Home ဆောင်းပါး မိုခါမုန်တိုင်းကြားက မယိုင်မလဲ ရုန်းထခဲ့ကြတဲ့ မသန်စွမ်း အမျိုးသမီးတွေ

မိုခါမုန်တိုင်းကြားက မယိုင်မလဲ ရုန်းထခဲ့ကြတဲ့ မသန်စွမ်း အမျိုးသမီးတွေ

ခင်ဘုန်းမို့

မေလအတွင်းက  “မုန်တိုင်းဝင်နိုင်တယ် ဆိုတဲ့ သတင်းကြောင့် မြန်မာပြည်သူတွေ စိုးရိမ်စိတ်တွေ ကြီးခဲ့ရပါတယ်။ မုန်တိုင်းတိုက်မယ့်ရက် နီးလာလေလေ မုန်တိုင်း ဝင်နိုင်တဲ့ လမ်းကြောင်းဟာ ရခိုင်ပြည်နယ်ကို တိုက်ရိုက် ဝင်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေ သတိပေးခဲ့တာကြောင့် ရခိုင်ပြည်သူတွေဟာ အဲဒီရက်တွေမှာ စိုးရိမ်စိတ်တွေ ကြီးစွာနဲ့ မုန်တိုင်းဒဏ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့ကြရပါတယ်။

အဲဒီထဲမှာမှ မသန်စွမ်း အမျိုးသမီးတွေဟာ မိသားစုနဲ့အတူ မယိုင်မလဲတဲ့ စိတ်နဲ့ မုန်တိုင်းကို ကျော်ဖြတ်ဖို့ ရင်ဆိုင်ကြရပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာနေထိုင်တဲ့ မဝင်းဝင်းဟာ ကိုယ်အင်္ဂါမသန်စွမ်းသူတဦး ဖြစ်ပါတယ်။ မုန်တိုင်း ဒဏ်ကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်ရမလဲဆိုတဲ့ စိတ်နဲ့ မဝင်းဝင်းတို့ မိသားစုဟာ မေလ ၁၄ ရက် မတိုင်ခင် ကတည်းက ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ခဲ့ကြရပါတယ်။

မေလ ၁၄ ရက်မှာ ရခိုင်ပြည်နယ်ကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ်ကို အလူးအလဲခံရင်း လက်ရှိမှာလည်း မုန်တိုင်းနောက်ဆက်တွဲ အခက်အခဲတွေကို ရင်ဆိုင်နေကြရတယ်လို့ မဝင်းဝင်းက ဖွင့်ဟပါတယ်။

မုန်တိုင်း စတိုက်တဲ့နေ့က မသန်စွမ်းသူ မဝင်းဝင်းအတွက် စိုးရိမ်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ မဝင်းဝင်းရဲ့အဖေ၊ အမေနဲ့ မောင်ဖြစ်သူတို့ဟာ မုန်တိုင်းမစခင် ၅ နာရီလောက်အလိုမှာ မဝင်းဝင်းကို ထားဖို့ ဘုန်းကြီးကျောင်းတခုကို ခေါ်သွားကြတယ်။ ဘုန်းကြီးကျောင်းက မြို့ပြင်လောက်မှာရှိပြီး အိမ်နဲ့အတန် လှမ်းပါတယ်။

မုန်တိုင်း မစခင်ကတည်းက လေအနည်းငယ် တိုက်စပြုနေတဲ့အချိန်လည်း ဖြစ်တယ်။ ကျောင်းရောက်တဲ့အခါ ဘုန်းကြီးကျောင်းတဆောင်လုံး လှုပ်ရမ်းနေတာကြောင့် စိတ်မချတဲ့အတွက် မိသားစုဟာ မဝင်းဝင်းကို အိမ်ကို ပြန်ခေါ်လာကြပါတယ်။

အိမ်ရောက်တော့ လေပြင်း စတိုက်နေပြီး အနည်းငယ် ဟောင်းနေတဲ့ မဝင်းဝင်းတို့ အိမ်လေးဟာ မုန်တိုင်းကြားမှာ ယိုင်ထိုးလဲမတတ် ဖြစ်နေခဲ့ပါတယ်။ လေပြင်းတွေ တိုက်တော့ သရက်သီးတွေလည်း အိမ်ခေါင်မိုးပေါ် တဒုံးဒုံး တဒိုင်းဒိုင်း ကြွေကျကာ အိမ်ခေါင်မိုးလည်း အပေါက် ဖြစ်သွားပါတယ်။

အိမ်ပေါ်မှာလည်း မိုးယိုနေတော့ နေစရာ မရှိ၊ အိမ်အောက်မှာလည်း မိုးရေတွေကြီးနဲ့ အိမ်အလယ်ခန်းလေးမှာပဲ မိသားစုငါးယောက် တဦးကိုတဦး ဖက်ကာ ဘုရားတနေခဲ့ကြတယ်။ မဝင်းဝင်းတို့ အိမ်လေးဟာ ဘေးပတ်လည်က တိုက်အိမ်တွေကြောင့် လေကာပြီး ပြိုတဲ့အထိ မဖြစ်ခဲ့ပါဘူး။

ဝါးနဲ့ ကာရံထားတဲ့ အိမ်ခြံတံခါးတွေ၊ အိမ်ခြံစည်းရိုးတွေ အကုန်ပြိုလဲ ပျက်စီးကုန်ပါတယ်။ အိမ်နောက်ဖေး ခေါင်တွေလည်း ပျက်စီးသွားခဲ့ပြီး အိမ်ရှေ့က အမိုးတွေလည်း ပျက်စီးသွားခဲ့ပါတယ်။ ဒါ့အပြင် မဝင်းဝင်းအဖေ စိုက်ထားတဲ့ ကွမ်းသီးခြံက အပင်(၃၀)ကျော်လောက် ပျက်စီးသွားတဲ့အတွက် စိတ်မကောင်း ဖြစ်ခဲ့ရတယ်။

အိမ်ခြံစည်းရိုး၊ အိမ်ခေါင်မိုး ပျက်စီးတာက ပြင်လို့ရတယ်။ ကွမ်းသီးပင်တွေက အစားထိုး စိုက်လို့ရပေမယ့် အသီးသီးဖို့အတွက် အနှစ် ၂၀ ကြာဦးမှာပါ”လို့ မဝင်းဝင်းက နှမြောတသစွာ ပြောပါတယ်။

မဝင်းဝင်းတို့ မိသားစုဟာ ကွမ်းသီးခြံကို အဓိကထား အားကိုးပြီး စားဝတ်နေရေးအတွက် မှီခိုနေကြရတာပါ။

ကွမ်းသီးခြံမှာ တချို့ကွမ်းသီးပင်တွေ ကျန်နေခဲ့ပေမယ့် အပင်ချင်း ပွတ်တိုက်ပြီး အသီးအထွက်ကို ထိခိုက်စေတာကြောင့် အရင်နှစ်တွေလောက် အသီးအထွက်နှုန်းရမှာ မဟုတ်ဘူးလို့ မဝင်းဝင်းက ဆိုပါတယ်။

အသီးထွက်နှုန်းအတွက် ကျမတို့ မိသားစု ရင်လေးနေရတယ်”လို့ သူက ဖွင့်ဟတယ်။

ကွမ်းသီးခြံကလည်း ပျက်စီးသွားတဲ့အတွက် မိသားစု စားဝတ်နေရေးအတွက် စိတ်ပူကာ မဝင်းဝင်းတယောက် ညဘက်တွေ အိပ်မပျော်နိုင်ပါဘူး။ လက်ရှိမှာလည်း မုန်တိုင်းကြောင့် တချို့အမိုးတွေကို ငွေကြေး မတတ်နိုင်သေးတဲ့အတွက် မပြင်ရသေးဘဲ မိုးများတဲ့အခါတိုင်း မိုးယိုတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။

 ရှေ့ဆက်ပြီး အလုပ်အကိုင်အဆင်ပြေအောင် ရုန်းကန်ရအုံးမယ်”လို့ မဝင်းဝင်းက ဆိုပါတယ်။

မုန်တိုင်းနောက်ဆက်တွဲကြောင့် အခက်အခဲတချို့ ရင်ဆိုင်နေရသူကတော့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ နေထိုင်တဲ့ မသန်စွမ်း အမျိုးသမီး မသီတာပါ။မသီတာတယောက် မုန်တိုင်းဖြစ်ပွားချိန်က ရန်ကုန်မှာ အလုပ်ကိစ္စတခုနဲ့ ရောက်နေခဲ့ပေမယ့် နေရပ်ပြန်ရောက်တဲ့အခါ မုန်တိုင်းကပေးတဲ့ ဒုက္ခတွေကစီးကြို နေပါတော့တယ်။

မသီတာရဲ့အိမ်တခုလုံး ခေါင်မိုးတွေပွင့်ကာ ခြံဝန်းထဲမှာလည်း အပင်တွေ ကျိုးကျပျက်စီးနေပြီး ထမင်းဟင်း ချက်တဲ့ မီးဖိုချောင် အခန်းတခုလုံးလည်း ပြိုကျသွားခဲ့ပါတယ်။

မသီတာတို့အိမ်ဟာ သစ်တဝက်၊ ဝါးထရံတဝက် ကာထားတာဖြစ်ပြီး မုန်တိုင်းဒဏ်ကြောင့် ဝါးထရံ ခန်းစည်းတွေ အကုန်ပွင့်ကာ အဝတ်အစားတွေ၊ ပစ္စည်းတွေအကုန် မုန်တိုင်းထဲ ပါသွားခဲ့ပါတယ်။

မုန်တိုင်းပြီးတဲ့နောက်လည်း အိမ်ဆောက်ပစ္စည်းတွေ ဈေးကြီးတာ၊ ပစ္စည်းတွေပြတ်လပ်တာ၊ အိမ်ပြင်သမားတွေ ခေါ်မရတာကြောင့် အိမ်ပြုပြင်ဖို့ ခက်ခဲခဲ့တယ်။ ဒါ့အပြင် ဆန်တွေ၊ဆီတွေစတဲ့ စားသောက်ကုန်တွေ ဈေးတက်နေတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့ကြရတယ်။

သီးနှံစိုက်တဲ့သူတွေလည်း အကုန်လုံး ပျက်စီးသွားတဲ့ အနေအထားဆိုတော့ အကုန်လုံး အဆင်မပြေကြပါဘူး။ ကုန်ဈေးနှုန်းတွေ တက်တာ၊ စီးပွားရေးတွေ ရပ်ဆိုင်းထားရတာကြောင့် ဝင်ငွေတွေ လျော့ပါး၊ အလုပ်အကိုင်တွေ လျော့ပါးပြီး အဆင်မပြေမှုဒဏ်ကို ခံစားနေကြရပါတယ်။

အသွားအလာ၊အနေအထိုင်ကအစ ပစ္စည်းတွေဆိုလည်း အဝတ်အစား တွေကအစ မုန်တိုင်းထဲ ပါသွားတာဆိုတော့ အကုန်လုံး အခက်အခဲ တွေ ရှိပါတယ်” လို့ မသီတာက ဆိုပါတယ်။

ဒါ့အပြင် မြောက်ဦးမှာက နဂိုကတည်းက ရေရှားပါးတဲ့အတွက် မုန်တိုင်းနောက်ပိုင်း ရေအခက်အခဲတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ မုန်တိုင်း နောက်ဆက်တွဲကြောင့် သန်စွမ်းသူတွေတောင် အလုပ်အကိုင် ရှားပါးတဲ့ အခြေအနေမှာ မသန်စွမ်းသူတွေအတွက် ပိုပြီး အဆင်မပြေဖြစ်ရပါတယ်။

မသီတာအနေနဲ့ကတော့ မသန်စွမ်းသူတွေအတွက် တည်ထောင်ထားတဲ့ ကျောင်းမှာ ဝင်ရောက် လုပ်ကိုင်နေပြီး အဲ့ဒီကရတဲ့ ဝန်ထမ်းလစာလေးနဲ့ ကုန်ဈေးနှုန်းကို မီအောင် စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

မဝင်းဝင်းနဲ့ မသီတာတို့နည်းတူ မုန်တိုင်း နောက်ဆက်တွဲကြောင့် အခက်အခဲတွေ ကြုံတွေ့နေရသူကတော့ မင်းပြားမှာ နေထိုင်တဲ့ မခင်ပါ။ မုန်တိုင်းကာလတုန်းကလည်း မုန်တိုင်းသတင်း နားစွင့်ရင်း လုံခြုံတဲ့နေရာ ရွှေ့ပြောင်းသွားရကာ မသန်စွမ်းသူ ဖြစ်တဲ့အတွက် မခင်ဟာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်။

အဲ့နေ့က စိတ်ကတော့ စိုးရိမ်ပူပန်တာတွေ၊ စားရသောက်ရ အခက်အခဲတွေ၊ မသန်စွမ်းဖြစ်တဲ့အတွက် နေရာ အပြောင်းအလဲမှာ နေရထိုင်ရတာ အဆင်မပြေတာ၊ အမျိုးသမီးဖြစ်တဲ့အတွက် ရေချိုး၊ အိမ်သာသုံးရတာ အရမ်း ခက်ခဲခဲ့တယ်”လို့ မခင်က ပြောပါတယ်။

မုန်တိုင်းပြီးတဲ့ နောက်ပိုင်းမှာလည်း စီးပွားရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးစတဲ့ အခက်အခဲတွေ ရှိနေပါတယ်။ အလုပ်အကိုင်တွေလည်း ရှားပါးကြပြီး စားဝတ်နေရေး ဖြေရှင်းဖို့ ခက်ခဲနေကြပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်ပြီး မုန်တိုင်းပြီးတဲ့နောက်ပိုင်းမှာ မကြာခဏ ဖျားနာတာတွေ ဖြစ်ကြတယ်လို့ မခင်က ပြောပါတယ်။

ကျမဆို မုန်တိုင်းတိုက်ပြီးတည်းက တချိန်လုံး ကိုယ်လက်တွေ မကောင်းဘူး။ ကိုယ်လက်က သန်စွမ်းသူတွေနဲ့ မတူဘူး။ တချိန်လုံး ကိုက်ခဲနေတာ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာအနေနဲ့လည်း စိတ်ဖိစီးမှုတွေ ကြုံတွေ့ကြရတယ်။ မုန်တိုင်းကြောင့် မပြေလည်မှုတွေ များပြီး မုန်တိုင်းဖြစ်ပြီးတဲ့နောက်ပိုင်း စားဝတ်နေရေး အလုပ်အကိုင် မပြေလည်မှုတွေ အရမ်းများတဲ့အခါ စိတ်ဖိစီးမှုတွေ အရမ်းများတယ်လို့ မခင်က ဖွင့်ဟပါတယ်။ “သန်စွမ်းသူတွေတောင် အခက်အခဲ ရှိတယ်။ မသန်စွမ်းသူဆို ပြောစရာ မလိုဘူး”လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာ နေထိုင်တဲ့ မသန်စွမ်းသူ မဆန်းဆန်းတယောက်လည်း အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်။ မုန်တိုင်းဒဏ်ကြောင့် မဆန်းဆန်း ဖွင့်ထားတဲ့ အလှပြင်ဆိုင်ရဲ့ဆိုင်တံခါးတွေ ပျက်စီးခဲ့ရတယ်။ မုန်တိုင်းနောက်ပိုင်း စီးပွားရေးအလုပ်အကိုင်တွေ ကျပ်တည်းတော့ ငွေကြေးအခက်အခဲလည်း ရှိပါတယ်။“အလုပ်အကိုင် နည်းပါးတော့ စားဝတ်နေရေး အခက်အခဲ ဖြစ်ရတယ်။ ကုန်ဈေးနှုန်း တက်တာက အကြီးမားဆုံး စိန်ခေါ်မှုပဲ”လို့ မဆန်းဆန်းက ပြောပါတယ်။ မဆန်းဆန်းတယောက် စုဆောင်းထားတဲ့ ငွေကြေးတွေကို ထုတ်သုံးပြီး အဆင်ပြေသလို ရင်ဆိုင်ကျော်ဖြတ်နေရပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ဖို့ အများကြီး ကြိုးစားရုန်းကန်ရဦးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မုန်တိုင်း နောက်ဆက်တွဲမှာ ကျန်းမာရေး မကောင်းတော့ အခက်အခဲ တွေ အများကြီး ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လူပေါင်း ၁ သန်းခွဲကျော် ထိခိုက်ကာ၊ လူနေအိမ်ပေါင်း ၃ သိန်းနီးပါး ပျက်စီးခဲ့ရတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော် (ULA/AA)က ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းနောက်ဆက်တွဲကြောင့် အခက်ခဲကြုံတွေ့နေကြရတဲ့ မသန်စွမ်းအမျိုးသမီးတွေဟာ ရှေ့ဆက်ပြီး ပြန်လည် ရုန်းကန်ကြမယ့်အပြင် ဘဝတူ မသန်စွမ်းတွေကိုလည်း ကူညီသွားမယ်လို့ ဆိုပါတယ်။

ရှေ့ဆက်ပြီးတော့ လက်ရှိ လုပ်နေတဲ့ လုပ်ငန်းကို ပြန်လည်ပတ်နိုင်ဖို့အတွက်ရယ်၊ မသန်စွမ်းသူတွေအတွက် ကူညီထောက်ပံ့ပေးနိုင်ဖို့ တဖက်တလမ်းက လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်”လို့ မဆန်းဆန်းက ဆိုလိုက်ပါတော့တယ်။

Author:

Related Articles