Home သတင်း ကချင်အမျိုးသားရေးရာ လုပ်ငန်းများအတွက် အမျိုးသမီး ကိုယ်စားလှယ် ထက်ဝက်ခန့်ပါဝင်

ကချင်အမျိုးသားရေးရာ လုပ်ငန်းများအတွက် အမျိုးသမီး ကိုယ်စားလှယ် ထက်ဝက်ခန့်ပါဝင်

Photo: La Rip (Facebook)

မလိခ။            ။

မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သော ကချင်အမျိုးသား တွေ့ဆုံပွဲမှ ကချင်လူမျိုးရေးရာ လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ရန်အတွက် ကိုယ်စားလှယ် ၁၀၀ ဦးရွေးချယ်ရာတွင် အမျိုးသမီး ကိုယ်စားလှယ် ထက်ဝက်ခန့်ပါဝင်သည်။

“ဒီအထဲမှာ အမျိုးသမီးတွေ တစ်ဝက်လောက်တော့ ရွေးချယ်တယ်။ Criteria (စံသတ်မှတ်ချက်)အပေါ် မူတည်တယ်။ ဥပမာ အခန်းကဏ္ဍတခုမှာ ပိုပြီး ကျွမ်းကျင်တဲ့လူတွေက အမျိုးသမီးတွေ ပိုပါရင်ပါမယ်။ အမျိုးသမီး အမျိုးသား ဘယ်လောက်ပါဝင်ရမယ်ဆိုတာမျိုုး မဟုတ်ဘဲ။ Criteria ပေါ် မူတည်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ဦးအင်ခွမ်တန်ခွန်းက ပြောသည်။

သုံးရက်ကြာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှ မနောကွင်းရှိ မဂျွယ်ခန်းမမှာ ကျင်းပသော ကချင်အမျိုးသား တွေ့ဆုံပွဲတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ကချင်လူမျိုးများ၏ အရေးအရာ ကိစ္စရပ်များအတွက် ပါဝင်လုပ်ဆောင် ဆွေးနွေးရန် ကချင်အမျိုးသား ကိုယ်စားလှယ် ၁၀၀ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းကျွမ်းကျင်မှုနှင့် ဦးဆောင်နိုင်သည့် စံနုန်းပေါ်မူတည်ပြီး အမျိုုးသမီး ပါဝင်မှု များလာခြင်း ဖြစ်သလို၊ ကချင် အမျိုးသမီး အဖွဲ့အစည်းများထဲတွင် အရည်အချင်း၊ ကျွမ်းကျင်သည့် အမျိုးသမီးများ၊ ဦးဆောင် နိုင်သည့် အမျိုးသမီး အများအပြား ရှိလာသည်ကို တွေ့မြင်ရသည်ဟု သူက ဆက်ပြောသည်။

“အမျိုးသမီးအမျိုးသား ၅၀ ရာခိုင်နှုန်းလောက်စီပါမယ်။ လျော့ရင်လည်း သိပ်မလျော့ဘူး။ ပိုရင်လည်း သိပ်မပိုဘူး။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကလည်း သူတို့ ကျွမ်းကျင်တာတွေက အရမ်း အရေးကြီးလာတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှု၊ ဦးဆောင်နိုင် မှုတွေက criteria မှာ ဝင်တဲ့အတွက် အမျိုးသမီးတွေ များများပါဝင်နိုင်တာ ဖြစ်တယ်”

ကချင်အမျိုးသမီးများအကြားတွင် လုပ်ငန်းကျွမ်းကျင်မှုများ တိုးတက်လာခဲ့သည်ဟု ရွေးချယ်ခြင်း ခံရသူ ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခေါန်ဂျာက ပြောသည်။

“ကျမရဲ့အမြင်က ခုလိုမျိုးနေရာမှာက ကျွမ်းကျင်မှုအပေါ် မူတည်ပြီးတော့ ရွေးချယ်ဖို့ လိုတယ်။ လူမှုဖွံ့ဖြိုးရေး (Community Devolopment) လုပ်ငန်းမဟုတ်ဘဲ ကချင်အမျိုးသားရေးတည်ဆောက်(Nation Bulding)ဖို့ ဖြစ်တဲ့အတွက် လိုအပ်တဲ့နေရာမှာ အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ ကျွမ်းကျင်တဲ့လူတွေ ပါဝင်ဖို့ လိုပါတယ်”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကချင်အမျိုးသားများ၏ အခန်းကဏ္ဍကို သိရှိရန်နှင့် ထိုအခန်းကဏ္ဍများကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ကြိုတင် ပြင်ဆင်သောအနေဖြင့် ကချင်အမျိုုးသား တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်နေ့ထိ ကျင်းပရခြင်း ဖြစ်သည်ဟု ဆွေးနွေးပွဲအပြီး သဘောထား ထုြတ်ပန်ချက်တွင် ဖော်ပြထားသည်။ မူလက ကချင် အမျိုးသား ညီလာခံ ဟု ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း အာဏာပိုင်များက ပိတ်ပင်ခဲ့သောကြောင့် ကချင်အမျိုးသား တွေ့ဆုံပွဲ ဟု အမည်ပြောင်း ကျင်းပခဲ့ရသည်။

ကချင်နိုင်ငံရေးဆွေးနွေးမှုများတွင် ယခင်က အမျိုုးသမီးများ ပါဝင်ဆွေးနွေးခြင်း မရှိဘဲ ယခုနောက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ကလည်း ပြီးခဲ့သည့် ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် တက်ရောက်မည့် ကိုယ်စားလှယ်များထဲတွင် ကချင်အမျိုးသမီး အစည်းအရုံး (KWA) ထိပ်ပိုင်း ခေါင်းဆောင် ၃ ဦးကို ထည့်သွင်းခဲ့သည်။

ထို့ပြင် လက်ရှိ အစိုးရနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်အတွက် KIO နှင့် အရပ်သားများဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ် အကြံပေးအဖွဲ့(SMJH)တွင်လည်း အနည်းဆုံး အမျိုးသမီး ၄ ဦးပါဝင်သည်။

ယခု ကချင်အမျိုးသား တွေ့ဆုံပွဲမှ ကချင်အမျိုးသမီး ကိုယ်စားလှယ် ထက်ဝက်ခန့် ရွေးချယ်လိုက်ခြင်းဖြင့် ကချင်လူမျိုး ရေးရာ လုပ်ငန်းများတွင် ကချင်အမျိုးသမီးများ အနေဖြင့် အမျိုးသားများနှင့် တန်းတူ ပါဝင်ခွင့်ရရှိလာခြင်းဖြစ်သည်။

 

 

Related Articles