Home ဆောင်းပါး သေဒဏ်ကျသားများအတွက် မျှော်လင့်ချက်နဲ့စောင့်နေတဲ့ မိခင်ကြီး

သေဒဏ်ကျသားများအတွက် မျှော်လင့်ချက်နဲ့စောင့်နေတဲ့ မိခင်ကြီး

ရှင်ငြိမ်း။ ။

ပြင်ပက အပူရှိန်ဟာ ရင်ထဲက အပူလောက် မပြင်းလို့ထင်ပါရဲ့။ အင်းစိန်ထောင်ဝက လူတစုဟာ နေပူဒဏ်ကို အကာ အကွယ်မယူဘဲ ထောင်အတွင်းထဲကိုသာ လည်တဆန့်ဆန့်နဲ့ မျှော်ကြည့်နေကြပါတယ်။

သူတို့တွေဟာ ဧပြီလ ၁၇ ရက်က စစ်မေးစရာရှိတယ်ဆိုပြီး စစ်တပ်က ဖမ်းခေါ်သွားတဲ့ တောင်ဒဂုံက လူငယ် ၁၁ ယောက်ကို အမိန့်ချမှာဖြစ်တဲ့အတွက် လာရောက်စောင့်ဆိုင်းနေကြတဲ့မိသားစုဝင်တွေ ဖြစ်ပါတယ်။

အဖမ်းခံရသူတွေထဲမှာ အမှုနဲ့ မဆိုင်သူတွေကို ပြန်လွှတ်မယ်ဆိုတဲ့သတင်းစကားကြောင့် ဒေါ်စိန်အေး (အမည်လွှဲ)လည်း သူရဲ့သားတွေပြန်လွှတ်လာမယ့်အရေးတွေးကာ အပျော်ကြီးပျော်နေခဲ့တယ်။

သားအကြီးကတော့ ဆန္ဒပြပွဲတွေမှာ ပါနေတဲ့အတွက် နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျကောင်း ကျနိုင်ပေမယ့် ကျန်သုံးယောက် ကတော့ ပြန်လွတ်လာမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ပါ။

မကြာမီမှာပဲ သူရဲ့ပျော်ရွင်မှုတွေကို ဖျက်စီးမယ့် သတင်းဆိုးကြီး ဒေါ်စိန်အေး နားထဲကို ဝင်လာပါတော့တယ်။ ကြားလိုက်ရ တဲ့အခိုက် အရုပ်ကြိုး ပြတ်သလို နေရာမှာပုံကျသွားပြီး သူရဲ့နှလုံးကွဲမတတ်ငိုကြွေးသံက ကြားရသူတိုင်း မျက်ရည်မထိန်း နိုင်အောင်ဖြစ်ကြရတယ်။

အကြောင်းရင်းကတော့ သူတို့အင်းစိန်ထောင်ဝမှာ တနေကုန်နေပူပူထဲ အပင်ပန်းခံစောင့်ခဲ့ရတဲ့ အမိန့်ဟာ သူထင်သလို မဖြစ်ခဲ့ ဘဲ သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ သတင်းဆိုးကို ကြားလိုက်ရတာပါ ။

“ သေဒဏ်ဆိုပြီး ကြားလိုက်ကတည်းက တစ်ရက်မှလည်း အိပ်လို့မရဘူး။ ဘာမှလည်းမလုပ်ချင်ဘူး။ ဒါပေမယ့် ငါမလုပ်ရင် သားတွေစားဖို့ခက်မှာပဲဆိုပြီး စိတ်ကိုတင်း အလုပ်တွေ လုပ်ပစ်လိုက်တယ်”လို့ ဒေါ်စိန်အေးက နူတ်ခမ်းကိုစေ့၊ အံကြိတ် ကာ ပြောပါတယ်။

ရင်မှာလွယ်မွေးထားတဲ့ သားတစ်ယောက်ကို အပြစ်မရှိဘဲ သေဒဏ်ချမှတ်ရင်တောင်မှ ဒီအမေတွေ ရင်ကျိုးရသေးတာ တအိမ်ထဲက သားလေးယောက်လုံးကို သေဒဏ်ချခံလိုက်ရတဲ့ မိခင်တယောက်အနေနဲ့ ဘယ်လောက်ရင်နာဖို့ကောင်းမလဲ ဆိုတာ တွေးတောင်မကြည့်ဝံ့ပါဘူး။

အသက် ၆၀ ဝန်းကျင်သာရှိသေးတဲ့ ဒေါ်စိန်အေးရဲ့အမျိုးသားဟာ လေဖြတ်ထားတဲ့ လူမမာဖြစ်ပြီး သူ့မှာ မွေးထားတဲ့ သမီး တစ်ယောက်၊ သားသုံးယောက်အပြင် မွေးစားသား နှစ်ယောက်ပါရှိပါသေးတယ်။

အသားညိုညို၊ မျက်လုံးမျက်ခုံး ထင်ရှားပြီး အရပ်ထောင်ထောင်မောင်းမောင်းနဲ့ စကားပြောရင် အစွဲအငင်မရှိ တုံးတိတိနဲ့ အားပါးတရပြောတတ်တဲ့ ဒေါ်စိန်အေးပုံစံဟာ ရဲရင့်သွက်လက်ပုံရပါတယ်။

သူဟာ မကျန်းမာတဲ့ခင်ပွန်းသည်နဲ့ သားသမီးခြောက်ယောက်ရဲ့ စားဝတ်နေရေးအတွက် နေ့ဆိုရပ်ကွက်ထဲ ဝက်သား လှည့်လည်ရောင်းပြီး ညနေဘက်တွေမှာ ဝက်သားဒုတ်ထိုးရောင်းကာ ရုန်းကန်ကျွေးမွေးနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။

သားသမီးတွေဆိုတာ အိမ်ရဲ့ဆည်လည်းသံလို့ ခံယူထားတဲ့အတိုင်း ဈေးရောင်းပြန်လာတိုင်း သားသမီးတွေ မျက်နှာ မြင်တွေ့ရရင် သူမှာအပျော်ကြီး ပျော်မဆုံး၊ တပြုံးပြုံးနဲ့ပေါ့။ သားသမီးတွေကလည်း သူရဲ့မေတ္တာရိပ်မှာ ကြီးပြင်းခဲ့ရတာ ကြောင့် မိဘနှစ်ပါးအပေါ်သိတတ်လိမ္မာကြပါတယ်။

အမေဈေးရောင်းဖို့ သမီးဖြစ်သူ ဒိုင်မှာ ဝက်သားသွားယူပေးသလို သားတွေကလည်း အမေ့ကို ကူသူနဲ့ ညနေ ဝက်သားဒုတ်ထိုး ဆိုင်ကူဖွင့်ပေးသူနဲ့ မကျန်းမာတဲ့ ဖခင်ကို စောင့်ရှောက်သူနဲ့ မိသားစုလေးဟာ ပျော်ရွင်စရာ ကောင်းနေခဲ့ တာပါ။

သမီးက ထီး၊ သားက အားဆိုတဲ့အတိုင်းပဲ မိသားစုအတွက် တယောက်ထဲရုန်းကန်နေရတဲ့ ဒေါ်စိန်အေးအဖို့ သားသမီး တွေက သူ့အတွက်ခွန်အားဖြစ်စေခဲ့ပါတယ်။

သားတွေကို ဖမ်းခေါ်မသွားမီက မိသားစုဝင်များတဲ့ သူတို့မိသားစုလေးဟာ ပျော်ရွင်ချမ်းမြေ့မှု အပြည့်နဲ့ပါ။ ဧပြီလ ၁၇ ရက်၊ မနက် ၁၀ နာရီခန့်မှာတော့ သူတို့ဘဝလေးထဲကို မုန်တိုင်းကြီးကြီးဝင်ရောက်တိုက်ခိုက်သွားပါတော့တယ်။

လက်နက်ကိုင်ထားတဲ့ အရပ်ဝတ်နဲ့ လူတစုဟာ ကားသုံးစီးနဲ့ အပြည့်ရောက်လာပြီး ခိုင်မြဲရှိလားလို့ မေးရင်း အိမ်အတွင်း ထဲကို အတင်းဝင်ရောက်လာပါတယ်။ သားငါးယောက်ထဲမှ ကျောင်းဆရာကို ချန်ထားပြီး ကျန်သားလေးယောက်လုံးကို သူ့ရှေ့မှာပဲ ဖမ်းခေါ်သွားပါတယ်။

သူရဲ့သားတွေဟာ တောင်မြောက်လမ်းဆုံမှာ ၃ ရက်၊ လေးဒေါင့်ကန်အချုပ်မှာ ရက် ၂၀ ခန့်အချုပ်ခံထားရတဲ့ အချိန်တော့ ဒေါ်စိန်အေးဟာ သားတွေကိုတွေ့ချင်တဲ့ဇောနဲ့ မနက်ဆို အိုးကြီးအိုးငယ်နဲ့ ထမင်းတွေချက်ကာ တစ်ရက်မပြတ် တောင် ဒဂုံကနေ လေးဒေါင့်ကန်ကို ထမင်းသွားပို့ခဲ့တယ်။

“ အချုပ်ထဲမှာ ရိုက်ထားတာတော့ မရှိပေမယ့် မျက်နှာလေးတွေ ညှိုးနေပြီး လူတွေလည်း တော်တော်ပိန်သွားတယ်။ ကိုယ်တိုင်ထမင်းသွားပို့နေတော့ သူတို့မျက်နှာလေးတွေ ပြန်လန်းလာတော့ ဝမ်းသာမိတယ်”လု့ိ ပြောရင်း ဒေါ်စိန်အေး မျက်ရည်တွေ ဝေသီလာပါတယ်။

လက်ရှိ နိုင်ငံရေးနဲ့ ကုန်ဈေးနှုန်းအခြေအနေအရ ထောင်ကျနေတဲ့ သားလေးယောက်စားဖို့ ထမင်း၊ ဟင်းအပြင် ကော်ဖီက အစ မပြတ်လုပ်ပေးဖို့ဆိုတာ သူ့အသက်အရွယ်နဲ့ တော်ရုံဇွဲလောက်နဲ့မရပါဘူး။ သားတွေအပေါ်မှာ ထားတဲ့ သူရဲ့မေတ္တာ တရားကြီးလွန်းလို့သာ လုပ်ပေးနိုင်တာပါ။

ဒါ့အပြင် ဒေါ်စိန်အေးဟာ သားတွေသေဒဏ်အမိန့်ချတဲ့နေ့ကစလို့ သားတွေ ပြန်လွတ်လာပါစေဆိုပြီး နေပူကျဲကျဲထဲ ဘုရား သွားကာ ယတြာချေတာ၊ ကောင်းမူကုသိုလ်တွေလုပ်နေတာလည်း ယနေ့ထိတိုင်ပါပဲ။

သူ့သားသမီးတွေဟာ အသက် ၂၀ ကျော် ၃၀ ဝန်းကျင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ကြတဲ့ အရွယ်တွေ ဖြစ်ပေမယ့် ဘယ်သားသမီးမှ ခွဲထွက်မသွားရဆိုတဲ့ သူရဲ့ဆန္ဒကြောင့် အားလုံးဟာ ဝိုင်းလုပ်ဝိုင်းစား သဘောနဲ့ အတူတူနေကြတယ်။

စီးပွားရေးအရတော့ အကြီးဆုံးသားက ကျောင်းဆရာဖြစ်ပြီး ဒုတိယသားက ယခင်က ဖုန်းဆိုင်မှာ အလုပ်လုပ်ပေမယ့် ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် အလုပ်ကနားလိုက်ရသလို တတိယသားကလည်း တက်တူးဆိုင်ဖွင့်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ်။

လက်ရှိမှာတော့ ကျန်ခဲ့တဲ့ အကြီးဆုံးသားကျောင်းဆရာနဲ့ သမီးဖြစ်သူက မိခင်ကြီး စီးပွားရေးနဲ့ မကျန်းမာတဲ့ဖခင်ကို စောင့်ရှောက်ပေးနေသလို ပတ်ဝန်းကျင်ကလည်း အားပေးစကားတွေ ပြောတာကြောင့် အနည်းငယ် ဖြေသာခဲ့ပါတယ်။

နေ့စဉ်နေ့တိုင်း ပွဲတော်ကြီးတခုကျင်းပနေတဲ့အလား ဖြစ်ခဲ့တဲ့ သူတို့အိမ်လေးဟာ စစ်တပ်ရဲ့လက်ချက်နဲ့ တိတ်ဆိတ် ခြောက်ကပ်လို့ နေပါတယ်။

ဒေါ်စိန်အေးဟာ အင်းစိန်ထောင်က ပြန်လာကတည်းက သူ့သားတွေကို ဘာပြစ်မှုနဲ့များ သေဒဏ်ချလိုက်သလဲ လို့ ကိုယ့်ကို ကိုယ်မေးလိုက်၊ ငိုလိုက်နဲ့ အရူးတပိုင်းဖြစ်လို့နေပါတယ်။

၂၄ ရက်အမိန့်ချပြီးနောက်နေ့ မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ ကြေညာတာက လူသတ်မှုမှာ ပါဝင်တယ်ဆိုပြီး စစ်ကောင် စီက တောင်ဒဂုံက လူငယ် ၁၁ ယောက်ကို ဧပြီလ ၁၇ ရက်က ဖမ်းဆီးခဲ့ရာ နှစ်ယောက်ကို အမှုနဲ့မဆိုင်တဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်လို့ ဆိုပါတယ်။

အဖမ်းခံခဲ့ရသူ ၁၁ ယောက်ထဲက မိန်းကလေးတယောက်နဲ့ ယောက်ျားလေး ရှစ်ယောက်ကို မေလ ၂၄ ရက်မှာ သေဒဏ် ပေးခဲ့ပြီး ကျန်တဲ့နှစ်ဦးက အသက်မပြည့်သေးတဲ့အတွက် သီးခြားအမိန့်ချမယ်လို့ ကြေညာသွားပါတယ်။

“ သူတို့တီဗီမှာ ကြေညာတာက လူသတ်မှု၊ အားပေးအားမြောက်မှု အိမ်ပေါ်မှာနေတဲ့ကလေးတွေကို လူသတ်တဲ့အထဲ ထည့်လိုက်တယ် ။ ခိုင်မြဲကျတော့ အားပေးကူညီမှု၊ အလောင်းကို မီးပုံထဲထည့်လိုက်တယ်တဲ့။ ကျွန်မသားတွေ မသတ်ပါ ဘူး။ ရပ်ကွက်ကလည်းသိပါတယ်”လို့ ဒေါ်စိန်အေးက ပြောရင်းငိုပြန်ပါတယ်။

အမှန်တကယ်လူသတ်လိုက်တဲ့ သူတွေက ရပ်ကွက်ထဲမှာ မရှိနိုင်တော့ဘဲ ထွက်ပြေးသွားလို့ သူ့သားတွေကို ဖမ်းထား တာဖြစ်နိုင်တယ်လို့ သူက သုံးသပ်နေပါတယ်။

စစ်ခုံရုံးကနေ စစ်ဆေးတဲ့အမှုဖြစ်လို့ ရှေ့နေတွေက လိုက်ပါဆောင်ရွက်ခွင့်မရှိပေမယ့် အယူခံဝင်ပိုင်ခွင့်ရှိတဲ့ အတွက် အယူ ခံတင်ထားပါတယ်။ သို့ပေမယ့် ယခင်ကတည်းက အယူခံဝင်ခွင့်ကြာချိန်ဟာ သုံးနှစ်ကနေ ငါးနှစ် အတွင်းကြာတတ်တာ ကြောင့် သူ့မှာကူကယ်ရာမဲ့သလို ဖြစ်နေပါတယ်။

အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ယောက်ကတော့ “ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ ၁၉၈၈ မှာ ပါဝင်တဲ့ သူတွေကို သေဒဏ်တွေချမှတ်ခဲ့ပေမယ့် နဝတ၊ နအစအစိုးရတွေက ဒါတွေကို သေဒဏ်ချမှတ်တာမရှိဘူး။ ဘာလို့ဆို ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရမဟုတ်တဲ့အတွက် သေဒဏ်ကို သူတို့အတည်မပြုနိုင်ဘူး”လို့ ဆိုပါတယ်။

အကြောင်းကတော့ နိုင်ငံတကာဥပဒေအရ သက်ဆိုင်ရာစစ်ခုံရုံးက ဘယ်လိုပဲ သေဒဏ်ချမှတ်ပေမယ့် အဲဒီသေဒဏ်ကို အတည်ပြုပြီးတော့ သူ့ကို ကြိုးပေးကွပ်မျက်ဖို့အတွက် အာဏာသိမ်းအစိုးရဖြစ်စေ၊ အာဏာထိန်း အစိုးရဖြစ်စေ သေဒဏ် အတည်ပြုအမိန့်ချလို့ မရပါဘူးလို့ သူက ရှင်းပြပါတယ်။

ဒါ့ကြောင့် လက်ရှိ အရေးပေါ်ကာလအတွင်းမှာ ဘယ်နိုင်ငံသားမဆို သေဒဏ်အမိန့်ကို သက်ဆိုင်ရာ တရားရုံးကဖြစ်ဖြစ်၊ စစ်ခုံရုံးကဖြစ်ဖြစ် ချမှတ်ထားပေမယ့်ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်တဲ့ စစ်ကောင်စီ အစိုးရက သေဒဏ်ကို အတည်ပြုဖို့(ကြိုးပေးကွပ်မျက်)ဖို့အတွက် ဘယ်လိုမှအမိန့်ချမှတ်လို့ မရနိုင်ပါလို့ အဆိုပါရှေ့နေက ရှင်းပြပါတယ်။

သေဒဏ်ကို ယခင်ကအစိုးရလက်ထက်မှာ ကြိုးပေးကွပ်မျက်တာမရှိဘဲ ထောင်ထဲမှာ မသေမချင်း နှစ်ရှည် လများစွာ နေထိုင်သွားရတဲ့ သဘောသာ ထားရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်တပ်အနေနဲ့ ကြိုးပေးကွပ်မျက်ခွင့်မရှိတာကြောင့် ဒေါ်စိန်အေးအနေနဲ့ တော်လှန်းရေးကာလ အပြီးအပြောင်း အလဲဖြစ်သွားဖို့ကိုသာ စောင့်ရုံမှတပါး တခြားမျှော်လင့်ချက်မရှိတော့ပါ။

ဒါ့ကြောင့်ဒေါ်စိန်အေးအနေနဲ့ နွေဦးတော်လှန်ရေးအောင်မြင်ဖို့ ဆုတောင်းနေသလို သူ့သားတွေနဲ့အတူ ဖမ်းဆီးခံ ကိုးယောက်လုံး လွှတ်မြောက်ဖို့ အခုလိုပဲ အားပေးစကားပြောသွားပါတယ်။

“ အမှုလေးပြောင်းပြီးတော့ ပြစ်ဒဏ်လောက်ဆိုရင် မျှော်လင့်ချက်ရှိတယ်။ မိသားစုကိုးခုလုံးကို ပြောချင်တာက ကိုယ့်သား သမီးတွေအတွက် သတ္တိရှိရှိ အားတင်းထားကြပါ။ ကျွန်မလည်း တောင့်ခံပြီး သားတွေကို စောင့်မယ်”

Related Articles