Home ဆောင်းပါး အကြမ်းဖက်တတ်တဲ့ခင်ပွန်းသည်တွေဟာ စိတ်ရောဂါသည်တွေလား (သို့) အိမ်တွင်းအကြမ်းဖက်မှုအတွက် မျှော်လင့်ချက်ရောင်ခြည် ရှိရဲ့လား

အကြမ်းဖက်တတ်တဲ့ခင်ပွန်းသည်တွေဟာ စိတ်ရောဂါသည်တွေလား (သို့) အိမ်တွင်းအကြမ်းဖက်မှုအတွက် မျှော်လင့်ချက်ရောင်ခြည် ရှိရဲ့လား

နှိပ်စက်ခံရသူ ဆရာဝန်မလေး (ဓါတ်ပုံ – ဆရာဝန်မလေး၏ လူမှုကွန်ယက် စာမျက်နှာမှ)

မယ်လွန်း။

“အိမ်တွင်းအကြမ်းဖက်မှုလို့ပြောရင်၊ ဒီလိုမျိုးသာ လုပ်ဆောင်နေမယ်ဆိုရင်၊ ဒါမျိုး အမှုတွေ ခဏခဏဖြေရှင်းနေ ရမှာပေါ့၊ ဒီဥပဒေက လက်တွေ့ကျပါ့မလားဆိုပြီးတော့ သံသယတွေ၊ စိုးရိမ်စိတ်တွေ ရှိနေတယ်၊ ဒါကို ပြဌာန်း လို့ရှိရင် အမျိုးသမီးတွေက အမျိုးသားတွေအပေါ် နိုင်ကွက်တွေဖြစ်ကုန်မှာပေ့ါဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိ နေတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တကယ်ဥပဒေပြဌာန်းရမယ့်၊ ရေးဆွဲရမယ့်၊ ဥပဒေပြုနေသူတွေ ကိုယ် တိုင်က Gender အစွဲတွေ မကင်းသေးဘူးဆိုတာတွေ့ရတယ်”

ဥပဒေပြုသူတွေကြားမှာ ကျား၊ မ တန်းတူရေးဆိုင်ရာ (Gender) အစွဲမကင်းသေးဘူးလို့ ညီမျှခြင်းမြန်မာရဲ့ ဒါ ရိုက်တာ ဦးအောင်မျိုးမင်းက ပြောဆိုလိုက်တာပါ။

“ချစ်ဝင်းစိုးရဲ့ နှိပ်စက်မှုဒဏ်ကို မခံနိုင်တော့သဖြင့် ဆက်လက်မပေါင်းသင်းနိုင်တော့ပါကြောင်း” လို့ အစချီပြီး ဆရာဝန်မလေးတဦးတင်လိုက်တဲ့ အသံဖိုင်၊ ဓာတ်ပုံတွေနဲ့ ခင်ပွန်းသည် ဆရာဝန်ရဲ့ လူမဆန်စွာ နှိပ်စက်ညှဉ်း ပန်းခံခဲ့ရတာတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့လိုက်ရတဲ့အချိန်မှာ လူမှုကွန်ယက်သုံးနေတဲ့ လူမျိုး ဘာသာ အသက်အရွယ်မရွေး လူတွေဟာ အံ့သြမှင်သက်ခဲ့ကြရပါတယ်။

ပရဟိတတွေလုပ်နေတဲ့ ငယ်ရွယ်ပြီး ချောမောလှပတဲ့ ဆရာဝန်မလေးနဲ့ ရုပ်ရည်အခံရှိတဲ့ ဆရာဝန်စုံတွဲတို့ရဲ့ ကြည်နူးစရာကောင်းတဲ့ မင်္ဂလာဆောင်ပုံရိပ်လေးတွေကို လွန်ခဲ့တဲ့(၃)လလောက်က တွေ့မြင်ခဲ့ကြရပြီး မကြာ ခင်မှာပဲ ဆရာဝန်မလေးက အခုလိုတရားစွဲဆိုလိုက်တာပါ။

လူမဆန်တဲ့ ရိုက်နှက်နှိပ်စက်မှုတွေကို ကြားသိရသူတွေကြားမှာ ဒီလောက်ရက်စက်မှုဟာ ပုံမှန်လူတယောက် က လုပ်ဖို့မလွယ်တာမို့ ဒီခင်ပွန်းသည်ဆရာဝန်ဟာ စိတ်ရောဂါများ ဖြစ်နေတာလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ လည်း ထွက်ပေါ်လာပါတယ်။

ဒီအမှုကို အချိန်ဘယ်လောက်ကြာကြာ စိတ်ရှည်ရှည်နဲ့ ရင်ဆိုင်သွားမယ်ဆိုပြီး ခင်ပွန်းသည်ဆရာဝန်ကို အပြင်းအထန်နာကျင်စေမှုဆိုင်ရာ ပုဒ်မ (၄)ခုနဲ့ သာကေတရဲစခန်းမှာ တိုင်တန်းတရားစွဲဆိုထားပြီး တရားခံက ရှောင်ပုန်းနေတဲ့အတွက် သာကေတ မြို့နယ်တရားရုံးကလည်း ပုဒ်မ ၅၁၂/၅၁၄ နဲ့ ထပ်မံတရားစွဲဆိုထား တယ်လို့ သိရပါတယ်။

အခုချိန်မှာ သီလရှင်ဝတ်နေဆဲဖြစ်တဲ့ ဆရာဝန်မလေးကတော့ သာသနာ့ဘောင်မှာဖြစ်တဲ့အတွက် ဖြေကြားဖို့ မသင့်တော်တာမို့ အမှုစွဲထားတဲ့အခြေအနေကို အသေးစိတ် ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေဟာ အခုမှထူးထူးဆန်းဆန်း ထွက်ပေါ်လာတာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ (၄) နှစ်ကျော် ကလည်း ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်က ခိုဖိတ်ကျေးရွာမှာ အသက်သေဆုံးဖို့အထိ ရည်ရွယ်လုပ်ကြံခဲ့တဲ့ တကဲ့ဖြစ်ရပ်တခုလည်း ရှိခဲ့ဖူးပါတယ်။

ဒါကတော့ လင်ယောက်ျားဟာ ဇနီးသည်နဲ့ ကလေးနှစ်ဦးအိပ်နေချိန်မှာ အိမ်ကိုမီးရှို့ခဲ့တဲ့ ဖြစ်ရပ်ပဲဖြစ်ပါတယ်။ အရက်မူးတာကြောင့်လား၊ ဆေးကြောင်တာလားဆိုတာကတော့ ဒေသခံတွေအပါအဝင် တာဝန်ရှိသူတွေက အခုထိ မေးခွန်းရှိနေဆဲပါ။

“သူတို့သားအမိတွေက အိမ်ထဲမှာ ရှိနေတော့ ဘယ်သူမှ မကယ်နိုင်ဘူးလေ။ တအိမ်လုံးမီးလောင်သွားတာ။ အပြင်ကနေ မီးရှို့လိုက်တော့ သူတို့သားအမိက အိမ်ထဲမှာ ချာလပတ်လည်ပြေးပြီးတော့မှ ပြတင်းပေါက်ကနေ ထွက်ခဲ့ရတာ” လို့ တွေ့မြင်ခဲ့သူ ဒေသခံတဦးက အခင်းဖြစ်ပွားခဲ့တာကို ပြောပြခဲ့ပါတယ်။

ဒီအမှုကို ရဲစခန်းတိုင်ကြားခဲ့ပေမယ့်လည်း စိတ်ဝေဒနာသည်လို့ ကောက်ချက်ချကာ အရေးယူမှုတွေ မလုပ်ခဲ့ဘူး လို့ ဒေသခံတွေက ပြောပါတယ်။

“ရဲတွေနဲ့ ရွာသူကြီးက ဒီကောင်အရက်မူးလို့ ဆေးကြောင်လို့ဆိုပြီး၊ ရူးနေတယ်ဆိုပြီး၊ ရဲတွေက အရေးယူလို့ မရသလိုလိုနဲ့ သူတို့ခြံဝင်းထဲက သစ်ပင်အကြီးကြီးမှာ ကြိုးနဲ့ချည်ထားခဲ့ကြတယ်။ နောက် ၃ – ၄ ရက်နေတော့ သူတို့ဆွေမျိုးတွေဆီကို ပို့လိုက်တယ်။ အခုချိန်ထိ ဒီလူပေါ်မလာတော့ဘူး။ ရူးသွားပြီလို့တော့ ပြောတာကြား တယ်။ ဘယ်သူမှတော့ ဟုတ်မဟုတ် သွားမကြည့်နိုင်ဘူးလေ”

ဒီလို ကိုယ့်ဇနီးမယားကို လူမဆန်စွာ ရိုက်နှက်ညဉ်းပမ်းတတ်တဲ့ အလေ့အထတွေဟာ တကယ်ပဲ စိတ်ရောဂါနဲ့ ဆက်စပ်နေတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

မြန်မာနိုင်ငံ၊ ဆရာဝန်များအသင်း၊ စိတ်ကျန်းမာရေးပညာအဖွဲ့ရဲ့ ဥက္ကဌလည်းဖြစ်ပြီး စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီးတဦးလည်းဖြစ်တဲ့ ဒေါက်တာစိုးမင်းကတော့ ဇနီးမယား၊ ဘဝလက်တွဲဖော်ကို အကြမ်းဖက်မှုကိစ္စ တွေဟာ အကြောင်းအမျိုးမျိုးအပေါ်မှာ အခြေခံဖြစ်လာတတ်ပြီး ဒီလိုလုပ်ရပ်တိုင်းကိုတော့ စိတ်ဝေဒနာတခုခု ကြောင့်လု့ိ အမြဲတမ်းပြောလို့မရပါဘူးလို့ ဆိုပါတယ်။

“အကြမ်းဖက်မှုလုပ်ဆောင်တဲ့ ကာယကံရှင်နဲ့ သက်ဆိုင်နေတဲ့အချက်တွေကတော့ သူကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်း ကျင်ရဲ့ ပုံသွင်းမှု၊ သူ့ရဲ့စွဲမြဲခံယူထားတဲ့ Mindset (အတွေးအမြင်)၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ် ထောင်ရေးဆိုင်ရာ ဖိစီးမှုတွေ၊ ဖိစီးမှုဒဏ်တွေကို ခံနိုင်ရည်စွမ်းရည်၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုယ်ရည်ကိုယ် သွေးပိုင်းဆိုင်ရာ အခက်အခဲပြဿနာ၊ အရက်၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးတွေ သုံးစွဲမှု ပြဿ နာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတခုခု ခံစားနေရတတ်တာ စတာမျိုးတွေပဲဖြစ်ပါတယ်” လို့ ဒေါက်တာစိုးမင်းက ရှင်း ပြပါတယ်။

ဒါပေမဲ့ ဒီလိုအိမ်တွင်းအကြမ်းဖက်မှုဖြစ်လာပြီဆိုရင် စိတ်ရောဂါကြောင့် ဖြစ်တာလားဆိုတာကိုတော့ သေချာ စမ်းသပ် စစ်ဆေးမှုတွေ စနစ်တကျပြုလုပ်ပြီးမှ ပြောတာက ပိုသေချာပါတယ်လို့ သူကဆိုပါတယ်။

အခုလို အိမ်ထောင်သည်တွေကြားထဲမှာ ဖြစ်ပွားတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေဟာ အသက်အန္တရာယ် ခြိမ်း ခြောက်လာတဲ့အထိ ဖြစ်လာတာတွေရှိသလို အသက်အန္တရာယ်ကို တိုက်ရိုက်မခြိမ်းခြောက်ပေမယ့်လည်း စိတ် ပိုင်းရုပ်ပိုင်းဆိုင်ရာ ဆိုးဝါးတဲ့ နှိပ်စက်ညှဉ်းပမ်းမှုတွေ မြန်မာ့လူ့အဖွဲ့အစည်းမှာ အများအပြားရှိနေပါတယ်။

အသက်အန္တရာယ်ကို မခြိမ်းခြောက်သရွေ့ ဒီလိုဖြစ်ရပ်တွေကို သာမန်ဖြစ်ရိုးဖြစ်စဉ်တခုအနေနဲ့ လူ့အသိုင်း အဝိုင်းက လက်ခံနေကြတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ၂ မယဉ်မျိုးလှိုင် က အဖွဲ့ရဲ့ အမျိုးသမီးရေးဆိုင်ရာ ပညာပေးစည်းရုံးမှုတွေ နယ်အသီးသီးမှာ လုပ်ဆောင်နေရာမှာ ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပါတယ်။

“နေ့တဓူ၀ နေရာတိုင်းမှာ ဖြစ်နေတယ်။ လူတွေရဲ့ သတ်မှတ်ချက်က ဒါကို အကြမ်းဖက်မှုလို့ မမြင်ဘူး။ ဒီလို အိမ်တွင်းအကြမ်းဖက်မှုက သူတို့အတွက် သမရိုးကျ ယဉ်ကျေးမှုတခုလို ဖြစ်နေတယ်”

ဒီလိုအခြေအနေတွေဟာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတခုခုနဲ့ ဘဝကို ဖြတ်သန်းခဲ့ရသူတွေရယ်၊ ရိုက်နှက်ရမှ စိတ် ချမ်းသာပြီး သွေးထွက်သံယိုမှုတွေ၊ နာကျင်မှုတွေကိုမြင်ရမှ စိတ်ထဲမှာကျေနပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားတဲ့သူ တွေရှိသလို ဒီလိုအမူအကျင့်တွေရရှိလာအောင် သင်ကြားပေးခဲ့တဲ့ သွန်သင်ဆုံးမချက်တွေကြောင့်လည်း ဖြစ် တယ်လို့ ညီမျှခြင်းမြန်မာ (Equality Myanmar) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

“အမျိုးသမီးတွေကို သမီးရည်းစားအဖြစ်၊ ဇနီးမယားအဖြစ်၊ ပိုင်ဆိုင်ထားပြီ ဒါမှမဟုတ် ကိုယ်နဲ့ ချစ်ကျွမ်းဝင်ပြီ ဆိုရင် ဒါဟာ ငါပိုင်တဲ့ ပစ္စည်းတခုလို့မြင်သွားတယ်၊ ဒါကြောင့် ငါ့မှာ သွန်သင်ဆုံးမခွင့်ရှိတယ်ဆိုတဲ့ အယူအဆ အစွဲ၊ မဟာဖိုဝါဒစိတ်ဓာတ်ကြောင့် ဒါတွေအများဆုံးဖြစ်တာများပါတယ်။ ဒါတွေက ဘယ်ကနေလာသလဲဆို တော့ လူတွေရဲ့ သွန်သင်ဆုံးမမှု၊ “အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်မယ်”ဆိုတဲ့ စကားမျိုးတွေ၊ နောက်ပြီးတော့ ဇနီးမယားတွေကို ဒီလိုမျိုးရိုက်နှက်ဖို့အတွက် လင်ယောကျ်ားတွေမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ သွန်သင်ဆုံးမချက်တွေကနေ ဝင်လာတာ”

ဆရာဝန်မလေး၏ လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားသော post

ဒီလိုအိမ်တွင်းအကြမ်းဖက်မှုတွေကနေ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့အတွက် တိကျတဲ့ ဥပဒေတွေ ပြဌာန်း ပေးဖို့ အမျိုးသမီးရေးလှုပ်ရှားသူတွေက ဖိအားပေးတောင်းဆိုမှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုအတွက် သီးခြားပြဌာန်းထားတဲ့ဥပဒေမရှိသေးပေမယ့်လည်း အိမ်တွင်းပြ ဿနာအားလုံးအတွက်က ရာဇသတ်ကြီးဥပဒေထဲမှာ ပြဌာန်းပြီးသားပါလို့ ဥပဒေအကြံပေး ရှေ့နေဦးခင်မောင် မြင့်က ပြောပါတယ်။

“ပုဒ်မ (၃၂၃)၊ (၃၂၄)၊ (၃၂၅)၊ (၃၂၆) တွေဖြစ်တဲ့အပြင်းအထန် နာကျင်စေမှုပုဒ်မတွေဟာ လင်မယားချင်း ကျူး လွန်လို့ရတယ်လို့ ဥပဒေအရ ခွင့်ပြုပေးမထားဘူး။ ယောက်ျားလုပ်တဲ့သူက ဇနီးဖြစ်တဲ့သူကို ဒေါသဖြစ်လို့ ရိုက် တာကို ဥပဒေက ခွင့်မပြုဘူး။ အလားတူပဲ၊ ပုဒ်မ (၃၇၆) သည် ဇနီးဖြစ်သူကို အလိုမတူပဲနဲ့ သားမယားအဖြစ် ကျူးလွန်ခဲ့ရင် ပြစ်ဒဏ်(၂) နှစ်ထိ ထောင်ချနိုင်တဲ့ ပြစ်မှုမျိုးဖြစ်တယ်”လို့ ရှေ့နေ ဦးခင်မောင်မြင့်က ဆိုပါတယ်။

အခုလို ရိုက်နှက်မှုအတွက် ရာဇသတ်ကြီးဥပဒေရှိပေမယ့်လည်း အသက်အန္တရာယ် မခြိမ်းခြောက်သရွေ့ ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေ တရားခွင်ကို ရောက်လာဖို့ကတော့ အကန့်အသတ်တွေ ရှိနေဆဲပဲဖြစ်ပါတယ်။

“ကျနော်တို့ပါတ်ဝန်းကျင်ကိုက အိမ်တွင်းအကြမ်းဖက်မှုဆိုလို့ရှိရင် ကြားဝင်စရာမလိုဘူး၊ ခဏနေ ပြန်တည့်သွား မှာပဲ၊ ဒါလေးက ဘာများထိခိုက်သွားလို့လဲ၊ ဘာများဆိုးဝါးသွားလို့လဲ၊ လင်နဲ့မယား လျှာနဲ့သွား၊ ကတောက် ကဆတော့ ဖြစ်မှာပဲဆိုတဲ့ အယူအဆတွေက ရှိနေသေးတဲ့အတွက် ဥပဒေက စာအုပ်ထဲမှာရှိသည့်တိုင်အောင် တကယ့်မြေပြင်မှာ၊ အောက်ခြေရပ်ရွာမှာ၊ ရပ်ကွက်တွေထဲမှာ၊ လမ်းတွေထဲမှာ၊ ဒီဟာကို တိုင်ကြားဖို့အတွက် တိုင်ကြားလာလို့ရှိရင်လည်း အရေးယူဖို့အတွက် လုပ်ဆောင်ပေးဖို့၊ ပညာပေးမှုက နောက်ထပ် ထပ်ပြီးတော့ လိုမယ်” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီရာဇသတ်ကြီးဥပဒေတွေကတော့ ရိုက်နှက်ညဉ်းပမ်းမှုတခုတည်းအတွက် ဖြစ်ပါတယ်။ တခြားစိတ်ပိုင်းဆိုင်ရာ၊ အကြမ်းဖက်မှုတွေနဲ့ အကြုံးမဝင်ပါဘူး။ တချိန်တည်းမှာလည်း ဒီလိုရိုက်နှက်ညဉ်းပမ်းမှုတွေအတွက် ရာဇသတ် ကြီးဥပဒေတွေ ရှိနေပေမယ့်လည်း ကျူးလွန်သူဟာ စိတ်ဝေဒနာသည်ဖြစ်ရင် ကျူးလွန်ခံရသူ ဇနီးမယားအ တွက် တရားဥပဒေက တရားမျှတမှု မပေးနိုင်ပါဘူး။

ပုဒ်မ (၈၉)အရ ကျူးလွန်သူဟာ ကျူးလွန်ချိန်မှာ စိတ်ပေါ့သွပ်နေသူဖြစ်ကြောင်း အထောက်အထားခိုင်လုံရင် တော့ သူ့ရဲ့ပြုမူဆောင်ရွက်မှုကြောင့် တဖက်က နစ်နာသွားတာမှန်ပေမယ့် ကျူးလွန်သူက ရာဇဝတ်မှုမမြောက် လို့ အပြစ်ကင်းလွတ်ခွင့်ရှိတယ်လု့ိ ရှေ့နေက ဆက်ပြောပါတယ်။

ရှမ်းပြည်နယ်၊ နမ္မမတူမြို့နယ်၊ ခိုဖိတ်ကျေးရွာက အိမ်မီးရှို့ပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံရသူ အသက် (၄၀)ကျော်အမျိုးသမီးကတော့ သူရင်ဆိုင်ခဲ့ရတဲ့ အသက်အန္တရာယ်အတွက် ဥပဒေရဲ့ ကာကွယ်ပေးမှုကို မရ ခဲ့ပါဘူး။ စိတ်ပေါ့သွပ်သူအဖြစ် သတ်မှတ်ပြီး လင်ယောကျ်ားကို လွှတ်ပေးလိုက်ပြီး ဆင်းရဲတဲ့ သူမဘဝကတော့ မီးရှို့ခံရတဲ့အိမ်ကိုလည်း သေချာပြန်မဆောက်နိုင်ခဲ့သလို အသက်(၁၂)နှစ်အရွယ် သားနဲ့ (၃)တန်းအရွယ် သမီးတို့အတွက် အခုချိန်ထိ ဆင်းဆင်းရဲရဲ ရုန်းကန်နေရတုန်းဖြစ်ပါတယ်။

“အိမ်တောင်မှ ဘယ်သူမှ လာမဆောက်ပေးပါဘူး။ ဆင်းရဲတော့ အိမ်တောင်သေးသေးလေးပဲ” လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပြတာဖြစ်ပါတယ်။

ဒီလိုအိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်မှုတွေကို ဥပဒေအရ စိတ်ပေါ့သွပ်သူဆိုပြီး အပြစ်ကင်းလွတ်ခွင့်ရပေမယ့် လုံးလုံးလွှတ်ထားလို့တော့ မရဘူးလို့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

“အရူးလက်မှတ်ရထားပြီး လူတွေကို လိုက်ဒုက္ခပေးနေရင်ရော လက်ခံမလား၊ ခံရတဲ့သူတွေကရော လူသားတွေ မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းက ဖြစ်လာပါတယ်။ ဥပဒေအရ ကျူးလွန်တဲ့ဆီမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစား နေရတဲ့အတွက်ကြောင့်မို့လို့ သူ့ကိုရာဇဝတ်မှုအရ အရေးယူမှု မရှိသည့်တိုင်အောင် ဒါမျိုးတွေမဖြစ်အောင် ကာကွယ်ပေးဖို့ ဒါမျိုးတွေအတွက် အန္တရာယ်ပေးနိုင်မှုကို ခံစားနိုင်တဲ့ မိသားစုတွေ၊ ဇနီးတွေ၊ သားသမီးတွေ နောက်တခါ ဒါမျိုးမဖြစ်အောင် ကာကွယ်ပေးမှုကတော့ တရားဥပဒေစိုးမိုးရေးအရရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ရေးအရရော လုပ်ဆောင်ပေးရမယ့် တာဝန်ရှိပါတယ်” လို့ သူက ဆိုပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေကို ဥပဒေရဲ့ ဘောင် ထဲကနေ ပြည့်ပြည့်၀၀အကာအကွယ်ရနိုင်ဖို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာဥပဒေ (PoVAW Law) ကို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ ဥပဒေမူကြမ်းတခု တင်သွင်းထားတာရှိပေမယ့် အခုချိန်ထိ တော့ ဥပဒေတရပ်အဖြစ် ပြဌာန်းဖို့ နှောင့်နှေးကြန့်ကြာနေဆဲပဲပါ။

“ဒီလိုနှောင့်နှေးနေမှုဟာ အိမ်တွင်းအကြမ်းဖက်မှုအတွက် သီးခြားဥပဒေပြဌာန်းဖို့  လိုမလိုဆိုတဲ့မတူညီတဲ့အမြင် တွေ လွှတ်တော်အတွင်းမှာ ရှိနေလို့ဖြစ်တယ်” လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဆိုပါတယ်။

“ရာဇသတ်ကြီးအပါအဝင် တည်ဆဲဥပဒေထဲမှာကိုပဲ အကာအကွယ်ပေးထားတဲ့ ဥပဒေတွေရှိတယ်၊ အဲဒါတွေ ကနေ တရားစွဲဆိုအရေးယူလို့ရပါရက်နဲ့ သီးခြားဥပဒေပြဌာန်းလိုက်ရင် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မယ်ဆိုပြီး တချို့လည်း ထောက်ပြဝေဖန်ပြီး လွှတ်တော်ထဲမှာပဲ တချို့ဥပဒေကြမ်းတွေဟာ ဘက်နှစ်ဘက်ဖြစ်နေတဲ့ အတွက်၊ ငြင်းခုန်ဆွေးနွေးနေရတဲ့အတွက်၊ အတည်မပြုနိုင်သေးတဲ့အတွက် ကြန့်ကြာနေတာလည်းရှိပါတယ်”

ဒီအခြေအနေတွေကိုကြည့်ရင် ပညာပေးမှုတွေ လုပ်တဲ့အခါမှာ အခြေခံလူထုတွေအပြင် ရပ်ရွာဒေသန္တရ အုပ် ချုပ်ရေးအဖွဲ့တွေကနေ ဥပဒေရေးဆွဲသူတွေနဲ့ အစိုးရပိုင်းထိပ်သီးခေါင်းဆောင်တွေအထိ အိမ်တွင်းအကြမ်းဖက် မှုကို ဥပဒေအရ ဖြေရှင်းကိုင်တွယ်ရမယ့် ပြဿနာတရပ်အဖြစ် နားလည်လက်ခံလာဖို့ ပညာပေးမှုတွေ အများ ကြီးလုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

အခုလို ဥပဒေရေးဆွဲသူတွေထဲမှာတောင် အိမ်တွင်းအကြမ်းဖက်မှုကို ဥပဒေတရပ်အနေနဲ့ ကာကွယ်ပေးဖို့လို အပ်တယ်ဆိုတဲ့ နားလည်မှုအားနည်းနေသေးတဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်ခံရသူ အမျိုးသမီးတွေအတွက် ဥပဒေ အရ လုံလောက်တဲ့ အကာအကွယ်ရဖို့ကတော့ မျှော်လင့်ချက်ရောင်ခြည်တခုအဖြစ်သာ ဆက်ရှိနေဦးမှာ ဖြစ်ပါ တယ်။

Related Articles