Home မေးမြန်းခန်း ကိုဗစ် နဲ့ အမျိုးသမီးတွေရဲ့ စိတ်ကျန်းမာရေး

ကိုဗစ် နဲ့ အမျိုးသမီးတွေရဲ့ စိတ်ကျန်းမာရေး

ရွှေရည်။ ။

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်တဲ့ COVID – 19 ကြောင့် ကမ္ဘာနဲ့တဝှမ်းက လုပ်ငန်းခွင် တော်တော်များများ ရပ်ဆိုင်းတာတွေ ရှိသလို အလုပ်သမား လျှော့ချတာတွေလည်း ရှိပါတယ်။ ရောဂါ ကူးစက် ပျံ့ပွားမှုနှေးကွေး အောင်နဲ့ လျှော့ချနိုင်ဖို့အတွက်လည်း ကမ္ဘာသူ ၊ ကမ္ဘာသား ကြီးငယ်ရွယ်မရွေး အားလုံး မိမိတို့ နေအိမ်ထဲမှာပဲ နေကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။ ဒါကြောင့် နေအိမ်မှာနေပြီး အလုပ်လုပ်ပါ/ “ Work From Home” ဆိုတဲ့ စကားလုံးက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အရမ်းကို ခေတ်စားနေတဲ့ စာသားဖြစ်ပါတယ်။ မိမိတို့ နေအိမ်ထဲမှာနေပြီး အပြင်မထွက်ရဆိုတဲ့ အချိန်မှာ အမျိုးသမီးတွေအတွက် အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုပြီးရင်ဆိုင် ရနိုင်သလို ၊ အမျိုးသမီးတွေအပေါ် အိမ်မှုတာဝန်တွေ ပိုပြီး ပိလာစေတယ်လို့ UNFPA ကဆိုပါတယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသမီးတွေ အတွက် စိတ်ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပြုစေဖို့အတွက် ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီးမှ တွဲဖက် ပါမောက္ခ ဒေါက်တာ ညိုညိုအောင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ရွှေရည် : ပထမဆုံး မေးချင်တာကတော့ ကမ္ဘာကြီးက ဖျားနေတယ်ပေါ့နော်။ လူတွေရဲ့ စိတ်မဖျားအောင်ပေါ့ ။ တနည်းပြောရရင် လူတွေရဲ့ စိတ်ကျန်းမာရေး ကောင်းအောင် ဒီလို အချိန်မှာ ဘာလုပ်ရမလဲ။

ဒေါက်တာ ဒေါ်ညိုညိုအောင် : ကမ္ဘာ့ကပ်ရောဂါ Covid 19 ရောဂါကူးစက်မှုကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ တွေရှိနေရပြီး ပြည်သူလူထုမှာ ရောဂါကူးစက်မှာ၊ နာမကျန်းဖြစ်မှာ မိသားစုကို စောင့်ရှောက်မှု မပေးနိုင်မှာ ရောဂါဖြစ်နိုင်တယ်လို့ သံသယ ဖြစ်ခြင်းခံရရင် သီးသန့်သတ်မှတ်နေရာ(Quarantine)မှာနေရမှာ စသည်ဖြင့် စိတ်ဖိစီးမှုတွေများပြီး စိုးရိမ်ပူပန် ကြောက်ရွံ့မှုတွေ ခံစားနေရပါတယ်။

စိုးရိမ်မှုကြောင့် သတင်းအချက်အလက်တွေကို ဖြန့်ဝေခြင်းတွေ ပြုလုပ်ရာမှာ ပြည်သူလူထုအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ စဉ်ဆက်မပြတ် လွှင့်တင်နေတဲ့ သတင်းအချက်အလက်တွေကို အချိန်အများကြီးပေးပြီး ကြည့်ရှုတာတွေက စိုးရိမ်ပူပန်မှုကို တိုးပွားစေပါတယ်။ တစ်နေ့ကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ခန့် အချိန် နည်းနည်းပေးပြီး ယုံကြည်ရတဲ့ တရားဝင်သတင်းဌာန တွေက သတင်း သတင်းအချက်အလက်(Facts) တွေကို ကြည့်ရှုမှတ်သား သင့်ပါတယ်။ မှားယွင်းတဲ့ သတင်း ကောလဟာလ တွေကို ကြည့်ရှု ဖြန့်ဝေတာတွေ မပြုလုပ်သင့်ပါဘူး။ Covid 19 နဲ့ ပက်သက်ပြီး ကောင်းမွန်တဲ့ ဇာတ်လမ်း အချက်အလက်တွေ (ဥပမာ : ရောဂါဖြစ်ပြီး ပြန်လည်ကောင်းမွန်လာတဲ့ လူတွေရဲ့ အတွေ့အကြုံ၊ ကိုယ်ကျိုးစွန့် ကုသပေးနေသူတွေရဲ့ ဇာတ်လမ်းတွေ)ကိုဖတ်ရှုသင့်ပါတယ်။

ကျန်းမာရေးဌာနရဲ့ ညွှန်ကြား ချက်အတိုင်း လိုက်နာပြီး မိမိကိုယ်ကို ကာကွယ်ရပါမယ်။ အချိန်မှန် အိပ်ခြင်း၊ အဟာရမျှတအောင်စားသုံးခြင်း၊ ရေများများသောက်ခြင်း၊ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေတဲ့ နည်းလမ်းတွေ ပြုလုပ်ခြင်း၊ မိမိဝါသနာပါရာကို ပြုလုပ်ခြင်း နဲ့ စိတ်ဖိစီးမှုပြေပျောက်ဖို့အတွက် အရက်၊ မူးယစ်ဆေးဝါးတွေကို သုံးစွဲခြင်းမှ ရှောင်ကျဉ်ရပါမယ်။ ဒါ့အပြင် တခြားသူတွေကိုလည်း တတ်နိုင်သမျှ အကူအညီပေးပါ။ (ဥပမာ ဖုန်း ၊လူမှုကွန်ရက်တွေက တဆင့် အားပေးစကား ပြောကြားတာ ) တို့ဖြစ်ပါတယ်။

ရွှေရည် : အခုလို တကမ္ဘာလုံးက လူတွေ အိမ်ထဲမှာ နေကြ၊ အပြင်မထွက်ကြပါနဲ့ လို့ ပြောတဲ့ အချိန်မှာ အမျိုးသမီး၊ အမျိုးသား မတူညီတဲ့ ခံစားရမှု အခြေအနေတွေ ရှိတယ် လို့ ပြောကြတယ်ပေါ့နော်။ ဆိုတော့ စိတ်ကျန်းမာရေး ရှုထောင့်ကနေ ကြည့်ရင် အမျိုးသားထက် ယှဉ်ရင် အမျိုးသမီးတွေရဲ့ စိတ်ခံစားမှု ၊ စိတ်ခံစားချက် အနေအထား ဘယ်လိုရှိနိုင် ပါသလဲ။

ဒေါက်တာ ဒေါ်ညိုညိုအောင် : Covid 19 ရောဂါ ကူးစက်မှုကြောင့် အိမ်တွင်းမှာနေထိုင်ကြတဲ့အခါ အမျိုးသမီးတွေ အနေနဲ့ မိသားစုမှာ အဓိကကျတဲ့ နေရာမှာပါဝင်ပြီး အိမ်မှုကိစ္စတွေ ထိန်းသိမ်းရတာ ၊ သားသမီးတွေကို စောင့်ရှောက်ရတာ ၊ ဒါ့အပြင် သက်ကြီးရွယ်အိုတွေ ရှိရင်လည်း စောင့်ရှောက်ရတာ တွေကြောင့် ခန္ဓာကိုယ် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပိုမိုခံစားရနိုင်ပါတယ်။

ရွှေရည် : ဒီလို ကာလမှာ တချို့အလုပ်လျှော့ချခံရတဲ့ အထဲပါကြတယ်။ တချို့ စီးပွားရေးထိခိုက်မှုတွေ ရှိကြတဲ့အခါမှာ လူတွေ စိတ်ဖိစီးမှုတွေ ပိုလာကြတယ်။ ဒီလို အခြေအနေတွေမှာ အမျိုးသမီးတွေ ၊ မိန်းကလေးတွေက ကိုယ့်ရဲ့ ရင်းနှီးတဲ့လက်တွဲဖော်ရဲ့ လိင်အကြမ်းဖက်မှု တွေနဲ့ တခြားအိမ်တွင်း အကြမ်းဖက်မှုတွေ ကိုပါ ခံစားကြရတယ်။ လူတွေ မပျော်တော့ဘဲ အကြမ်းဖက်မှုတွေပဲ များလာရင် ခံစားရတဲ့ သူရဲ့ စိတ်က ဘာဖြစ်လာနိုင်မလဲ။

ဒေါက်တာ ဒေါ်ညိုညိုအောင် : အမျိူးသမီး တွေအနေနှင့် ဒီလို ကပ်ရောဂါအခြေအနေမှာ လက်တွဲဖော် နဲ့ အိမ်မှာအတူတူ ရှိနေတဲ့အချိန်ပိုများလာခြင်း ၊ စိတ်ဖိစီးမှုများလာခြင်း၊ အလုပ်အကိုင်များ လျော့ချထားခံရခြင်း ၊ အကူအညီတောင်းခံရန် မိသားစု မိတ်ဆွေ လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုပြတ်နေခြင်း အခြေအနေတို့ကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုမိုလာတာကို သုတေသနမှတ်တမ်း တွေမှာလည်း တွေ့ရပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေ ခံစားလာရရင် အိပ်မပျော်ခြင်း၊ စိတ်ဖိစီးခြင်း မိမိကိုယ်ကိုယုံကြည်မှုနည်းခြင်း ၊ စိုးရိမ်စိတ်လွန်ကဲခြင်း ၊ စိတ်ဒဏ်ရာရခြင်း စိတ်ဓါတ်ကျခြင်းနှင့် မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

ရွှေရည် : ဆရာမ ပြောပြတဲ့ ဒီလိုအခြေအနေတွေ ကြုံတွေ့ခံစားလာရတယ်ဆိုတာကို မိမိကိုယ်ကို သိလာရင်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်က သတိထားမိလာရင်ပဲဖြစ်ဖြစ် ဘာလုပ်သင့်ပါသလဲ။

ဒေါက်တာ ညိုညိုအောင် : မိမိကိုယ်ကို သတိပြုမိလို့ရှိရင် ဖော်ပြထားတဲ့ စိတ်ဖိစီးမှု လျော့နည်းစေတဲ့ နည်းလမ်းတွေကို ပြုလုပ်တာ ၊ မိမိယုံကြည် စိတ်ချရတဲ့သူကို ရင်ဖွင့်ပြောဆိုတာတွေ ပြုလုပ်သင့်ပါတယ်။ မိမိ မိသားစုပတ်ဝန်းကျင်ကလည်း ဖေးမကူညီဖို့လိုအပ်ပါတယ်။ ဒီလို နည်းလမ်းတွေ ပြုလုပ်ပေမယ့်လည်း ဆက်ပြီး ခံစားနေရတယ် ဆိုလို့ရှိရင် နားလည်တတ်ကျွမ်းတဲ့ သူတွေနဲ့ ဆွေးနွေးပြီး စိတ်ကုထုံးတွေ ပြုလုပ်ပြီး လိုအပ်ပါက ဆေးဝါးနဲ့ ကုသမှု ခံယူသင့်ပါတယ်။

စိတ်ဓါတ်ကျမှု အခြေအနေ ပြင်းထန်ခြင်း ၊ သေကြောင်းကြံစည်လိုခြင်းများ ဖြစ်ပေါ်ပါက နားလည် တတ်ကျွမ်းတဲ့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး စနစ်တကျ ဆေးကုသမှု ခံယူရပါမယ်။ မိသားစုဝင်တွေ နဲ့ ပတ်ဝန်းကျင်ကလည်း အန္တာရာယ်ရှိတဲ့ အရာတွေကို အနားကနေ ဖယ်ရှားပေးထားရပါမယ်။

ဒီလို အခြေအနေတွေမှာ စိတ်ခံစားမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ကာယကံရှင်က မည်သူတစ်ဦးတစ်ယောက်ကိုမှ အကူအညီ မတောင်းဆိုဘဲ ရှိနေတတ်တဲ့အတွက် မိသားစု ၊ ပတ်ဝန်းကျင်ကနေ စောင့်ရှောက်ပြီး ဆေးကုသမှုခံယူဖို့ ကူညီပေးသင့်ပါတယ်။

ရွှေရည် : နောက်ပြီးတော့ ဒီကနေ့ အချိန်မှာ အရမ်းကို လူပြောများတဲ့ စကား Work From Home ပေါ့နော်။ အိမ်ကနေ အလုပ်လုပ်ကြမယ်ပေါ့ ။ ဆိုတော့ ဒီနေရာမှာ အဓိက ကလေး မိခင်တွေအတွက် မေးချင်တယ်ပေါ့နော်။ ပုံမှန် အလုပ်ချိန်တိုင်း အလုပ်ထိုင် လုပ်နေပေမယ့် ကျောင်းတွေပိတ်ပြီး အနားမှာ ရှိနေတဲ့ ကလေးတွေ ရဲ့ တာဝန်ပါ တပြိုင်ထဲ လုပ်နေရတော့ အိမ်မှုတာဝန်ပိုပြီး ပိလာတဲ့ အမျိုးသမီးတွေ ရဲ့ စိတ်အခြေအနေက ကြာရင် ဘယ်လို ထိခိုက်မှုတွေ ရှိလာနိုင်သလဲ။ အမျိုးသမီးတွေကရော သူတို့ကိုယ်သူတို့ ဘယ်လို အချိန်ပေးသင့်ပါသလဲ။

ဒေါက်တာ ညိုညိုအောင် : အမျိုးသမီးတွေက အိမ်ထဲမှာနေပြီး အလုပ်လုပ်ရပါက အိမ်တွင်းတာဝန်တွေအပြင် သားသမီးတွေကို ပါ စောင့်ရှောက်ရတဲ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ခြင်း ၊ မိသားစုအတွင်း စိုးရိမ်မှုများကြောင့် လှုမှုဆက်ဆံရေး အဆင်မပြေခြင်း ၊စိတ်တိုလွယ်ခြင်း ၊အာရုံမစူးစိုက်နိုင်ခြင်း ၊ အထီးကျန်ဆန်ခြင်း၊ စိုးရိမ်စိတ်လွန်ခြင်း စိတ်ပင်ပန်းခြင်း burn out တွေ ရနိုင်ပါတယ်။ အမျိုးသမီးတွေ အနေနှင့် အိမ်မှုကိစ္စတွေ ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါက မိသားစုဝင်တွေမှ တာဝန်ယူပေးခြင်း ၊လိုအပ်တဲ့ ပစ္စည်းတွေ ရနိုင်တဲ့ နေရာတွေကို ပို့ဆောင်ပေးနိုင်တဲ့ လူမှုကွန်ရက်တွေကို ညွှန်ပြပေးခြင်း ၊ မိတ်ဆွေများအား မေးမြန်းခြင်းများ ပြုလုပ်သင့်ပါတယ်။ စိတ်ဖိစီးမှု လျော့နည်းအောင် အပေါ်မှာ ရှင်းပြခဲ့တဲ့ စိတ်ဖိစီးမှု လျော့နည်းစေတဲ့ နည်းလမ်းတွေ အတိုင်း လုပ်ဆောင်သင့်ပါတယ်။

ရွှေရည် : နောက်ဆုံးအနေနဲ့ ဒီလို ကာလမှာ အခန်းကျဉ်းလေးထဲမှာ လူတွေ စုပြုံ နေရရင်တောင်မှ စိတ်တွေ ပျော်နေဖို့ တစ်ယောက်ချင်းစီ လုပ်သင့်တဲ့ Mental Health Tips လေးတွေ မျှဝေပေးပါရှင်။

ဒေါက်တာ ညိုညိုအောင် : အိမ်တွင်းမှာ နေနေရတဲ့အချိန်မှာ မိသားစုဝင်တွေမှာ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်၊ စိတ်ဖိစီးမှု များနေတဲ့ အချိန်မှာ မိမိရဲ့ ခံစားချက်တွေကို ထိန်းသိမ်းပြီး တည်တည်ငြိမ်ငြိမ် ရှိနေဖို့ ကြိုးစားရပါမယ်။ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အပြုအမူ တွေဖြစ်တဲ့ အချိန်မှန်အိပ်ခြင်း ၊ အဟာရ မျှတအောင် စားသုံးခြင်း ဒါတွေကို ပြုမူရမှာ ဖြစ်ပါတယ်။ စိတ်ဖြေလျော့လေ့ကျင့်ခန်းတွေ (ဥပမာ : အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း ၊ တရားထိုင်ခြင်း၊ ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်ခြင်း ၊ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အပန်းဖြေ ရုပ်မြင်သံကြား ကြည့်ရှု့ခြင်း၊ ချစ်ခင်သူတွေနဲ့ လူမှုဆက်သွယ်ရေး ပြုလုပ်ခြင်း ဒါတွေကို လုပ်ဆောင်သင့်ပါတယ်။

ကလေးတွေကိုလည်း ရောဂါနဲ့ ပက်သက်ပြီး စိုးရိမ်စိတ် နည်းပါးစေဖို့ မိသားစုနဲ့ အနီးကပ်ရှိစေခြင်း ၊ ရောဂါ နဲ့ ပက်သက်ပြီး ကလေး နားလည် လွယ်အောင်ရှင်းပြခြင်း ၊တကိုယ်ရည် ကာကွယ်ရေး ပစ္စည်းများအား ရှင်းပြခြင်း၊ ကြင်နာစွာ ဆက်ဆံခြင်းများ ပြုလုပ်ရပါမည်။ ကလေးကစားနိုင်ဖို့ သက်တောင့် သက်သာရှိသော နေရာများ အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကစားစေခြင်း၊ ပန်းချီဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ကဗျာရွတ် လက်ဆေးနည်း ကစားနည်းများ၊ ပျော်ရွင်ဖွယ်ကစားနည်း ပုံစံနဲ့ အိမ်သန့်ရှင်းနေရေး နဲ့ ပိုးမွှားသန့်စင်ရေး လုပ်ငန်းတွေ လုပ်ဆောင်စေခြင်း စသည်ဖြင့် ပြုလုပ်ပေးသင့်ပါသည်။ နေအိမ်မှာ မိဘရှိပါက ကိုယ့်မိဘတွေ သုံးစွဲနေရတဲ့ ကုသရေး ဆေးဝါးတွေအတွက် လိုအပ်တာတွေ စီစဉ်ထားပေးရပါမည်။ လှုပ်ရှား သွားလာနိုင်တဲ့ အနေအထားမှာရှိတဲ့ မိဘတွေအတွက် သင့်လျော်မယ့် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ရန် စီစဉ်ပေးသင့်ပါတယ်။

Covid 19 ရောဂါမှာ အသက်အရွယ် လူတန်းစားမရွေး လူမျိုး ဘာသာမရွေး ဖြစ်နိုင်ပါတယ်။ ကူးစက်ခံရသူတွေမှာလဲ အပြစ်တစုံတရာ ပြုလုပ်ထားသူများ မဟုတ်ပါ ။ကိုယ်ချင်းစာစိတ်ထားပြီး ပံ့ပိုး ဆောင်ရွက်ပေးသင့်ပါတယ်။ Covid 19 ရောဂါဖြစ်ပွားသူတွေနဲ့ ဆက်နွယ်နေတဲ့ မိသားစုဝင်တွေ ၊ သူတို့ကိုကူညီ စောင့်ရှောက်မှုတွေပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းများတွေကို အမည်ဆိုးဖြင့်ခေါ်ဝေါ် သမုတ်ခြင်း ၊ အန္တာရာယ်ပေးခြင်း၊ ခွဲခြားဆက်ဆံခြင်းများ ရှောင်ကျဉ်သင့်ပါတယ် ။ စောင့်ရှောက်ပေးသူများကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုပြောဆိုပေးရပါမယ်။

Author:

Related Articles