Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဧပြီလ ၂၉ ရက်မှ ‌‌မေလ ၄ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်း အရာ တွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

အမျိုးသမီးအလုပ်သမားတွေ ခေတ်ကာလနဲ့လျော်ညီတဲ့ လုပ်ခလစာရဖို့ တောင်းဆို

အမျိုးသမီးအလုပ်သမားတွေအနေနဲ့ ခေတ်ကာလနဲ့လျော်ညီတဲ့ လုပ်ခလစာရရှိဖို့နဲ့ အမျိုးသမီးအလုပ်သမားတွေ အကြမ်းဖက်ခံရတာတွေမရှိစေဖို့ဆိုတဲ့အချက်နှစ်ချက်ကိုအမျိုးသမီးအလုပ်သမားတွေက Sisters 2 Sisters လှုပ် ရှားမှုကနေ တောင်းဆိုလိုက်ပါတယ်။

မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ (၁၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့အတွက် တောင်း ဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံက လုပ်ငန်းခွင်တွေမှာ အလုပ်သမားတွေကို ဖိနှိပ်တဲ့ အာဏာရှင်ဆန်တဲ့ လုပ်ငန်းရှင်တွေရှိနေပြီး ကျား၊ မ ခွဲခြားကာ အမျိုးသမီးအလုပ်သမားတွေအပေါ် အကြမ်းဖက်မှုတွေရှိ နေသေး တဲ့အ တွက်  အမျိုးသမီးအလုပ်သမားတွေအတွက် ကာကွယ်ပေးဖို့လိုအပ်နေတယ်လို့ Sisters 2 Sisters ဦးဆောင် အဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

Source – RFA Burmese

ဧပြီလအတွင်း ကလေး ၁၆ ဦးအပါအဝင် ၁၂၀ ကျော် သတ်ဖြတ်ခံရ

စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝန်းကလေး ကလေး(၁၆)ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတ်ဖြတ်ခံရသူတွေထဲ အမျိုးသား ၈၈ ဦးနဲ့ အမျိုးသမီး ၃၃ ဦးပါဝင်ပြီး စစ်ကိုင်းတိုင်းထဲမှာတင် သတ်ဖြတ်ခံရသူ ၃၈ ဦးရှိခဲ့တယ်လို့ AAPP က ဆိုပါတယ်။ သေဆုံးမှုတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ၄၂ ဦးအထိရှိပြီး ဒါက သေဆုံးမှုတွေထဲ အများဆုံးလို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီလအတွင်းမှာပဲ နိုင်ငံတစ်ဝန်းက အရပ်သား ၃၈ ဦးလည်း ဖမ်းဆီးခံထားရပြီး အဲဒီအထဲအသက် ခြောက် နှစ်အရွယ် ကလေးနှစ်ဦး ပါဝင်နေတယ်လို့ ဆိုပါတယ်။

Source – RFA Burmese

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်က အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်က သုံးဆယ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ် ခတ် တိုက်ခိုက်တာကြောင့် အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်နှစ်လုံးထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဧပြီ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ထိခိုက်ဒဏ်ရာရသူဟာ အသက် ၆၀ အရွယ် အမျိုးသမီးဖြစ်ပြီး မျက်နှာနဲ့လက်မှာ ထိမှန်ဒဏ်ရာရခဲ့တာလို့ TNLA က ပြောပါတယ်။

အုမ္မတီးနဲ့ တန်ဘိုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က သုံးဆယ်ကျေးရွာကို လက်နက်ကြီးနဲ့ ဧပြီ ၂၇ ရက်နေ့က သုံးကြိမ်နဲ့ ဧပြီ ၂၈ ရက်နေ့က သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်ခဲ့တာဖြစ်ပါတယ်။

Source – RFA Burmese

ပဋိပက္ခတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ မြန်မာ့အခြေအနေ ဦးကျော်မိုးထွန်း တင်ပြ

မြန်မာနိုင်ငံက ပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ပြု ကျင့်မှု ခံရတာကနေ ကာကွယ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေနဲ့ တိုင်းရင်း သားတော် လှန် ရေး အဖွဲ့အစည်းတွေနဲ့ လက်တွဲကာ အားထုတ် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာကု လသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

“စစ်မဲ့နယ်မြေနဲ့ ကျား-မ အခြေခံ တုံ့ပြန်မှုဆိုင်ရာ လက်နက်ထိန်းချုပ်မှုကတဆင့် ပဋိပက္ခတွေအတွင်း လိင် အ ကြမ်းဖက်မှုတွေကို တားဆီးနိုင်ရေး” ခေါင်းစဥ်နဲ့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ကြတာပါ။

စစ်တပ်ဟာ ဆယ်စုနှစ်တွေနဲ့ချီ အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်တခုသဖွယ် အသုံးချခဲ့ပြီး အခုအခါ အမျိုးသမီးနဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေ စစ်တပ်က ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ တခြား အကြမ်း ဖက်မှု ပုံစံအမျိုးမျိုးကြောင့် စိုးရိမ်ဖွယ် အန္တရာယ်တွေကို အရင်ကထက် ပိုပြီး ဆိုးရွားစွာ ရင်ဆိုင် နေ ရ တယ်လို့ ဆို ပါတယ်။

Source – VOA Burmese

စစ်တပ် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၄,၉၀၀ ကျော်ထဲ အမျိုးသမီး ၉၀၀ ကျော်ပါဝင်

စစ်အာဏာသိမ်းသုံးနှစ်ကျော်အတွင်း အပြစ်မဲ့ပြည်သူ ၄၉၀၀ ‌ကျော်သတ်ဖြတ်ခံခဲ့ရပြီး အဲ့ဒီအထဲမှာ အမျိုးသမီး (၉၂၃)ယောက် ပါဝင်တယ်လို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန် ပါ တယ်။

ဒါ့အပြင် တော်လှန်ရေး ၃ နှစ်ကျော်ကာလတွေအတွင်း စုစုပေါင်း ပြည်သူ ၂၆,၅၈၈ ယောက်ထိ ဖမ်းဆီးခံခဲ့ရကာ အဲ့ ဒီအထဲမှာ အမျိုးသမီးဦးရေ ၂၀ ရာခိုင်နှုန်းကျော် ပါဝင်နေပြီး ကလေးသူငယ်ဦးရေကတော့ ၃ ရာခိုင်နှုန်းနီးပါး ပါဝင်နေတယ်လို့ ဆိုပါတယ်။

Source – DVB

အာရပ်နိုင်ငံများတွင် အိမ်အကူအလုပ် သွားလုပ်သည့် မြန်မာအမျိုးသမီးများ လူကုန်ကူးခံနေရ

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဆီ အိမ်အကူအလုပ် သွားရောက်လုပ်ကိုင်ကြတဲ့ မြန်မာ အမျိုး သမီးတွေဟာ ပွဲစားတွေကတဆင့် အီရန်၊ အီရတ်၊ အိုမန်၊ ဆီးရီးယားနဲ့ ဆော်ဒီအာရေဗျစတဲ့ နိုင်ငံတွေဆီ လူကုန်ကူး ရောင်းစားခံနေရတယ်လို့သိရပါတယ်။

ဒူဘိုင်းမှာ အိမ်အကူအလုပ်လုပ်ဖို့ အတွက် အေးဂျင့်ကို ကိုပေးရတဲ့ငွေက ငွေကျပ် ၁၀ သိန်းကျော် ကုန်ကျခဲ့တယ်လို့ ပြောပါတယ်။ အိမ်အကူ အလုပ် လုပ်ကိုင်ချိန် လုပ်ခလစာတွေ အပြည့်အဝ မရသလို ပတ်စ်ပို့စာအုပ်ကိုလည်း အေး ဂျင့်ကပြန်မပေးဘဲ သိမ်းထားတယ်လို့ ဆိုပါတယ်။   

ဒါ့အပြင် မြန်မာနိုင်ငံ ပြန်လာဖို့လည်း ပတ်စ်ပို့ မရှိတာကြောင့် ခက်ခဲနေပြီး အေးဂျင့်ဘက်က လျော်ကြေးငွေ သိန်း ၁၀၀ ကျော်တောင်းလို့ ဒုက္ခရောက်နေကြတယ်လို့ ‌လူကုန်ကူးခံရသူအမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူက ပြောပါတယ်။

ယူအေးအီးနဲ့ အိုမန်နိုင်ငံတို့မှာ အိမ်အကူအလုပ် သွားလုပ်ကိုင်ကြတဲ့ မြန်မာအမျိုးသမီးတွေဟာ အဲဒီနိုင်ငံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ကြုံနေရတာပါ။ အခန်းတွေထဲမှာ ရက်ပေါင်းများစွာ ပိတ်လှောင် ခံ ထားရသလို အစားအသောက် မဝမလင် စားရတဲ့ အခြေအနေတွေလည်း ကြုံနေရပါတယ်။

Source – DVB

စံချိန်တင်မြင့်တက်လာသော အပူချိန်ကြောင့် ထောင်တွင်းရှိ အကျဉ်းသူများ  ရေနှင့် ကျန်းမာရေးအခက်အခဲများ ကြုံနေရ 

နိုင်ငံရေးပုဒ်မအသီးသီးနဲ့ထောင်သွင်းအကျဉ်းချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူတွေဟာ အာဏာ သိမ်း  စစ်ကောင်စီရဲ့ ထောင်တွင်းဖိနှိပ်မှုတွေအပြင် နွေရာသီရဲ့ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကိုပါ ထပ်မံ ကြုံတွေ့ နေ ကြရပါတယ်။

 ထောင်တွင်း ပူလောင်တဲ့ ရာသီဥတုဒဏ်အပြင် ရေမလုံလောက်မှု အခက်အခဲတွေကြောင့်ဖြစ်ပွားရတဲ့ ကျန်းမာ ရေးပြဿနာတွေ အဝတ်အစား၊ ဂုဏ်သိက္ခာဆိုင်ရာလုံခြုံရေးပြဿနာတွေကိုပါ ကြုံတွေ့ခံစားနေရတယ်လို့ နိုင်ငံ ရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ကူညီစောင့်ရှောက်နေသူတွေဆီက သိရပါတယ်။

သောက်သုံးရေ၊ ချိုးရေရှားပါးမှု၊ မသန့်ရှင်းတဲ့ ချိုးရေတွေကြောင့် အမျိုးသမီးတွေအနေနဲ့ ယားနာတွေပေါက်တာ၊ အ ရေပြားရောဂါ စွဲကပ်မှုတွေ ဖြစ်ပွားနေကြပြီး နေအပူရှိန်ဒဏ်ကြောင့် အာရုံကြောအားနည်း ချိနဲ့လာမှုတွေကို ကို လည်း နိုင်ငံရေးအကျဉ်းသူတွေကြုံတွေခံစားရတယ်လို့သိရပါတယ်။

Source – ဧရာဝတီတိုင်းမ်

ဘီးလင်း အင်္ဂဘိုအကျဉ်းစခန်း လက်ထောက်ညွှန်မှူး ပစ်သတ်ခံရ၊ ဇနီးဖြစ်သူ ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အင်္ဂဘိုကျေးရွာ ရွှေဖြူရော်ဘာအကျဉ်းစခန်းက လက်ထောက်ညွှန်ကြားရေးမှူး ဦး စင်းအောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဦးစင်းအောင်ဟာ ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီဝန်းကျင်က ယက္ကန်းသည်မရွာထိပ်ရှိ သူပိုင်ဆိုင်တဲ့ စားသောက်ဆိုင်နဲ့ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်တို့ တွဲဖွင့်ထားတဲ့ အိမ်ဆိုင်ထဲမှာ သေနတ်ပစ်ခံခဲ့ရတာဖြစ်ပါတယ်။

ဦးစင်းအောင်ကတော့ နေရာမှာပွဲချင်းပြီး သေဆုံးခဲ့သွားခဲ့ပြီး ဇနီးဖြစ်သူလည်း သေနတ် ဒဏ်ရာရ ခဲ့တယ်လို့ ဒေ သခံတွေကပြောပါတယ်။

Source – Dawei Watch

အကျဉ်းထောင်အတွင်းရှိ နိုင်ကျဉ်းသူများကို မမေ့လျော့စေရန် နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ လှုပ်ရှားမှုပြုလုပ်

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို မမေ့လျော့ စေရန် အတွက် နိုင်ငံရေး အကျဉ်းသူများအဖွဲ့က လှုပ်ရှားမှုတစ်ခုကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ The Space Youth Learning Center မှာမေလ(၁)ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသူများကို မမေ့လျော့စေရန်အတွက် အကျဉ်းထောင်တွင်း  ပါဆယ် မှာယူစားသုံးခဲ့ရတဲ့ အစား အစာတွေကို ဝေမျှတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ တည်ထောင်သူ မဇူးဇူးမေ ယွန်းက ပြောပါတယ်။

လက်ရှိ အကျဉ်းထောင်များအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရမှုနဲ့ထောင်တွင်း ဆန္ဒပြမှုတွေကိုသာ အ  များစုက အာရုံစိုက်နေပြီး တိတ်တဆိတ်သေဆုံးနေရတဲ့ ဖြစ်စဉ်တွေကိုလည်း အလေးထားစေ လိုတယ် လို့ ဆိုပါ တယ်။

Source – MPA

ဒဂုံဆိပ်ကမ်းတွင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အသက်ပြည့်သူ အမျိုးသမီးများ  အထည် ချုပ်တွင် အလုပ်ရမည်ဟု လိုက်လံကြေညာ၍ စစ်မှုထမ်းရန်လိမ်လည်ခေါ်ယူ

ရန်ကုန်၊ဒဂုံဆိပ်ကမ်းမြို့နယ်က ရပ်ကွက်တစ်ခုမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးတွေက အသက် (၁၈)နှစ်ပြည့်တဲ့အမျိုးသမီးတွေကို အထည်ချုပ်အလုပ်မှာ အလုပ်ရမယ်လို့ဆိုကာ စစ်မှုထမ်းဖို့ လိမ်လည် ခေါ် ဆောင်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

အထည်ချုပ်ကုမ္ပဏီတစ်ခုမှာ အလုပ်ပေးမယ်လို့ဆိုကာ အသံချဲ့စက်နဲ့ လိုက်လံကြေညာပြီး အထောက် အထား အနေနဲ့ မှတ်ပုံတင်တွေကိုပါ တောင်းယူနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လစာ အနည်းဆုံး ငွေကျပ် ၃,၅၀၀၀၀ မှ ၄,၀၀၀၀၀ (သုံးသိန်းခွဲမှလေးသိန်း) အထိရရှိမယ်လို့ အသံချဲ့စက်ဖြင် လိုက် လံ ကြေညာ နေသော်လည်း  စစ်မှုထမ်းရန်အတွက်သာ လိမ်လည်ခေါ်ယူနေကြတာဖြစ်တယ်လို့ (၆၉)  ဒေသခံ တွေကပြောပါတယ်။

Source – ဧရာဝတီတိုင်းမ်

Author:

Related Articles