Home ဆောင်းပါး တစ်ပူပေါ်နှစ်ပူဆင့်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ

တစ်ပူပေါ်နှစ်ပူဆင့်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ

သန့်ရှင်းထွန်း။ ။

မေလရဲ့ အပူဒဏ်ကိုမခံနိုင်ကြတဲ့အတွက် မိုးရွာပါစေလို့ လူတိုင်းကဆုတောင်းနေကြပေမယ့် ဒေါ်ခါတူမာ (အမည်လွှဲ) တစ်ယောက်ကတော့ မိုးမရွာဖို့နေ့တိုင်းဆုတောင်းနေရတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဒေါ်ခါတူမာရဲ့ ဆုတောင်းဟာ မပြည့်ခဲ့ဘဲ တစ်လလောက်မှာပဲ မိုးစတင်ရွာသွန်းခဲ့ပါတယ်။

“ ဆုတောင်းမှားနေမှန်းသိပေမယ့် မိုးရွာရင် ကျမတို့နေထိုင်ဖို့အမိုးအကာမရှိဘူး။ နေပူနေရင်တော့ မြေကြီးပေါ်မှာ အိပ် လို့ရတယ်။ မိုးရွာရင် အိပ်စရာနေရာမရှိတော့ပါဘူး။” လို့ ဒေါ်ခါတူမာက ပြောပါတယ်။

အသက် ၅၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ခါတူမာဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အုန်းတောကြီးဒုက္ခသည်စခန်းမှာ နေထိုင်နေသူတစ်ဦးဖြစ်ပြီးတော့ ပြီးခဲ့တဲ့ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ ‘မိုခါ’မုန်တိုင်းကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတစ်သန်းကျော်ထဲက တစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် လူမျိုးရေးပဋိပက္ခတွေကြောင့် ဒုက္ခသည်ဘဝကို ရောက်ရှိခဲ့ကြတဲ့ ဒေါ်ခါတူမာအပါအဝင် ရိုဟင်ဂျာ တွေဟာ ‘မိုခါ’ မုန်တိုင်းဒဏ်ကိုလည်း ဆိုးဆိုးဝါးဝါးကြုံတွေ့ခဲ့ရပြီး ကျပ်တည်းမှုများစွာထဲက ပြန်လည်ထူထောင်ဖို့  ကြိုးစားရုန်းကန်နေကြရတာဖြစ်ပါတယ်။

‘မိုခါ’ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လူပေါင်း ၁၆၄ဦးသေဆုံးခဲ့ပြီး အဲဒီအထဲက လူဦးရေ ၁၃၀ ကျော်ဟာ ရိုဟင်ဂျာ တွေဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြပါတယ်။

မုန်တိုင်းကြောင့် သေဆုံးခဲ့သူ ရိုဟင်ဂျာတွေထဲမှာ ဒေါ်ခါတူမာတို့နေထိုင်တဲ့ အုန်းတောကြီးဒုက္ခသည်စခန်းက ရိုဟင်ဂျာ ရှစ်ဦးသေဆုံးခဲ့ပြီးတော့ ဒေါ်ခါတူမာရဲ့ ဦးလေးလင်မယားနှစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – မိုခါမုန်တိုင်းအပြီးတွေ့ရသည့် စစ်တွေမြို့နယ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ဒုက္ခသည်များ 

ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ‘မိုခါ’မုန်တိုင်းကြောင့် သေဆုံးသူ၁၆၄ဦး၊ ပျက်စီးနေအိမ် နှစ်သိန်းရှစ်သောင်း ကျော်နှင့် ထိခိုက်လူဦးရေ တစ်သန်းခွဲကျော်ရှိတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)က ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုနိုင်သေးတယ်လို့လည်း ခန့်မှန်းမှု တွေရှိနေပြီးတော့ ကုလအဖွဲ့တွေက သေဆုံးသူလေးရာကျော်ရှိ တယ်လို့ ခန့်မှန်းထားပါတယ်။

အစတည်းက ဆင်းရဲကျပ်တည်းမှုတွေနဲ့ ဒုက္ခသည်စခန်းမှာနေထိုင်နေရတဲ့ ဒေါ်ခါတူမာတို့ကို ‘မိုခါ’မုန်တိုင်းက သူတို့ရဲ့ အသိုက်အမြုံတွေကို ရစရာမရှိအောင် ဖျက်စီးခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစလို့ နှစ်ပေါင်းနှစ်ဆယ်ကျော် နေထိုင်လာခဲ့ရပြီး မိသားစုရှစ်ဦးရှိတဲ့ ဒေါ်ခါတူမာရဲ့တဲအိမ်ကို မြေကြီးပေါ်ပြားပြားဝပ်အောင်ထိ ‘မိုခါ’မုန်တိုင်းက မွှေ နှောက်ခဲ့တယ်လို့ ပြောပါတယ်။

“ ကျမတို့မှာ အကုန်လုံးကုန်ဆုံးသွားပြီးပြီ။ အခြေနေကပိုဆိုးသွားတယ်။ ထမင်းတောင်စားဖို့အနိုင်နိုင်။ ဆန်ကလည်း တစ်အိတ်ကို တစ်သိန်း။ ထမင်းနပ်မမှန်တဲ့ ရက်တွေရှိပါတယ်။ ငွေလည်းမရှိဘူး။”လို့ ဒေါ်ခါတူမာက ပြောပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ဖို့ မလွယ်ကူတဲ့ ဒေါ်ခါတူမာတို့ ဒုက္ခသည်တွေက နိုင်ငံ တကာနဲ့ အလှူရှင်တွေရဲ့ ပေးကမ်းလှူဒါန်းမှုကို မျှော်နေရတယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို နိုင်ငံတကာနဲ့လူမှုအဖွဲ့အစည်းတွေရဲ့ ကူညီ ထောက် ပံ့မှုကို စစ်ကောင်စီက မုန်တိုင်းမတိုက်ခင်ကတည်းက ကန့်သတ်ထားတာကြောင့် မုန်တိုင်းသင့်သူတွေထဲမှာ ရိုဟင်ဂျာ တွေက ပိုပြီးစိန်ခေါ်မှုများတယ်လို့ စစ်တွေမြို့နယ်၊ ဒါးပိုင်ဒုက္ခသည်စခန်းက ဒေါ်ဟာဆီးနာက ပြောပါတယ်။

မုန်တိုင်းကြောင့် ဒါးပိုင်ဒုက္ခသည်စခန်းက လူ ၁၀ ဦးသေဆုံးခဲ့ပြီးတော့ သေဆုံးသူတွေဟာ မုန်တိုင်းတိုက်နေချိန်မှာ နေရာ ရွေ့ပြောင်းတာ၊ အပင်ပိသေဆုံးတာနှင့် ရေတက်လို့ ရေနစ်သေဆုံးတာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ မုန်တိုင်းကြောင့် ကျမတို့ အမျိုးသမီးတွေမှာ အခက်ခဲပိုများပါတယ်။ နေအိမ်တွေပြိုသွားတော့ အမျိုးသမီးတွေအတွက် လုံခြုံမှုကို စိတ်ပူရတယ်။ မနက်မိုးလင်းရင် သားသမီးတွေစားဖို့ ပထမဆုံးစီစဉ်ရတာက အမျိုးသမီးတွေဖြစ်တယ်။ အမျိုး သားတွေက အဆင်ပြေသလိုနေလို့ရပေမယ့် အမျိုးသမီးတွေက အဆင်ပြေသလို နေလို့မရဘူး။” လို့ ဒေါ်ဟာဆီးနာက သူကြုံတွေ့နေရတဲ့အခက်ခဲကို ပြောပါတယ်။

ပုံစာ – မိုခါမုန်တိုင်းအပြီးတွေ့ရသည့် စစ်တွေမြို့နယ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ဒုက္ခသည်များ 

မိုးမရွာခင်အမိုးအကာ တစ်ခုအောက်ကိုရောက်ဖို့ လုံးပန်းနေရတဲ့အတွက် ဒေါ်ဟာဆီးနာကြုံတွေ့နေရတဲ့ အခက်အခဲကို ကျော်ဖြတ်ဖို့အတွက် အပြင်ထွက်ပြီးအလုပ်ရှာဖို့ကလည်း မလွယ်ဘူးလို့ သူကဆက်ပြောပါတယ်။

“ ပြိုသွားတဲ့အိမ်က ထရံဆိုး(ဝါးထရံ)တွေကောက်ပြီး တဲထိုးထားနေရတယ်။ ကျောတစ်ခင်းစာရဖို့နဲ့ သားသမီးတွေ မြေကြီးပေါ်မှာ မအိပ်ရဖို့ရုန်းကန်နေရပါတယ်။”လို့ မိသားစုဝင်ငါးဦးရှိတဲ့ ဒေါ်ဟာဆီးနာက ပြောပါတယ်။

အဲဒါကြောင့် ဒေါ်ဟာဆီးနာဟာလည်း နိုင်ငံတကာအကူညီပေးရေးအဖွဲ့ရဲ့အကူညီကို စောင့်မျှော်နေရတယ်လို့ ဆိုပါ တယ်။

ဒေါ်ဟာဆီးနာတို့မျှော်လင့်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူညီတွေကို ပေးဖို့အဆင်သင့်ရှိနေတယ်လို့ ယူအန် အဖွဲ့အစည်းတွေက ထုတ်ဖော်ပြောကြားနေပေမယ့် စစ်ကောင်စီကတော့ အဲဒီအကူညီတွေပေးရေးလုပ်ငန်းတွေကို ကန့်သတ် ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကပဲ ရခိုင်ပြည်နယ်ကောင်စီရဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ယူအန်အပါအဝင် လူမှု ကူညီရေးအဖွဲ့တွေရဲ့ ခရီးသွားလာခွင့်ကို ရပ်ဆိုင်းထားဖို့ သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသတိပေးစာနဲ့ ပတ်သက် ပြီး ဝေဖန်မှုတွေအများကြီး ထွက်ပေါ်ခဲ့တာကြောင့် ဇွန်လ ၁၁ ရက်မှာ အရင်သတ်မှတ်ထားတဲ့ သတ်မှတ်ချက်အတိုင်း လုပ်ငန်းတွေဆောင်ရွက်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

‘မိုခါ’ မုန်တိုင်းနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ကူညီပေးရေးအလုပ်တွေကို စစ်ကောင်စီနှင့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)တို့က အပြိုင်ဆောင်ရွက်နေတာတွေ့ရပါတယ်။ စစ်ကောင်စီကလည်း သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေမှာ အကူညီပေးရေးအလုပ်တွေကိုလုပ်နေသလို ULA/AA ကလည်း သူတို့ စိုးမိုးထားတဲ့နယ်မြေတွေမှာ ကူညီ ပေးရေးလုပ်ငန်းတွေ လုပ်နေကြပါတယ်။

ဒါပေမယ့် ရခိုင်ပြည်မှာ စစ်ကောင်စီနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)တို့ရဲ့ နိုင်ငံရေး အားပြိုင်မှု တွေက ကြားမှာလစ်ဟာသွားတဲ့ ပြည်သူတွေအတွက် ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာအမျိုး သားတစ်ဦးက ပြောပါတယ်။

“ ကူညီကယ်ဆယ်ရေးတွေ စစ်ကောင်စီလုပ်နိုးနိုး အေအေလုပ်နိုးနိုးနဲ့ ကြားမှာဘာမှအကူညီမရဘဲ ကျန်ရစ်နိုင်တဲ့သူတွေ ရှိပါတယ်။ အဓိကတော့ ရိုဟင်ဂျာအသိုင်းအဝိုင်းတွေပါ။”လို့ သူကပြောပါတယ်။

ပုံစာ – မိုခါမုန်တိုင်းအပြီးတွေ့ရသည့် စစ်တွေမြို့နယ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ဒုက္ခသည်များ 

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)အနေနဲ့ ကူညီထောက်ပံ့မှုတွေလုပ်တဲ့အခါ လစ်ဟာမှုမရှိအောင် ဆောင်ရွက်နိုင်ဖို့က စစ်ကောင်စီရဲ့သဘောထားပေါ်မှာ မူတည်နေပြီး သူတို့အနှောက်အယှက်မပေးရင် ကူညီထောက်ပံ့ ရေးအလုပ်တွေကို ကောင်းကောင်းမွန်မွန်လုပ်နိုင်မယ်လို့ MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေး ပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီက တာဝန်ရှိသူတစ်ဦးက တွေ့ဆုံပွဲတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် ကန့်သတ်မှုများစွာနှင့် ထိန်းချုပ်မှုများစွာ ပြုလုပ်ထားတဲ့ စစ်ကောင်စီကြောင့် ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ် ခံခဲ့ရသူတွေမှာ မုန်တိုင်းတိုက်ခတ်ပြီး တစ်လခန့်ကြာလာပြီဖြစ်ပေမယ့် ယာယီတဲတောင်မရဘဲ မိုးရေထဲမှာ နေထိုင်ရသူ တွေရှိနေတယ်လို့ ဒေသတွင်းလူမှုကူညီရေးအဖွဲ့အစည်းက တာဝန်ရှိသူတချို့က ပြောပါတယ်။

အဲဒီလိုအနေအထားမှာ ရိုဟင်ဂျာအသိုင်းဝိုင်းတွေက ယူအန်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုသာ အားကိုးရတဲ့ အခြေနေ ဖြစ်နေတယ်လို့ သဲချောင်းဒုက္ခသည်စခန်းက အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီရဲ့ကန့် သတ်မှုနှင့်အတူ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ ယူအင်န်၊အိုင်အင်န်ဂျီအိုအဖွဲ့တွေက ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေပါတယ်။

“ ကျမတို့အကုန်လုံးကို အားကိုးပါတယ်။ ဒါပေမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေကိုပိုအားကိုးပါတယ်။ သူတို့တွေ ရောက် ရင် ဆန်ရတယ်။ အမိုးအကာရတယ်။”လို့ သူကပြောပါတယ်။

‘မိုခါ’မုန်တိုင်းဒဏ်ခံခဲ့ရတဲ့သူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ အကူညီတွေနဲ့အတူ စိတ်ပိုင်းရာအကူညီတွေလည်း ပေးသင့် တယ်လို့ ကျောက်ဖြူမြို့က လူမှုကူညီရေးအလုပ်တွေ လုပ်နေတဲ့ ဟိန္ဒူအမျိုးသမီးငယ်တစ်ဦးက အကြံပြုပါတယ်။

“ အိုးအိမ်တွေပျက်စီးသွားတော့ လူတွေစိတ်ဓာတ်ကျကြတယ်။ အဓိကအမျိုးသမီးတွေအတွက် စိတ်ဓာတ်ကြံ့ခိုင်ရေး အစီ စဉ်တွေ လုပ်ပေးသင့်တယ်။ မိသားစုတစ်ခုမှာ အမျိုးသားနဲ့တန်းတူအမျိုးသမီးတွေလည်း ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်သင့်တာတွေကို အကြံပြုပေးသင့်တယ်။”လို့ အမျိုးသမီးငယ်က ပြောပါတယ်။

စစ်တွေမြို့နယ်၊ အုန်းတောကြီးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အသက်၂၆နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီးငယ် မဇီယာ ကတော့ သူတို့မိသားစုဘဝပြန်လည် ထူထောင်ဖို့အတွက် ဝင်ငွေတချို့ရအောင် မြို့ထဲကနေအိမ်မှာ အငှားလုပ်ပြီး ငွေရှာ နေတယ်လို့ ပြောပါတယ်။

မဇီယာဟာလည်း ‘မိုခါ’ မုန်တိုင်းဒဏ်ကို ခံခဲ့ရသူတစ်ဦးဖြစ်ပြီးတော့ သူတို့မိသားစုဟာ မုန်တိုင်းမတိုက်ခင် တစ်ရက် အကြိုမှာ မုန်တိုင်းရှောင်အဆောက်အအုံကို ပြောင်းရွေ့နေထိုင်ခဲ့သူဖြစ်ပြီးတော့ မုန်တိုင်းကြောင့် သူတို့နေထိုင်တဲ့ တန်း လျားဟာလည်း ပြိုပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အကူညီပေးရေးအဖွဲ့တွေဆီက ကူညီထောက်ပံ့မှုကို မျှော်ရတာထက် ကိုယ့်အားကိုကိုးပြီး ငွေရှာတာက ပိုပြီးလက်တွေ့ ကျတယ်လို့ မဇီယာ ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ‘မိုခါ’မုန်တိုင်းကြောင့် အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ပြီး ပြန်လည်ထူထောင် ရေးကို စလုပ်နေကြတဲ့မိသားစုတွေကို မဇီယာက အခုလိုပြောပါတယ်။

“ အကူညီကိုလည်းမျှော် လုပ်စရာရှိတာလည်းလုပ်။ အဓိကစိတ်ဓာတ်မကျဖို့ပဲ”

Author:

Related Articles