါတယ်။

“ ဖမ်းပြီဆိုရင်  ထွက်ပြေးလာတာ ရှိတယ်။ ရှောင်နေရတာတွေလည်း ရှိတယ်။ မရှောင် နိုင်ရင် မိသားစုက နောက်မှာ မှီခိုစားသောက်တာ ပိုခက်ခဲတယ်”

လိင်အလုပ်သမလုပ်ဖို့ ရပ်ကွက်တွေမှာ လှည့်လည်နေတဲ့ရဲတွေ သက်ဆိုင်ရာတွေကို လိုင်း ကြေးဆိုတဲ့ သဘောမျိုးပေးဆောင်ရကြောင်း မမွန်မွန်က ပြောပြပါတယ်။

“လိုင်းကြေးပေးရတာတွေ ရှိတယ်။ တချို့ကောင်မလေးတွေက လိုင်းကြေးပေးတဲ့အပြင် တညတာ ပျော်ပါးပေးရတာတွေလည်း ရှိပါတယ်။ အဲဒီအချိန်မှာ သူတို့ မလိုအပ်ရင်၊ သူတို့ ကို လိုက်လျောမှု မရှိရင် သူတို့ကိုယ်တိုင် မလုပ်ဘဲ သူတို့နဲ့ဆက်နွယ်ပြီး အချင်းချင်း ပြန် ခိုင်းတာတွေရှိတယ်” လို့လည်း မမွန်မွန်က သူမ ကြုံတွေ့ရတာကို ပြောပြပါတယ်။

လက်ရှိမှာ လိင်အလုပ်သမတွေကို ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပေဒသုံးပြီး ဖမ်းဆီးမှုတွေ ကြောင့် လိင်အလုပ်သမတွေ အလုပ်လုပ်နေရတာ ကျီးလန့်စာစားနေရသလိုပါပဲလို့ လည်း ဆိုကြပါတယ်။

လိင်အလုပ်  လုပ်ရခြင်းကလည်း မိသားစု စားဝတ်နေရေးကြောင့် လုပ်နေရပြီး လိင်အလုပ် လုပ်တဲ့အတွက် ရဲများဖမ်းဆီးတဲ့အခါမှာလည်း လိင်အလုပ်သမတွေပဲ အရေးယူခံရပါ တယ်။ ဥပဒေအကာအကွယ် မရှိတဲ့အတွက် ဒီလုပ်ငန်းလုပ်ဆောင်နေတဲ့သူတွေဟာ စိုးရိမ် ပူပန်မှုတွေ နေ့စဉ်ကြုံတွေ့နေရပါတယ်။

“ လွန်ခဲ့တဲ့ (၄)လလောက်က ကျမနဲ့ ကျမလုပ်ဖော်ကိုင်ဖက် (၃)ဦး  ရဲလက်ထဲ ရောက်ခဲ့ တယ်။ ကျမကို ရဲသတင်းပေးက အငှားခေါ်ပြီး ရဲတွေလက်ထဲ အပ်ခဲ့တာပါ။ ဒါပေမယ့် ကျမကံကောင်းချင်တော့ လွတ်မြောက်ခဲ့ပါတယ်။ ကျမဗိုက်နာတယ်၊ အိမ်သာတက်ချင် တယ်လို့ ပြောပြီး လစ်ထွက်ခဲ့ပါတယ်” လို့ လိင်အလုပ်သမတစ်ဦးဖြစ်တဲ့ မလှလှ ( အမည် လွှဲ) က ဆိုပါတယ်။။

လိင်အလုပ်သမတစ်ဦးအနေနဲ့ ရဲလက်ထဲရောက်သွားပါက ထောင်ဒဏ် အနည်းဆုံး (၂) နှစ်ခန့် ကျခံရသလို၊ တရားဥပဒေအရ ရင်ဆိုင်ရင်လည်း ငွေ(၁၀)သိန်းအထက် ကုန်ဆုံး နိုင်ကြောင်းလည်း မလှလှက ပြောပြပါတယ်။

တခါတရံမှာ လုပ်ထုံးလုပ်နည်းနဲ့မညီပဲ အဖမ်းခံရတာမျိုးတွေ ရှိတယ်လို့ လိင်အလုပ်သမ တွေကို လိုက်လံကူညီပေးနေတဲ့ မစန္ဒာအေးက ပြောပါတယ်။

“ရဲအဝတ်နဲ့ဖမ်းတာ မဟုတ်ဘူး။ ရဲသတင်းပေးက ဖမ်းတာ။ တချို့အင်ဖော်မာတွေက လက်ထိပ်တွေ လမ်းလျှောက်စက်တွေပါတယ်။ ဒုရဲမှူး ဒါမှမဟုတ် ဝရမ်းပါမှ ဖမ်းရမယ်ဆို တဲ့အတွက် သူတို့က သူတို့ကိုယ်ကို ရဲမှူးလိုလို ဘာလိုလိုနဲ့ဝင်ဖမ်းကြတယ်။ ကလေးတွေ က ကြောက်လန့်ပြီး လိုက်သွားတယ်”

ရဲသတင်းပေးတွေအနေနဲ့ ဝင်ရောက်ဖမ်းဆီးတာက အရင်ကတည်းက ရှိပေမယ့် လက်ရှိ မှာ ပိုပြီးဆိုးရွားလာကြောင်းလည်း မစန္ဒာအေးက ဆိုပါတယ်။

ပြည့်တန်ဆာတွေကို ကာကွယ်ပေးမယ့်ဥပဒေတရပ် မရှိတဲ့အတွက် ပြည့်တန်ဆာတွေ နည်းမျိုးစုံ အနိုင်ကျင့်ခံရ၊ အဖမ်းဆီးခံရနဲ့ ခေါင်းပုံဖြတ်ခံရတာတွေ မကြာခဏ ကြုံရ ကြောင်းလည်း ပြည့်တန်ဆာ အသိုင်းအဝန်းကဆိုပါတယ်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ လက်ရှိမှာ  လွှတ်တော်မှာ တင်ပြ တောင်းဆိုခြင်း မရှိသေးပေမယ့် အောက်ခြေကော်မရှင်ကနေ ဥပဒေကို ပြင်ဆင်ရန် ပြု လုပ်နေကြောင်းလည်း လိင်အလုပ်သမတွေကို လိုက်လံအကူအညီပေးနေသူတွေက ဆိုပါ တယ်။

လိင်အလုပ်သမတွေကို ရဲသတင်းပေးတွေသုံးပြီး ဖမ်းဆီးတာမျိုး၊ ထောင်ချောက်ဆင်ပြီး ဖမ်းဆီးတာမျိုးကို မပြုလုပ်စေချင်ကြောင်းလည်း မစန္ဒာအေးက ပြောပါတယ်။

“ အမှုလိုတဲ့အခါကျရင် သူတို့ကို ဖမ်းတာ များတယ်။ ခံရပေါင်းများတော့ ကျမတို့ ချင့်ချိန် တယ်။ သူတို့က လျော့ပေါ့သွားမယ်လို့ ကျမမထင်ဘူး။ ပြည့်တန်ဆာ နှိပ်ကွပ်ရေးနဲ့ လုပ် မှာပဲ” လို့ မမွန်မွန် က ပြောပါတယ်။

တဖက်မှာတော့ ပြည့်တန်ဆာတွေကို နှိပ်ကွပ်တဲ့ ဥပဒေကို ဖျက်သိမ်းပြီး အကာအကွယ် ပေးတဲ့ ဥပဒေတစ်ရပ် ရေးဆွဲဖို့ တရားလွှတ်တော်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံး၊ အစိုးရဌာနဆိုင်ရာ တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နှိပ်ကွပ်တဲ့ ဥပဒေကို ဖျက်သိမ်းပြီး၊ အသစ်ရေးဆွဲမှာဖြစ်ကြောင်းနဲ့ ဥပဒေသစ်မှာ ပြည့် တန်ဆာတွေကို အကာအကွယ်ပေးမယ်လို့ Right to Health Activism Myanmar က ဦးကျော်ဇေယျာဆွေက ပြောပါတယ်။

ပြည့်တန်ဆာတွေအတွက် ဥပဒေသစ်မှာတော့ “ ပြည့်တန်ဆာတွေကို ယေဘုယျအားဖြင့် အကာအကွယ်ပေးမယ်။ လူမှုရေးပြစ်ဒဏ်တွေတော့ ရှိနိုင်တယ်။ သူတို့ကို ခေါင်းပုံဖြတ် တဲ့သူ၊ မတရားအနိုင်ကျင့်တဲ့သူတွေကိုတော့ ပြစ်ဒဏ်ချမှတ်မယ်။ အဲဒီလို အချက်တွေပါ မယ်” လို့  ဦးကျော်ဇေယျာဆွေက ဆိုပါတယ်။

ပြည့်တန်ဆာဆိုင်ရာ ဥပဒေညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ မေလ ၅ ရက်နေ့က ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြည့်တန်ဆာ ဥပဒေသစ်နဲ့ပတ်သက်ပြီး ပါဝင်သင့်သူတွေအားလုံး  ထောက်ခံရင် ဥပဒေပြု ဖို့ မခက်ကြောင်းလည်း  ဦးကျော်ဇေယျာဆွေက ပြောပါတယ်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာပပျောက်ရေး အက်ဥပဒေကို ၁၉၅၆ ခုနှစ်မှာ  ပြည့်တန်ဆာ နှိပ် ကွပ်ရေး အက်ဥပဒေအဖြစ် ပထမအကြိမ် ပြင်ဆင်ခဲ့ပြီး  ၁၉၉၈ ခုနှစ်မှာ ဒုတိယအကြိမ် ပြင်ဆင်ခဲ့ပါတယ်။

“ ကျမတို့က ဥပဒေကို ပယ်ဖျက်ဖို့ မတောင်းဆိုပါဘူး။ ဥပဒေ လျော့ပေါ့ဖို့ပဲ လုပ်ပေးစေ ချင်ပါတယ်။ ကျမတို့ကို ကာကွယ်နိုင်မယ့် ဥပဒေတစ်ရပ်ဖြစ်စေချင်ပါတယ်” လို့ မမွန် မွန်က ဆိုပါတယ်။

 

 

 

 

Related Articles