Home ဆောင်းပါး ကြေပျက်သွားတဲ့ ဘဝတွေ

ကြေပျက်သွားတဲ့ ဘဝတွေ

မလိခ။         ။

“အိမ်ကနေတောကို သုံး၊ လေးရက် ပုန်းနေပေမဲ့ လုံခြုံမှု မရှိတော့လို့ လိုင်ဇာဘက် သုံးရက် လမ်းလျှာက်ပြီး လာခဲ့ရတယ်။ အငယ်ဆုံး ကလေးကိုတော့ ကားနဲ့ ထည့်ပေးလိုက်တယ်။ ကျမက ကလေးနှစ်ယောက်နဲ့ တောလမ်းကနေ လမ်းလျှောက်လာတယ်။”

လွန်ခဲ့တဲ့ ၆ နှစ် ကချင်လွတ်လပ်ရေး အဖွဲ့နှင့် အစိုးရ တပ်မတော်အကြား တိုက်ပွဲတွေ ပြန်ဖြစ်တဲ့ အချိန်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြနေတာပါ။

“အငယ် ဆုံးကလေးနဲ့ သုံးရက် ကြာမှ ပြန်တွေ့တယ်။”

ခုလို ပြောပြနေသူကတော့ အသက် ၄၀ နှစ်အရွယ် ဒေါ်လထော်နန်ဂရောင် ဖြစ်ပါတယ်။ ကချင်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ယောက်ျားဖြစ်သူနဲ့ကတော့ တကျော့ပြန်တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ ၂၀၁၁ ဇွန်လ ၉  ရက်နောက်ပိုင်း နှစ်လ လောက်ကြာမှ ပြန်တွေ့ဆုံတယ်လို့ ပြောပြပါတယ်။

“သူကအိမ်မှာလည်း နှစ်ရက်၊ သုံး ရက်ဘဲ နေပြီး တာဝန်နဲ့ ပြန်သွားတယ်။ အဲဒီကတည်းက မပြန်လာတော့ဘူး”

လိုင်ဇာမြို့သို့ တိမ်းရှောင်လာပြီးနောက် တစ်နှစ်အကြာ ၂၀၁၂ ခုနှစ် ဇွန်လမှာ သူမ၏ အမျိုးသား ဦးအင်ဒေါင်နော်ဂျာ အသက် ၃၆ နှစ်က နမ်ဆန်ယန်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးသွားခဲ့တာပါ။

အမျိုးသား ဖြစ်သူ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ အခါမှာတော့ ဒေါ်လထော်နန်ဂရောင်ကို တပူပေါ် နှစ်ပူဆင့်ပါတော့တယ်။

မုဆိုးမ ဘဝနဲ့ ဒေါ်လထော်နန်ဂရောင်ဟာ သားသမီး ၃ ယောက်နဲ့ အတူ လိုင်ဇာမြို့ အနီးက ဒုက္ခသည် အများဆုံး နေထိုင်တဲ့ ဂျေယန်း ဒုက္ခသည် စခန်းမှာ ၆ နှစ်တာ ကာလကို ဖြတ်သန်းခဲ့ရပါတယ်။

ဒုက္ခသည်စခန်းမှာ လူမှုအဖွဲ့အစည်းတွေက ရိက္ခာတွေ ထောက်ပံ့ပေးနေပေမယ့်လည်း သားသမီး ၃ ဦးရဲ့ ပညာရေးအတွက် ထောက်ပံ့မှု မရတဲ့အတွက် မိခင် တစ်ဦးတည်းသာ နေ့စားအလုပ်တွေ လုပ်ကိုင်ပြီးတော့ ရုန်းကန်နေရတာ တာဝန်ကြီး ထမ်းနေရလို့ စိတ်ဓါတ်အကြိမ်ကြိမ် ကျခဲ့ရတယ်လို့ သူက မိုးသည်းတဲ့ နေတွေ အကြောင်းဆက် ပြောပါတယ်။

“အခုက ပညာရေးခေတ်ဆိုတော့ ကလေးတွေရဲ့ ပညာရေးအတွက် ကျမလည်း ကျန်းမာရေးက မကောင်းတော့ ဝင်ငွေလည်းထွက်မရှာနိုင်ဘူး၊ သူမရှိတော့ ပတ်ဝန်းကျင်ကလည်း ကျမ မုဆိုးမဆိုတော့ အထင်သေးသလို ဖြစ်တော့ စိတ်ထဲ တကယ်ခံစားရပါတယ်”

တက္ကသိုလ်ရောက်နေပြီဖြစ်တဲ့ သမီးကြီးအတွက် စားဝတ်နေရေး စိတ်ပူရသလို ကျောင်းနေဆဲ အငယ်တွေ အတွက်လည်း အစစအရာရာ ဖြည့်ဆည်းနေရတယ်လို့ ပြောပါတယ်။

“ဘယ်သူ့ သွားအကူအညီတောင်းရမလဲတောင် မသိတော့ဘူး။ ကျမဖာသာ စိတ်အားငယ်လို့ ငိုမိတာလည်း အကြိမ်ကြိမ်ပါဘဲ” လို့ ဒေါ်လထော်နန်ဂရောင်က ပြောပါတယ်။

ဒုက္ခသည်စခန်းမှာ အလုပ်အကိုင်မရှိတော့ တရုတ်နိုင်ငံဘက်ခြမ်းကို နေ့စားသွားလုပ်ပေမဲ့ တစ်ရက်ကို တရုတ်ငွေ ၂၀ မှ ၄၀ (ကျပ် ၅၀၀၀ မှ ၆၀၀၀ ) လောက်ရရှိပေမဲ့ ကျန်းမာရေး မကောင်းတဲ့အတွက် ပုံမှန် အလုပ် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

ဖခင်သေဆုံးသွားတော့ သမီးအကြီးမှာ ၂၀၁၅ ခုနှစ်က ၁၀ တန်းအောင်ပေမဲ့ တက္ကသိုလ်တက်ရောက်ဖို့ ငွေကြေး အခက်အခဲကြောင့် တစ်နှစ် ရပ်နားလိုက်ပါတယ်။

၁၉၉၄ ခုနှစ်ကတည်းက ၁၇ နှစ်ကြာ အပစ်အခတ် ရပ်ထားခဲ့တဲ့ KIOက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံခဲ့ရာမှ စစ်ဆေး တင်းမာခဲ့ကာ မြန်မာ့တပ်မတော်နဲ့ KIA တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှစတင်ပြီးတော့ တိုက်ပွဲ တကျော့ပြန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်မှာလည်း ယနေ့ထိ နေရပ်စွန့်၊ နေအိမ်စွန့်ပြီးတော့ တခြားနေရာကို ရှောင်ပုန်းနေရဆဲပါ။ စစ်ရှောင်တွေထဲမှာ ယောက်ျား သေဆုံးသွားရသူတွေအတွက်ကတော့ တပူပေါ် နှစ်ပူဆင့်စေပါတယ်။

ဒေါ်လထော် နန်ဂရောင်လိုဘဲ အသက် ၄၃ နှစ်အရွယ် ဒေါ်တန်ဘောင် ဒေါင်ဇိုင်းကလည်း မုဆိုးမ ဖြစ်ခဲ့ရပါတယ်။ သူတို့ မိသားစုကလည်း ၂၀၁၁ ခုနှစ် ဇွန်လက ဘန်ဒေါင်ကျေးရွာကနေ လိုင်ဇာမြို့ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတာပါ။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အင်ခရမ်ဘွမ် တိုက်ပွဲမှာ ကချင်တပ်က စစ်သားဖြစ်တဲ့ ယေက်ျားဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဦးဖောင်များလတောင် ကျဆုံးသွားခဲ့ပြီး သားသမီး ၄ ယောက်ကို စောင့်ရှောက်နေရပါတယ်။

ဒုက္ခသည်စခန်းမှာ စားသောက်ဖို့ ရိက္ခာတွေ ရရှိနေပေမဲ့ အလုပ်အကိုင်မရှိတဲ့အတွက် ကလေးတွေရဲ့ ကျောင်းစရိတ်၊ စားဝတ်နေရေးအတွက် ခက်ခဲကြမ်းတမ်းဆုံးအဖြစ် ရင်ဆိုင်ကျော်ဖြတ်နေရတာကို ဒေါ်တန်ဘောင်ဒေါင်ဇိုင်းက ပြောပြပါတယ်။

“ကလေးတွေက ငယ်သေးတော့ အကုန်လုံး ကျမဘဲ လုပ်နေရတယ်။ အခက်အခဲဆုံးက ငွေရေးကြေးရေးဘဲ။” လို့ ပြောပြပါတယ်။

တဖက်က အခက်ပိုစေတာကတော့ ကျန်းမာရေးလို့ ပြောပါတယ်။  “ကျမလည်း အမျိုးသားဆုံးပြီး ကိုယ်ဝန် ၂ လကျန်ခဲ့တာ။ ကိုယ်ဝန်လည်း ပျက်ကျသွားတယ်။ အဲဒီအချိန် ကျန်းမာရေး ဂရုမစိုက်နိုင်လို့ ခုအလုပ်နည်းနည်း လုပ်ရင်လည်း ခေါင်းတွေ မူး၊ အသက်ရူကြပ်တော့ ဘာအလုပ်မှ မလုပ်နိုင်ဘူး။ နေ့စားတောင် မသွားနိုင်ဘူး။ စခန်းမှာလည်း အလုပ် အကိုင်မရှိ၊ ဒါကြောင့် ပညာရေး စရိတ်လိုနေတာပါ”လို့ ဒေါ်တန်ဘောင်ဒေါင်ဇိုင်းက ပြောပါတယ်။

မုဆိုးမဘဝ ဖြစ်တော့ ပတ်ဝန်းကျင်က အထင်သေးတာတွေ ခံရလို့ မျက်နှာငယ်ရတယ်လို့ သူက ဆိုပါတယ်။ “အခက်အခဲကတော့ အခုပြန်ပြောရင် ငိုတောင် ငိုချင်လာတယ်။ တိုက်ပွဲ မရှိခဲ့ရင် ကျမတို့ အမျိုုးသမီးတွေလည်း ဘယ်သူမှ ကိုယ်အမျိုးသား ဆုံးရှုံးရမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

စစ်ဒဏ်ကြောင့် အမျိုုးသားတွေ ဆုံးရှုံးခဲ့ရလို့ စားဝတ်နေရေးအပြင် သားသမီးတွေရဲ့ ရှေ့ရေးအတွက် အခက်အခဲတွေကို မျက်ရည်နဲ့ တာဝန်ယူ ရုန်းကန်နေရတဲ့ မြောက်များစွာသော စစ်ရှောင် အမျိုးသမီးတွေရဲ့ ဘဝတွေ မနည်းလှပါဘူး။

ဂျေယန်းဒုက္ခသည်စခန်းတခုထဲမှာဘဲ တိုက်ပွဲအတွင်း လင်ယောကျ်ားဖြစ်သူ ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး အနည်းဆုံး ၇၀ လောက်ရှိတယ်လို့ ဂျေယန်းဒုက္ခသည်စခန်းမှာ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ ကချင်အမျိုးသမီး အစည်းအရုံး (KWA)က ဒေါ်ခါးတောမ်က ပြောပါတယ်။

အဆိုပါ စခန်းမှာ ကျေးရွာပေါင်း ၈၂ ရွာ၊ အိမ်ထောင်စုပေါင်း ၁၆၀၀ ကျော်နဲ့ လူပေါင်း ၈၀၀၀ ကျော် ဒုက္ခသည် အများဆုံးခိုလှုံနေပြီး ၂၀၁၃ ခုနှစ်ကနေ ယနေ့ထိ ဂရုဏာအဖွဲ့(KMSS) ကနေ ဆန်၊ ဆီ၊ ဆား၊ ပဲ တွေ ထောက်ပံ့မှုကို လက်ခံ ရရှိနေရတယ်လို့ သိရပါတယ်။ ဒါပေမဲ့၂၀၁၅ ခုနှစ် ကစလို့ လာရောက် ကူညီထောက်ပံ့သည့် မည်သည့် လူမှုအဖွဲ့အစည်းတွေ နည်းပါးခဲ့ပါတယ်။

ဂျေယန်း ဒုက္ခသည်စခန်းသည် တရုတ်နိုင်ငံ နယ်စပ် ချောင်းသာခြားထားတဲ့အတွက် စခန်းမှာရှိတဲ့ ဒုက္ခ အမျိုးသားတွေနဲ့အတူ အမျိုးသမီးတွေကလည်း တရုတ်နိုင်ငံဘက်သွားရောက်ပြီးတော့ နေ့စား အလုပ် လုပ်ကိုင်ပြီးတော့ မိသားစုစားဝတ်နေရေးအတွက် ရှာဖွေစားသောက်နေရတယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်း ဒုက္ခသည်တွေ အများအပြားလာရောက် လုပ်ကိုင်တဲ့အတွက် အမျိုးသမီးတွေကိုဆို တစ်ရက် တရုတ်ငွေ ၃၀၊ ၄၀ သာပေးတော့တယ်လို့ ဒေါ်ခါးတောမ်က ပြောပါတယ်။

“အရင်က လုပ်အားခ ၆၀ ပေးတယ်။ ခုက လူများလာတော့ ၃၀ လောက်ဘဲပေးတယ်။ အမျိုးသမီးတွေကိုဆို ပိုပြီး နှိမ်တယ်”လို့ သူက ပြောပါတယ်။

ထိုသို့ အလုပ်သွားလုပ်ဖို့ နိုင်ငံကူးလက်မှတ် (ပစပိုစ့်) လုပ်ရန် တရုတ်ငွေ ၁၅၀ ကနေ ၂၀၀ ထိ ပေးရတဲ့အတွက် တစ်ချို့ ဒုက္ခသည်များ နိုင်ငံကူးလက်မှတ် မလုပ်နိုင်တဲ့အတွက် တရားမဝင် သွားရောက် လုပ်ကိုင်သူတွေလည်း တရုတ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရမှုတွေလည်း အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ အကျဉ်းထောင်သို့ ရောက်ရှိသွားတဲ့အခါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ထောင်ဒဏ် ရက်ပေါင်း ၄၅ ရက် အကျဉ်းချခံရတယ်လို့ ဒေါ်ခါးတောမ်က ပြောပြပါတယ်။

ဒီလိုအခက်အခဲပေါင်းစုံ ကြုံတွေ့နေရတဲ့ ဒေါ်တန်ဘောင်ဒေါင်ဇိုင်းက “နေ့ရော ညပါ မျက်ရည်နဲ့မျက်ခွက်နဲ့နေရတယ်။ ခက်လွန်းလို့ ဟိုနေ့ ကတော့ ကလေးတွေလည်း ငို၊ ကျမလည်း ငို နေကြတာ”  လို့ ပြောပါတယ်။

 “ကျမတို့ နိုင်ငံမငြိမ်းချမ်းလို့ ခုလို ခံစားနေရတယ်။ အမြန်ဆုံး ငြိမ်းချမ်းချင်ပါပြီ။”

 

 

Related Articles