Home ဆောင်းပါး ချစ်သူ အတွက်

ချစ်သူ အတွက်

ပစ်တိုင်းထောင်မ (ရန်ကုန်)။              ။

“ကိုယ့်ကို ချစ်တဲ့ သူက လက်ဆောင်ပေးလာရင် အရမ်းပျော်တယ်။ ဝမ်းသာတယ်။ ကိုယ့်ဘက်ကလည်း သူတောင်းဆိုတာကို ပေးနိုင်သမျှတော့ ပေးမယ်”

ချိုချိုသန်းလို့ခေါ်တဲ့ ဆယ်ကျော်သက် ကလေးမလေးက တယ်လီဖုန်းကနေ ချစ်သူများနေ့ အကြောင်း  ပြောပြနေတာ ဖြစ်ပါတယ်။

ချိုချိုသန်း ခေါ် ချိုသန်းက အသက် ၁၈ နှစ် အရွယ် ၁၀ တန်း ကျောင်းသူ တယောက်ဖြစ်ပါတယ်။

ဖေဖော်ဝါရီ လ ၁၄ ရက်နေ့ဟာ ဆိုရင် ချစ်သူများနေ့လို့ သတ်မှတ်ထားတဲ့ ရက်လေးတရက်ဖြစ်ပါတယ်။ ချစ်သူများနေ့လို့ ဆိုလိုက်တာနဲ့ ခုခေတ် လူငယ်တွေ အတော်များများ သိကြပါတယ်။

ချစ်သူများနေ့ကျင်းပမှုတွေက အနောက်တိုင်းယဉ်ကျေးမှုက စတင်လာခဲ့တာ ဖြစ်ပြီး  “မြန်မာနိုင်ငံမှာတော့ ၁၉၉၀ ဆယ်စုနှစ်လယ်လောက်ကစ တဖြည်းဖြည်း ခေတ်စားလာတယ်”လို့ ဧရာဝတီ အွန်လိုင်း ဆောင်းပါး တစ်ပုဒ်မှာ  ဖော်ပြပါတယ်။

နိုင်ငံတကာမှာတော့ ချစ်သူများနေ့ကို St. Valentine’s Day (သူတော်စင် ဗယ်လင်တိုင်း နေ့) မှာ ကျင်းပကြတာပါ။

ဒဏ္ဍာရီတစ်ခု အရ Valentine (ဗယ်လင်တိုင်း) ဟာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းလာတဲ့  ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး၊ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ်-၂က တိုင်းပြည်မှာ ရှိသမျှ  အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှု့ထမ်းစေတဲ့ အခါမှာ  သူတော်စဉ် Valentine ဟာဘုရင် ကလောဒီးယပ်စ်တားမြစ်ထားတဲ့ စစ်မှု့ထမ်းသူ လူငယ်များအား သူတို့၏ ချစ်သူများနှင့် ဥပဒေ အပြင်ဘက်မှ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ ဘုန်းတော်ကြီး၊ Valentine ရဲ့ လုပ်ရပ်တွေကို  ဘုရင်သိသွားသည့် အခါ ဘုန်းတော်ကြီးကို  သေဒဏ်ချမှတ် ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်တွင် သူတော်စင် ဗယ်လင်တိုင်းနေ့ကို ဖေဖော်ဝါရီလ ၁၄ရက်နေ့ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံက ချစ်သူစုံတွဲတွေကတော့ ချစ်သူများနေ့ကို နားလည်မှု အမျိုးမျိုး၊ ရင်ခုန်မှု အမျိုးမျိုးနဲ့ စောင့်မျှော်နေခဲ့ကြပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့က ကြာဖူး(အမည်လွဲ)ကတော့ ချစ်သူများနေ့ရဲ့ အကြောင်းကို အခုလို ရှင်းပြပါသေးတယ်။

“အမှန်တကယ်တော့ ချစ်သူများနေ့ ကို ကောင်းကောင်း စသိတာ ၁၀ တန်း နှစ်ပေါ့။ ဘယ်လို နားလည် လည်းဆိုတော့ ချစ်သူရှိတဲ့သူတွေ ချောကလက်တွေဝေ၊ နှင်းဆီပန်းတွေပေး၊  အရုပ်တွေပေး ကြတယ်ပေါ့နော်။ အဲလိုနားလည်တယ်။ ချစ်သူတွေ လက်ဆောင်ပစ္စည်းတွေ လဲကြတယ်ပေါ့ အဲလိုမျိုးသိထားတယ်။”

“နောက်တခု ရည်စား ချစ်သူ ရှိတဲ့လူတွေက အထိမ်းအမှတ်အနေနဲ့ ဆင်တူ အင်္ကျီဝတ်ပြီး လျှောက်လည်မယ်။ ဒါက အရင်က သိထားတာ။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ သူများတွေပြောတာရော ဆောင်းပါးတွေ ဖတ်ဖူး တာရော ပေါ့နော် ရည်စားအချင်းချင်းမှ မဟုတ်ဘူးလို့ ပြောတယ်ပေါ့နော် ကိုယ်ချစ်တဲ့သူ အချင်းချင်း မိဘ၊ ညီကိုမောင်နှမ၊ သူငယ်ချင်းချင်းလည်း ချစ်သူများနေ့မှာ အကျုံးဝင်ပြီး ပျော်ပျော်နေလို့ရတယ်။ လုပ်လို့ ရတယ်ဆိုတာ အခုနောက်ပိုင်း ပြောတာ ကြားဖူးတယ်။ ကိုယ်တိုင်တော့ ကြုံဖူးတာမဟုတ်ဘူးပေါ့နော်”လို့ ကြာဖူးက ဆက်ပြောပါတယ်။

ချစ်သူများနေ့မှာ အလွန်အကျူး ဖြစ်လို့ အခက်ကြုံရတဲ့ ချစ်သူ စုံတွဲတွေ အကြောင်း ကြားဖူးတယ်လို့ ကြာဖူး(အမည်လွဲ)က ပြောပြပါသေးတယ်။

“နောက်တခုက အင်တာနက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အကိုတယောက်နဲ့ ခင်ဖူးတယ်။ ဒါကလည်း ကျမ သူငယ်ချင်းက တဆင့် ခင်ကြတာပေါ့။ အဲအကို စုံတွဲက ချစ်သူများနေ့မှာ ဟိုတယ်မှာ လွန်လွန်ကျူးကျူးတွေ ဖြစ်ကြပြီး မယူလို့မရတော့သလိုဖြစ်တယ်။ ဗိုက်ကြီးတာတော့မဟုတ်ဘူး။ အတူနေဖြစ်သွားလို့ မယူလို့မရတဲ့ အနေအထားမှာ ဖြစ်လာတော့ ကျမတို့ ရုံးက အမတယောက်ကို အကူအညီလာတောင်းတယ်။ အသိသက်သေနေရာကနေ လက်မှတ်ထိုးပေးဖို့ပေါ့နော်။ အဓိကတော့ ချစ်သူများနေ့မှာ ဖြစ်သွားတဲ့အတွက် အခုလို လက်ထပ်လိုက်ရတဲ့ အဖြစ်ပေါ့။ သူတို့ အတွဲက အွန်လိုင်းကနေ ချစ်သူတွေဖြစ်ကြပြီး ချစ်သူများနေ့ မှာ အခုလိုမျိုးဖြစ်သွားကြတယ်ပေါ့”။

ဒီအဖြစ်လေးကတော့ ချစ်သူများနေ့ကို အကြောင်းပြုပြီး လက်ထပ် လိုက်ရတဲ့ စုံတွဲရဲ့ ဖြစ်စဉ်ပါ။

ချစ်သူများနေ့ မှာ တရက် ပျော်ရွှင်မိကြတဲ့ စုံတွဲတွေ ရည်ရွယ်မထားတာတွေ ဖြစ်မလာစေဖို့ ပညာပေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိလာနေပါတယ်။

ညီညွတ်သော အမျိုးသမီးများ (United Women) အဖွဲ့က ဦးစီးပြီး ဖေဖော်ဝါရီ ၁၁ ရက် ၁၂ ရက် ၁၃ ရက်နေ့တွေမှာ ၆၂ လမ်း ဗိုလ်ချုပ်ပန်းခြံရှေ့ မန္တလေးမြို့မှာ ၃ရက်တာ ချစ်သူများနေ့ မတိုင်မှီ ကမ်ပိန်းလေး တခု လုပ်ခဲ့တယ်လို့ United Women အဖွဲ့ တာဝန်ခံ မသဇင်အေးက ပြောပါတယ်။

ကမ်ပိန်းရဲ့ အဓိက ရည်ရွယ်ချက် မှာတော့ (၁) လိင်မှတဆင့် ကူးစပ်တတ်သော ရောဂါများ ကူးစက် မှုလျော့ကျစေရန် (၂) စိတ်ကြွဆေးပြား အန္တရာယ်နဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ဖျက်ချမှု (၃) ကာမ လိမ်လည်ရယူမှု လျော့ကျစေရန် ဆိုပြီး အချက် ၃ ချက်နဲ့ လုပ်ဖြစ်တယ် ဟု မသဇင်အေးမှပြောပါတယ်။

တချို့တွေမှာ ချစ်သူများနေ့ကို အကြောင်းပြုသလို ကတိတွေပေးပြီး လက်မထပ်ဖြစ်ပဲ မလိုလားအပ်တာတွေလည်းဖြစ်တယ်လို့ United Women တာဝန်ခံဖြစ်တဲ့ သဇင်အေးမှ အခုလို ရှင်းပြထားပါတယ်။

“လက်မထပ်သေးပဲ အတူနေတဲ့ လူတွေ ဒါလူ့အခွင့်အရေး ရှု့ထောင့်ကကြည့်ရင်တော့ ဒါ သူ့အခွင့်အရေး၊ ဒါဟာ သူရဲ့ လွတ်လပ်ပိုင်ခွင့်ဖြစ် တယ်။ သို့သော်လည်း အမျိုးသားတွေက တချိန်ချိန်မှာ လက်ထပ်မှာပဲ တချိန်ချိန်မှာယူမှာပါဆိုပြီး ကတိ အကြိမ်ကြိမ်ပေးထားခဲ့တယ်။ ဒီလိုပေးပြီးတော့မှ ထားသွားကြတယ်။ ဒါဟာ ကာမ လိမ်လည်မှုကို ရယူတာ ဖြစ်တယ်။ လက်ထပ်ယူပါမယ်ဆိုပြီးကတိတွေပေးပြီး အတူနေတဲ့ အတွဲတွေ ဘယ်လောက်တောင် ရှိပြီလဲ။ အဲဒါကြောင့်မို့ ကျမတို့က ကာမရယူလိမ်လည်မှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့လက်ကမ်းစာဆောင်တွေ ပေးတာ ဖြစ်တယ်။ ကာမရယူလိမ်လည်မှုမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၁၇ (အဲဒါက အမျိုးသမီးတယောက်ကို လက်ထပ်ပေါင်းသင်းပါမယ်ဆိုပြီးတော့ လက်မထပ်ရင်) ဒီပုဒ်မမြှောက်ပါတယ် ပြစ်ဒဏ်အနေနဲ့ကတော့ ထောင် ၃ နှစ် အထိ တမျိုးမျိုး ဒဏ်ငွေလည်း ဖြစ်နိုင်တယ်ပေါ့”။

ချစ်သူများနေ့မှာ စုံတွေ့ကြမယ့် ချစ်သူ စုံတွဲတွေ အတွက်တော့ ကာမလိမ်လည်မှုနဲ့ ကူးစက်ရောဂါတွေ ကင်းဝေးစေဖို့ မသဇင်သင်းက သတိပေးလိုက်ပါတယ်။

“ကာမလိမ်လည်မှုနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ထားတာတော့မရှိပါဘူး။ ကျမတို့အဖွဲ့က အမျိုးသမီး များကိုအကြမ်းဖက်မှုရပ်တန့်ရေး လုပ်ဆောင်နေတာ။ ဒီလိုမျိုး လိမ်လည်ပြီးတော့မှ လက်မထပ်တာတွေ အများကြီးရှိတယ်။ လူငယ်တွေထဲမှာ အထူးသဖြင့် အမျိုးသမီး လူငယ်တွေအထဲမှာ အများဆုံးရင်ဆိုင် ကြုံ တွေ့နေရတယ်”။

ဘယ်လိုပဲဖြစ်စေ ချစ်သူ စုံတွဲတွေကတော့ ချစ်သူများနေ့အတွက် ရင်ခုန် မျှော်လင့်နေကြပါတယ်။

အသက် ၂၄ နှစ်အရွယ် မျိုးချစ်ဇော်ကတော့ ချစ်သူများနေ့ ဆိုတာ ကိုယ့်ချစ်တဲ့လူတွေ အကုန်လုံးကို သင့်မြတ်အောင်နေမယ်။ လက်ဆောင်တွေပေးမယ်။ ကိုယ်ချစ်တဲ့ သူကို ချစ်တဲ့အကြောင်း ပြောနိုင်တဲ့နေ့လို့ သူထင်တယ်လို့ ပြောပါတယ်။

သူကတော့ ရည်းစား အသစ်လေးနဲ့ အတူ လျောက်လည်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“သူနဲ့ ရည်စားဖြစ်တာကတော့ ၂ လကျော်လောက်ပဲရှိ သေးတယ်။” လို့ မျိုးချစ်ဇော်က  ပြောပြပါတယ်။

“သူ့အတွက် ထုံးစံအတိုင်း ချောကလက်နဲ့ နှင်းဆီပန်း ပေးဖို့ စီစဉ်ထားတယ်။ မနက်ဖြန် လျှောက်လည်ဖြစ်မယ်”

Related Articles