Home ဆောင်းပါး မုဆိုးမတစ်ဦး၏ ရုန်းကန်ခြင်းဘဝနေ့ရက်များ

မုဆိုးမတစ်ဦး၏ ရုန်းကန်ခြင်းဘဝနေ့ရက်များ

ရက္ခ။ ။
မစုမွန်လင်းသည် ကဏန်းတာ (ကဏန်းထည့်သောပုံး) ၏အဖုံးကို ဆွဲဖွင့်လိုက်ပြီးနောက် အပေါ်မှ အုပ် မိုးထားသော ပင်လယ်ဗျူးခြေထောက်သစ်ရွက်များကို ဖယ်ထုတ်ပစ်လိုက်၏။ သစ်ခက်များကို ဖယ်ရှားပစ်လိုက် သည်နှင့် ကဏန်းတာထဲမှ ကဏန်းကောင်များ လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ လက်မကြီးများထောင်ကာ တစ် ကောင်ပေါ်တစ်ကောင် တွားတက်လာကြတော့သည်။ မစုမွန်လင်းသည် ကဏန်းတာထဲမှ ကဏန်းတစ်လုံးကို ကိုယ်ထည်မှချုပ်ကိုင်၍ ဖျတ်ခနဲ့ ကောက်ယူလိုက်၏။

၂၅၀-ဂရမ်ခန့်ရှိသော နီနီရဲရဲကဏန်းအထီးကြီးက လက် မကြီးများထောင်ကာ သူ့လက်ထဲတွင် ရုန်းရင်းကန်ရင်း ပါလာသည်။ မစုမွန်လင်းက ကဏန်းလက်မများကို မ လှုပ်ရှားနိုင်အောင် ချုပ်ထားလိုက်ပြီးနောက် ပီနံကြိုးဖြင့် ချည်နှောင်လိုက်သည်။ သူ၏လုပ်ကိုင်ပုံမှာ အလွန်လျှင် မြန်ဖျတ်လတ်လွန်းလှသည်။ ကဏန်းတစ်ကောင်ကို ချည်နှောင်ရန်အတွက် စက္ကန့်ပိုင်းမျှသာ အချိန်ကြာ၏။ သည်လိုနှင့် ကဏန်းတာထဲမှ ကဏန်းများကို တစ်လုံးပြီးတစ်လုံးကောက်ယူကာ ချည်နှောင်လေသည်။

အချိန်မှာ မွန်းလွဲ၁၂ နာရီစွန်းခဲ့ပြီဖြစ်၏။ တန်ခူးနွေနေက ကဏန်းဒိုင်အပြင်ဘက် လမ်းမကြီးပေါ်တွင် ကြဲကြဲတောက်ပူလောင်ပြင်းပြနေသည်။ ကိုင်းရှည်ချောင်းဘက်ဆီမှ လေပြေများတသုန်သုန်သွေးနေသဖြင့် က ဏန်းဒိုင်ထဲတွင်တော့ အေးအေးမြမြရှိနေသည်။ သို့သော် လေပြေတစ်ချက်သွေးလိုက်တိုင်းတွင် ကဏန်းညှီ နံ့များ က ဒိုင်းဝန်းတစ်ခုလုံးကို တအုံနွေးနွေး သင်းပျံ့လျှက်ရှိနေ၏။

မစုမွန်လင်းတစ်ယောက် မနက်မိုးလင်းက တည်းက တစ်ထိုင်တည်းထိုင်၍ ကဏန်းချည်နေခဲ့သည်မှာ ကဏန်းတာတစ်လုံးပြီးတစ်လုံး ပြီးစီးသွားခဲ့ပြီဖြစ်၏။ သူနှင့်အတူအလုပ်လုပ်နေကြသော အမျိုးသမီးတချို့မှာ ထမင်းစားနားကြပြီဖြစ်သော်လည်း သူကတော့ အလုပ် ကို လောဘကြီးစွာဆက်လုပ်နေဆဲပင်ဖြစ်သည်။ နေ့လည်ခင်း ၁-နာရီကျော်စအချိန်တွင် ဒိုင်ထဲ၌ရှိနေသော က ဏန်းတာများအားလုံးကို ချည်နှောင်ပြီးဖြစ်လေ၏။

ကဏန်းတာအားလုံးကိုချည်နှောင်ပြီးသည်နှင့် မစုမွန်လင်း တစ်ယောက် အိမ်မှယူလာသောထမင်းချိုင့် ကလေးကို ကပျာကယာဖွင့်၍စားသောက်လိုက်၏။ ထို့နောက် ဖရဲသီးနှစ်လုံးကိုခွဲ၍ အစိပ်ငယ်ကလေးများစိပ် ကာ ဗန်းထဲသို့ထည့်၏။ သည်နောက်တွင်တော့ ကျဲကျဲတောက်ပူနေသော နေပူကြီးထဲသို့တိုးဝင်ကာ ဖရဲသီးစိပ် များကို အော်ဟစ်ရောင်းချတော့၏။ ချောင်းကောက်ရပ်ကွက်ရှိ လမ်းကြိုလမ်းကြားကလေးများထဲတွင်တော့ မစု မွန်လင်း၏ “ဖရဲသီးစိတ်ချိုချိုလေး..”ဟူသော အော်ဟစ်သံစာစာလေးကို ကြား နေရလေတော့သည်။

ရခိုင်ပြည်နယ်သည် ၂၀၁၈ ခုနှစ်မှစတင်ကာ ၂၀၂၀ ခုနှစ်ကုန်ဆုံးသည်အထိ မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်တော် AA တို့၏ တိုက်ပွဲများ ပြင်းထန်ခဲ့သောနေရာဖြစ်သည်။ ထိုတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ထဲ တွင် ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့်ကဏ္ဍပေါင်းစုံတို့၌ အကြပ်အတည်း အ ခက်အခဲများကို ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်၏ စီးပွားရေးအခြေအနေမှာ တစစနှင့် ယိမ်း ယိုင်လာခဲ့သည်။ ထိုအတောအတွင်းတွင် COVID-19 ရောဂါကပ်ဘေးက တဖန်ဝင်ရောက်လာခဲ့ပြန်ရာ ရခိုင် လူမျိုးတို့အတွက် တပူပေါ်တပူဆင့်အခြေအနေသို့ချက်ချင်း ဆိုက်ရောက်သွားခဲ့ရသည်။

ကိုဗစ်-၁၉ ပထမလှိုင်းကို ရင်ဆိုင်ခဲ့ကြရစဉ်က ရခိုင်ပြည်နယ်ထဲတွင် စီးပွားရေး ကြပ်တည်းမှုအနည်း ငယ်မျှသာ ရှိခဲ့သည်ဟု ဆိုနိုင်၏။ သို့သော် ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှစတင်လိုက် သောအခါ ပြည်မဖက်မှကုန်စည်စီးဆင်းမှုများကို ပိတ်ပင်ထိန်းချုပ်ခြင်းခံခဲ့ရသည်။

ထို့အတွက် ရခိုင်ပြည်နယ် ထဲတွင် ကုန်စည်စီးဆင်းမှုပြတ်တောက်ကာ ကုန်ဈေးနှုန်းများ တစစတိုးမြင့်လာခဲ့သည်။ ထို့အပြင် အပြင်ထွက် ခြင်းကိုကန့်သတ်ထိန်းချုပ်သော Stay-Home အစီအစဉ်များကိုလည်းချမှတ်ထားခဲ့သဖြင့် လက်လုပ်လက်စား အခြေခံလူတန်းစားများအတွက် စားဝတ်နေရေးအလွန် ခက်ခဲ့လာခဲ့ရသည်။ အထူးသဖြင့် မုဆိုးမတစ်ဦး၊ သားနှစ်ယောက်၏ မိခင်လည်း ဖြစ်သည့် မစုမွန်လင်းကဲ့သို့ သော မိသားစုဝမ်းရေးကို တစ်ကိုယ်ရည်တစ်ကာယရုန်းကန်နေရသူအတွက် ဘဝရပ်တည်နိုင်ရေးမှာ ကြီးကြီးမားမားဆိုးဝါးလာခဲ့လေသည်။

“ ကျွန်မက ကဏန်းချည်တဲ့အလုပ်နဲ့ မိသားစုလေးယောက်ရဲ့စားဝတ်နေရေးကို ရုန်းကန်နေရသူပါ။ ခေတ်ကာလကောင်းတဲ့အချိန်တွေတုန်းကဆိုရင် ကဏန်းဈေးတွေကောင်းပြီး အရောင်းအဝယ်တွေလည်း ကောင်းနေကြတာဆိုတော့ ဒီလုပ်ငန်းကိုလုပ်ရတာ အဆင်ပြေနေခဲ့ပါတယ်။၂၀၁၇-၂၀၁၈ လောက်ကစပြီးတော့ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ နေရာအနှံ့ဖြစ်လာတယ် တပြိုင်တည်းမှာပဲ ကိုဗစ်-၁၉ရောဂါကပ်ဘေးဒဏ်ကိုလည်း ခံစားလာရပြန်တယ်။ စစ်ပွဲနဲ့ ရောဂါကပ်ဘေးနှစ်ခု ကြားထဲမှာ ကျွန်မတို့လို မုဆိုးမတွေအတွက် စားဝတ်နေရေးအခြေအနေက ဆိုးဆိုးဝါးဝါးရုန်းကန်ရတဲ့ အခြေအ နေကို ဆိုက်ရောက်သွားခဲ့ရပါတယ်” လို့သူကဆိုသည်။

သူ၏အကြီးဆုံးသားမှာ ဆယ်တန်းကျောင်းသားဖြစ်၍ သား ငယ်လေးမှာ သုံးတန်းအရွယ်ဖြစ်သည်။ မစုမွန်လင်း၏ လင်ယောကျ်ားဖြစ်သူမှာ လွန်ခဲ့သော ငါးနှစ်ကျော်ခန့်က ဆုံးပါးသွား ခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်၌ အသက် ၃၇နှစ်ခန့်အရွယ် မစုမွန်လင်းသည် အသက်-၇၀ ကျော်အရွယ် အမေအိုကြီးအပါအဝင် မိသားစုလေးယောက်နှင့်အတူ နေထိုင်ကာ စားဝတ်နေရေးကို တစ်ကိုယ်တည်း ရုန်းကန်ရှာဖွေနေရသည်။ အထူးသဖြင့် ၁၀-တန်းကျောင်းသားဖြစ်သူသားကြီး၏ ပညာရေးစရိတ်မှာ မစုမွန်လင်းအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်သည်။

သို့သော် မစုမွန်လင်းသည် မိသားစုလေးယောက်၏ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းနိုင်ရန်အတွက် သမ္မာအာဇီဝ အလုပ်မှန်သမျှကို ကြုံသလိုလုပ်ကိုင်ရင်း ငွေကြေးရှာဖွေရသည်။ အထူးသဖြင့် ကဏန်းအဝယ်ဒိုင်များတွင် ကဏန်းချည်သောအလုပ်ကို သူလုပ်ကိုင်သည်။ တစ်ဖက်မှလည်း အချိန်ရလျှင်ရသလို ဖရဲသီးစိပ်ရောင်းခြင်းနှင့် ဟင်းသီးဟင်းရွက်ရောင်းချခြင်းစသောအလုပ်များကိုပါ တွဲလျှက်လုပ်ကိုင်သည်။ သို့သော် ထိုမျှအလုပ်လုပ်ကိုင်နေသည့်တိုင် မစုမွန်လင်း၏ လုပ်အားခမှာ မိသားစုရပ်တည်ရေးကို ကာမိနိုင်ခြင်း မရှိပါချေ။ Pact -ငွေချေးလုပ်ငန်းနှင့် မြစိမ်းရောင်ငွေချေးလုပ်ငန်းတို့ကဲ့သို့သောနေရာများတွင် ခြောက်သိန်းမှ ဆယ်သိန်းခန့်အထိ နှစ်စဉ်ငွေချေး ရလေ့ရှိသည်။

ကဏန်းချည်တဲ့အလုပ်က ကီလိုကျ လုပ်ရတာဖြစ်တဲ့အတွက် လုပ်နိုင်ရင်လုပ်နိုင်သလောက် ပိုက်ဆံ ရပါတယ်။ ဖျားရေကြီးရက် (ဒီရေကြီးရက်) တွေဖြစ်တဲ့ လဆန်း/လဆုတ်-၆ရက်လောက်မှာ ကဏန်းများများ ရရှိတတ်ပါတယ်။ အဲဒီလိုနေ့မျိုးတွေဆိုရင် တစ်နေ့လုပ်အားခ ခြောက်ထောင်လောက် ရတတ်ပါတယ်။ ကျန်တဲ့ရက်တွေကတော့ နှစ်ထောင်လောက်ပဲရပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ကဏန်းဒိုင်တွေက လည်း နိုင်ငံခြား(Export) အလုပ်မဖြစ်တော့ နေ့စားအလုပ်သမားတွေအနေနဲ့ နေ့စဉ်ဝင်ငွေ မရ ရှိနိုင်ဘဲ စားဝတ်နေရေးအတွက် အတော်ဘဲရုန်းကန်နေရသည်။

ယခင်ကာလများက မစုမွန်လင်း အလုပ်လုပ်ကိုင်နေသော ကဏန်းအဝယ်ဒိုင်မှ တရုတ်နိုင်ငံ၊ မူဆယ်မြို့သို့ တစ်ပတ်လျှင် သုံးရက် ခန့် ကဏန်းများ တင်ပို့နိုင်ခဲ့သဖြင့် အလုပ်သမားများအတွက် နေ့စဉ်ဝင်ငွေ ရရှိနေကြောင်း သူက ဆိုသည်။

နေညိုအချိန်သို့ ရောက်ခဲ့ပြီ ဖြစ်သဖြင့် နေလုံးကြီးက အနောက်ဖက် ဂေါယာကျွန်းဆီသို့ ယွန်းခဲ့ လေပြီ။ အနောက်ဖက်တောင်တန်းများဆီ ဝဲပျံသွားနေကြသော အိပ်တန်းပျံငှက်များကို ဟိုမှသည်မှ တွေ့နေရ သည်။ မစုမွန်လင်းတစ်ယောက် ဖရဲသီးဗန်းကလေးကို ချိုင်းကြားတွင်ညှပ်ရင်း ကိုင်းရှည်ချောင်းနံဘေးကမ်း နားလမ်းအတိုင်း အိမ်သို့ခပ်သုတ်သုတ် လျှောက်ပြန်နေသည်။ မစုမွန်လင်း၏ လက်ထဲတွင်တော့ သည်နေ့တစ်နေ့တာ ကဏန်းချည်ထားသောလုပ်အားခငွေနှင့် ဖရဲသီးစိပ်ရောင်းရသော ငွေစတချို့ကို ဆုပ်ကိုင်ထားသည်။ သို့သော် သူဆုပ်ကိုင်ထားသော ငွေကြေးမှာ အလွန်ဆုံးရှိလှမှ လေးထောင် စွန်းရုံမျှသာရှိလိမ့်မည်။ ထိုငွေကြေးဖြင့် အ မေအိုကြီး၏ ဆေးဖိုးဝါးခ၊ မိသားစုလေးယောက်၏ မီးဖိုချောင်စရိတ်နှင့် ရက်ပြန်တိုးချေးငွေ တချို့ကို မည်သို့ လောက်ငှအောင်သုံးစွဲရမည်နည်းဟု မစုမွန်လင်းက တွေးနေသည်။

ကုန်ဈေးနှုန်းကြီးမားလွန်းနေသော သည်လို အချိန်မျိုုးတွင် သူ၏တစ်နေ့တာလုပ်အားခ မြန်မာငွေကျပ်လေးထောင်ဆိုသည်မှာ မိသားစုတစ်နေ့တာ စားစရိတ်မျှကိုပင် လုံလောက်မှုမရှိပါချေ။ သည်လိုပုံစံမျိုးဖြင့် မည်သို့ ရှေ့ဆက်ရမည်ကို တွေးရင်း ရင်ထဲတွင်လေးလံလာမိ၏။ ကိုဗစ်-၁၉ အကြပ်အတည်းနှင့် နိုင်ငံရေးအကြပ်အတည်းများကြားထဲတွင် စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရသော မုဆိုးမတစ်ယောက်၏ဘဝကိုတွေးရင်း မစုမွန်လင်းတစ်ယောက် သက်ပြင်းမော တစ်ချက်ကိုသာ ဆွဲချလိုက်မိလေတော့သည်။

Related Articles