Home သတင်း နွေအပူချိန်ထက်ဆိုးသည့် စစ်ကောင်စီပေးတဲ့ စစ်မှုထမ်းအပူမီး

နွေအပူချိန်ထက်ဆိုးသည့် စစ်ကောင်စီပေးတဲ့ စစ်မှုထမ်းအပူမီး

နွေဦးမောင်

ရွာသူ၊ ရွာသားအချို့ အထုပ်ကိုယ်စီဖြင့် တစ် သုတ်ပြီး တစ်သုတ် ထွက်ထွက်လာသည်ကို မအမာတို့ ဇနီးမောင်နှံ သတိပြုမိပေမယ့် အစပိုင်းတွင် စူးစမ်းမေးမြန်းခြင်းမပြုမိခဲ့ပါ။

နောက်တော့ ရပ်ရွာနေပြည်သူများ ကိုယ့်အစုလေးနှင့်ကိုယ် ရွာပြင်သို့ တဖွဲဖွဲထွက်လာနေသည်ကို အဆက်မပြတ်မြင်တွေ့လာရပါတယ်။

သည်အခါမှ “ဟဲ့ ဘာတွေဖြစ်နေကြတာလဲ၊ ဘယ်သွားကြမလို့လဲ”ဟု ဟိုဟိုဒီဒီ မေး မြန်းကြည့်ပြီး အကြောင်းစုံ ကိုသိလာရတာပါ။

ရွာသူ၊ ရွာသားများ ကိုယ့်အိမ်ကို မနေရဲဘဲ ရွာပြင်တောစပ်သို့ ခပ်သုတ်သုတ် ထွက်လာနေခြင်းမှာ အခြားကြောင့် မဟုတ်ပါ။ အာဏာသိမ်းစစ်အုပ်စု၏ မထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေ ဂရက်ကြောင့်ဖြစ်ပါတယ်။

ပို၍တိတိကျကျဆိုရလျှင် မအမာတို့နေထိုင်ရာ မကွေးတိုင်းထဲက နယ်မြို့နယ်လေးတစ်ခုတွင် ယင်းစစ်မှုထမ်း ဥပဒေကို အသက်သွင်းလာတာကြောင့် ဖြစ်ပါတယ်။ ထိုနေ့က မအမာတို့ရွာလေးသို့ တပ်သားသစ်စုစောင်းရေး အတွက် စစ်ကောင်စီတပ်သားများ လာရောက်မည်ဟူသော သတင်းစကားကြောင့် ရွာသူ၊ ရွာသားများ ရွာပြင်သို့ တသုတ် တရိုက်ထွက်လာနေကြခြင်းပါ။

အကြောင်းအရင်းကို သိလာရသည့်ခဏ မအမာတို့ဇနီးမောင်နှံနှစ်ဦးလည်း လုပ်လက်စ ပဲပင်များ ရေလောင်း သည့် အလုပ် ကိုရပ်ကာ အိမ်သို့ အပြေးတပိုင်း ပြန်ပါတော့တယ်။ ပြီးလျှင် အဝတ်အစားနှင့် စားစရာ အနည်း ငယ်ထည့်ကာ အထုပ်အပိုးပြင်ပြီးဆွေမျိုး သားချင်းအချို့နှင့် တိုင်ပင်၍ အများနည်းတူ ရွာ့မြောက်ဘက် တောထဲသို့ သွားရောက်ပုန်းခိုရန်ဆုံးဖြတ်လိုက်ကြပါတယ်။

ပဲခူးတိုင်းအတွင်း ကျေးရွာတစ်ရွာတွင် စစ်မှုထမ်းရန် မဲစနစ်ဖြင့် အင်အားစုစောင်းရန်လာသော စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် ဒေသခံပြည်သူအချို့
Photo Credit – CJ

အားလုံးပြင်ဆင်ပြီးသည်နှင့် ကလေးရော၊ ခွေးပါမကျန် တောစပ်သို့ ထွက်လာလိုက်ကြပါတယ်။ ရွာထဲတွင် သက် ကြီးရွယ်အိုအချို့နှင့် ကျန်းမာရေးမကောင်းသူအချို့လောက်သာ ကျန်ရစ်ခဲ့ပါတော့တယ်။

ဆိုရလျှင် အာဏာသိမ်းစစ်အုပ်စုသည် စစ်မျှက်နှာတိုင်းလိုလို၌ စစ်ရှုံး၍ တပ်အင်အား လျော့နည်းလာပြီဖြစ်ကာ တပ်သားသစ်များ အရေးပေါ် လိုအပ်လာနေပြီ ဖြစ်သလို  အခြားတဖက်တွင်လည်း စစ်ရှုံးကာ အလံ ဖြူထောင် လက်နက်ချအညံ့ခံခြင်း၊ ပြည်သူ့ဘက်ပေါင်း၍ CDM ပြုလုပ်ခြင်းများကြောင့် တပ်အင်အား သိသိ သာသာလျော့ နည်းလာနေသည်မှာ ပကတိအရှိတရားတစ်ခုဖြစ်ပါတယ်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက် ဝင်လာပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ မအမာတို့ မကွေးတိုင်းတွင်သာမကာ နိုင်ငံတဝှမ်း ယင်းဥပဒေကို အ သက် သွင်း အကောင် အထည်ဖော်လျှက်ရှိရာ ပြည်သူအများစုမှာတစ်ပူပေါ် နှစ်ပူဆင့် ဖြစ်လာရပါတယ်။

စစ်ကောင်စီထုတ်ပြန်သော ကိန်းဂဏန်းများအရ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အကြုံးဝင်ပြီး စစ်မှုထမ်းရန် အ သက်ပြည့်ပြီးသူဦးရေမှာ နိုင်ငံတစ်ဝှမ်း ၁၃ သန်းမျှရှိသည်ဟုဖော်ပြထားပါတယ်။အမျိုးသားဦးရေ ၆ ဒ သမ ၃ သန်းနှင့် အမျိုးသမီးဦးရေ ၇ ဒသမ ၇ သန်းရှိကြောင်းထည့်သွင်း ဖော်ပြထားပါတယ်။

ထို့အရာတွေကြောင့် တစ်နိုင်ငံလုံးရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရောက်ရှိနေသော အမျိုးသားများနှင့် အ သက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိတဲ့ အမျိုးသမီးများမှာ မိမိဆန္ဒမပါဘဲ စစ်မှုထမ်းရမည်ကို စိုးကြောက်နေကြ ရပါတယ်။

မအမာတို့ဇနီးမောင်နှံမှာ ထိုဥပဒေအရ ကင်းလွတ်ခွင့်ရှိသည့် အသက်အပိုင်း အခြားသို့ရောက်နေပြီ ဖြစ်သော် လည်း ဒေသတွင်း ပြန့်နှံ့နေသော သတင်းများကြောင့် ရတက်မအေးနိုင်ပဲဖြစ်နေရတဲ့အကြောင်းမှာ သူတို့ နယ် မြို့လေးတွင် စစ်မှုထမ်းရန် မဲစနစ်ဖြင့် စစ်ကောင်စီတပ်သားများက ရွာစဥ်လှည့်၍ လုပ်ကိုင်လာတာကြောင့်ပါ။

စစ်မှုထမ်းဥပဒေတွင်အကြုံးဝင်သည့် သားဖြစ်သူ အဝေးရောက်နေပါက ဖခင်က လူစားထိုး စစ်မှုထမ်း ရမည်၊ ညီကိုရင်းချာရှိပါက အစ်ကိုအစားညီ၊ ညီအစား အစ်ကိုဖြစ်သူ အစားဝင်ရမည်ဟု စစ်ကောင်စီက အတင်းအ ကျပ် လုပ်လာတာတွေကြောင့်သူတို့လင်မယားမှာ ကလေးနှစ်ဦးကိုလက်စွဲပြီး တောထဲသို့ ပြေးလာရခြင်း ဖြစ်ပါ တယ်။

စစ်မှုထမ်းရန် လူစားထိုးလိုက်ရမည့်ဖြစ်စဥ်ကို ကိုယ်တွေ့ကြုံရသူမှာ မနန္ဒာတို့ ဇနီး မောင်နှံ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်သာရှိသေးသည့် မနန္ဒာဟာ မအမာတို့မကွေးတိုင်းနှင့် နယ်မြေထိစပ်နေသည့် ပဲခူးတိုင်းအတွင်း နေထိုင်သူပါ။သူတို့အိမ်ထောင်သက်မှာ တစ်နှစ်ကျော်မျှသာရှိသေးရာ ညားကာစ ပူပူနွေးနွေးဇနီး မောင်နှံဖြစ်ပါတယ်။ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် စလယ်ဝင်ဖင်မမဲခင်က ခွဲရမည့်အဖြစ်နှင့် ကြုံနေကြရပါတယ်။

အကြောင်းအရင်းမှာ မနန္ဒာ၏ ခင်ပွန်းဖြစ်သူတွင် ညီအစ်ကိုသုံးယောက် ရှိပြီးသူ့ခင်ပွန်း၏ အစ်ကိုကြီးနှင့်အစ်ကို လတ်မှာ ပြည်ပနိုင်ငံတစ်ခုသို့ ရောက်နေကြပါတယ်။သူတို့ရပ်ရွာ၌ စစ်မှုထမ်းရန် မဲနှိုက်ရာတွင် အကြီးဆုံး အစ် ကိုကတပ်ထဲဝင်ဖို့မဲပေါက်ခဲ့ပါတယ်။

အစ်ကိုကြီးရော၊ အစ်ကိုလတ်ပါ အဝေးရောက်နေတာကြောင့် အိမ်တွင်ကျန်ရစ်သည့်သူရဲ့ခင်ပွန်းမှာလူစား ထိုး စစ်မှုထမ်းရန် အကြောင်းဖန်လာပါတော့တယ်။ စစ်ကောင်စီခန့် အုပ်ကြီးဆိုသူတွေက “အစ်ကိုမရှိရင် ညီလိုက် ရမယ်”ဟု မနန္ဒာတို့ကို ဖိအားပေးလာခဲ့တာပါ။ အသက် ၂၁ နှစ်သာရှိသေးသည့် သူ့ခင်ပွန်းမှာ အိမ်တွင် မိသား စုနှင့် ဆက်မနေရဲတော့ဘဲ အဝေးတစ်နေရာသို့ ရှောင်တိမ်းသွားရန်ဆုံးဖြတ်လိုက်ရပါတယ်။

“အဲဒီ​ေ-ွးတွေလာမခေါ်ခင် ကိုယ်က ဦးအောင်လွှတ်ရတော့တာပဲ”ဟု လင်မယားချင်းခွဲခွာခဲ့ရပုံကို မနန္ဒာကရင် ဖွင့်ပါတယ်။

လတ်တလောတွင် စစ်ကောင်စီက အမျိုးသမီးတပ်သားသစ်များ ခေါ်ယူခြင်းမရှိသေး၍ အနည်းငယ် နေသာရာရ သေးသော်လည်း  စိတ်ချလက်ချ မနေဝံ့၊ အမြဲနားစွင့်နေရသည်ဟု မနန္ဒာကဆိုပါတယ်။

စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး စစ်ကောင် စီက အောက်ခြေတွင် အသက်သွင်းနေသည့်ပုံစံမှာရပ်ကွက်၊ ကျေး ရွာများ၌ တပ်သားသစ်စုစောင်းရာတွင်မဲနှိုက်သည့်စနစ်ဖြင့် လူရွေးချယ်နေခြင်းဖြစ်ပါတယ်။

ရပ်ရွာအတွင်း အသက်ပြည့်ပြီးစစ်မှုထမ်းဥပဒေနှင့်အကြုံးဝင်သူအားလုံးကိုဆင့်ခေါ်၍ အလှည့်ကျ မဲနှိုက် စေ ခြင်းဖြစ်ပါတယ်။

စုံစမ်းသိရှိရသော အခြေအနေများအရ ရပ်/ကျေးတစ်ခုလျှင် တပ်သားသစ်အနည်းဆုံးတစ်ဦးမှ ငါးဦးခန့်အထိ ပေါက်မဲများထည့်ထားသည်ဟုဆိုပါတယ်။(ထိုကိန်းဂဏန်းအရေအတွက်မှာ ဒေသအခြေအနေပေါ်မူတည်၍ အပြောင်း အလဲရှိနိုင်ပါတယ်။)

ကနဦးတွင် ရပ်/ကျေးတစ်ခုလျှင် သတ်မှတ်တပ်သားသစ်ဦးရေ ပေးပြီးပါက တစ်လ(သို့) နှစ်လခန့်အထိ ထိုရပ်/ ကျေးမှ လူစာရင်းပေးရန် မလိုတော့ပါ။ သို့သော် မဲပေါက်၍ဖြစ်စေ၊ မိမိဆန္ဒအရ တပ်ထဲဝင်သည်ဖြစ်စေ ထိုသူ များကို ရပ်ရွာမှ ငွေကြေးပံ့ပိုးရလေသည်။ ထိုငွေကြေးပံ့ပိုးခြင်းကို စစ်ကောင်စီခန့် ရာအိမ်မှူးများနှင့် အုပ်ချုပ် ရေးမှူးများက တာဝန်ယူကောက်ခံကြတယ်လို့ဆိုပါတယ်။

ယင်းဖြစ်စဥ်ကို ကိုယ်တိုင်တွေ့ကြုံရသည့် ပဲခူးတိုင်း၊ နယ်မြို့တစ်မြို့မှ မနွေဦးက ယခုလို ရှင်းပြပါတယ်။

“သူတို့ကတော့ အဲဒီငွေကို ခွဲတမ်းကောက်တယ်လို့ ပြောတာပေါ့။ စစ်ထဲပါသွားတဲ့သူရဲ့ ကျန်ရစ်တဲ့မိသားစုအတွက် ထောက်ပံ့ငွေကို တစ်ရပ်ကွက်လုံးက စုခံရတာ”လို့ပြောပါတယ်။

သူတို့မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များ၌ စစ်မှုထမ်းရန်ပါသွားသူများ၏ မိသားစုထံထောက်ပံ့ရန်ဟုဆိုကာ တစ် အိမ်ထောင်လျှင် ငွေကျပ် ၂၅,၀၀၀ စီ ထည့်ဝင်ကြရကြောင်း မနွေဦးက ဆက်ပြောပါတယ်။

ထိုပမာဏသည် တပ်သားတစ်ယောက်စာသာဖြစ်ပြီး နောင်တွင် မိမိနေထိုင်ရာ ရပ်/ကျေးမှ လူစာရင်းအသစ် ထပ်ထွက်လာပါက အဆိုပါ ခွဲတမ်းငွေ ထပ်မံကျခံရနိုင်ကြောင်း အုပ်ကြီးနှင့် ရာအိမ်မှူးများက ရှင်းပြသွားသည် ဟု မနွေဦးကဆိုပါတယ်။

မကွေးတိုင်းထဲက သားနှစ်ယောက် မိခင် ဒေါ်ဆင့်ကတော့ မည်သည့်ထောက်ပံ့ကြေးမှ မလိုချင်ဟု ရင်ဖွင့်ခဲ့ပါတယ်။ သူ့သားအငယ်ကောင်မှာ ရွာ၌မဲနှိုက်စဥ် ပေါက်မဲနှင့် တိုးသွားခဲ့ပြီးစစ်ကောင်စီပေးသည့် ထောက်ပံ့ကြေး မက်လုံးထက် သူ့သား၏ အသက်ကိုသာ ပဓာနထားကြောင်း ဒေါ်ဆင့်က လုပ်ရပ်နှင့် သက်သေပြခဲ့တာပါ။

အကြောင်းမူ လသားအရွယ်မြေးနှင့် ချွေးမကို သူ့ထံခေါ်ထား၍ သားဖြစ်သူကို လွတ်မြောက်နေမြေတစ်ခုသို့ စေလွှတ်ခဲ့ပါတယ်။

မအမာဆိုလျှင်လည်း ရွာသို့ မဲနှိုက်ခိုင်းရန် စစ်တပ်လာမည်ဟု ကြားသိယုံမျှနှင့်ပင် အိုးပစ်၊ အိမ်ပစ် ထွက်ပြေး ခဲ့သူပါ။ယခုဆိုလျှင် ထူးခြားသည့်နွေအပူချိန်ကျရောက်မည့်ဒေသများတွင် မအမာတို့ မကွေးတိုင်းလည်း ပါနေ တာပါ။

သို့တိုင် အညာနွေပူပူတွင် သားနှင့်သမီးကို လက်စွဲကာ သူတို့ဇနီး မောင်နှံနှစ်ဦး တောတောင်ထဲတိမ်းရှောင်လာခဲ့ ပါတယ်။ ဤသည်ပင်လျှင် နွေ၏ ထူးခြားအပူရှိန်ထက် စစ်ကောင်စီပေးသည့် သောကအပူက ပြည်သူလူထုကို ပို၍ လောင်မြိုက်စေသည်ဆိုတာကို သက်သေထူနေပါတော့တယ်။

Author:

Related Articles