Home ဆောင်းပါး မောင်တောမှာပထမဆုံးကျင်းပတဲ့သက်အမျိုးသားနေ့

မောင်တောမှာပထမဆုံးကျင်းပတဲ့သက်အမျိုးသားနေ့

သန့်ရှင်းထွန်း။ ။

နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ သိမ်းထားသော ရိုးရာဝတ်စုံကို ဒေါ်စိန်ခိုင်က သေတ္တာထဲကထုတ်ကာ လက်ရှိ ခန္ဓာကိုယ်နှင့် တော်မတော် ဝတ်ကြည့်ခဲ့သည်။ ပန်းရောင်ရင်စေ့ အင်္ကျီလက်ရှည်၊ ဇီးရောင်ထဘီ၊ ပန်းရောင်ကိုယ်တင် သဘက်နှင့် အနက်ရောင်ခေါင်းပေါင်းတို့ကို ဒေါ်စိန်ခိုင်မဝတ်ဖြစ်သည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။

ထို့နောက် သေတ္တာထဲတွင် အချိန်ကြာမြင့်စွာ သိမ်းထားခဲ့သော အထည်များကို လျော်ဖွတ်၍ မီးပူတိုက်ကာ ရိုးရာဝတ်စုံဝတ်မည့် နေ့တစ်နေ့ကို စောင့်နေခဲ့သည်။ အချိန်ကျလျှင် ရိုးရာဝတ်စုံနှင့် ငွေလက်ကောက်များဝတ်ကာ မျက်နှာပေါ်တွင် မိတ်ကပ်များလိမ်းခြယ်၍ ကျော့ကျော့မော့မော့ သွားမည်ဟု စိတ်ကူးထားခဲ့ကြောင်း ဒေါ်စိန်ခိုင်က ပြောသည်။

အသက် ၄၃ နှစ်အရွယ် ဒေါ်စိန်ခိုင်မှာ မောင်တောမြို့နယ် မကျည်းကုန်းကျေးရွာတွင် နေထိုင်နေသူဖြစ်ပြီး ရခိုင် တိုင်းရင်းသား မျိုးနွယ်စု ၇ ခုဖြစ်သော ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မရမာ၊ ကမန် အနက် သက်မျိုးနွယ်စု တိုင်းရင်းသူတစ်ဦးဖြစ်သည်။

ဒေါ်စိန်ခိုင် မျှော်လင့်နေသော နေ့ရက်မှာ မေလ ၁ ရက်နေ့ဖြစ်ပြီး ထိုနေ့တွင် သက်အမျိုးသားနေ့ အခမ်းအနားကို ရိုးရာဝတ်စုံ၊ ရိုးရာငွေလက်ကောက်များဝတ်၍ ပျော်ပျော်ရွှင်ရွှင် သွားရောက်ရန် အတွက်ဖြစ်သည်။ သူမျှော်လင့်ခဲ့သည့်အတိုင်း ၂၀၂၂ ခုနှစ် မေလ ၁ ရက်တွင် ၎င်းနေထိုင်သည့် မောင်တောမြို့ မကျည်းကုန်းကျေးရွာတွင် ပထမဆုံးအကြိမ် သက်အမျိုးသားနေ့ကို ကျင်းပနိုင်ခဲ့သည်။

“အဲနေ့က တညလုံးအိပ်မပျော်ဘူး။ ရိုးရာဝတ်စုံဝတ်ပြီး အမျိုးသားနေ့အခမ်းအနား သွားရမှာကို ရင်ခုန်နေတယ်။ ကျမလိုပဲ တခြားလူတွေလည်း ရင်ခုန်နေကြမှာ”ဟု ဒေါ်စိန်ခိုင်က ရယ်မော၍ပြောသည်။

သက်အမျိုးသားနေ့အခမ်းအနားသို့ သွားရောက်ရန်အတွက် ဒေါ်စိန်ခိုင်မှာ နံနက် ၁ နာရီကထ၍ ပြင်ဆင်ခဲ့ရပြီး တခြားသက်အမျိုးသမီးငယ်များကိုလည်း မိတ်ကပ်လိမ်းပေးခြင်း၊ ရိုးရာအဝတ် ဝတ်ပေးခြင်းများကို ဆောင်ရွက်ပေး ခဲ့ရကြောင်းဆိုသည်။

ဒေါ်စိန်ခိုင်နှင့်အတူ သက်အမျိုးသမီးငယ်များမှာလည်း ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ပျော်ရွှင်နေကြသည်ဟု ပြောပြသည်။

“ကျမတစ်ယောက်တည်း စိတ်လှုပ်ရှားတာမဟုတ်ဘူးနော်။ ကောင်မလေးတွေလည်း အကုန်တက်တက်ကြွကြွနဲ့ စိတ်လှုပ်ရှားနေကြတယ်။ တစ်သက်မှာ ပထမဆုံး လုပ်တဲ့အခမ်းအနားမို့ အကုန်လုံးက စိတ်လှုပ်ရှားနေကြတာ”ဟု ဒေါ်စိန်ခိုင်က သက်အမျိုးသားနေ့နှင့် ပတ်သက်၍ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပုံကို ပြောပြသည်။

သက်အမျိုးသားနေ့တွင် တွေ့ရသည့် သက်အမျိုးသမီးငယ်များ၊ ဓာတ်ပုံ-TST

အလားတူ သက်ရိုးရာအကများဖြင့် ဖြေဖျော်ရမည့်အထဲတွင် ပါဝင်သော အသက် ၁၆ နှစ်အရွယ် မအေးအေးမွန်မှာ အမျိုးသားနေ့တွင် ကပြရမည့် ရိုးရာအကကို အချိန်တစ်ပတ်အတွင်း လေ့ကျင့်ခဲ့ရခြင်းဖြစ်ပြီး လေ့ကျင့်ချိန်နည်းလွန်း၍ အခမ်းအနားတွင် တစ်စုံတစ်ရာ အမှားအယွင်းဖြစ်မည်ကို စိတ်ပူခဲ့သည်ဟု ပြောသည်။

“လေ့ကျင့်ရတဲ့အချိန်က နည်းတယ်။ ယောကျ်ားလေးတွေနဲ့ တွဲကရတာဖြစ်တော့ တချို့ ယောကျ်ားလေးတွေက ရှက်နေကြတယ်။ အဆင်ပြေမှ ပြေပါ့မလားလို့ စိတ်ပူခဲ့ရတယ်။ ဒါပေမယ့် ပွဲနေ့ကျတော့ အမှားအယွင်းမရှိ အဆင်ပြေခဲ့တယ်”ဟု မအေးအေးမွန်က ဆိုသည်။

မအေးအေးမွန်၏ သက်တမ်းတလျှောက်တွင် ယခုကဲ့သို့ သက်အမျိုးသားနေ့ကို တစ်ကြိမ်တစ်ခါမှ မကြုံဖူးသေးသည့်အတွက် အခမ်းအနားတွင် အကအဖွဲ့ဖြင့် ပါဝင်ခဲ့ရသည်မှာ ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပြီး နောက်နှစ်များတွင်လည်း ဆက်လက် ကျင်းပနိုင်ရန် မျှော်လင့်နေသည်ဟု ပြောသည်။

လူနည်းစု တိုင်းရင်းသားတစ်မျိုးဖြစ်သော သက်တိုင်းရင်းသားများမှာ ရခိုင်ပြည်နယ်တွင် လူဦးရေ သုံးထောင်ခန့်သာ ကျန်ရှိတော့သည့် မျိုးနွယ်စုတစ်ခုဖြစ်ပြီး ရခိုင်မျိုးနွယ်စုထဲတွင် လူဦးရေအနည်းဆုံး မျိုးနွယ်စုတစ်ခုဖြစ်ပြီး တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ ဖြစ်ကြသည်။

လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ တိုက်ပွဲများကြောင့် လူမျိုးစုတို့၏ အထိမ်းအမှတ် နေ့များကိုလည်း မကျင်းပနိုင်ဖြစ်ခဲ့ရသည်။ အမှန်တကယ်ပင် ရခိုင်ပြည်နယ်အတွင်းရှိ လူများမှာ ပျော်ပွဲရွှင်ပွဲများကို ငတ်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပဋိပက္ခနှင့် တိုက်ပွဲကာလအတွင်းက ခံစားခဲ့ရသည့် စိတ်ညစ်မှုများ ဖြေဖျောက်ရန် စိတ်ရှိလက်ရှိ ပျော်ရွှင်ချင်နေကြသည်။

လက်ရှိအချိန်မှာဖြင့် ရခိုင်ပြည်နယ်သည် အတိုင်းအတာ တစ်ခုထိ တည်ငြိမ်အေးချမ်းနေပြီး ရိုးရာပွဲများ၊ အထိမ်းအမှတ်ပွဲများကို ဆင်နွဲလာနိုင်ခဲ့ကြသည်။

“သက်လူမျိုးတွေဟာ ဘိုးဘွားအစဉ်လာအရ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့သူတွေဖြစ်ပြီးတော့ မေလဟာ အလုပ်တွေ အားလပ်တဲ့ကာလဖြစ်တယ်။ အဲဒီလို အလုပ်အားတဲ့ကာလကို ကြည့်ပြီးတော့ အမျိုးသားနေ့ကို လုပ်ရတာဖြစ်တယ်”ဟု သက်အမျိုးသားနေ့ ကျင်းပရေးကော်မတီ နာယက ဦးလှထွန်းကျော်က ပြောသည်။

သက်အမျိုးသားနေ့ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ အမျိုးသားရေး လက္ခဏာ မပျောက်ပျက်ရန်၊ သက်လူမျိုးများ၏ ဘာသာစကားနှင့် စာပေများတည်တံ့ခိုင်မြဲလာစေရန်၊ အချင်းချင်းချစ်ခင်စိတ်နှင့် သက်လူမျိုးများ တည်တံ့စေရေး နှိုးဆော်တိုက်တွန်းရန်အတွက် ဖြစ်သည်ဟု ဦးလှထွန်းကျော်က ဆိုသည်။

သက်လူမျိုးများသည် ရခိုင်ပြည်နယ်တွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် အမ်းမြို့နယ်များတွင် ပျံ့နှံ့နေထိုင်လျက်ရှိပြီး တောင်ယာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူများဖြစ်ကာ လက်ရှိတွင် ကုန်ရောင်းကုန်ဝယ်၊ အစိုးရအမှုထမ်းစသည့် အလုပ်များဖြင့်လည်း အသက်မွေးဝမ်းကျောင်း ပြုသူများလည်း ရှိလာကြသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးနှင့် စစ်ရေးမတည်မငြိမ်မှုများအကြား သက်မျိုးနွယ်စုများသည်လည်း အသက်ရှင်ရပ်တည်ရန် ခြိမ်းခြောက်ခံရခြင်းများနှင့် ရင်ဆိုင်ခဲ့ရသည်။

အချို့သော သက်အမျိုးသမီးများအတွက်ကတော့ ပြင်ပကဖိအားများအပြင် မိသားစုတွင်း သတ်မှတ်ထားသည့် ထုံးတမ်းအစဉ်အလာများ၏ကန့်သတ်မှုတွေကိုလည်း ရင်ဆိုင်ရသည်။
အမွေပစ္စည်းခန်း၌ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူအခွင့်အရေးမရှိဘဲ အိမ်ထောင်ရှင် ယောကျ်ား သေဆုံးခဲ့သော် သားယောကျ်ားသာလျှင် အမွေကိုဆက်ခံရ၍ ဇနီးသည်နှင့် သမီးများမှာ အမွေကိုမခံစားကြရဟု သက်လူမျိုးများ မြန်မာ့စွယ်စုံကျမ်းမှာ ရေးသားထားသည်။

အလားတူ ရခိုင်မျိုးနွယ်စုတစ်ခုဖြစ်သည့် မြိုတိုင်းရင်းသားများတွင်လည်း အမျိုးသမီးများကို တန်းတူအခွင့်အရေး မရရှိရန် ပိတ်ပင်ထားမှုများရှိနေသည်ဟု မြိုတိုင်းရင်းသူတစ်ဦးက ပြောသည်။

“ကျမတို့ မြိုမျိုးနွယ်စုတွေမှာလည်း လင်နဲ့မယားကွာရှင်းရင်တောင်မှ အိမ်ထောင်ပစ္စည်းတွေကို အမျိုးသမီးတွေက ဘာမှပိုင်ဆိုင်ခွင့်မရှိဘူး။ ကလေးဆိုလည်း ပိုင်ဆိုင်ခွင့်မရှိဘူး။”ဟု ၎င်းကဆိုသည်။

အဆိုပါ လူမျိုးစုများရှိ အမျိုးသမီးများနှင့် ပတ်သက်၍ တန်းတူအခွင့်အရေးရရှိရေး၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်ဟု အသက် ၃၀ ကျော်အရွယ် မြိုအမျိုးသား ကိုသန်းထွန်းက ပြောသည်။

“ရိုးရာဓလေ့တွေက ခေတ်နဲ့ မကိုက်ညီတာတွေ ရှိနေသေးတယ်။ အဲဒါတွေကို ကိုက်ညီအောင်လုပ်ဖို့ ကြိုးစား ရအုံးမယ်။ အဲလိုပဲ လူကြီးတွေကလည်း နားလည်သဘောပေါက်ဖို့ လိုတယ်။ အဲဒီကိစ္စတွေအတွက် ကျနော်ကြိုးစား လုပ်ဆောင်နေတယ်”ဟု ၎င်းကဆိုသည်။

အလားတူ သက်လူမျိုးစုများတွင်လည်း ခေတ်ပညာတတ် လူငယ်များရှိလာသည့်အတွက် မလိုလားတော့သည့် ရိုးရာဓလေ့များကို အာရုံမစိုက်ဘဲ အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေးရရှိရေးကို ကြိုးစားလုပ်ဆောင်ရန် လိုအပ်နေပြီဟု သက်လူငယ်တစ်ဦးက ပြောသည်။

“အမျိုးသမီးတွေ ဘယ်လောက်ထိ ဦးဆောင်နိုင်တဲ့ စွမ်းရည်တွေရှိတယ်ဆိုတာကို မိဘတွေ လူကြီးတွေကို ပညာပေးဖို့ လိုအပ်နေတယ်။” ကိုသန်းထွန်းက ထောက်ပြသည်။

မည်သို့ပင်ဖြစ်စေ အသက် ၁၆ နှစ်အရွယ်သာရှိသေးသည့် သက်အမျိုးသမီးငယ် မအေးအေးမွန်က ၎င်းတို့၏ ရိုးရာဝတ်စုံများဖြင့် တခမ်းတနား တက်ရောက်ရသည့် သက်အမျိုးသားနေ့ကို နောက်နှစ်များတွင်လည်း ဆက်လက် ကျင်းပပေးဖို့ မျှော်လင့်နေသည်ဟု ဆိုသည်။

ထိုမှတဆင့် သက်အမျိုးသမီးများနှင့် ပတ်သက်သော အခွင့်အရေးများကို လူကြီး မိဘများနှင့် ညှိနှိုင်းအဖြေရှာရမည်ဟု မအေးအေးမွန်က ပြောသည်။

“ရိုးရာဓလေ့တွေက ပြင်ရခက်တယ်။ တဖြည်းဖြည်း ပြောင်းလဲလာအောင် လုပ်မှအဆင်ပြေမယ်။”ဟု မအေးအေးမွန်က ဆိုသည်။

Author:

Related Articles