Home ဆောင်းပါး အောင်ပွဲရချိန်ထိ တော်လှန်ရေးဝိညာဉ် ရှင်သန်စေလိုသူ

အောင်ပွဲရချိန်ထိ တော်လှန်ရေးဝိညာဉ် ရှင်သန်စေလိုသူ

နွေဦးမောင်။ ။

ပဲခူးမြေမှာ နွေဦးသူရဲကောင်းတွေ အစုလိုက်အပြုံလိုက် သွေးမြေကျခဲ့တာ ဒီကနေ့(ဇွန် ၉ရက်)ဆို နှစ်လတင်းတင်းပြည့်ခဲ့ ပြီ။ ပြောမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်လ ဧပြီ ၉ ရက်မနက် အစောပိုင်းမှာပဲ စစ်ကောင်စီရဲ့တပ်တွေဟာ ပဲခူးမြို့က လူနေ ရပ်ကွက်တွေထဲ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေ အကြမ်းဖက်ပစ်ခတ်တာကြောင့် ပြည်သူ ၈၂ ဦးထက်မနည်း ကျဆုံးခဲ့ရပါတယ်။ ကျဆုံးသူရဲကောင်းတွေထဲ အသက်၂၀ ဝန်းကျင် လူငယ်လူရွယ်လေးတွေပါသလို ၃၅ နှစ်အထက် လူလတ်ပိုင်းတွေလည်း ပါဝင်ပါတယ်။

အဲသည်ထဲက ဦးမျိုးမင်းဆိုရင် ကျဆုံးချိန်မှာ အသက် ၄၀ ကျော်ရှိပါပြီ။ ဇနီးသည်နဲ့အတူ တစ်နှစ်နဲ့လေးလသားအရွယ် လူမမယ်ကလေးတစ်ဦးအပါအဝင် သားသမီး သုံးယောက် ကျန်ခဲ့ပါတယ်။ ဦးမျိုးမင်းရဲ့ ဇနီးမကေခိုင်ဟာ သူ့အမျိုးသား ထက် ၁၀ နှစ်လောက် ငယ်ပါတယ် ။

သည်တော့ အသက် ၃၀ လောက်သာရှိသေးတဲ့ မကေခိုင်တစ်ယောက် ကလေးသုံးယောက်နဲ့ ဘယ်လို ရှေ့ဆက်နေပါသလဲ။

ကြီးရင်မှီငယ်ရင်ချီဆိုတဲ့ ဆိုစကားအတိုင်း မကေခိုင် သူ့အိမ်ထောင်ဘက်ကို ရွေးခဲ့တယ်။ ဒါပေမဲ့သူ့ အနေနဲ့ အချိန်ကာလ တစ်ခုအထိသာ အိမ်ထောင်ဘက်နဲ့ နေထိုင်ခဲ့ရတယ် ။ သူ့အမျိုးသားဆုံးပါးစဉ်က လွမ်းတသသစိတ်နဲ့ သူ့စိတ်မှာ ဖြေသိမ့် ရာမရခဲ့ဘူး။

ခက်တာက လူမမယ်သားငယ်လေးနဲ့သမီးလေးနှစ် ယောက်ကရှိသေးတော့ သည်စိတ်နဲ့ပဲ အသက်ရှင်နေလို့ မဖြစ်သေးဘူး လို့မကေခိုင်တွေးမိတယ်။ ဘာလို့လည်းဆိုတော့ သူနဲ့သူ့ကလေးတွေရဲ့အနာဂတ်က ရှိသေးတယ် မဟုတ်လား။ သည်လို တွေးလို့ သေသောသူကြာရင်မေ့ဆိုတာလို မေ့ဖျောက်လိုက်ဖို့ မဟုတ်ဘူး။

သိက္ခာရှိရှိ အသက်ပေးသွားတဲ့ ခင်ပွန်းသည်ကို အသေဖြောင့်စေချင်တာလို့ မကေခိုင်က ဆိုပါတယ်။

” ကျွန်မရဲ့ တစ်ကိုယ်ရေအတွက်ဆို မှုကိုမမှုဘူး။ ကလေးသုံးယောက်ကရှိသေးတော့ သူတို့လေးတွေရဲ့ ရှေ့ရေးက ရှိသေးတယ်။ ပြီးတော့ ကျွန်မယောကျ်ားလည်း အသေဖြောင့်စေချင်တယ်”

ဘယ်လောက်ပဲ အားတင်းထား အားတင်းထား မကေခိုင် ကလေးတွေရှေ့မှာ မျက်ရည်ကျမိနေသေးတယ်။ သည်နောက်ပိုင်းရောက်မှသာ ကလေးတွေရှေ့မငိုတော့ဘဲ သူတို့လေးတွေရဲ့မမြင်ကွယ်ရာမှာ ကြိတ်ငိုရတယ်။ ဘာကြောင့်ဆို နွေဦးတော်လှန်ရေးနဲ့အတူ အဖမဲ့ခဲ့ရတဲ့ ကလေး သုံးယောက်ကို ထပ်ပြီးဝမ်းနည်းအားငယ် မဖြစ် စေချင်တော့ဘူး။

သူတို့လေးတွေ စိတ်ဒဏ်ရာမရဖို့နဲ့ အခြားကလေးတွေလိုဘဝကိုပျော်ရွှင် စွာဖြတ်သန်းနိုင်ဖို့ ငါ့သာလျှင် အခရာလို့ မကေ ခိုင်ခံယူလိုက်တယ်။ ဒါကြောင့်လည်းလောကဓံအံတုနေရင်းက စိတ်ဓာတ်ကျ အားငယ်လာတဲ့အခါ သူတို့လေးတွေရဲ့ မျက်နှာကိုပဲ ပြေးမြင်လိုက်တယ်။

တဆက်တည်းမှာလည်း “ငါအားငယ်နေလို့မဖြစ်ဘူး။ ငါအားငယ်နေလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် ပြန်အားပေးတယ်” လို့ မကေခိုင်က ရင်ဖွင့်ပါတယ်။ ခုချိန်ထိလည်း အဲသည်စိတ်ခွန်အားနဲ့ပဲ စားဝတ်နေရေးအတွက်မကေခိုင်တစ်ယောက် ရုန်းကန်လှုပ်ရှားလို့ နေပါတယ်။

အိမ်ထောင်ကျကာစက မောင်တစ်ထမ်းမယ်တစ်ရွက် ဆိုတာလိုမကေခိုင်လည်း သူ့ခင်ပွန်းနည်းတူ ငွေရှာခဲ့တယ်။ သူ့ခင်ပွန်း ဦးမျိုးမင်းကတော့ ဆိုင်ကယ်ဝယ်ရောင်းလေးလုပ်လိုက် ကယ်ရီလေးဆွဲလိုက်နဲ့ပါပဲ။ သူကိုယ်တိုင်ကတော့ ရှောက်သီးသုပ် ကြာဇံသုပ် စသဖြင့် အသုပ်စုံလေး လှည့်ရောင်းတယ်။

သူတို့နှစ်ဦးလုံးက ဝင်ငွေအကောင်းကြီးမဟုတ်မဟုတ်ပေမဲ့ မိသားစုစားဝတ်နေရေး ဖူလုံကြတယ်။ နောက်တော့ အခု နောက်ဆုံး မီးဖွားထားတဲ့ တစ်နှစ်ကျော်အရွယ် သားလေးကိုယ်ဝန်ရှိလာတဲ့အခါ ဦးမျိုးမင်းက သူ့ကိုဈေးရောင်းမခိုင်း တော့ပါဘူး။

ကလေး နှစ်ယောက်နဲ့ အိမ်မှာနေပြီး အိမ်မှုကိစ္စသာလုပ်ဖို့ ပြောလာပါတယ်။ ပြောတဲ့အတိုင်းလည်း မကေခိုင်ကို အလုပ်မ ခိုင်းတော့ပါဘူး။ သည်ကြားထဲ ကိုဗစ်ရောဂါဖြစ်လာတော့ လူကြားထဲသွားပြီး ဈေးလည်ရောင်းဖို့ရာလည်း အဆင်မပြေ တော့တာလည်းပါတယ်။

ဒါကြောင့်လည်း အငယ်ဆုံးသားထွေးလေး ကိုယ်ဝန်ရှိချိန်ကတည်းက အလုပ်နားလာလိုက်တာ သူ့ခင်ပွန်း ဦးမျိုးမင်း ကျဆုံးတဲ့ အချိန်ထိပါပဲ။ ခုတော့ခင်ပွန်းသည်မရှိတော့တဲ့အချိန်မှာ ကလေးသုံးယောက်ရဲ့ ဖခင်တာဝန်ရော မိခင်တာဝန်ပါ မကေခိုင်ရဲ့ ပုခုံးပေါ် ရောက်လာခဲ့ပါပြီ။

ခင်ပွန်းရှိစဉ်ကတည်းက ဈေးပဲရောင်းခဲ့တာဆိုတော့ ခုလည်း မိသားစုစားဝတ်နေရေးကို ဈေးရောင်းပြီးရှာမယ်လို့ပဲ သူ စိတ်ကူးမိပါတယ်။ ကျွမ်းကျင်တာလည်း သည်အလုပ်ပဲဆိုတော့ ဈေးရောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမဲ့ ဟိုရခင် အသုပ်စုံလှည့်ရောင်းတုန်းက အရပ်ထဲလည်ရောင်းဖို့ ဒီကာလမှာ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် မကေခိုင် တို့နေထိုင်တဲ့ ပဲခူးမြို့မှာ သာဆိုးပါတယ်။ ဧပြီ ၉ ရက် မြို့ပေါ်ခံတပ်တွေဖြိုခံရပြီးကတည်းက စစ်ကောင်စီရဲ့အကြမ်းဖက် လက်နက်ကိုင်တွေဟာ ပိုပိုပြီးရက်စက်ကြမ်းကြုတ်လာကြလို့ပါပဲ။ အကြမ်းဖက်တွေဟာ ရပ်ကွက်တွေထဲဝင် အိမ်တွေဝင်စီး တဲ့အပြင် မထင်ရင်မထင်သလို ပစ်ခတ်ဖမ်းဆီးတာတွေ ကျူးလွန်ကြပါတယ်။

ဆိုတော့ သည်အခြေအနေတွေအောက်မှာ မကေခိုင် ဈေးထွက်ရောင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သည်တော့လည်း မကေခိုင်ဟာအများနည်းတူ အွန်လိုင်းအသုံးပြု ဈေးရောင်းဖို့ စဉ်းစားရပါတယ်။ ဒီတစ်ခါ သူရောင်းမှာက အသုပ်စုံတော့ မဟုတ်ပါဘူး။

ထမင်းပေါင်း ရောင်းမှာပါ။ ပြီးတော့ ကြာဇံချက်လေးလည်း ပါပါတယ်။ ကျဆုံးသူရဲကောင်းတစ်ဦးရဲ့ ကျန်ရစ်သူ မိသားစု ဖြစ်တာရော လက်ရာလေးကြိုက်ကြတာကြောင့်ရော အားပေးမှုတချို့ရနေဆဲလို့ သူကပြောပါတယ် ။ စစ်အာဏာသိမ်းမှု ကြောင့် အထွေထွေအကြပ် အတည်းကိုရင်ဆိုင်နေကြရချိန်ဖြစ်လေတော့ စားဝတ်နေရေးထက်ပိုပြီး အမြတ်အစွန်းများ များစားစား မျှော်လင့်မထားဘူးလို့လည်း သူ့က ဆိုပါတယ်။

ခင်ပွန်းသည်ကျဆုံးပြီး သုံးလေးပတ်လောက်အကြာမှာ စရောင်းခဲ့တာဟာ ခုချိန်ထိတော့ မိသားစုစားဝတ်နေရေး အဆင်ပြေတဲ့အကြောင်း မကေခိုင်က ရှင်းပြပါတယ်။ တစ်ကယ်တမ်းအဆင်မပြေတာက စိတ်ခံစားမှုနဲ့ လုံခြုံတဲ့မိသားစု ဘဝ ပြန်မရနိုင်တော့တာကိုပါ။

ခုဆို မကေခိုင်တို့ မိသားစုထမင်းဝိုင်းလေးမှာလူမစုံတော့တာ နှစ်လ ပြည့်ပါပြီ။ အတိတ်နေ့စွဲတွေတုန်းကတော့ အခြား အိမ်ရှင်မများလို ခင်ပွန်းသည်အိမ်ပြန်အလာကို မကေခိုင်စောင့်ခဲ့ဖူးပါတယ်။

ဒါကြောင့် ခုချိန် မိသားစုစုံစုံလင်လင်နဲ့ ပျော်ရွှင်နေကြသူတွေကိုမြင်တွေ့ရရင် သူ့စိတ်ဟာအတိတ်ဆီ ဖြတ်ပြေးသွားမြဲပါပဲ။

အဲသည်နေ့ကလည်း အချိန်ခဏလေးအတွင်းမှာပဲ မုဆိုးမဘဝရောက်ခဲ့ရတာကို ပြန်တွေးရင်း ရင်ဘတ်ထဲနာကျင် နေတုန်းပဲလို့ မကေခိုင်က ကြေကြေကွဲကွဲပြောပါတယ်။

နွေဦးတော်လှန်ရေးအစ အစောပိုင်းရက်တွေကတည်းက ရပ်ကွက်ညကင်းစောင့်ဖို့ ဆန္ဒထွက်ပြဖို့ လူငယ်တွေကို အားပေးဖို့ စတဲ့ခေါင်းစဉ်အမျိုးမျိုးနဲ့ ခင်ပွန်းဖြစ်သူ သွားလာလှုပ်ရှားနေတာတွေ သူ မတားရက်ခဲ့ဘူး။ ခုလည်း ပဲခူးမြို့ပေါ်က ပြည်သူ့ ခံတပ်တွေ အကြီးအကျယ်ဖြိုခံရချိန် ညကင်းသွားတာကိုလည်း သူမတားခဲ့။

ဒါတင်ပဲလားဆိုတော့ ခင်ပွန်းသည်ရဲ့ဆန္ဒကိုသည်ထက်ပိုလေးစားပြီး နားလည်မှုထားခဲ့ပါတယ်။ အကြောင်းက စစ်အာ ဏာရှင်စနစ်ကို ရွံမုန်းတာကြောင့်ပါ။ သည်ကာလမှာ တော်လှန်ရေးနဲ့ ဆက်စပ်ပြီဆိုကတည်းက တစ်နည်းတစ်ဖုံ အန္တရာယ်နဲ့ ကြုံလာရနိုင်တယ်ဆိုတာကို မကေခိုင် သိနေခဲ့တယ်။

ဖြစ်ချင်တော့ ခင်ပွန်းသည် ကျဆုံးတဲ့နေ့ကလည်း တစ်ခွန်းတစ်ပါဒမျှ တားမြစ်စကား မဆိုခဲ့မိတာပါပဲ။ တားလို့မရတဲ့သူ ဖြစ်မှန်းလည်း ခင်ပွန်းသည်ရဲ့ခံယူချက်ကို သူသိနေပါတယ်။ ဒါကြောင့် ညကင်းကပြန်လာပြီး သူပြန်သွားရမယ့် အကြောင်း ပြောပြီး ပြန်လှည့်ထွက်သွားတာကို အသာပဲကြည့်နေခဲ့တယ်လို့ မကေခိုင်က ဆိုပါတယ်။

သူ့ခင်ပွန်း အိမ်ခဏပြန်လာတာဟာ မနက် ၈ နာရီလောက်ပေါ့။ အဲသည်ဧပြီ ၉ ရက်က မနက် ၄ နာရီမတိုင်ခင်က တည်းက အကြမ်းဖက်တွေက ရပ်ကွက်ထဲဝင်ပစ်နေခဲ့တာ။ သည်တော့ သူ့ခင်ပွန်းဦးမျိုးမင်း အိမ်ခဏလာပြီး ရပ်ကွက်ခံ တပ် တွေဘက် ပြန်သွားတာအချိန်မှာလည်း အပစ်အခတ်တွေ ဆက်ရှိနေခဲ့ပါတယ်။

ခံတပ်ဘက်ရောက်ပြီးသိပ်မကြာဘူး ရပ်ကွက်လမ်းတွေထဲ တရကြမ်းဝင်ပစ်လို့ ဦးမျိုးမင်းအပါအဝင် တော်လှန်ရေး ရဲဘော်တွေပြေးကြရပါတယ်။ သည်မှာတင်ပဲ ခံတပ်ကိုကြောခိုင်းပြီးအပြေးမှာ မကေခိုင်ရဲ့ခင်ပွန်းဦးမျိုးမင်းရဲ့ နောက်စေ့ကို ကျည်သင့်ခဲ့ပါတော့တယ်။

ဒီအဖြစ်အပျက်ဟာ တော်လှန်ရေးအရကြည့်ရင် သူရဲကောင်းတစ်ယောက်ကျဆုံးရတာဖြစ်သလို မိသားစုအနေနဲ့ကြည့်ရင် မိသားစုဘဝ ပြိုကွဲခဲ့ရတာပါ။ ဒါကြောင့်အသက်ပေးခဲ့ရတဲ့ ခင်ပွန်းသည်ရဲ့ ပေးဆပ်မှုကို အချည်းအနှီးအဖြစ်မခံနိုင်ဘူး လို့ မကေခိုင်က ရင်ဖွင့်ပါတယ်။

ဘာသာတရားနဲ့ ဓလေ့ထုံးတမ်းအရ ခင်ပွန်းအတွက်ရည်စူးပြီးသရဏဂုံတင်တာအလှူအတန်းလုပ်တာနဲ့ အမျှပေးဝေတာ တွေ လုပ်နေရပေမယ့် သူ့စိတ်ထဲမတော့မတင်မကျဖြစ်နေဆဲပါ။ ဘာလည်းဆိုတော့ ပြည်သူတွေ အောင်ပွဲရချိန်အထိ ခင်ပွန်းဖြစ်သူရဲ့ တော်လှန်ရေးဝိညာဉ် ရှိနေစေချင်သေးလို့ပါပဲ။

ဒီကနေ့ဆိုရင်ပဲ ခွင်ပွန်းအတွက်ရည်းစူးပြီး ဘုန်းကြီးဆွမ်းကပ် သီလယူကာ အမျှအတမ်းဝေတာတွေ လုပ်ဖြစ်ဦးမှာပါ ။ ဇွန် ၉ ရက်ဟာ ပဲခူးကတော်လှန်ရေးသူရဲကောင်း ၈၀ ကျော်ရဲ့ နှစ်လပြည့် ကျဆုံးနေ့လည်း ဖြစ်ပါတယ်။

ဒါကြောင့် ကျဆုံးမိသားစုတွေရဲ့ မိသားစုတွေ မိတ်ဆွေသင်္ဂဟတွေအပြင် တော်လှန်ရေးကိုထောက်ခံတဲ့ပြည်သူတွေရဲ့ ဆုတောင်းမေတ္တာသံတွေ ပဲခူးမြေမှာ လွှမ်းနေမှာပါ။ သည်အထဲမှာ မကေခိုင်တို့မိသားစုလည်း ပါဝင်နေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မကေခိုင်ရဲ့ ကတော့ ခင်ပွန်းသည်အတွက်ရည်းစူးပြီး အမျှအတမ်းဝေလိုက်လို့ ကျွတ်လွတ်သွား တာမျိုး မဖြစ်စေချင်သေးဘူးလို့ ပြောပါတယ်။

” အတ္တကြီးတယ်ပဲ ပြောရမလား ကျွန်မသေချာတော့မသိဘူး။ ကျွန်မသိတာသူ့ကို အောင်ပွဲရတဲ့အထိ သူ့ရဲဘော်တွေနဲ့ အတူရှိစေချင်သေးတယ်”

Related Articles