Home မေးမြန်းခန်း “ကျမကို မဲပေးတဲ့ ပြည်သူတွေ ဖြူဖြူစင်စင်နဲ့ မဲပေးထားတဲ့အတွက်ကြောင့် ကျေနပ်တယ်”

“ကျမကို မဲပေးတဲ့ ပြည်သူတွေ ဖြူဖြူစင်စင်နဲ့ မဲပေးထားတဲ့အတွက်ကြောင့် ကျေနပ်တယ်”


ကြည်ဖြူ။ ။

၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာဟာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ စံချိန်တင်ပါဝင်ခဲ့တဲ့နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇ဦးမှာ ၄ဦးက အမျိုးသမီးတွေဖြစ်ပါတယ်။

ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ မွန်ညီညွတ်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မိကျေဝ်ကျေဝ်ညီ (ခ) ဒေါ်ယဉ်ယဉ်နု လည်းပါဝင်ပါတယ်။ သူမဟာရွေးကောက်ပွဲအနိုင်မရခဲ့ပေမယ့် အခြားသော အမတ်ဖြစ်သွားတဲ့ အမျိုးသမီးတွေကို ကြိုဆိုတယ်လို့လည်းဆိုပါတယ်။

အမျိုးသမီးအမတ်လောင်းတွေ အားကောင်းခဲ့တဲ့ မွန်ပြည်နယ်ထဲက ရွေးကောက်ပွဲအခြေအနေတွေနဲ့ ရွေးကောက်ပွဲအပြီး ရှေ့လုပ်ငန်းစဉ်တွေအကြောင်း မိကျေဝ်ကျေဝ်ညီ (ခ) ဒေါ်ယဉ်ယဉ်နု ကိုမေးမြန်းထားသည်များထဲမှ အချို့ကိုကောက်နှုတ် တင်ပြလိုက်ပါတယ်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားတွေနဲ့ တန်းတူဝင်ရောက် အရောက်အရွေးခံရတဲ့ အချိန်မှာ အဓိက စိန်ခေါ်မူတွေက ဘာတွေ ရှိပါသလဲ။
ဖြေ ။ ။ ကျမတို့ ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့အချိန်မှာ ကျမတို့ဝင်ပြိုင်တဲ့ လွှတ်တော်မှာ ပြိုင်ဘက်က အမျိုးသားတွေ မဟုတ်ဘူး။ အမျိုးသမီးတွေများတယ်။ ဒီရွေးကောက်ပွဲ ဖြစ်စဉ်ကာလ တစ်လျှောက်လုံးမှာတော့ ကျမတို့ နိုင်ငံရေး ဆောင်ရွက်တဲ့နေရာမှာ အမျိုးသားတွေအများစုပါတယ်။ ကျမတို့ ရဲ့ ပါတီကိုယ်စားလှယ်၊ ဝန်းရံတဲ့သူ တော်တော်များများက အမျိုးသားတွေ များတယ်။

အမျိုးသမီးတွေရဲ့ စိန်ခေါ်မှု အခက်အခဲတွေက အမျိုးသားတွေနဲ့ နည်းတူ စည်းရုံးရေးဆင်းတဲ့နေရာမှာ ဆောင်ရွက် နိုင်ခြင်း မရှိဘူးပေါ့။ ဘာလို့လဲ ဆိုတော့ အမျိုးသမီးတွေ မသွားသင့်တဲ့ နေရာတွေ ရှိတယ်။ ပတ်ဝန်းကျင်က လက်မခံတဲ့ နေရာတွေ ရှိတယ်။ (ဥပမာ) အမျိုးသားတွေက လက်ဖက်ရည်ဆိုင်တွေ ထိုင်ကြတယ်။ စကားပြောကြတယ်။ ညဖက်ဆိုလဲ သူတို့ သွားလို့ရတယ်။

ကျမတို့ အမျိုးသမီးတွေကျတော့ အဲလိုမျိုးသွားလို့ အဆင်မပြေဘူး။ ကျမတို့ နည်းနည်းဝေးလံတဲ့ နေရာကျတော့လည်း ပိုပြီးတော့ ခက်ခဲတယ်။ အမျိုးသားတွေ သွားတာကျတော့ တစ်ယောက်၊ နှစ်ယောက်နဲ့ သွားလို့ရတယ်။ အမျိုးသမီးတွေ သွားတဲ့နေရာကျတော့ အဖွဲ့ အများကြီးနဲ့ သွားဖို့လိုတယ် ကုန်ကျစရိတ် အများကြီး ကုန်နိုင်တယ်။

အမျိုးသမီးကိုယ်စားလှယ်ဆိုလို့ရှိရင် လူတွေက ပိုပြီးစိတ်ဝင်စားတယ်လို့ ပြောရမလား။ ပိုပြီးသတိထားကြတယ်။ ကျမတို့က အချိန်တိုင်းကို သတိနဲ့ သွားလာနေရတယ်။ အမျိုးသမီးတွေက နည်းနည်းလေးမှ ခြေလမ်းမှားလို့ မရဘူး။ မှားရင် ပြစ်တင် ဝေဖန်မှုတွေ အမျိုးသားတွေထက် ပိုရှိတယ်။ ဒါတွေက တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေပါပဲ။ အများကြီးတော့ ရှိတယ်ပေါ့နော်။

မေး ။ ။ ရွေးကောက်ပွဲမှာ အရွေးမခံရတာ ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။
ဖြေ ။ ။ ကိုဗစ်ကာလ ဖြစ်တဲ့တွက် ကြိုတင်မဲကိစ္စတွေမှာဆိုရင် ရက်ကလည်း ကြာတယ်။ မဲပေးပုံပေးနည်း ကျတော့ မဲဆွယ်စည်းရုံးကာလမှာ ပညာပေးထားတဲ့ ပုံစံမဟုတ်ဘူး။ မဟုတ်ဘူးဆိုတာက ဒီကြိုတင်မဲပေးတဲ့ချိန် ဆိုရင် အမှန်ခြစ် အဲလိုမျိုး ကျမတို့ ပြောထားပေမယ့် ကြိုတင်မဲ သွားပေးတဲ့ အခါကျတော့ စည်း(တုံး) ထုရတာတို့၊ လွှတ်တော် သုံးခုလုံးကို တခါတည်း ဖြတ်ပိုင်းဖြတ်ပေးတာတို့၊ အဲလိုမျိုးပုံစံ ဖြစ်တဲ့ခါကျတော့ ကျမတို့ ပြည်သူ အနေနဲ့က ဒီဟာကို သိပ်ပြီးတော့ အမြင် မကျယ်တဲ့အခါ မသိတဲ့ခါ ကျတော့ ပိုပြီးခက်ခဲစေပါတယ်။

နောက်တခုက ကျမတို့ ပြောတာက ကြိုတင်မဲ ထည့်တဲ့နေရာမှာ လက်သန်း မှာ မှင်တို့တာမရှိဘူးပေါ့။ တကယ်ကျတော့ လူတယောက်က ကြိုတင်မဲမှာ မဲထည့်တာ မှင်မတို့တဲ့အခါကျတော့ မဲဘယ်နှစ်ခါ ထည့်တယ်ဆိုတာ မပြောနိုင်ဘူးလေ။ နောက်တခု ရှိတာက မဲသွားထည့်ရင် မှတ်ပုံတင် ယူသွားရမယ် တကယ်မှာကျတော့ မှတ်ပုံတင်မလိုဘဲနဲ့စလစ် စာရွက် တခုနဲ့ပဲ ဝင်နေတဲ့ အနေထားဖြစ်နေတယ်။

ဘာဖြစ်လို့ကျမ ဒီလိုပြောရလည်းဆိုတော့ တချို့ ကျေးရွာတွေမှာ လူစားလာပေး တာတို့ ဘာတို့ပေါ့ အဲတာတွေရှိတယ်။ နောက်ပြီးကျတော့ UEC အမှတ်မပါတဲ့ တံဆိပ်တုံးတွေလဲ တွေ့ရတယ်။ ဒါကျမတို့ မြို့နယ်မှာပေါ့။

နောက်တခု ရှိတာက ကျမတို့ ဒီမဲရုံအကူကိုယ်စားလှယ်တွေကို တချို့မဲရုံတွေက ကျမတို့ကို မစောင့်ခိုင်းဘူး။ တစ်ယောက်ပဲ စောင့်ခိုင်းတယ်။ လွှတ်တော် သုံးရပ် တိုင်းရင်းသားရေးရာပါရင် လွှတ်တော် လေးရပ် တွေမှာဆိုလဲ အကူ ကိုယ်စားလှယ်ကို တစ်ယောက်ပဲ စောင့်ခိုင်းရတဲ့ မဲရုံးတွေ ရှိတယ်။ တစ်နေရာနှင့် တစ်နေရာ မတူညီနေဘူးပေါ့။ ညွှန်ကြားချက်အမိန့်က ဘယ်ကနေလာမှန်းမသိတဲ့ အနေထားတွေရှိတယ်။

တချို့မဲရုံတွေဆိုလဲ လက်မှတ်ကို ကြိုထိုးခိုင်းတာတွေ ရှိတယ်။ အဲ့ဒီအနေထားတွေကြောင့် ဒီဟာက ရွေးကောက်ပုံစံက ထင်ထားသလောက် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ လို့ မခံယူဘူး။ မယူဆဘူး။ ရှုံးတာ နိုင်တာက အဓိက မကျ ဘူး။ ပြည်သူတွေရဲ့ ဆန္ဒကသာ အဓိက ကျတယ်။

ပြည်သူရဲ့ ရွေးချယ်မှုကို ကျမတို့က လက်ခံရမယ်ပေါ့။ အဲ့ဒီလိုအနေထားမှာ ပြိုင်ရတဲ့ အခါမှာကျတော့ ကျမတို့ တိုင်းရင်း သားတွေ ပါတီအနေနဲ့ အထူးသဖြင့် ဒီလိုမျိုးအခြေအနေမှာ ကျမတို့ မြို့နယ်အခြေအနေက ပိုပြီးတော့ ယုံရခက်တယ်။ လွှတ်တော်တိုင်းကို မဲရုံတစ်ခုနှင့် တစ်ခု ပုံစံက မတူဘူး။ တချို့နေရာကျတော့ ပြည်သူတွေ နားမလည်တဲ့ဟာကို သူတို့ ထည့်ပေးလိုက်တာ ကျမတို့ မျက်စိနဲ့မြင်ခဲ့ရတာပေါ့။

ကျမတို့ ပြန်ပြောတဲ့ခါကျတော့ ဒီဟာက သူတို့နားမလည်လို့ သူတို့ပြောတဲ့နေရာကို ထုပေးတယ် ဆိုတာပေါ့။ အောက် ခြေက အများကြီး အဲ့ဒီလိုဖြစ်နေတာပေါ့နော်။ ကျန်တဲ့ဟာကျတော့ ကျမတို့ သုံးသပ်နေတယ်။ ဒီဟာကို ပြန်စိစစ်ပေးဖို့ ကျမတို့ မြို့နယ်ကနေပြီးတော့ စာတင်ထားတာရှိတယ်။

မေး ။ ။ ရွေးကောက်ပွဲ ရလဒ်ထွက်ရှိလာတဲ့ အပေါ်မှာ အမျိုးသမီးတစ်ယောက် အနေနဲ့ စိတ်ဓာတ်ကျသွားတာမျိုးရော ရှိလား။ ကိုယ်ရဲ့ စိတ်အင်အားကို ဘယ်လိုမြှင့်တင်ထားပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲရလဒ်အပေါ်မှာ စိတ်ဓာတ်ကျတာတော့ မရှိဘူး။ ဘာဖြစ်လဲဆိုတော့ ကျမကို မဲပေးတဲ့ ပြည်သူတွေ ဖြူဖြူစင်စင်နဲ့ ကျမကို မဲပေးထားတဲ့အတွက်ကြောင့် ကျမကျေနပ်တယ်။ တစ်ခုပဲရှိတယ်၊ သူတို့က ကျမကိုမဲပေးရဲ့ သားနဲ့ မဲအများဆုံးရတဲ့ ရလဒ်အပေါ်မှာ ကျေနပ်မှုမရှိဘူးပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့မြို့နယ် အနေထားဆိုရင် မဲခြောက်သောင်းကျော်ရနိုင်မယ့် အနေထားမရှိဘူး။

ကျမတို့က ရွေးကောက်ပွဲအပေါ် စိတ်ဓာတ်ကျတာတော့ မဟုတ်ပါဘူး။ ဒီလိုမျိုးအနေထား ဆိုလို့ရှိရင် နောက်လာမည့် ရွေးကောက်ပွဲမှာ နောက်လာမယ့်လူတွေ ဝင်ပြိုင်ဖို့က တွန့်ဆုတ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲက ခုန် တက်သွားတဲ့ အနေထားဖြစ်တယ်။ အဲလိုမျိုးဆိုတော့ လာမယ့်လူတွေအတွက် စိတ်ဓာတ်ကျနိုင်တဲ့ အနေအထား ဖြစ်တယ်။

ကျမကို မဲပေးထားတဲ့ပြည်သူတွေကို ကျမက တန်ဖိုးထားတယ်။ သူတို့ ပေးတဲ့ မဲက ကျမသူတို့ကို ဘာအခွင့်အရေးမှ မပေးဘူး။ သူတို့ကို ကျမ ဘာမှမပေးထားဘူး။ (ဥပမာ) ပိုက်ဆံတို့ ဘာတို့ ဘာတစ်ခုမှ မပေးထားဘဲနဲ ကျမတို့ကို အားပေးတယ်။ ကျမတို့ကို ယုံယုံကြည်ကြည်နဲ့ မဲထည့်ပေးတဲ့တွက် ကျမ အားတစ်ခုဖြစ်ပါတယ်။

မေး ။ ။ ကိုယ်ကိုတိုင် ရွေးကောက်ပွဲမှာ အရွေးမခံရပေမယ့် အမျိုးသမီးရေးနဲ့ နိုင်ငံရေးတွေကို ဘယ်လိုဆက်လက် လုပ်ဆောင်သွားမယ်လို့ စိတ်ကူးထားပါသလဲ။
ဖြေ ။ ။ အဓိကတော့ နိုင်တယ် မနိုင်ဘူးဆိုတာထက် ပြိုင်တယ်ဆိုတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးလေ။ အနိုင်အရှုံး ကတော့ ရှိမှာဘဲ။ ကျမတို့က နိုင်ငံရေးကို ဝင်လုပ်ကတည်းက ဒီလွှတ်တော် နိုင်ငံရေးရှိမယ်။ လွှတ်တော်ပြင်ပ နိုင်ငံရေးရှိမယ်။ ကျမက နဂိုကတည်းက ဒီအလုပ်ကို လုပ်နေတဲ့ သူဖြစ်တဲ့ လွှတ်တော်ထဲ မရောက်ရင်တောင်မှ ကျမတို့ ပြည်သူတွေ အတွက် ကျမတို့ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။

ကျမ လွှတ်တော်ပြင်ပမှာလည်း လုပ်လို့ရပါတယ်။ လုပ်ဖို့လည်းရှိတယ်။ နောက်တစ်ခု ရှိတာက ကျမက နဂိုကတည်းကိုက အမျိုးသမီးရေးကိစ္စကို စိတ်ဝင်စားတယ်။ ကလေးလူငယ်တွေအတွက် ကျမတို့ တတ်နိုင်တဲ့ ဘက်က ဆက်လက်ဆောင် ရွက်သွားမှာပါ။

မေး ။ ။ အမျိုးသမီးတွေက အမျိုးသားတွေလောက် အလုပ်မလုပ်နိုင်ဘူး။ ရင်ဘောင် မတန်းနိုင်တဲ့ အမြင်တွေ ရှိနေတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်သွားတဲ့ အပေါ်မှာရော ဒီအချက်က သက်ရောက်မူ ရှိတယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ကျမရဲ့ ပြိုင်ဖက်ကလည်း အမျိုးသမီးတွေပဲဆိုတော့ ကျမတို့ဘက်မှာကတော့ အဲလိုမျိုးတော့ မရှိဘူးလို့တော့ ထင်တယ်။ ကျမတို့ တကယ်လက်တွေ့ ဆောင်ရွက်တဲ့ အချိန်မှာ ကျမတို့ အမျိုးသမီးတွေက ပိုပြီးတော့ ရှေ့ရောက် နေတယ်။ လုပ်နိုင်တဲ့ အနေအထားတွေရှိတယ်။ တချို့တွေတောင်မှာ ကျမတို့က အရမ်းလုပ်ပြတဲ့ အခါမှာ သူတို့မကြိုက်တာလည်း ဖြစ်တယ်။

အမျိုးသမီးတွေက မလုပ်နိုင်ဘူးဆိုတာက‌တော့ အနည်း အကျဉ်းလောက်ပဲလို့တော့ မြင်တယ်။ ရွေးကောက်ပွဲမှာတော့ အမျိုးသား အမျိုးသမီးမို့လို့ဆိုပြီး ကျမတို့ ပြည်သူတွေကတော့ အဲလိုမျိုးမြင်တာတော့ မရှိဘူး။

မေး ။ ။ အခု ရွေးကောက်ပွဲက နိုင်တာ ရှုံးတာ အဓိက မဟုတ်ဘဲ ဖြတ်သန်းမူတစ်ခုကို အတွေ့အကြုံယူတယ်လို့ သဘောထားမယ်ဆိုရင် အစ်မအနေနဲ့ ကိုယ့်အတွက် မှတ်မှတ်ရရရှိစေမယ့် ဘယ်လို အတွေ့အကြုံ ရခဲ့ပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲမှာ ကျမအနေနဲ့ ပထမဆုံးခြေလှမ်းတစ်ခုဖြစ်တယ်။ လွှတ်တော်ထဲသွားတဲ့ ခြေလှမ်းပေါ့နော်။ ပထမဆုံး ခြေလှမ်းမှာ ကျမရဲ့ မဲဆန္ဒရှင်တွေက ကျမကို ဒီလောက်ဝန်းရံကြလိမ့်မယ်လို့ မထင်ထားဘူး။ အမှတ်တရ တစ်ခုဖြစ်တယ်။ မြေပြင်အနေအထားကတော့ ကျမကို ဝန်းရံထောက်ခံတဲ့ ပြည်သူတွေကို တွေ့ရတဲ့ အခါကျတော့ ဝမ်းသာတယ် အားရတယ်။ မဲနိုင်တာ မနိုင်တာက မဲပေးတဲ့သူဆီမှာဘဲ မူတည်ပါတယ်။

မဲရလဒ်ပေါ်မှာဘဲ မူတည်သွားတာပါ။ အဓိက ကတော့ ထောက်ခံအားပေးမှုပါပဲ။ ထောက်ခံအားပေးမူ ရှိလာတဲ့အပေါ်မှာ ကျမတို့မြို့နယ် အခြေအထားကတော့ ကျမက မွန်ပါတီကနေ ဝင်ပြိုင်တယ်ဆိုတော့ တချို့တွေက မွန်တွေ အတွက်ဘဲ အလုပ်လုပ်တယ်လို့ မြင်ကြတယ်။ ဒါကလည်း မှတ်မှတ်ရရ အတွေ့ အကြုံတစ်ခုပါ။

ကျမကို တိုက်ခိုက်တဲ့နေရာမှာ ဆိုလို့ရှိရင် တခြားနေရာကို တိုက်ခိုက်လို့မရတဲ့အချိန်ကျတော့ ကျမတို့ရဲ့ တိုင်းရင်းသား အသံဝဲဝဲလေးကို လာတိုက်ခိုက်တဲ့ အနေအထားပေါ့နော်။ အသံဝဲနေတယ် ဘယ်လိုလုပ် လွှတ်တော်တက်လို့ ရမှာလဲဆိုပြီး လာတိုက်ခိုက်တယ်ပေါ့နော်။ မှတ်မှတ်ရရဘဲ တိုင်းရင်းသား အသံဝဲတာက အပြစ်ဖြစ်နေသလားပေါ့နော်။

မေး ။ ။ ဒီနှစ်မှာ အမျိုးသမီးအမတ်တွေ ဝင်ပြိုင်တာ ရွေးချယ်ခံရတာ များလာတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲရှင့် နည်းနည်းသုံးသပ်ပေးနိုင်မှာလားရှင့်။
ဖြေ ။ ။ ကျမတို့ ပါတီက အမျိုးသမီးတစ်ယောက်ပဲပါတယ်။ အမတ်ဖြစ်သွားတဲ့ အမျိုးသမီးတွေကို ကျမ ကြိုဆိုတယ်။ ကျမတို့ရဲ့ အမျိုးသမီးထုတွေ အသံ ဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်။ ပြောပေးဆိုပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ အမျိုးသမီးအရေးကိစ္စတွေကို ဆောင်ရွက်တဲ့ နေရာမှာ လွှတ်တော်မှာ တက်ညီလက်ညီနဲ့ ပါတီမူဝါဒကို မကြည့်ဘဲနဲ့ အမျိုးသမီးတွေ အတွက် အကျိုးရှိမယ့် အကူညီဖြစ်တယ်ဆိုရင်တော့ ရဲရဲဝံ့ဝံ့ဆောင်ရွက်ကြဖို့လည်း ကျမ မျှော်လင့်တယ်။

Related Articles