Home ဆောင်းပါး လားဟူဒေသအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအကူအညီလိုနေတယ်ဆိုတဲ့ “မာလိရှဲ” နှင့် တွေ့ဆုံမေးမြန်းခြင်း

လားဟူဒေသအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအကူအညီလိုနေတယ်ဆိုတဲ့ “မာလိရှဲ” နှင့် တွေ့ဆုံမေးမြန်းခြင်း

နန်းဆိုင်နွမ်။ ။

ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်ကြသော အမျိုးသမီးများသည် နေ့စဉ်မူးယစ်ဆေးဝါးပြဿနာများနှင့် ရင်ဆိုင်နေရပြီး အခြားသော လူမှုဒုက္ခများစွာရှိနေပါသည်။ ဆယ်ကျော်သက် မိန်းကလေးငယ်အများစုသည် အရွယ်မတိုင်ခင် အိမ် ထောင်ပြုမှုကြောင့် အိမ်တွင်းရေးပြဿနာ၊ လူမှုရေးနှင့် ကျန်းမာရေးပြဿနာများကိုလည်း ရင်ဆိုင်နေရပါသည်။ ထိုအခြေအနေများကို ပြောင်းလဲနိုင်ရေးအတွက် လားဟူအမျိုးသမီးအစည်းအရုံး (Lahu Women Organisation) အနေဖြင့် မည်ကဲ့သို့ ကွင်းဆင်းဆောင်ရွက်နေသည်ကို သတင်းထောက် နန်းဆိုင်နွမ်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ဆယ်ကျော်သက်ရွယ် ကျန်းမာရေးပညာပေးဆောင်ရွက်နေသူ မာလိရှဲနှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။

မေး။ ။ လားဟူအမျိုးသမီးအဖွဲ့အစည်း (LWO) အနေနဲ့ လားဟူအမျိုးသမီးတွေကို ပညာပေးမှုတွေ ပြုလုပ်နေ တယ်လို့ သိရပါတယ်။ ဘယ်ဒေသတွေမှာ ပြုလုပ်နေပါသလဲ။ ဘယ်လိုပညာပေးမှုတွေ ပြုလုပ်နေပါသလဲ။

ဖြေ။ ။ ကျမတို့လားဟူအမျိုးသမီးအဖွဲ့အစည်း(LWO)က ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်မှာ ကျေးရွာ ပေါင်း (၇၀)ကျော်ကို ပညာပေးနေပါတယ်။ ကျိုင်းတုံမြို့နယ်ထဲက ကျေးရွာတွေကိုလည်း ပညာပေးပါတယ်။ မိုင်း ဆတ်၊ မိုင်းခတ်၊ မိုင်းယောင်းဖက်လည်း ဆက်သွားဖို့ ရှိပါတယ်။ အဓိကတော့ အမျိုးသမီးများအပေါ် အကြမ်းဖက် မှုတွေ ပပျောက်ရေး၊ အမျိုးသမီးများကျန်းမာရေး၊ ဆယ်ကျော်သက်မျိုးပွားခြင်းဆိုင်ရာ ပညာပေးတွေ လုပ်ပါတယ်။ နောက် မိသားစုစီမံကိန်းတွေလည်း ပါပါတယ်။ ဥပမာ မိသားစုစီမံကိန်းမှာ ကြိုတင်စီစဉ်ပြီးတော့မှ လက်ထပ်ဖို့ပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သား၊ သမီးယူတဲ့နေရာမှာလည်း စီမံကိန်းနဲ့ ကိုယ်တတ်နိုင်မှ ပြုစုပျိုးထောင်နိုင်မှ အစီအစဉ်တကျကလေးယူဖို့ စတာတွေကို လိုက်ပြီးပညာပေးမှုတွေ လုပ်ပါတယ်။ မိသားစုစီမံကိန်းက ကျမတို့ဖက် မှာ အရမ်းအရေးကြီးပါတယ်။ မိသားစုစီမံကိန်းမရှိဘဲ ကလေးတွေမွေးကြတယ်။ စီးပွားရေးက အဆင်မပြေတော့ ကလေးတွေလည်း ကျောင်းမတက်နိုင်ကြဘူး။ ပညာရေးပါ နိမ့်ကျသွားတယ်။ ဒါတွေကြောင့် မိသားစုတွေ အစီအ စဉ်တကျ ကလေးမွေးဖို့ရှင်းပြရပါတယ်။ အခုလို ကလေးတွေများပြီး ဘာမှတိုးတက်မှု မရှိတဲ့အခြေအနေတွေ ပြန် ပြောပြရတယ်။ ဒါတွေကို သူတို့ လက်ခံလာတာရှိပါတယ်။

မေး။ ။ ရှမ်းအရှေ့မှာ ရင်ဆိုင်နေရတဲ့ အဓိကပြဿနာတွေက ဘာတွေလဲ။

ဖြေ။ ။ ကျမတို့ဆီမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကတော့ အများကြီးပါ။ အဓိကတော့ မူးယစ်ဆေးဝါးပါပဲ။ မူးယစ်ဆေးကြောင့် မိသားစုတော်တော်များများ အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်။ မူးယစ်ဆေးကြောင့် အိမ် တွင်းအကြမ်းဖက်မှုတွေ ဖြစ်လာပါတယ်။ မူးယစ်ဆေးက ကျမတို့ဒေသမှာ အကြီးမားဆုံး ပြဿနာဖြစ်နေပါတယ်။ နောက်တစ်ခုက အမျိုးသမီးတွေ အကြမ်းဖက်ခံရရင်လည်း ဘယ်လိုတိုင်ရမှာလဲ၊ ဥပဒေက ဘယ်လိုရှိသလဲဆိုတာ ကျမတို့ဒေသက ပြည်သူတွေ မသိကြဘူး။ လင်ယောကျ်ားတွေ မူးယစ်ဆေးသုံးလို့ အကြမ်းဖက်ခံရ၊ သားတွေ ဆေးသုံးလို့ အကြမ်းဖက်ခံရ၊ ဒါတွေက ပုံမှန်လိုဖြစ်နေတယ်။ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာ ဓလေ့ထုံးတမ်း လို ဖြစ်နေပါတယ်။ ဒါတွေကတော့ ကျမတို့နေ့စဉ်ရင်ဆိုင်နေရတဲ့ ပြဿနာတွေပါပဲ။

မေး။ ။ မူးယစ်ဆေးဝါးရဲ့ နောက်ဆက်တွဲဆိုးကျိုးနဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာအတွက် ဘယ်လို ပညာပေးမှုတွေ လုပ်မလဲ။

ဖြေ။ ။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာက အိမ်တိုင်းလိုလို လူတိုင်းလိုလို ပါပဲ။ ရွာတိုင်းမှာရှိနေပါတယ်။ ပြီးတော့ အိမ်တွင်းအကြမ်းဖက်မှုဖြစ်တာလည်း အများစုက မူးယစ်ဆေးဝါးကြောင့် ပါပဲ။ ကျမတို့ဆီမှာက စစ်ပွဲမရှိပေမယ့် မူးယစ်ဆေးဝါးစစ်ဆင်ရေးကိုတော့ ကျမတို့ခံနေရတယ်။ မူးယစ်ဆေး ကြောင့် အိမ်တွင်းအကြမ်းဖက်ခံရတာတွေ လာတိုင်ပေမယ့် ကျမတို့ဖက်က ဘာသာရေးကြီးစိုးတော့ ဘာသာရေး ဆရာတွေကပဲ ဖြေရှင်းပေးနေရတာများပါတယ်။ ဒါကြောင့် ကျမတို့က သင်းအုပ်ဆရာတွေနဲ့ ချိတ်ဆက်ပြီး ပညာ ပေးလုပ်ငန်းတွေ လုပ်ရပါတယ်။

မေး။ ။ LWO လုပ်ဆောင်နေတဲ့ ဆယ်ကျော်သက်ရွယ် မျိုးဆက်ပွားကျန်းမာရေးပညာပေးလုပ်ဆောင်နေတာ ဘယ်လိုအောင်မြင်မှုတွေ ရှိပါသလဲ။

ဖြေ။ ။ ကျမတို့သင်တန်းပေးခဲ့တာတွေကို ကြည့်ရင်တော့ ရလာဒ်ကောင်းတွေ၊ အောင်မြင်မှုတွေ ရှိပါတယ်။ နည်းနည်းပါးပါးတိုးတက်လာတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဖက်က ပြည်သူတွေက သားဆက်ခြားနည်းတွေ မသိ ဘူး။ သုံးရင်လည်း နည်းလမ်းမှန်ကို မသိဘူး။ အရင်တုန်းက ကလေးတွေ ဆက်တိုက်မွေးကြတယ်။ အခုကျတော့ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြား မွေးဖို့(၃)နှစ်အချိန်ယူရမယ်ဆိုတာ သိလာတယ်။ နောက်ပြီး ငယ်ရွယ်တဲ့ အချိန် အိမ်ထောင်မပြုရဘူးဆိုတာလည်း သူတို့ကို ကျမတို့က ဆွေးနွေးပြတဲ့အခါ သူတို့နားလည်လာတယ်။ ငယ် ရွယ်ချိန် အိမ်ထောင်ပြုမယ်ဆိုရင် မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး ထိခိုက်တယ်။ ပညာရေးဖက်လည်း မတိုးတက်နိုင်ဘူးဆိုတာ သူတို့မြင်လာတယ်။ သူတို့အသိအမြင်တွေ ပြောင်းလဲလာတာရှိတယ်။ ကျမတို့အနေနဲ့ သွားပြီးတဲ့ ရွာကိုလည်း ထပ်ခါထပ်ခါသွားပြီး ပြန်လည်သုံးသပ်မှုတွေလုပ်တာရှိပါတယ်။

မေး။ ။ ငယ်ရွယ်တဲ့အရွယ်မှာ အိမ်ထောင်မပြုဖို့အတွက် ပညာပေးမှုတွေ ဘယ်လိုဆက်လုပ်ဖို့ရှိပါသလဲ။

ဖြေ။ ။ ကျမတို့ဒေသမှာ ရှေ့ဆက်လုပ်ဖို့ အများကြီးရှိသေးတယ်။ ဒီသွားခဲ့ပြီးတဲ့ နေရာတွေကို ကျမတို့ပစ် မထားဘူး။ နောက်ပိုင်းဓမ္မဆရာတွေ၊ ကျေးရွာသူကြီး (အုပ်ချုပ်ရေးမှူး) တွေနဲ့ ပူးပေါင်းပြီး ရပ်ရွာမှာက ငယ်ရွယ်တဲ့ အမျိုးသမီးတွေ၊ အရွယ်မရောက်သေးတဲ့သူတွေကို လက်မထပ်ပေးဖို့ ပညာပေးတာတွေလည်း ရှိတယ်။ ဓမ္မဆရာ တွေကို အဓိကပြောပြ၊ ပညာပေးရတယ်လေ။ သူတို့ကမှတဆင့် ပညာပေးရင် ကျေးရွာက လူတွေက နားထောင် တယ်။ အခုနောက်ပိုင်းဆိုရင် ဓမ္မဆရာတွေက အသက်(၁၈)နှစ်အထက်ရောက်မှ အိမ်ထောင်ပြုဖို့တွေ အားပေး လာတာရှိတယ်။ ဒါက ကျမတို့ရဲ့အောင်မြင်မှုတစ်ခုလို့ပြောလို့ရပါတယ်။

မေး။ ။ အရွယ်မရောက်တဲ့ အမျိုးသမီးတွေ လက်ထပ်မှုနှုန်းက ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ ကျမတို့ဆီမှာ (၁၂)နှစ်ကျော်ရင် အိမ်ထောင်ပြုကြတာ များပါတယ်။ ရာခိုင်နှုန်းအရပြောရရင် (၇၅)ရာခိုင် နှုန်းအထက်မှာပဲ။ များသောအားဖြင့် ကျမတို့ရှမ်းအရှေ့က ဆယ်ကျော်သက်တွေ၊ အရွယ်မရောက်သေးတဲ့ မိန်း ကလေးတွေက အိမ်ထောင်ပြု၊ ကလေးမွေးကြတော့ ကလေးကို ကလေးက ပြန်ထိန်းနေရတဲ့သဘော ဖြစ်နေ တယ်။ နောက် အရွယ်မရောက်သေးတဲ့ မိခင်တွေက မွေးလာတဲ့ကလေးတွေဟာ အဟာရချို့တဲ့တာ၊ ကိုယ်ဝန်ပျက် ကျတာ၊ မသန်စွမ်းတာတွေများပါတယ်။ ကျမတို့လားဟူတွေက တောတောင်ဒေသမှာ နေထိုင်ကြတဲ့သူတွေဆို တော့ ပညာပေးမှုတွေ အသိပညာတွေ မရှိကြဘူး။ အရွယ်မရောက်သေးတဲ့ ကလေးတွေ အိမ်ထောင်ပြုပြီး ကလေးတွေမွေးတော့ ကလေးတွေကလည်း အဖက်ဖက်ချို့တဲ့မှုတွေ၊ ပညာတွေ ပြည့်ဝစွာ မသင်နိုင်မှုတွေ၊ အာ ဟာရ ပြည့်ပြည့်ဝဝ မရတာတွေနဲ့ သံသရာလည်နေပါတယ်။

မေး။ ။ လက်ရှိရှမ်းရှေ့မှာ လူကုန်ကူးမှု အခြေအနေကရော ဘယ်လိုရှိပါသလဲ။ ဘယ်နိုင်ငံကို ဦးတည်သွားနေ ပါသလဲ။

ဖြေ။ ။ လူကုန်ကူးမှုကတော့ ရှိနေဆဲပါ။ အရင်ကလိုတော့ မဟုတ်တော့ဘူး။ အရင်က ထိုင်းဘက်ကို အလုပ် သွားလုပ်ကြတယ်။ မြို့ပေါ်ကလူထက် ကျေးရွာကလူတွေကို သူတို့က ပိုပြီးလူကုန်ကူးဖို့ စိတ်ဝင်စားကြတယ်။ အခုနောက်ပိုင်းဆိုရင်တော့ တရုတ်မှာ အလုပ်ရမယ်ဆိုပြီး ခေါ်သွားတယ်။ နောက်တရုတ်ပြည်က အမျိုးသားတွေ ဆီကို ရောင်းစားကြတယ်။ များသောအားဖြင့် တောင်ပေါ်အမျိုးသမီးတွေက စာမတတ်၊ ပညာမသင်ရ၊ အလုပ် အကိုင် အခွင့်အလမ်းကလည်းရှားတော့ တရုတ်ပြည်မှာ အလုပ်ရမယ်ဆိုပြီး ညာခေါ်သွားတာများတယ်။ ကျမတို့ ဆီမှာ အလုပ်အကိုင်၊ အခွင့်အလမ်းကလည်း သိပ်မရှိတော့ အလုပ်ရမယ်၊ လစာကောင်းတယ်ဆိုရင်တော့ သွား ကြတာပဲ။ အဓိကတော့ အခုနောက်ပိုင်း တရုတ်ပြည်ဖက် သွားကြတာများတယ်။ အသက်(၁၃)နှစ်အထက်ကနေ စပြီး လူကုန်ကူးခံနေရတာ။ ကျမတို့အဖွဲ့က လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ သီးသန့်လှုပ်ရှားမှု မရှိတော့ တခြား အဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့ ချိတ်ဆက်ပြီးလုပ်တာတွေရှိတယ်။ နောက် လူကုန်ကူးတားဆီးရေးနဲ့ ချိတ်ဆက်ပြီး လုပ်ရတယ်။ ကျမတို့ အချိန်မှီ ကယ်တင်နိုင်တဲ့အမှုတွေတော့ ရှိခဲ့ပါတယ်။ အခုထက်ထိ မကယ်နိုင်သေးတာတွေ လည်း ရှိတယ်။ သူတို့ကိုကယ်ဖို့အတွက် ကျမတို့ နည်းလမ်းတွေ ရှာရတယ်။ အခုတရုတ်ပြည်က ပြန်မလာနိုင်သူ တွေရှိနေသေးတယ်။

မေး။ ။ ရှမ်းရှေ့ဒေသဟာ လက်နက်ကိုင်တွေ၊ အဖွဲ့အစည်းတွေများတဲ့နေရာ နောက်ပြီး ဒုစရိုက်လုပ်ငန်းတွေ များတဲ့နေရာဖြစ်တော့ အမျိုးသမီးအဖွဲ့အနေနဲ့ သွားလာလှုပ်ရှားရတာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရလဲ။

ဖြေ။ ။ ကျမတို့ဒေသမှာက နိုင်ငံရေးပါတီတွေလည်း ရှိတယ်။ တခြား လက်နက်ကိုင်အဖွဲ့တွေလည်းရှိတယ်။ ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာပဲလုပ်လုပ် အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေကြတယ်။ ကျမတို့သွားနေတဲ့ ပညာပေးမှုတွေလုပ်ရင် ကျမတို့ကို ဘယ်အဖွဲ့အစည်းကလဲ။ လားဟူပါတီက အမျိုးသမီးတွေလား။ ကြံ့ခိုင်ရေးထဲက အမျိုးသမီးတွေလားဆိုပြီး လိုက်စုံစမ်းတာလည်းရှိတယ်။ ကျမတို့က ဘယ်ပါတီမှ အခြေမခံဘူး၊ လားဟူအမျိုးသမီး တွေကိုပဲ အခြေခံတယ်ဆိုတာ ရှင်းပြရတယ်။ ကျမတို့က ကျန်းမာရေးနဲ့ပတ်သက်ပြီး ပညာပေးမှုတွေ ပြုလုပ်တော့ ဆေးဆရာမတွေက လာမေးတယ်။ ကျန်းမာရေးဌာနက မဟုတ်ရင် ခွင့်ပြုချက် ယူရမယ်။ ဒီဖက်မှာ သူတို့ခွင့်ပြု ချက်မပေးဘဲ ကျန်းမာရေးပညာပေးမလုပ်ရဘူးဆိုတဲ့ သတိပေးမှုတွေ ရှိတယ်။ ကျမတို့က လားဟူအမျိုးသမီး တွေကို ကျန်းမာရေးရှုထောင့်က အမြင်တွေ ပြောင်းလဲဖို့ ပညာပေးနေတာပါ။ ဆေးဝါးကိစ္စ ပညာပေးတာ မဟုတ် ပါဘူးဆိုတာ ပြောပြရတယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင် အထက်ကို စာတင်ပြီးမှ လုပ်ဖို့ဆိုတာတွေလည်း မကြာ ခဏ ခေါ်ပြောတာခံရတယ်။ ခွင့်မတောင်းရင် ကျန်းမာရေး ပညာပေးမှုတွေ မလုပ်ရဘူးဆိုတဲ့ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လွတ်လပ်စွာ ပညာပေးမှုတွေ မလုပ်ရဘူး။ ကျမတို့ကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေကြ တာပေါ့။

မေး။ ။ လက်ရှိအစိုးရအနေနဲ့ ရှမ်းရှေ့အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတာတွေ ရှိပါသ လား။ အစိုးရကိုရော ဘာတွေတောင်းဆိုချင်လဲ။

ဖြေ။ ။ အစိုးရအနေနဲ့ ဆောင်ရွက်နေတာ မရှိပါဘူး။ ကျမတို့ ရှမ်းရှေ့အမျိုးသမီးတွေကို အစိုးရက လာပြီး ကူညီတာတွေလည်း မရှိပါဘူး။ ကျမတို့ဘက်မှာ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးကျန်းမာရေး၊ လူကုန်ကူးမှု အရေးတွေ အများကြီးပညာပေးဖို့ လိုအပ်နေသေးတယ်။ ကျမတို့ဖက်က အမျိုးသမီးတွေဟာ အခြားဒေသထက် စာရင် အဖက်ဖက်က နိမ့်ကျနေသေးတယ်။ သက်ဆိုင်ရာတွေကိုလည်း အမျိုးသမီးတွေ ဘဝဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ပိုပြီး ပံ့ပိုးကူညီပေးဖို့ပြောချင်ပါတယ်။

Author:

Related Articles