Home ဆောင်းပါး သန်းခေါင်အပြင် ညည့်မနက်တော့ပါဘူး

သန်းခေါင်အပြင် ညည့်မနက်တော့ပါဘူး

ရွှေသွဲ့။ ။

ခေတ်အဆက်ဆက် အလုပ်သမားအခွင့်အရေး အပြည့်အဝရလေ့မရှိခဲ့တဲ့ မြန်မာနိုင်ငံထဲက အလုပ်သမားတွေ ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပိုမိုဆိုးရွားလာတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင် လာကြရပါတယ်။

အလုပ်ရှင်တွေဘက်ကလည်း နိုင်ငံရေးမတည်ငြိမ်မှုကို အကာအကွယ်ယူပြီး ဥပဒေပါ အခွင့်အရေးတွေနဲ့ လုပ်ငန်းဆိုင်ရာ အခွင့်အရေးတွေကိုပါ ပေါ်ပေါ်တင်တင် ချိုးဖောက်လာပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သူတို့ကို ဆန့်ကျင်ရာမှာပါဝင်တဲ့ အလုပ်သမားတွေကို အငြှိုးထားပြီး အလုပ်သမား သမဂ္ဂတွေကို ဖျက်ဆီးတာ၊ အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကို မတရားအသင်းအဖွဲ့ အဖြစ် ကြေညာတာတွေအပြင် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတွေကိုပါ ဖမ်းဝရမ်းထုတ်၊ ဖမ်းဆီး ထောင်ချတာတွေ ပြင်းပြင်းထန်ထန် လုပ်လာတဲ့အတွက် အလုပ်သမားတွေဘက်က ကူညီဆောင်ရွက်ပေးမယ့် သူဆိုတာ မရှိသလောက် ရှားလာတဲ့ အနေအထား ဖြစ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ အလုပ်သမားတွေ နည်းမျိုးစုံနဲ့ အခွင့်အရေး ချိုးဖောက်ခံရတာတွေအတွက် နစ်နာမှုတွေကို ထုတ်ဖော် ပြောဆိုခွင့်တွေဟာလည်း ရပ်တန့်လိုက်ရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

သို့ပေမယ့်လည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ PMG ရေသန့်စက်ရုံနဲ့ ပုလင်းသန့်စင် ဆေးကြောရေး ဌာနက အလုပ်သမ ၄၀ နီးပါးဟာ သူတို့ရဲ့ အလုပ်ပုံမှန်ဆင်းရင် ရတဲ့ရက်မှန်ကြေး တစ်သောင်းကျော်ကို နှစ်နှစ်နီးပါး မရတဲ့အတွက် ပြီးခဲ့တဲ့ သြဂုတ်လ၊ ၈ ရက်နေ့မှာ စပြီးသပိတ်မှောက် တောင်းဆိုခဲ့ပါတယ်။

ဒီမိုကရေစီအနှစ် အရသာဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိတော့တဲ့ အခုအခြေအနေမှာ ဒီလိုခက်ခဲ နေတဲ့ ဒဏ်တွေကို ဆန္ဒထုတ်ဖော်ဖို့ မဆိုထားနဲ့ လူမှုကွန်ရက်မှာ ဝေဖန်ရေးသားရင်တောင် အရေးယူခံရနိုင်တဲ့ အခြေအနေမှာမျိုးမှာ အလုပ်သမတွေဟာ ဘယ်လို သတ္တိနဲ့ သပိတ်မှောက်ခဲ့ကြတာပါလဲ။

“ကိုယ်ရမယ့်အခွင့်အရေးကို ကိုယ်မှ မတိုက်ရင်မရတော့မယ့် အခြေအနေမလို့ ဒီနည်းကိုရွေးခဲ့ကြတာ” လို့သပိတ်မှာ ပါဝင်ခဲ့တဲ့အလုပ်သမ မအေးအေးမြင့်က ပြတ်သားစွာ ပြောပါတယ်။

အလုပ်သမတွေဟာ သူတို့ရတဲ့ လစာပေါ်မူတည်ပြီး ရက်မှန်ကြေးတစ်လကို တစ်သောင်းကျပ်မှ တစ်သောင်းခွဲ အထိ ရခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုရက်မှန်ကြေးမရတာ နှစ်နှစ်ပြည့်ခါနီး ဖြစ်တဲ့အတွက် သူတို့ရပိုင် ခွင့်ကို ပြန်တောင်းဆိုတာ ဖြစ်ပါတယ်။

အဲ့ဒီစက်ရုံမှာ အရင်က ရက်မပျက်အလုပ်ဆင်းသူတွေကို လစာရဲ့ ၁၀ ရာခိုင်နှုန်းကို ရက်မှန်ကြေးအဖြစ်ပေးပြီး ကိုဗစ်ရောဂါရိုက်ခတ်မှုကြောင့် လုပ်ငန်းလည်ပတ်မှု အဆင်မပြေတာကို အကြောင်းပြပြီး မပေးတော့တာ ဖြစ်ပါ တယ်။

အလုပ်သမတွေ တောင်းဆိုတဲ့ ရက်မှန်ကြေး ၁၀ ရာခိုင်နှုန်းဆိုတာက (ဥပမာ) အခြေခံလစာကျပ် ၁၅၀၀၀၀ ( တစ်သိန်းခွဲ) ရတဲ့သူဆို ရက်မှန်ကြေး ၁၅၀၀၀ (တစ်သောင်းခွဲ) ထပ်ဆောင်းရရမှာ ဖြစ်ပါတယ်။

ရက်မှန်ကြေးငွေ ပြန်ပေးဖို့အတွက် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တိုင်း ခုံသမာဓိရုံးတို့မှာ အဆင့် ဆင့်တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဖြေရှင်းပေးမှု မရှိတဲ့အတွက် အခုလို သပိတ်မှောက်တဲ့ အခြေအ နေမျိုးဖြစ် လာတာပါ။

သူတို့သပိတ်မှောက်တဲ့ပုံစံက လုပ်ငန်းခွင်နေရာမှာပဲ ကိုယ့်နေရာကိုယ်ထိုင်ပြီး အလုပ်မလုပ်ဘဲ ဆန္ဒဖော်ထုတ်ကြ တာပါ။

သုံးရက်မြောက်နေ့မှာတော့ အလုပ်ရှင်ဘက်က တာဝန်ရှိတဲ့သူရောက်လာပြီး ဒီလိုလုပ်နေတာဟာ နည်းလမ်း မမှန်တဲ့အကြောင်း၊ နည်းလမ်းမှန်နေမယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ဖြေရှင်းပေးပြီးနေပြီ ဖြစ်တယ်ဆိုတာမျိုးကို လာပြောတယ်လို့လည်း မအေးအေးမြင့်က သူတို့ဆန္ဒဖော်ထုတ်ခဲ့စဉ်က ဖြစ်စဉ်ကို ပြန်ပြောပြပါတယ်။

ဒါပေမယ့်လည်း မလျော့တဲ့ ဇွဲလုံ့လနဲ့ သူတို့တောင်းဆိုမှုကို မရမချင်း ဒီနည်းအတိုင်းဆက်သွားဖို့ကို အလုပ်သမ တွေဟာ တညီတညွတ်ထဲ ဆုံးဖြတ်ချက် ချထားပြီးသားဖြစ်ပါတယ်။

သို့ပေမယ့်လည်း မြန်မာနိုင်ငံရဲ့အခြေအနေဟာ နိုင်ငံရေးမတည်ငြိမ်လို့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း အကုန် လုံးနီးပါးထွက်ခွာပြီး အလုပ်အကိုင် အခွင့်လမ်းတွေ ရှားပါးကာ အလုပ်လက်မဲ့တွေ များနေချိန်ပဲ ဖြစ်ပါတယ်။

ဒီလိုအလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေချိန်မှာ အလုပ်သမားတွေ အလုပ်ရှင်ကို ဆန္ဒပြဖို့ဆိုတာ အလွန်ကြီး မားတဲ့ စိန်ခေါ်မှု တစ်ရပ်ပါ။

“စပြီး သပိတ်မှောက်တဲ့နေ့တည်းက အိမ်ကအမေ့ကို မှာခဲ့တာ။ တကယ်လို့ အဖမ်းခံထောင်ကျခဲ့ရင်လည်း ဖုန်း လည်း မဆက်နဲ့၊ လိုက်လည်းမလာနဲ့လို့ စိတ်မပူဖို့ကို တစ်ခါတည်း မှာခဲ့တာ” လို့ မအေးအေးမြင့်က ဆိုပါတယ်။

Photo Credit – Daw Myo Myo Aye’s Facebook

အလုပ်သမ မအေးအေးမြင့်ဟာ အသက် ၄၅ နှစ်အရွယ်ဖြစ်ပြီး အိမ်ထောင်မပြုဘဲ အသက် ၇၈ နှစ်အရွယ်ရှိတဲ့ မိခင်နဲ့ နေထိုင်ပြီး PMG စက်ရုံမှာ အလုပ်လုပ်လာတာ လုပ်သက် ၁၆ နှစ်ရှိပါပြီ။

မအေးအေးမြင့် လုပ်ခလစာမှာ ယနေ့အချိန်ထိ (၁၅၈၃၀၀) တစ်သိန်းခြောက်သောင်းတောင် မပြည့်သေးပါဘူး။

ဒီလို သပိတ်မှောက်တာမျိုး တစ်ခါမှ မလုပ်ဖူးပေမယ့်လည်း သူတို့ ပုံမှန်အလုပ်ဆင်းထားတဲ့ ရက်မှန်ကြေးပြန်ရဖို့ အတွက် အရဲစွန့်ပြီး သပိတ်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

“အရမ်းကြီး သတ္တိရှိနေလို့တော့ မဟုတ်ဘူး။ အခုကုန်ဈေးနှုန်း၊ အသွားအပြန်ကားခနဲ့ ဘယ်လိုမှ မကိုက်တော့လို့ သပိတ်မှောက်ခဲ့တာပါ” လို့ မအေးအေးမြင့်က ဆိုပါတယ်။

သူတို့ ဒီလိုသပိတ်မှောက်တောင်းဆိုမှုတွေ ပြုလုပ်နေချိန်မှာ လုပ်ငန်းခွင်နှောက်ယှက်မှုနဲ့ တရားစွဲမယ်ဆိုတာမျိုး သွယ်ဝိုက်ပြီး ခြိမ်းခြောက်မှုတွေ ရှိတဲ့အတွက် စိုးရိမ်စိတ်တွေဖြစ်ပေါ်ပေမယ့်လည်း အမှန်တရားကို ပြန်ရဖို့ တောင်းဆိုကြတယ်ဆိုတဲ့စိတ်နဲ့ ရှေ့ဆက်ခဲ့တာဖြစ်တယ်လို့လည်း မအေးအေးမြင့်ကဆိုပါတယ်။

“အခုဆို နိုင်ငံရေးအခြေအနေ မကောင်းတဲ့အချိန်မှာ (ကျမတို့တောင်းဆိုတာကို) ရမယ်လို့လည်း မမျှော်လင့်ထား ဘူး။ တကယ်လို့ မရခဲ့ရင်လည်း စက်ရုံက ဥပဒေချိုးဖောက်နေတာ အများသိသွားဖို့ အရေးကြီးတယ်ဆိုတဲ့ စိတ်နဲ့ အမတို့ရှေ့ဆက်တက်ခဲ့တာ” လို့ မအေးအေး မြင့်က ဆက်ပြောပြပါတယ်။

သပိတ်မှောက်တဲ့ အထဲမှာပါတဲ့ အလုပ်သမတွေကို စက်ရုံမန်နေဂျာက တစ်ယောက်ချင်းစီခေါ်ပြီး ဒီသပိတ် မှောက်တာကို ဘယ်သူက ဦးဆောင်တာလဲ၊ ဘာလို့လုပ်တာလဲ၊ ဒီလိုသပိတ်မှောက်ရင် လစာမရဘူးနော် ဒါမျိုး တွေခေါ်ပြီး မေးခွန်းထုတ်တဲ့အပေါ် အားလုံးက ကိုယ့်သဘောဆန္ဒအတိုင်း ပါဝင်ကြတာလို့ပဲ ဖြေခဲ့ကြတယ်လို့ သပိတ်မှာ ပါဝင်ခဲ့တဲ့ အလုပ်သမ မစန်းကြည်ဦးက ဆိုပါတယ်။

“အလုပ်မလုပ်ရင် ပိုက်ဆံမပေးဘူးတဲ့။ မပေးရင် အလုပ်သမားတွေအနေနဲ့ အခက်အခဲတွေရှိနေပေမယ့်လည်း ဒီအတိုင်း ငြိမ်နေလိုက်ရင် ဒီအတိုင်းပဲ တစ်သက်လုံးသွားတော့မှာလေ။ အဲ့ဒါကြောင့် အခက်အခဲတွေ ရှိနေပေ မယ့်လည်း သန်းခေါင်အပြင် ညည့်မနက်တော့ပါဘူးဆိုပြီး တောင်းဆိုခဲ့တာပါ” လို့ မစန်းကြည်ဦးက ဆက်ပြော ပြပါတယ်။

အလုပ်သမားတွေရဲ့အခွင့်အရေးဟာ ဘယ်အချိန်တုန်းကမှ တောင်းယူလို့ ရခဲ့တာ မရှိဘဲ တိုက်ယူမှသာ ရခဲ့တာ ပါ။ ဒီလိုအချိန်အခါမျိုးမှာ အခုလို တိုက်ယူရဲတဲ့ အလုပ်သမ အမျိုးသမီးတွေရဲ့ စိတ်ဓာတ်၊ သူတို့တွေရဲ့ စည်းလုံး မှုကတော့ မှတ်တမ်းယူထားရမယ့် သပိတ်ဖြစ်တယ်လို့ သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ်(မြန်မာ) STUM ရဲ့ဒါရိုက်တာ ဖြစ်သူ ဒေါ်မျိုးမျိုးအေးက မှတ်ချက်ပြုပါတယ်။

အလုပ်သမားတွေရဲ့ အခက်အခဲပေါင်းများစွာကို ဦးဆောင်ဖြေရှင်းပေးခဲ့တဲ့ သွေးစည်းညီညွှတ်သော သမဂ္ဂများ အဖွဲ့ချုပ် (မြန်မာ) STUM ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အာဏာသိမ်းစစ် ကောင်စီက သတ်မှတ်ထား ပါတယ်။

ဒေါ်မျိုးမျိုးအေးကိုယ်တိုင်လည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ စစ် ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုတာ ခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာချိန်မှာလည်း စောင့်ကြည့်ခံနေရဆဲ အခြေ အနေဖြစ်ပါတယ်။

အလုပ်သမတွေ ဒီလိုဆန္ဒပြနိုင်ဖို့အတွက်ကို စိတ်ဓာတ်ခွန်အားသာ ပေးနိုင်ခဲ့ပြီး လူကိုယ်တိုင်ရှေ့ထွက်ပြီး အကူ အညီပေးလို့မရတဲ့ အခြေအနေမို့ အရင်လို သပိတ်ဖော်ဆောင်တဲ့နေရာတွေထိ သွားရောက်ပြီး အကူအညီမပေး နိုင်ခဲ့ဘူးလို့လည်း ဒေါ်မျိုးမျိုးအေးက ဆိုပါတယ်။

‘အလုပ်ရှင်နဲ့ အစိုးရကို အခုကာလမှာသူတို့က သပိတ်မှောက်ရဲတဲ့သတ္တိ၊ တခြားသော အလုပ်သမားတွေ အနေနဲ့ လည်း တောင်းဆိုမှုတစ်ခု လုပ်တော့မယ်ဆိုရင် အန်တုပြီး သပိတ်မှောက်လို့ရတယ်ဆိုတဲ့ အန်တုခဲ့တဲ့ သပိတ် အနေနဲ့ မှတ်တမ်းတင်ထားချင်တယ်” လို့ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

ဒီအမျိုးသမီးတွေဟာ သပိတ်တိုက်ပွဲကို နိုင်အောင် တိုက်နိုင်ခဲ့တဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ တစ်ခြားသော သပိတ်တွေမှာ လူထောင်ချီပြီး တောင်းဆိုခဲ့ပေမယ့် နှစ်ရက်၊ သုံးရက်နဲ့ သပိတ်ပြိုတာတွေ ရှိခဲ့ဖူးတယ်လို့လည်း ဒေါ်မျိုးမျိုးအေးက မှတ်ချက်ပြုပါတယ်။

အလုပ်သမတွေ တောင်းဆိုတဲ့ ရက်မှန်ကြေး ၁၀ ရာခိုင်နှုန်းအပြည့်မရပေမယ့် တစ်လမှာ အစိုးရ ရုံးပိတ်ရက်ဖြစ် တဲ့ စနေနှစ်ရက်အပါအဝင် ဆင်းပေးရင် လစာရဲ့ ၅ ရာခိုင်နှုန်းကို ရက်မှန်ကြေး အနေနဲ့ လာမယ့် အောက်တိုဘာ လကစပြီး ပြန်လည်ရရှိမှာဖြစ်ပါတယ်။

အလုပ်ရှင်၊ အလုပ်သမား၊ အစိုးဘက်က တာဝန်ရှိသူနဲ့ တွေ့ဆုံပြီး ညှိနှိုင်းမှုပြုလုပ်တဲ့အခါမှာ ဒီခံစားခွင့်ဟာ တစ် နှစ်အတွင်းသာ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတာလို့လည်း ဒေါ်မျိုးမျိုး အေးက ရှင်းပြပါတယ်။

မစန်းကြည်ဦးက သပိတ်ထဲမှာ ပါဝင်တဲ့ အလုပ်သမ ၃၇ ယောက်ကို လစာရှင်းပေးတဲ့ အခါမှာ သပိတ်မှောက်တဲ့ ၇ ရက်စာကို ဖြတ်တောက်လိုက်တဲ့အတွက် တစ်ယောက်ကို လေးသောင်းနီးပါးလောက် လစာလျော့ခဲ့တယ်လို့ လည်း ဆိုပါတယ်။

မစန်းကြည်ဦးတို့ရဲ့ ပုလင်းဆေးဌာနမှာ ဝန်ထမ်းပေါင်း ၇၀ နီးပါးလောက်ရှိပြီး တောင်းဆိုထားတဲ့ အခွင့်အရေးကို တော့ စက်ရုံရဲ့ ဝန်ထမ်းအားလုံး အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

“အဲ့ဒီလုပ်လို့ အောင်မြင်သွားတာကို PMG အခြားဌာနခွဲက သူတွေလည်း အာရုံစိုက်မှုတွေလည်းရတယ်။ သူတို့ အလုပ်ရှင်ကိုယ်တိုင်ကလည်း သူတို့ဟာ နောက်မတွန့်တဲ့ အလုပ်သမားတွေ ဆိုတာကို အာရုံစိုက်လာမယ်” လို့ ဒေါ်မျိုးမျိုးအေးက ဆိုပါတယ်။

စက်ရုံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ သပိတ်အခြေအနေနဲ့ ပတ်သက်ပြီး စက်ရုံဘက်ကို မေးမြန်ဖို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

တောင်းဆိုလို့ ရလိုက်တဲ့ ရက်မှန်ကြေး ၅ ရာခိုင်နှုန်းဟာ လစာ တစ်သိန်းခွဲရသူအတွက် ၇၅၀၀ ကျပ်ရရှိမှာဖြစ်ပါ တယ်။ ရရှိတဲ့ငွေပမာဏနဲ့ တိုင်းတာရင် ဘာမှမဟုတ်ပေမယ့် သပိတ်မှာပါဝင်ခဲ့တဲ့အလုပ်သမတွေရဲ့ သတ္တိနဲ့ ဇွဲလုံ့လကိုတော့ မှတ်ကျောက်အနေနဲ့ တင်ခံရမှာ ဖြစ်တယ်လို့ ဒေါ်မျိုးမျိုးအေးက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁ ဒသမ ၆ သန်းဟာ အလုပ်လက်မဲ့ ဖြစ်သွားပြီး ဒီအထဲကမှ အလုပ်လက်မဲ့ အလုပ်သမား သုံးသိန်းကျော်ဟာ အထည်ချုပ် အလုပ်သမားတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

ပြည်သူကိုယ်စားပြု ရွေးချယ်ထားတဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာတောင် အလုပ်သမား အခွင့်အရေးဟာ အပြည့်ဝ မရခဲ့ပါဘူး။ အခုလို အာဏာသိမ်းစစ်တပ်လက်ထက်မှာ အလုပ်သမားအခွင့်အရေးတောင်းဆိုတာက သူတို့အတွက်တော့ အောင်မြင်မှုကိုရရှိဖို့ အလှမ်းဝေးလွန်းလှတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုကြီးပါ။

‘ဒီလို သပိတ်မှောက်တဲ့ လမ်းစဉ်မှ ရွေးပြီး မတောင်းဆိုရင်လည်း လုံးဝမရတော့မယ့် အခြေအနေမို့ ဒီလမ်းကို ရွေးခဲ့တာပါ။ အရမ်းကြီး သတ္တိရှိနေလို့တော့ မဟုတ်ပါဘူး။ အဆိုးဆုံးကိုတော့ ကြိုတွေးထားတာပေါ့။ ကိုယ် တောင်းဆိုတာ အပြည့်အဝ မရပေမယ့်လည်း ကိုယ့်လုပ်ရပ်အတွက်တော့ နောင်တမရပါဘူး” လို့ ခွန်အားပြည့် တဲ့လေသံနဲ့ မအေးအေးမြင့် ပြောလိုက်ပါတယ်။

Author:

Related Articles