ခင်ဘုန်းမို့
အွန်လိုင်းအန္တရာယ်အမျိူးမျိုးဖြစ်တဲ့ အနိုင်ကျင့်ခံရတာ၊ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ပုံတွေကိုဖြန့်လိုက်တာ ဒါမှ မဟုတ် ဖြန့်ဖို့ခြိမ်းခြောက်တာဖြစ်စေ၊ ကိုယ့်ရဲ့ကိုယ်ပိုင်အချက်အလက်တွေကို ခွင့်ပြုချက်မရှိပဲ ထုတ်ဖော်ခံရတာ၊ ဒါမှမဟုတ်မလိုလားတဲ့ဖုန်းခေါ်ဆိုမှုတွေ၊ မတ်ဆေ့ချ်တွေပို့တာ စတဲ့အခြေအနေအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ပထမဦးဆုံး ဖွဲ့စည်းတည်ထောင်လိုက်တဲ့ Stop Online Harm အနေနဲ့ ဘယ်လို ဝန်ဆောင်မှုတွေ၊ အကူအညီတွေရယူနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ Program Lead (ပရိုဂရမ် ဦးဆောင်သူ) တစ်ဦးဖြစ်တဲ့ Hetty ကို HI ကဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ပထမဆုံးအနေနဲ့ Stop Online Harm အကြောင်းလေးမိတ်ဆက်ပေးပါဦးရှင့်။
ဖြေ။ ။ Stop Online Harm ဆိုတာကအွန်လိုင်းပေါ်ကနှောက်ယှက်မှုတွေအနိုင်ကျင့်မှုတွေ၊ အကြမ်းဖက်မှုတွေကြုံတွေ့နေရတဲ့သူတွေကို ကာကွယ်ပေးဖို့၊ ဒီလိုကိစ္စကိုရင်ဆိုင်ရာမှာ လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့၊ အထောက်အကူပြုဖို့ရည်ရွယ်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
မေး။ ။ ဘယ်လိုအကြောင်းကြောင့် စပြီးလုပ်ဆောင်ဖြစ်ခဲ့ကြတာပါလဲ။ အဖွဲ့ဝင်တွေ အကြောင်းလည်း ရှင်းပြပေးပါဦး။
ဖြေ။ ။ကျွန်မတို့ကမတူညီတဲ့နောက်ခံအမျိုးမျိုးနဲ့ အမျိုးသမီးတစ်စုပူးပေါင်းပြီးတော့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ အဖွဲ့ထဲမှာ တိုင်းရင်းသားလူမျိုးစုတွေ၊ နယ်စပ်မြို့သေးသေးလေးကလူတွေ၊ နည်းပညာရှင်တွေ၊ သတင်းသမားတွေ၊ Artist တွေမတူညီတဲ့ နောက်ခံအမျိုးမျိုးနဲ့ အမျိုးသမီးတစ်စုကစပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်တယ်။ ကျွန်မတို့ထဲက တချို့အမျိုးသမီးတွေကိုယ်တိုင်ကိုက ဒီလိုမျိုး အွန်လိုင်းပေါ် ကတိုက်ခိုက်မှုတွေကို ကိုယ်တိုင်ရင်ဆိုင်ခဲ့ရပြီးတော့ ကျော်လွှားနိုင်ခဲ့တဲ့သူတွေဖြစ်တယ်။ ကိုယ်တိုင် စိတ်မချမ်းမြေ့စရာအတွေ့အကြုံတွေကို ရခဲ့တဲ့အချိန်မှာ ဘယ်လိုမျိုးရင်ဆိုင်ရမလဲ ဘယ်လိုမျိုး ဆက်သွား ရမလဲဆိုတာကို မသေချာမရေရာဖြစ်ခဲ့ရတဲ့အချိန်တွေ အများကြီးရှိတယ်။ အဲ့လိုမျိုးအချိန်တွေ အဲ့လိုမျိုး အတွေ့အကြုံတွေကပဲ Stop Online Harm လို့ခေါ်တဲ့လုပ်ဆောင်ချက်တစ်ခု၊ အဖွဲ့တစ်ခုအစပြုဖို့အတွက် ဖြစ်လာတယ်။ ကိုယ့်လိုပဲအွန်လိုင်းပေါ်ကအကြမ်းဖက်မှုတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့တခြားသူတွေကို ထောက်ပံ့မှုပေးနိုင်ဖို့ လမ်းညွှန်မှုပေးနိုင်ဖို့ အရေးတကြီးလိုအပ်နေတာတွေကို မြင်ခဲ့ရတဲ့ အချိန်မှာ စပြီး လုပ်ဖြစ်ခဲ့ပါတယ်။
မေး။ ။ အွန်လိုင်းမှနှောင့်ယှက်ခြင်းတွေထဲမှာ ဘယ်လိုအကြောင်းအရာတွေပါဝင်လဲဆိုတာရှင်းပြပေးပါဦး။
ဖြေ။ ။အွန်လိုင်းပေါ်ကရနိုင်တဲ့ နှောက်ယှက်မှုတွေ၊ တိုက်ခိုက်မှုတွေဆိုတာက အများကြီး ရှိသလို အမျိုးမျိုးလည်းရှိပါတယ်။ တချို့ ဥပမာအနေနဲ့ပြောရမယ်ဆို ရည်ရွယ်ချက်ရှိရှိနဲ့ ထပ်ခါထပ်ခါ နှောင့်ယှက်မှုတွေလုပ်တယ်။ Cyber bulling လုပ်တာတွေရှိတယ်။ Telegram channel တွေမှာဆိုရင် အများဆုံးတွေ့ရပါလိမ့်မယ်။ ခွင့်ပြုချက်မရှိဘဲနဲ့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊ ဖုန်းနံပတ်၊ အိမ်လိပ်စာ၊ မိသားစု အသေးစိတ်အချက်အလက်တွေစသဖြင့် အဲ့လိုအချက်အလက်တွေကိုမျှဝေပြီးတော့ အွန်လိုင်းမှာတင် နှောင့်ယှက် ချင်တာမဟုတ်ဘဲနဲ့ အပြင်လက်တွေ့ဘဝမှာပါ အန္တရာယ်ဖြစ်စေတဲ့လုပ်ရပ်တွေရှိတယ်။ ကိုယ့်ရဲ့ အွန်လိုင်းပေါ်က လှုပ်ရှားမှုတွေကို ခြေရာခံစောင့်ကြည့်နေတာ အထူးသဖြင့် တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ အမျိုးသမီးတွေအပေါ်မှာပိုပြီးသက်ရောက်မှုရှိတဲ့ကိစ္စရပ်တွေလည်းရှိပါတယ်။ နောက်ထပ်အထူးသဖြင့် အမျိုးသမီးတွေကိုပစ်မှတ်ထားလေ့ရှိတဲ့ comment မှာဖြစ်စေ၊ Chat Box မှာဖြစ်စေ လာပြီးတော့ sexual harassment လုပ်တဲ့ကိစ္စတွေ၊ အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာစော်ကားမှုကိစ္စတွေရှိမယ်၊ ကိုယ့်ရဲ့ ခွင့်ပြုချက်မပါဘဲ ကိုယ့်ရဲ့ပုံတွေကိုဖြန့်တာ၊ ပုံဖြစ်စေ ဗီဒီယိုဖြစ်စေ Non-Consensual Intimate Image (NCII) အများသဘောတူမဟုတ်သော ရင်းနှီးသောပုံလို့ခေါ်တယ်။ ဒါတွေကအွန်လိုင်းပေါ်ကရရှိနိုင်မယ့် နှောင့်ယှက်မှုတွေ၊ အကြမ်းဖက်မှုတွေပါ။
မေး။ ။ Stop Online Harm အနေနဲ့ ဘယ်လိုအကြောင်းအရာတွေကို အဓိကကူညီဖြေရှင်းပေးမှာလဲ။
ဖြေ။ ။ ပထမဦးဆုံးအနေနဲ့ဆို အသိပညာအရင်းအမြစ်ကူညီပံ့ပိုးပေးတဲ့အပိုင်းရှိမယ်။ ဒီအပိုင်းမှာဆိုရင် digital လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်တွေအွန်လိုင်းပေါ်က ဘယ်လိုဖြစ်ရပ်တွေ၊ ဘယ်လိုလုပ်ရပ်တွေက ကိုယ့်ကို online harassment လာပြီးတော့လုပ်နေပြီလို့ ယူဆလို့ရတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ဒီလိုအကြောင်း အရာတွေက ကိုယ့်ကိုလာပြီးတိုက်ခိုက်ခံနေရပြီဆိုရင် ကိုယ်ကဘယ်လိုမျိုး အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းမလဲ ဆိုတဲ့ အကြောင်းအရာတွေ၊ ဒီလိုကိစ္စတွေကဘယ်သူ့ကိုမဆိုဖြစ်နိုင်တဲ့အတွက် ကိုယ့်ကိုကိုယ်ဘယ်လိုမျိုး ကြိုပြီးတော့ ကာကွယ်မလဲဆိုတဲ့အကြောင်းအရာတွေ အဲ့လိုမျိုးအကြောင်းအရာအမျိုးမျိုးကို အသိပညာ အရင်းအမြစ် တွေပံ့ပိုးပေးတဲ့အပိုင်းရှိတယ်။ကျွန်မတို့ရဲ့ website(ဝက်ဆိုက်ဒ်) မှာလည်းဒီလိုအကြောင်း အရာတွေနဲ့ ပတ်သက် ပြီးမျှဝေထားသလို အလုပ်ရုံဆွေးနွေးပွဲတွေ စီစဉ်ဆောင်ရွက်ပြီးတော့ အသိပညာမျှဝေတဲ့အပိုင်းရှိမယ်၊ ဒုတိယအနေနဲ့ ကျွန်မတို့ Stop Online Harm မှာ အရေးပေါ် ဝန်ဆောင်မှုလို့ နာမည်ပေးထားတဲ့ online ambulance ဝန်ဆောင်မှုတစ်ခုရှိပါတယ်။ အဲ့ဒါက online harassment ကြုံတွေ့နေရပြီးတော့ ဘယ်လိုမျိုးရင်ဆိုင် ဖြေရှင်းရမလဲဆိုတာမျိုးကို မသိတဲ့သူတွေ၊ အကူအညီလိုအပ်တယ်လို့ထင်ပြီးတော့ အကူအညီတောင်းဖို့နေရာ မသိတဲ့ သူတွေ အဲ့လိုလူတွေအတွက် ကျွန်မတို့ဆီကိုဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုပါ။ ဒီအရေးပေါ်ဝန်ဆောင်မှုမှာဆို သုံးမျိုးအကူအညီပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာအကူအညီ၊ ဒီလိုကိစ္စတွေကြောင့် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်ပြီးတော့ စိတ်ပိုင်းဆိုင်ရာအကူအညီ ရယူဖို့လိုတယ်ဆိုဆက်သွယ် နိုင်ပါတယ်။ ဒုတိယအနေနဲ့ ဥပဒေရေးရာပါ။ ဥပဒေရေးရာဆိုရင်တော့ ကျွန်မတို့ရဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့ သူတို့ကနေတစ်ဆင့် ဥပဒေရေးရာ လမ်းညွှန်မှုတွေပေးနိုင်တဲ့ အကူအညီရှိမယ်၊ နောက်တစ်ခုကတော့ နည်းပညာပိုင်းဆိုင်ရာအကူအညီဖြစ်ပါတယ်။ ကိုယ်လက်ရှိမှာကြုံတွေ့နေရတဲ့ကိစ္စရပ်တွေကို ဘယ်လိုမျိုး ရှေ့ဆက်ပြီးတော့သွားလို့ရမလဲ၊ ဘယ်လိုမျိုး report လုပ်လို့ရမလဲ အကြံဉာဏ်ပေးတဲ့ကိစ္စရပ်တခုရှိသလို အွန်လိုင်းပေါ်ကအကြောင်းအရာတွေဖြန့်ဝေခံရလို့ ဖြုတ်ချချင်တယ်ဆိုရင် လိုအပ်သလိုအကူအညီပေးနိုင်မယ့် ဝန်ဆောင်မှုတွေရှိတယ်။ နောက်ဆုံးတစ်ခုက မူဝါဒရေးရာမှာ ပံ့ပိုးကူညီတဲ့ ကိစ္စတွေပေါ့နော်။ အွန်လိုင်းပလက်ဖောင်းတွေမှာ တာဝန်ခံမှုပွင့်လင်းမြင်သာမှုကို တွန်းအားပေးဖို့အတွက် မူဝါဒတွေ ပိုကောင်းတဲ့စံချိန်စံနှုန်းတွေ တည်ဆောက်နိုင်ဖို့၊ တွန်းအားပေးဖို့အတွက် ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ သုတေသနစာတမ်းတွေ လုပ်ဆောင်နေတဲ့ကိစ္စတွေရှိပါတယ်။
မေး။ ။ ဘယ်လိုနည်းနည်းလမ်းတွေနဲ့တိုင်ကြားနိုင်မလဲ။
ဖြေ။ ။ Stop Online Harm ရဲ့ messenger(မက်ဆင်ဂျာ) နဲ့ [email protected] ကိုအချိန် မရွေးဆက်သွယ်ပေးပို့နိုင်ပါတယ်။ Stop Online Team အနေနဲ့ Online Ambulance ရဲ့အလုပ်လုပ်ချိန် တနင်္လာနေ့ မှ ကြာသာပတေးနေ့၊ မနက် ၉ နာရီမှ ညနေ ၆ နာရီ အတွင်း ဆက်သွယ်နိုင်ပါတယ်။
မေး။ ။စတင်ကြေညာခဲ့တဲ့နေ့ကနေ လက်ရှိအချိန်အထိ တိုင်ကြားမှုအခြေအနေတွေကဘယ်လိုရှိပြီလဲ။ ဘယ်လိုအကြောင်းအရာတွေ အများဆုံးဖြေရှင်းပေးရလဲ။
ဖြေ။ ။ Stop Online Harm ကိုစပြီး publish လုပ်တာတော့ နိုဝင်ဘာ (၂)ရက်နေ့ပေါ့နော်။ အဲ့ညနေမှာ အွန်လိုင်းအရေးပေါ်ဝန်ဆောင်မှုအကြောင်းကို ပိုစ့်တင်ဖြစ်တယ်။ တင်တဲ့အချိန်ကစလို့ ဝိုင်းပြီးမျှဝေတာတွေ၊ ကောင်းမွန်တဲ့ထောက်ခံမှုတွေရခဲ့တယ်။ လက်ရှိမှာဆိုရင်လည်း အွန်လိုင်းပေါ်ကနေနှောက်ယှက်မှုတွေနဲ့ပတ်သတ်ပြီး လာပြီး အကူအညီတောင်းခံတဲ့သူ တော်တော်များများရှိပါတယ်။ များသောအားဖြင့် ကိုယ့်ရဲ့ပုံတွေ၊ ကိုယ့်ရဲ့ ဗီဒီယိုတွေကို ကိုယ်သဘောမတူဘဲအွန်လိုင်းပေါ်မှာ မျှဝေတာတခြားတယောက်က ကိုယ့်ရဲ့ပုံတွေ အသုံး ပြုနေတာ စသဖြင့်အဲ့လိုမျိုး ကိစ္စရပ်တွေကပိုပြီးများတယ်။
မေး။ ။ အွန်လိုင်းမှနှောင့်ယှက်ခံရခြင်းက အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာဆို ကျူးလွန်ခံရမှုအများဆုံးက ဘယ်သူတွေလဲရှင့်။
ဖြေ။ ။ နည်းပညာကိုအသုံးပြုပြီး လိင်အခြေပြုအကြမ်းဖက်မှု (Technology-Facilitated Gender-Based Violence )တွေကြောင့် လူမျိုးမရွေးဘာသာမရွေး၊ လိင်စိတ်ခံယူမှုမရွေး၊ နောက်ခံbackground အမျိုးမျိုးနဲ့လူအမျိုးမျိုး ထိခိုက်မှုဖြစ်နိုင်တယ်။ အမျိုးသား၊ အမျိုးသမီး၊ ကောင်လေး၊ မိန်းကလေး အားလုံးကို ထိခိုက်စေနိုင်တယ်။ ဒါပေမယ့် အထူးသဖြင့် LGBTQI+ အသိုင်းအဝိုင်းတွေ၊ အမျိုးသမီးတွေကဒီလိုကိစ္စတွေကို ပိုကြုံတွေ့ရတယ်။ ဒီလိုမျိုးတွေမှာမှ အမျိုးသမီးနိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူ့လူ့အဖွဲ့အစည်းခေါင်းဆောင်တွေစသဖြင့် အဲ့လိုလူမျိုးတွေကတော့ ဒီလိုအန္တရာယ်တွေကိုပိုပြီးတော့ ကြုံတွေ့နေရတယ်။ အထူးအားဖြင့်ဆိုရင် အမျိုးသမီးတွေမှာမှ လူ့အခွင့်အရေး၊ လူမျိုးရေး ခွဲခြားမှု အကြောင်းတွေ ထုတ်ဖော်ပြောဆိုတက်တဲ့ ထင်သာမြင်သာရှိတဲ့ အမျိုးသမီးတွေက ဒီလိုမျိုး အွန်လိုင်း ပေါ်ကနေ ခြိမ်းခြောက်မှု၊ အွန်လိုင်းပေါ်ကနေအနိုင်ကျင့်မှုတွေကို မကြာခဏခံရပါတယ်။ ဒီလိုမျိုး ထင်ရှားတဲ့ရာထူးတွေက အမျိုးသားတွေလည်း အွန်လိုင်းပေါ်က ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရနိုင်ခြေရှိတယ်လို့ ဆိုနိုင်ပေမယ့် Abuse (အလွဲသုံးစား)အလုပ်ခံရတဲ့ပုံစံတွေကတော့ သိသိသာသာကွဲပြားပါတယ်။ ဥပမာ အမျိုးသားနိုင်ငံရေးသမား တစ်ယောက်ကသူ့ရဲ့အကြံသူ့ရဲ့ထင်မြင်ချက်၊ သူ့ရဲ့ကိုယ်ပိုင်မူဝါဒအတွက် အဲ့ဒီအပေါ်မူတည်ပြီးတော့ တိုက်ခိုက်ခံရလေ့ရှိပေမယ့်၊ အမျိုးသမီးတစ်ယောက်ဆိုရင်တော့ အမျိုးသမီးရဲ့ပုံစံသွင်ပြင် ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံ၊ ဒီအမျိုးသမီးရဲ့ မိန်းမဖြစ်တည်မှုပေါ်မူတည်တဲ့ အွန်လိုင်းပေါ်ကတိုက်ခိုက်မှုတွေက ပိုပြီးတော့ ရင်ဆိုင်ရတယ်။ အဲ့လိုမျိုး လုပ်ခံရတဲ့ပုံစံတွေလည်းကွဲပြားတယ်။ အဲ့လိုမျိုး ကိစ္စရပ်တွေကြောင့် ဒီအမျိုးသမီးတွေရဲ့ ပြောဆိုနိုင်စွမ်းတွေ၊ ဒီအမျိုးသမီးတွေရဲ့ သူတို့ယုံကြည်ရာမှာ လုပ်ဆောင်မှုတွေ သူတို့ယုံကြည်ရာမှာပါဝင်မှုတွေ လူမှုဘဝမှာ ပါဝင်ဆောင်ရွက်မှုတွေ အများကြီးအကန့်အသတ်ဖြစ်စေပါတယ်။
မေး။ ။ လက်ရှိမြန်မာနိုင်ငံအခြေအနေအရ တရားဥပဒေစိုးမိုးမှုမရှိတဲ့ကာလဖြစ်တဲ့အတွက် ဒီလိုပြသနာတွေ ကြုံရတဲ့ အမျိုးသမီးတွေအနေနဲ့ ဘယ်လောက်အထိအခက်အခဲဖြစ်နေတယ်လို့ သုံးသပ်လို့ရမလဲရှင့်။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေမှာတော့ အမျိုးသမီးတွေက ဒီလိုမျိုးအွန်လိုင်းကနေ နှောက်ယှက်ပေးတဲ့ကိစ္စတွေ နည်းပညာအခြေပြု ကျား၊မအကြမ်းဖက်မှုတွေ အဲ့လိုမျိုးနဲ့ဆိုင်တဲ့ ပြသနာတွေနဲ့ ကြုံတွေ့နေရတဲ့အခါမှာ အမျိုးသမီးတွေကသိသိသာသာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတယ်။ တရားဥပဒေရေးအရ ခိုင်ခိုင်မာမာအကာအကွယ်တွေမရှိဘူး။ အမျိုးသမီးတွေအတွက် တရားမျှတမှုမရှိဘူး။ အကာအကွယ်ကို ရှာဖို့အတွက်ပိုပြီးခက်ခဲတယ်။ လုံခြုံမှုမရှိတဲ့အခြေအနေဖြစ်ပြီးတော့ အကူအညီမဲ့နေတဲ့ ခံစားချက်တွေ အများကြီးဖြစ်တယ်။ ဒီလိုမျိုး တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက်ကြောင့် ကျူးလွန်သူတွေကိုလည်း ရဲရဲတင်းတင်း ပိုပြီး ကျူးလွန်နိုင်အောင် တွန်းအားပေးသလိုဖြစ်ပါတယ်။
မေး။ ။ Stop Online Harm အနေနဲ့အမျိုးသမီးတွေအတွက် ဘယ်လောက်အတိုင်းအတာအထိ ထိရောက်တဲ့ ကူညီပေးမှုတွေ ဖြစ်စေမယ်လို့ ပြောကြားချင်ပါသလဲ။
ဖြေ။ ။ Stop Online Harm ကနေတစ်ဆင့် အမျိုးသမီးတွေအတွက်ကူညီပံ့ပိုးပေးတဲ့ အကူအညီက အွန်လိုင်းကနေပြီးတော့ ရနိုင်တဲ့အန္တရာယ်တွေ၊ အွန်လိုင်းကနေပြီးတော့ ပြုလုပ်တဲ့အကြမ်းဖက်မှုတွေ၊ ရှု့ထောင့်မျိုးစုံကိုချက်ချင်းတုံ့ပြန်တာကနေ ရေရှည်ကာကွယ်နိုင်ခြင်းအထိ ဖြေရှင်းပေးပါတယ်။ ကျွန်မတို့က ဒီလို အမျိုးသမီးတွေကို ဒီဂျစ်တယ်လုံခြုံရေးပိုင်းဆိုင်ရာ နည်းပညာတွေနောက်ပြီးတော့ Online harassment နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအသိပညာပေးတဲ့ ကိစ္စတွေ၊ ဘယ်လိုမျိုး Report(အစီရင်ခံစာ)လုပ်ရမလဲ၊ ဘယ်လိုမျိုး တုံ့ပြန်ရမလဲ စတဲ့လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ အကူအညီပေးတာတွေရှိတယ်။ နောက်ပြီးတော့ ဥပဒေရေးရာအကြံဉာဏ်တွေပေးတာ စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေပေးတာ အဲ့လိုမျိုးအကူအညီတွေ ရယူချင်တဲ့ survivor (ရှင်သန်ကျန်ရစ်သူ) တွေက သူတို့လိုအပ်ချက်တွေနဲ့အညီ အံဝင်ခွင်ကျဖြစ်စေတဲ့ ချဉ်းကပ်မှုကို အဓိကဦးတည်ပြီးသွားပါတယ်။ survivor တွေကလည်း ကိုယ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေက တစ်ယောက်ချင်းစီမှာမတူညီနိုင်သလို ကိုယ်ကဘယ်လိုမျိုးဒီပြသနာကိုရင်ဆိုင်ချင်တယ်၊ ဖြေရှင်းချင်တယ်ဆိုတဲ့ စိတ်သဘောဆန္ဒကလည်း တစ်ယောက်ချင်းစီမှာမတူညီနိုင်ဘူး။ ကျွန်မတို့က ဒီလိုမျိုး survivor တွေရဲ့လိုအပ်ချက်၊ သူတို့ လိုချင်တဲ့ လိုအပ်တဲ့အကူအညီတွေနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ချဉ်းကပ်မှုမျိုးကိုသွားတယ်။ အဲ့လိုအကူအညီ တွေကို လုပ်ဆောင်ပေးပါတယ်။ ဒီလိုမျိုးမဖြစ်ခင်ကနေ ကြိုတင်ကာကွယ်ထားလို့ရအောင်လို့ ခုနကလို အသိပညာပေးတဲ့နည်းလမ်းနဲ့ တခုခုဖြစ်လာတဲ့အခါကျရင် ဘယ်လိုမျိုးတုံ့ပြန်ရမလဲဆိုတဲ့ ကူညီပံ့ပိုးမှုတွေ စောင့်ရှောက်မှုတွေ ပေးတဲ့နည်းလမ်းနဲ့ အတူတူပေါင်းစပ်ပြီးတော့သွားခြင်းဖြင့် သူတို့လုပ်ဆောင်ချက်တွေ သူတို့ ယုံကြည်ရာ ဆက်ပြီးလုပ်နိုင်ဖို့ ဆက်လက်ပြီး ရဲရဲဝံ့ဝံ့ပြောဆိုလုပ်ကိုင်နိုင်ဖို့ ခြိမ်းခြောက်မှုတွေကို အနာဂတ်မှာလည်း ခံနိုင်ရည် (resilience )ရှိအောင်လို့ ပံ့ပိုးကူညီမှုတွေပေးခြင်းအားဖြင့် ဒီလိုအမျိုးသမီးတွေအတွက်ကို ကူညီနေပါတယ်။
မေး။ ။ ဒီလိုကူညီဖြေရှင်းမှုတွေ ဆောင်ရွက်နေတဲ့ Stop Online Harm အနေနဲ့ကရော ဘယ်လို အခက်အခဲ စိန်ခေါ်မှုတွေရှိနေလဲ။
ဖြေ။ ။ စိန်ခေါ်မှုတွေကန့်သတ်ချက်တွေကတော့အများကြီးရှိပါတယ်။ အဲ့ထဲကနေတချို့ပြောရမယ်ဆိုရင် အရင်ဆုံးအနေနဲ့က တရားဥပဒေစိုးမိုးမှု မရှိတာပေါ့။ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက်ကြောင့်မို့လို့ အွန်လိုင်းပေါ်က အကြမ်းဖက်မှုတွေကို ဥပဒေရေးရာအရအရေးယူဆောင်ရွက်ပြီး ဖြေရှင်းဖို့ကြိုးစားတဲ့အခါ အကန့်အသတ် အများကြီးရှိနိုင်တယ်။ အဲ့လိုမျိုးတရားဥပဒေမရှိခြင်းက ကျူးလွန်သူတွေကိုထပ်ပြီးတော့ ရဲရဲတင်းတင်း ကျူးလွန်အောင် အများကြီးတွန်းအားပေးသလိုဖြစ်တယ်။ နောက်တခုအနေနဲ့ဆို digital literacy (ဒစ်ဂျစ်တယ် တက်မြောက်မှု) အားနည်းတဲ့ ကိစ္စတွေအများကြီးရှိမယ်။ အထူးသဖြင့် marginalize community (အသိုင်းအဝိုင်းက ဘေး ဖယ် ထားတာ)တွေ၊ အွန်လိုင်းပေါ်ကလုံခြုံမှုတွေ၊ ဒစ်ဂျစ်တယ်အခွင့်အရေးတွေ၊ ကိုယ့်ကိုကိုယ်အွန်လိုင်းပေါ်မှာ ဘယ်လိုမျိုးလုံခြုံအောင်နေရမလဲဆိုတဲ့ကိစ္စတွေ၊ တခုခုဖြစ်လာရင်ဘယ်လို Report(အစီရင်ခံစာ) လုပ်ရမလဲဆိုတဲ့ အကြောင်းအရာတွေ ကိုယ့်ကိုလာပြီးတော့ online harassment (အွန်လိုင်းကနေနှောင့်ယှက်ခြင်း) လုပ်လို့ လုပ်နေမှန်းမသိတာတွေ၊ ကိုယ်ကသူများကိုအဲ့လိုပြောမိ အဲ့လိုလုပ်ရပ်မျိုးကျူးလွန်မိရင် ဒါကonline harassment ပါလားဆိုပြီးတော့ မသိနိုင်တာတွေ အများကြီးရှိတယ်။ အဲ့လိုမျိုး digital literacy(ဒစ်ဂျစ်တယ် တက်မြောက်မှု) အားနည်းခြင်းကလည်း stop online harm အနေနဲ့ ထိခိုက်မှုရှိတဲ့လူအုပ်စုအားလုံးဆီကို အကူအညီတွေ ရောက်ဖို့အတွက် အများကြီးစိန်ခေါ်မှုဖြစ်စေတယ်။ နောက်တစ်ခုက အွန်လိုင်းကနေ အကြမ်းဖက်မှုတွေ ခံရတဲ့ သူတွေ အထူးသဖြင့် အမျိုးသမီးတွေပေါ့နော်။ သူတို့ကဒီလိုကိစ္စတွေထုတ်ဖော်ပြောဆိုတဲ့ဆီမှာ social stigma (လူမှုရေးအမည်းစက်)တွေနဲ့ အများကြီးရင်ဆိုင်ရတယ်။ လူမှုအဖွဲ့အစည်းတွေမှာဆိုရင် online harassment ကိုပြောတာတွေ၊ online harassment ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုတာတွေကလည်း တားမြစ်ချက်လို ဖြစ်နေတုန်းပဲပေါ့။ အဲ့လိုဖြစ်နေခြင်းကလည်း အမျိုးသမီးတွေ၊ marginalize community တွေအနေနဲ့ အကူအညီ တောင်းခံဖို့အတွက် ထုတ်ဖော်ပြောဆိုဖို့အတွက် သူတို့ကိုတားမြစ် ထားသလို မျိုး ကြောက်လန့်စေတယ်။ အမျိုး သမီးတွေက ထုတ်ဖော်ပြောဆိုဖို့ မဝံ့မရဲဖြစ်နေခြင်းက stop online harm ကို ကျူးလွန်ခံရတဲ့သူတွေနဲ့ ဆက်သွယ်ဖို့အတွက်လည်း ပိုပြီးခက်ခဲစေတယ်။ ထိထိရောက်ရောက်ကူညီ ပေးဖို့ အတွက်လည်း ပိုပြီး ခက်ခဲစေတယ်။ အင်တာနက် အကန့်အသတ်ဖြစ်ခြင်းကလည်း ကျူးလွန်ခံရတဲ့သူတွေအနေနဲ့ အကူအညီတွေ တောင်းခံနိုင်ဖို့အတွက် ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီး Resource တွေရှာဖို့ အတွက် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို report လုပ်ဖို့ကအစ သူတို့အတွက်ခက်ခဲစေနိုင်တယ်။ ဒီလိုမျိုး အွန်လိုင်း harassment တွေကပုံစံအမျိုးမျိုးနဲ့ရှိသလိုအချိန်နဲ့အမျှလည်း ပြောင်းလဲတယ်။အခုဆို AI တွေ Deep fake harassment technology(နက်နဲသော အတုအယောင် နှောင့်ယှက်မှု နည်းပညာ) တွေအများကြီးပေါ်လာတဲ့ဆီမှာ အချိန်နဲ့အမျှ ပြောင်းလဲမှုတွေအဆက်မပြတ်ပြောင်းလဲနေတယ်။ ထိထိရောက်ရောက် ပံ့ပိုးကူညီပေးနိုင်ဖို့ အရင်းအမြစ် တွေ ကို update ဖြစ်နေအောင် ထပ်ပြီးပြောင်းလဲလာတဲ့ ပုံစံအသစ်အသစ်တွေကို တိုက်ဖျက်နိုင်အောင်လို့ အကြောင်း အရာတွေကို စဉ်ဆက်မပြတ်လေ့လာနေဖို့လိုတယ်။
မေး။ ။လိင်ပိုင်းဆိုင်ရာနဲ့ တခြားနှောက်ယှက်မှုတွေ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေအတွက် ဘယ်လိုအကြံ ပြုချင်လဲ။
ဖြေ။ ။ကိုယ့်ရဲ့လုံခြုံမှုကအရေးကြီးဆုံးပဲပေါ့နော်။ ကိုယ်တခုခု ကြုံလာပြီဆိုရင်တောင်မှ ကိုယ့်ရဲ့လုံခြုံရေးကို ဦးစားအပေးဆုံးဖြစ်ရမယ်။ကျူးလွန်သူကို ကိုယ်ကသိသည်ဖြစ်စေ မသိသည်ဖြစ်စေသိသည့်တိုင်အောင်ရှောင် ရမယ်၊သူနဲ့ဒီလိုထိပ်တိုက်ဆက်ဆံတာမျိုးတွေရှောင်ရမယ်။ဘာလို့လဲဆိုတော့ ကိုယ့်ဘက်က ပြန်ပြီးတုံ့ပြန် လိုက် တာကသူ့ကိုပိုပြီးရဲရဲတင်းတင်း ထပ်ပြီးကျူးလွန်ရဲအောင်တွန်းအားပေးသလို ဖြစ်စေနိုင်တယ်။အဖြစ်အပျက်ကို မှတ်တမ်းတင်တာ၊ scream shoot တွေသိမ်းထားတာ၊ အသံဖိုင်တွေသိမ်းထားတာ message တွေ E-mail တွေ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ သက်သေမှန်သမျှကို သိမ်းထားရမယ်၊ အဲ့လိုမျိုး ဖြစ်ရပ်တွေကိုရင်ဆိုင်နေရတဲ့အချိန်မှာ အဲ့အကြောင်းအရာတွေကိုပြန်ကြည့်ဖို့ ပြန်နားထောင်ဖို့ခက်ခဲကောင်းခက်ခဲလိမ့်မယ်၊ ဒါပေမယ့် ဒီလိုမျိုး သက်သေတွေ စုဆောင်းထားတာက report လုပ်တဲ့အခါမှာ အများကြီး အထောက်အကူဖြစ်စေနိုင်မယ်။ ဆိုရှယ်မီဒီယာကနေ အနားယူလိုက်တာမျိုး လုပ်လို့ရတယ်။ ဆိုရှယ် မီဒီယာ အွန်လိုင်း ပရိုဖိုင်းတွေကို security setting တွေပို ပြီးမြင့်တင်လိုက်တာမျိုးတွေလုပ်သင့်တယ်။ အရေးအကြီးဆုံးက အကူအညီယူဖို့ပေါ့။ များသောအားဖြင့် ဒီကြောင်းအရာတွေကိုထုတ်ဖော်ပြောဆိုတဲ့အခါမှာ ကိုယ့်ကိုပြန်ပြီးအပြစ်တင်ပြောဆိုမယ့် လူအုပ်ကြီးကိုကြောက်ပြီး မပြောရဲတာမျိုးတွေ အကူအညီမတောင်းရဲတာမျိုးတွေ ထုတ်ဖော်ပြောဆိုဖို့မဝံ့မရဲဖြစ်နေတာမျိုးတွေအများကြီး ဖြစ်နိုင်တယ်။အဲ့ဒါတွေကိုလည်း အများကြီးနားလည်တယ်။ ဒါပေမယ့် အကူအညီလိုအပ်တဲ့အချိန်မှာ အကူအညီ တောင်းဖို့ကတော့ အရေးကြီးဆုံးပဲ၊ ကိုယ့်ရဲ့ယုံကြည်ရတဲ့ သူငယ်ချင်းဖြစ်စေ၊ ကိုယ့်ယုံကြည်ရတဲ့မိသားစုဖြစ်စေ၊ အကူအညီပေးတဲ့အဖွဲ့အစည်းတွေဖြစ်စေ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ်ကိုယ့်ရဲ့အတွေ့အကြုံကိုပြောပြပြီးတော့ ဒီလိုမျိုး အကူအညီတွေရယူဖို့လိုတယ်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေရော website တွေတော်တော်များများမှာ ဒီလို report လုပ်လို့ရတဲ့နေရာတွေကနေတဆင့် ကျူးလွန်သူကို report(အစီရင်ခံ) ဖို့လိုတယ်။ ကိုယ်နဲ့ ပတ်သတ်ပြီး မသင့်တော်တဲ့အကြောင်းအရာတွေ အတင်ခံရတယ်ဆိုရင် အဲ့အကြောင်းအရာတွေကိုတိုင်ကြားဖို့လိုတယ်။ နောက်ဆုံးတခုအနေနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုပြန်လည်ပြီးထူထောင်ဖို့ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးကိစ္စတွေက ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုအများကြီးထိခိုက်စေတယ်ဆိုတော့ ကိုယ့်ကိုကိုယ်ဂရုစိုက်တာမျိုးတွေအများကြီးလုပ်ဖို့လိုတယ်။ mental health support (စိတ်ကျန်းမာရေးထောက်ပံ့မှု)ကို လိုအပ်တယ်ဆိုရင် ရယူဖို့လိုတယ်။
မေး။ ။တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦးရှင်။
ဖြေ။ ။ အွန်လိုင်းပေါ်က ဘေးကင်းလုံခြုံရေးဆိုတာ လူတိုင်းရဲ့အခွင့်အရေးပေါ့နော်။ ဒါသည် တစ်ဦးတစ်ယောက်ချင်းစီရဲ့ပြသနာမဟုတ်ဘဲနဲ့ အကုန်လုံးက အတူတူပူးပေါင်းဆောင်ရွက်ချင်တဲ့ ပိုပြီးလုံခြုံတဲ့ ပိုပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လေးစားမှုရှိတဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းတစ်ခုဖန်တီးနိုင်မယ်။ အဲ့လိုမျိုးလုပ်ဖို့အတွက် အများကြီးအားထုတ်မှုမလုပ်ချင်ဘူးဆိုရင်တောင် ဒီလိုမျိုးကိစ္စရပ်တွေကို ရင်ဆိုင်နေရတဲ့ သူငယ်ချင်းတစ် ယောက်ယောက်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်၊ ကိုယ့်ချစ်ရတဲ့သူတစ်ယောက်ယောက်က သူပြောပြတာသူရင်ဖွင့်ပြတာကိုဝေဖန်မှုတွေမပြုလုပ်ဘဲနဲ့ သေချာလေးနားထောင်ပေးလိုက်တာကစလို့ အွန်လိုင်းပေါ် က ပိုပြီးလုံခြုံစေတဲ့ပေါ်လစီတွေကို ကိုယ်ကစပြီး advocate (ထောက်ခံသူ)လုပ်တာအဆုံး၊ ကိုယ့်ရဲ့ပြောဆို ဆက်ဆံမှုတိုင်းမှာ respect(လေးစားမှု) ရှိရှိပြောဆိုဆက်ဆံတာမျိုးနဲ့ အွန်လိုင်း safety(လုံခြုံမှု) ဖြစ်စေမယ့်ကိစ္စထဲမှာ ပါဝင်ဆောင်ရွက်လို့ရပါတယ်။
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024