Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

သြဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ဖမ်းဆီးခံရ

အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စစ်တပ်က သြဂုတ် ၁၅ ရက်မှာဖမ်းခေါ်သွားပြီး ချက်ခြင်းနိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲက ထောင်အချုပ်ကိုပို့ခဲ့တာ ဖြစ် တယ်။

မည်သည့်အတွက်ကြောင့် ဖမ်းတယ်ဆိုတာမသိရပေမယ့် သူဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်က ကျောင်းသားလူငယ်တွေ ဦးဆောင်ပြုလုပ်တဲ့စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို တက်ရောက်ဟောပြောခဲ့တာကြောင့်ဖြစ်နိုင်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒေါ်‌ညိုအေးဟာ ရခိုင်အမျိုးသမီးကွန်ရက်ကို တည်ထောင်သူဖြစ်ပြီး စစ်ဘေးရှောင်အမျိူးသမီးတွေ၊ မုန်တိုင်းဒဏ်သင့်သူ တွေကို ကူညီပေးနေသူတစ်ဦးဖြစ်တယ်။

Source – Delta News Agency   

ပင်လယ်ဘူးမှာ ကိုယ်ဝန်ဆောင်နဲ့ နယ်ခံ ၃ ဦး သတ်ဖြတ် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မှာရှိတဲ့ ရွှေတူးဖော်ရေးလုပ်ကွက်တစ်ခုကို စစ်တပ်သား ၁၀၀ ခန့် ဝင်ရောက်စီးနင်းပြီး ကိုယ်ဝန်ဆောင်နဲ့ အမျိုးသား ၃ ဦးကို သြဂုတ်လ ၁၄ ရက်မှာ သတ်ဖြတ်မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။

မြို့တောင်ဘက် ၇ မိုင်ခန့်၊ မူလဲရွာအနီး ကောလင်း-ပင်လည်ဘူး ကားလမ်းနဘေး မူလဲရွာတောင်ဘက်ကပ်လျက်ရှိ နန့်တဟောက်ချောင်းပေါ်မှာ တည်ရှိတဲ့ဒီလုပ်ကွက်မှာ နေထိုင်သူ ၁၂ ဦးကို စစ်တပ်က ဖမ်းဆီးကာ တချို့ကို ပြည်သူ့ ကာကွယ် ရေးတပ်မတော် (PDF)နဲ့ ဆက်စပ်မှုသံသယနဲ့ သတ်ဖြတ်သွားတာဖြစ်တယ်။

သေဆုံးသူတွေက၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် မဝိုင်းဝိုင်း၊ ဖခင် ရွှေကျင်းပိုင်ရှင် ဦးစက်လှိုင်၊ အသက် ၂၁ နှစ်အရွယ် တွေဖြစ်တဲ့ကိုရှမ်းလေး၊ ကိုညီညီတို့ သတ်ဖြတ်ခံခဲ့ရတာပါ။ စစ်သားတွေက အလောင်းတွေကို အနားရှိတဲထဲထည့်ပြီး မီးရှို့ သတ်သွားတာဖြစ်တယ်။ သေဆုံးသူမဝိုင်းဝိုင်းမှာ အသတ်ခံ ရချိန်မှာ ကိုယ်ဝန် ၈ လရှိပါပြီ။

ရုပ်အလောင်းများသည် မည်သူမည်ဝါမှန်း မသိအောင် မီးကျွမ်းပြီးဖြစ်သည်၊ ရုပ်အလောင်းတစ်ခု၏ ဗိုက်ထဲမှ ကလေးထွက်ကျလာသဖြင့်သာ ကိုယ်ဝန်ဆောင်ရုပ်အလောင်းဖြစ်မှန်း အတည်ပြုနိုင်သည်ဟု အထက်ပါ PDF တာဝန်ခံက ပြောသည်။

Source – Myanmar Now

နိုင်ငံရေးစာသားမျှဝေလို့ဆိုပြီး အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၆ ဦးဖမ်းဆီးခံရ

စစ်ရေးတင်းမာနေတဲ့ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က အင်းတော်မြို့မှာ မြို့တွင်းမြို့ပြင်တင်းကြပ်စွာစစ်ဆေးနေ တာကြောင့် ၁၀ ရက်အတွင်း အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၆ ဦးဖမ်းဆီးခံခဲ့ရပါတယ်။

သူတို့တွေကို ပြီးခဲ့တဲ့သြဂုတ်လ ၁၅ ရက်က လူမူကွန်ရက်မှာ နိုင်ငံရေးစာသားတွေမျှဝေလို့ဆိုပြီး ဖမ်းဆီးထားတာဖြစ်တယ် မြို့နယ်ရဲ့စခန်းမှာ ဖမ်းဆီးခံထားရတဲ့ ၆ ဦးကို မိသားစုနဲ့လည်းတွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ  အရင်က အင်းတော်မြို့အဝင်ထွက်မှာသာ စစ်ဆေးတာတွေပြုလုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်ကနေစပြီး မြို့နယ်ပညာရေးမှူးရုံးရှေ့နဲ့ မြို့အထွက်နားမှာ ထပ်မံစစ်ဆေးပြီး ပြည်သူတွေရဲ့ကား၊ ဖုန်း၊ ဆိုင်ကယ်တွေကို တင်းကြပ်စွာ စစ်ဆေးနေတာဖြစ်တယ်။

Source – DVB

ဆေးခန်းသွားပြတဲ့သားအမိနှစ်ဦး မီးရှို့သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကျွန်းချောင်းရွာကနေ ကလေးမြို့၊ တာဟန်းရပ်ကွက်က ဆေးခန်းသွားပြပြီး အပြန်မှာ စစ်တပ်နဲ့တိုးပြီး မီးရှို့ သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်။

သေဆုံးသူတွေဟာ အသက် ၅၀ အရွယ်ဒေါ်ဟွေးအီယာန်နဲ့ သူရဲ့သား အသက် ၃၀ အရွယ်ကိုစမြူရယ်တို့ဖြစ်ပြီး ကျွန်း ချောင်းရွာကနေ ကလေးမြို့ကို ဆိုင်ကယ်နဲ့အသွား ရွာအနီးအရောက်မှာ မီးရှို့သတ်ဖြတ်ခံခဲ့ရတာပါ။

စစ်သားတွေက ဆိုင်ကယ်နှစ်စီးနဲ့ သူတို့သားအမိကို လိုက်လံပစ်ခတ်ပြီး အလောင်းတွေကို မီးရှို့ခဲ့တာ ဖြစ်တယ်။  

Source – RFA

ရွှေဘိုမှာ မိုင်းထိလို့ အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊အမှတ် ၆ ရပ်ကွက်နဲ့ တဂဏန်းကျေးရွာအနီးမှာ သြဂုတ်လ ၁၇ ရက်က မိုင်းထိလို့ အမျိုးသမီး ၁ ဦးနဲ့ကလေးငယ်  ၁ ဦးအပါအဝင်  ၃ ဦးဒဏ်ရာရသွားခဲ့ပါတယ်။

ဒဏ်ရာရခဲ့တဲ့ ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်သန်းမြင့်တို့ဟာ ရွှေဘိုမြို့ကနေ တဂဏန်းကျေးရွာဘက်ကို ဆိုင်ကယ်မောင်းနှင်လာ ချိန် တဂဏန်းကျေးရွာအနီးအရောက်မှာ မိုင်းထိခဲ့တာဖြစ်တယ်။

အသက် ၁၄ နှစ်အရွယ်ကလေးငယ်ကတော့ လယ်ကွင်းထဲ နွားကျောင်းနေစဉ်မိုင်းထိမှန်ခဲ့တာပါ။ ဦးဝင်းမြင့်၊ ဒေါ်သန်းမြင့်၊ ကလေးငယ်တို့မှာ ဝမ်းဗိုက်၊ လက်ကောက်ဝတ်နဲ့ ပခုံးစတဲ့နေရာတွေမှာ မိုင်းစတွေ ထိမှန်ဒဏ်ရာရခဲ့တာဖြစ်တယ်။

ဇူလိုင်လ ၁၆ ရက် မနက်ပိုင်းကလည်း ရွှေဘိုမြို့ရှိ ရွှေဘိုမြို့မဈေးအတွင်း အိမ်သာအနီးငါးတန်းနေရာနားမှာ မိုင်း ၂ လုံးပေါက်လို့ ပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

Source – မြေလတ်အသံ

ဖမ်းဆီးလာသူထဲမှ အမျိုးသမီးနှစ်ဦးအပါအဝင် ၈ ဦးကို သတ်ဖြတ်ခံရပြီး အလောင်းစွန့်ပစ်ထား

စစ်ကိုင်းတိုင်း၊ ပုလဲနဲ့ ယင်းမာပင်အစပ်မှ ဖမ်းဆီးလာတဲ့ဒေသခံအရပ်သား ၁၀ ဦးအနက် အမျိုးသမီးနှစ်ဦးအပါအဝင် ၈ ဦး ကို စစ်တပ်က သတ်ဖြတ်ပြီး ရုပ်အလောင်းကို ချောင်းကူးတံတားပေါ်မှာစွန့်ပစ်ထားခဲ့တာဖြစ်တယ်။

စစ်တပ်က ပုလဲမြို့နယ် ငှက်ပျောတောကျေးရွာမှ အမျိုးသားနှစ်ဦး၊ ပုလဲနဲ့ မြိုင်မြို့နယ်စပ် စံပြကျေးရွာမှ အမျိုးသား တစ်ဦး၊ ပုလဲနဲ့ ယင်းမာပင်နယ်စပ် လယ်ငေါက်ရွာမှ အမျိုးသမီးအချို့အပါအဝင် ခုနစ်ဦးအား ဩဂုတ် ၉ရက်မှာ ဖမ်းဆီး သွားတာပါ။

ဒီစစ်ကြောင်းက ဝမ်ပေါင်ကြေးနီစီမံကိန်း၌ တပ်စွဲကာ အနီးပတ်ရှိကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေလို့ ဒေသခံ တွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်။

ဩဂုတ် ၁၅ ရက်ကလည်း ဆားလင်းကြီးမြို့နယ်အတွင်း ပစ်ခတ်မှုကြောင့် ယင်းမာပင်မြို့နယ် ပုသိမ် – မုံရွာကားလမ်းဘေး စစ်ရှောင်နေရတဲ့(၉)နှစ်သားအရွယ် မောင်ကျော်သီဟ ပွဲချင်းပြီးသေဆုံးကာ ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Source – People’s Spring

ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ လေးဦးသေဆုံးပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲက မြို့နယ်သုံးခု ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား လေးဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၅ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ဩဂုတ် ၁၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် သေဆုံးသူတွေက ၁၃ နှစ်အရွယ် စောအယ်ကလူထူး၊ ၁၆ နှစ်အရွယ် စောဘိုလို သီး၊ အသက် ၆၀ အရွယ် ဦးမောင်ထွေး၊ ၃၅ နှစ်အရွယ် ကိုသန့်ဇော်တို့ဖြစ်တယ်။

ဒဏ်ရာရသွားသူတွေကတော့ ကျောင်းဆရာမတစ်ဦးနဲ့ ကျောင်းသူတစ်ဦး၊ အရပ်သားအမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။

စစ်တပ်က နေ့ညအချိန်မရွေး လက်နက်ကြီးနဲ့ လှမ်းပစ်တာအပြင် ကားတွေနဲ့ လှည့်လည်ရင်း ကားပေါ်က လက်နက်ကြီးနဲ့ ရွာထဲကို ပစ်တာလည်းရှိတယ်လို့ သိရပါတယ်။

Source – RFA

ခင်ဦးမြို့မှာ စစ်တပ်က ၃ နှစ်ကလေးကို ပစ်သတ်ပြီး မိခင်ကိုဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ မြကန်သာရပ်ကွက်ရှိ မြို့ပြပြောက်ကျားတွေ နေထိုင်တဲ့အိမ်ကို စစ်တပ်က သြဂုတ်လ ၁၇ ရက်က ဝင်ရောက်ပစ်ခတ်ရာမှာ ၃ နှစ်ကလေးသေဆုံးခဲ့ပြီး အမွှာကလေးငယ်နဲ့ မိခင်ကိုတော့ ဖမ်းဆီးသွားတာဖြစ်တယ်။

ဒီအိမ်မှာ Black Eagle အမည်ရှိ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ နေထိုင်နေတာပါ။ စစ်တပ်ဝင်စီးရာမှာ ပြောက်ကျားအဖွဲ့ တစ်ဦးဖမ်းမိသွားပြီး ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ခေါင်းဆောင်တစ်ဦးနဲ့ အဖွဲ့ဝင် ၄ ဦးထွက်ပြေးလွတ်မြောက်သွားတာဖြစ် တယ်။

စစ်တပ်က သူတို့နေအိမ်ကို ဝင်စီးရာမှာ ၃ နှစ်အရွယ် သုတညီညီထက်၊ အိမ်နီးချင်း ဦးပိန်တို့ရဲ့ရုပ်အလောင်းတွေကို စစ်တပ်က ယူဆောင်သွားပြီး အမြွှာအစ်ကို သုတကိုကိုထက်နဲ့ မိခင်ဖြစ်သူ မသီတာဦး၊ မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦး ကို ဖမ်းဆီးသွားခဲ့တာဖြစ်တယ်။

Source – People’s Spring

ရှမ်းနီပြည်သူ့စစ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ပုတ်ကျေးရွာကို သြဂုတ် ၁၈ မနက်ပိုင်းက စစ်တပ် လက်အောက်ခံ SNA (ရှမ်းနီ) ပြည်သူ့စစ်တပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးနှစ်ဦးအပါအဝင် ပြည်သူ ၇ ယောက် ဒဏ်ရာရသွားခဲ့တယ်။

SNA ပြည်သူ့စစ်တပ်ဖွဲ့ဟာ သူတို့ တပ်စွဲထားတဲ့ သံယောဇဉ်ကုန်းကနေ ၆၀မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အမျိုး သမီး ၂ ယောက်နဲ့ အမျိုးသား ၅ ယောက်ဟာ ခန္ဓာကိုယ်အနှံ့အပြားမှာ လက်နက်ကြီးကျည်ထိမှန်ခဲ့တာဖြစ်တယ်။

Source – DVB

ဗုဒ္ဓဘာသာကို ညှိုးနွမ်းစေလို့ဆိုပြီး အသက်မပြည့်သေးတဲ့မိန်းကလေးတစ်ဦးအပါဝင် ၁၄ ဦးကို ဖမ်းဆီး

ပြီးခဲ့တဲ့ဇူလိုင်လက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဖော်ပြခဲ့တဲ့ “ဘာမှမမျှော်လင့်ပါနဲ့” (Don’t Expect Anything) ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းဟာ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာ‌တော်တွေကို ထိခိုက်စေပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတွေကိုလည်း ညှိုးနွမ်းစေတယ်လို့ဆိုကာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးအပါအဝင် ၁၄ ဦးကို ဖမ်းဆီးထားကြောင်း စစ်တပ်က ထုတ်ပြန်လာပါတယ်။

အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ရဲ့ဓာတ်ပုံကိုပါ ဖမ်းဆီးရမိမှု အခြေပြဇယားမှာ စစ်တပ်က ထည့်သွင်းဖော်ပြခဲ့ပြီး မိန်းကလေးငယ်အပါအဝင် လူ ၁၁ ဦးကို ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာတာဖြစ်တယ်။

ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer အပါအဝင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့မိန်းကလေးနဲ့ ဦးဇင်းဇာနိန္ဒစတဲ့ ၁၄ ဦးကို သြဂုတ် ၈ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူမယ်လို့ဆိုထားပါတယ်။

အခုဇာတ်လမ်းကို ဆွစ်ဇာလန်နိုင်ငံသားက ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်တွေရဲ့ သိက္ခာ၊ ကိုယ်ကျင့်တရားတွေကို ထိခိုက်ကျဆင်းစေတဲ့ စကားလုံးတွေကို ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ရိုက်ကူးတည်းဖြတ်ကာ ယူကျု့စာမျက်နှာ‌မှာ ဖော်ပြခဲ့ တာလို့ စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Source – BBC

ဖားကန့်မှာ လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရမှုမှာ အမျိုးသမီးတွေလည်းပါဝင်

တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် သတ်ဖြတ်မှုများပြားလာနေရာ ယခုလ အတွင်း လက်သည်မပေါ်ဘဲ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၅ ဦး သီးခြားစီသတ်ဖြတ်ခံထားရပါတယ်။

ဝှေခါရွာသူ အသက် (၂၂) နှစ်အရွယ် မကေသွယ်ဦးရဲ့အလောင်းကို ရွာအနီး တောတွင်းတစ်နေရာမှာ ရှာတွေ့ခဲ့တာ ဖြစ်တယ်။ မကေသွယ်ဦးရဲ့လည်ပင်းမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ။

အလားတူ ဩဂုတ် ၁၇ ရက်မှာလည်း လက်ပြန်ကြိုးတုပ်ပြီး သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့လူငယ် ၂ ဦးရဲ့အလောင်းကို ဖားကန့်မြို့ ယူမာရပ်ကွက်ရှိ လမ်းမပေါ်မှာ တွေ့ခဲ့ရတာဖြစ်တယ်။

ဒီလူငယ်နှစ်ဦးရဲ့လည်ပင်းမှာ“စစ်ခွေး၊ သူခိုး၊ ဓားပြ“လို့ ရေးသားထားတဲ့စာကို ချိတ်ဆွဲပေးထားပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေက သတ်သယောင်ဖန်တီးထားကြောင်း ဒေသခံ တွေက ပြောပါတယ်။

Source – Myanmar Now

ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် ဆရာမ နော်ဟေသီဂျူး

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လုပ်ကြံခံခဲ့ရတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလဖန်းအတွက် အမှတ်တရအနေနဲ့ ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို နှစ်တိုင်း ပေးအပ်ချီးမြှင့်နေရာမှာ  ၂၀၂၂ အတွက် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ထိုလွီဝါး ကရင်လူထု အထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူး ရွေးချယ်ခံခဲ့ရတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် ဖန်းဖောင်ဒေးရှင်းက ချီးမြှင့်တာဖြစ်ပြီး ဒီဆုနဲ့အတူအမေရိကန်ဒေါ်လာ ၄,၀၀၀ ချီးမြှင့်မှာဖြစ်ပါတယ်။

ဆရာမ နော်ဟေသီဂျူးက ပဒိုမန်းရှာဟာ သူလေးစားတန်ဖိုးထားတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဒီဆုချီးမြှင့် ခံရတဲ့အပေါ်မှာ ဝမ်းမြောက်ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။ 

ဒီဆုကို လူမှုရေးလုပ်ငန်းတွေမှာအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ကရင်လူငယ်ခေါင်းဆောင်တွေကို ရွေးချယ်ပေးအပ် တာဖြစ်တယ်။ ဆရာမ နော်ဟေသီဂျူးဟာ ပညာရေးဦးဆောင်ကဏ္ဍအပြင် ရပ်ရွာလူထုအကျိုးအတွက်၊ သဘာဝပတ်ဝန်း ကျင်အကျိုးအတွက် လှုပ်ရှားမှုတွေလုပ်ခဲ့သူပါ။

နော်ဟေသီဂျူး ရဲ့ ဦးဆောင်မှုအောက်မှာ ထိုလွီဝါးအထက်တန်းကျောင်းကို အငယ်တန်းကောလိပ်အဖြစ် ၂၀၁၈ ခုနှစ်မှာ တိုးချဲ့နိုင်ခဲ့ပြီး ကျောင်းသားအယောက် ၈၀ နဲ့ ဆရာ ဆရာမ ဆယ်ဦးကနေ ကျောင်းသား အယောက် ၇၀၀ ၊ ဆရာ ဆရာမ ၃၀ အထိ တိုးမြှင့်နိုင်ခဲ့သလို လူငယ်တွေအတွက် ခေါင်းဆောင်မှုသင်တန်းတွေကိုလည်း ပံ့ပိုးပေးနိုင်ခဲ့သူဖြစ်တယ်လို့လည်း ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။

Source – RFA

Author:

Related Articles