Home မေးမြန်းခန်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သတင်းနှင့်ပြန်ကြားရေးဌာနမှ လွေးယေဦးနှင့်ဆက်သွယ်မေးမြန်းခြင်း

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သတင်းနှင့်ပြန်ကြားရေးဌာနမှ လွေးယေဦးနှင့်ဆက်သွယ်မေးမြန်းခြင်း

အင်တာဗျုး

၁၀၂၇ စစ်ဆင်ရေးအပိုင်းနှစ်မှာတော့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့မှာပါဝင်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကတော့ ထိုးစစ်အရှိန်ကောင်းကောင်းနဲ့ တိုက်ပွဲကိုဖော်ဆောင်လာပါတယ်။

စစ်တပ်ကလေယာဉ်တွေနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ထုတာအပြင် အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ်သုံးပြီး ခုခံစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ အရပ်သားထိခိုက်မှု အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ ထိခိုက်သေဆုံးမှုဟာ ရာဂဏန်းအထိရှိလာသလို ထိခိုက်သေဆုံးမှုအရေအတွက်လည်း နေ့စဉ်တိုးလာနေပါတယ်။

ဒါတွေနဲ့ပတ်သက်ပြီး TNLAအနေနဲ့ စစ်ပွဲတွေမစတင်မီမှာ လူထုထိခိုက်မှုမရှိအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားသလဲ။ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်မှုတွေ၊ စစ်ရှောင်တွေနဲ့ပတ်သက်လို့ လုပ်ဆောင်ထားမှုအခြေအ နေတွေနဲ့ပတ်သတ်ပြီးတအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို HIကဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ဒုတိယလှိုင်းဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ပထမပိုင်းနဲ့ စစ်ရေးရည်မှန်းချက်၊ ဦးဆောင်မှု အခန်းကဏ္ဍတွေနဲ့ကွာခြားမှုတွေရှိလား။ ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ ၁၀၂၇ စစ်ဆင်ရေး အပိုင်းနှစ်မှာလည်း အပိုင်းတစ်နဲ့အတူတူပါပဲ။ ကျမတို့ရဲ့အဓိကပစ်မှတ်ကို ညီနောင် မဟာမိတ် သုံးဖွဲ့  ဆောင်ရွက်တာအတူတူဖြစ်တယ်။ ဒုတိယပိုင်းမှာ ကွာခြားတာက ဗျူဟာပဲဖြစ်တယ်။ ညီနောင် မဟာမိတ် အဖွဲ့တွေ ပူးပေါင်းပြီး ထုတ်ပြန်ချက်ထုတ်တာ၊ စစ်ဆင်ရေးအတူလုပ်နေကြောင်းကိုကျမတို့ ထုတ်ပြောတာမျိုးတို့ပေါ့။ အခုတော့ တစ်ဖွဲ့ခြင်းစီသွားတာဖြစ်တယ်။ ပူးပေါင်းတိုက်ခိုက်မှုပုံစံ၊ စစ်ရေးပစ်မှတ်နဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်ကလည်း အားလုံးအတူတူပဲဖြစ်တယ်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်းနှစ်ရဲ့ ရည်မှန်းချက်ကတော့ အပိုင်းတစ်မှာလည်းပါဝင်တယ်။ အထူးသဖြင့် စစ်ကောင်စီစနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ နောက်တစ်ခုကဒေသခံလူထုတွေရဲ့လုံခြုံမှုကိုကာကွယ်တာဖြစ်တယ်။

မေး ။ ။ TNLAအနေနဲ့ ဘယ်အပိုင်းတွေကို အဓိကထားတိုက်နေပါသလဲရှင့်။ မြေပြန့်ထိ ဆင်းဖို့ အခြေအနေရှိပါသလား။

ဖြေ ။ ။ ၁၀၂၇ စစ်ဆင်ရေးအပိုင်းနှစ်မှာ ကျမတို့ TNLAက ဦးဆောင်ပြီးတော့ ရှမ်းမြောက်မှာ ရှိတယ်။ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်တွေမှာ အဓိကထားပြီးတော့ စစ်ဆင်ရေးကို ဖော်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိမှာက နွေဦးတော်လှန်ရေးကို ကျမတို့က မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးဆင်နွှဲနေတာဖြစ်တယ်။ လက်ရှိမှာ ရှမ်းမြောက်ကို ဖော်ဆောင်နေတယ်။ ပူးပေါင်းမဟာမိတ်တပ်တွေနဲ့အတူ မန္တလေးဘက်မှာ တိုက်ပွဲဖော်ဆောင်တယ်။ ဘယ်လောက်ထိ သွားမယ်။ ဘယ်အချိန်ထိလဲဆိုတာကတော့ အားလုံးရဲ့ပူးပေါင်းပါဝင်မှုအပေါ်မှာ မူတည်သွားတယ်။ ပြီးရင်တော့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်တဲ့လူထုပေါ်မှာမူတည်သွားတာဖြစ်ပါတယ်။

မေး ။ ။ ဒုတိယပိုင်း စစ်ဆင်ရေးစတာ အခုဆိုရင် တစ်လနီးပါးလာပြီဆိုတော့ မြို့သိမ်းတဲ့ အခြေအနေဘယ်လို ရှိပါသလဲ။

ဖြေ ။ ။ ဒီ၁၀၂၇ စစ်ဆင်ရေးအပိုင်းနှစ်မှာ ဖော်ဆောင်နေတာက တစ်လနီးပါးမှာ ကျမတို့အပြည့်အဝထိန်းချုပ် နိုင်တာကနောင်ချိုမြို့ရှိမယ်။ အခုဆို မိုးကုတ်ကိုလည်း ထိန်းချုပ်ထားနိုင်တယ်။ မိုးမိတ်မှာတော့ ကျမတို့နေရာ ဝင်ယူထားတယ်။ သူရဲ့ ဗျူဟာကုန်းမှာ တည်တယ်။ ကျောက်မဲမှာဆိုရင်တော့ စစ်ကောင်စီရဲ့ ၅၀၁၊ ၅၀၂ တပ်စခန်းတွေကျန်တာဖြစ်ပါတယ်။ ကျန်တာကိုတော့အကုန်လုံးထိန်းချုပ်ထားတာဖြစ်ပါတယ်။

မေး ။ ။ စစ်တပ်ကျဆုံးမှုနဲလက်နက်ခဲယမ်းသိမ်းဆည်းနိုင်မှုက ဘယ်လိုအခြေအနေရှိပါသလဲ။ နောက်ပြီးလေ ကြောင်းတိုက်ခိုက်မှုအခြေအနေလည်း သိချင်ပါတယ်ရှင့်။

ဖြေ ။လက်ရှိဖော်ဆောင်နေတဲ့တစ်လနီးပါးဝန်းကျင်မှာ စစ်ကောင်စီရဲ့လက်နက်ခဲယမ်း ၇၀၀ နီးပါးသိမ်းဆည်းနိုင်တာရှိတယ်။ စစ်သုံ့ပန်းကတော့ တစ်ရာနီးပါးရှိပြီ။ စစ်ကောင်စီရဲ့အလောင်းတွေကတော့ ၂၀၀ နီးပါးရှိပါတယ်။

လက်ရှိမှာ စစ်ကောင်စီက အရပ်သားတွေကို ဦးတည်တိုက်ခိုက်တယ်။ အရပ်သားတွေရဲ့နေအိမ်ပိုင်ဆိုင်မှုတွေ၊ အရပ်သားတွေအများစုနေထိုင်တဲ့နေရာတွေကို ဦးတည်တိုက်ခိုက်တာရှိတယ်။ လက်ရှိမှာ ကျမတို့စုဆောင်းထားတဲ့ သတင်းအချက်အလက်အရ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေက ၃၀၀ ကျော်ရှိပြီဖြစ်တယ်။ လက်နက်ကြီးပစ် ခတ်မှုအရေအတွက်ကတော့ ၁၁၀၀ ကျော်ရှိပါတယ်။

မေး ။ ။ ၁၀၂၇ စစ်ဆင်ရေးကာလတလျှောက် စစ်တပ်က ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေ၊ စစ်စည်းကမ်း မလိုက်နာတာတွေ ဂျနီဗာကွန်ဗာရှင်းပါအချက်တွေကို ချိုးဖောက်တာဘယ်လောက်များများရှိပါသလဲရှင့်။

ဖြေ ။ ။လက်ရှိကျမတို့ စုဆောင်းထားချက်အရ စစ်ကောင်စီက ဂျနီဗာကွန်ဗာရှင်းကို ချိုးဖောက်နေတယ်။ အထူးသဖြင့်တိုက်ပွဲကာလအတွင်းမှာ အရပ်သားတွေကို ဦးတည်ပြီး တိုက်ခိုက်တယ်။ ပြီးတော့အရပ်သားတွေနဲ့သက်ဆိုင်တဲ့ဘုန်းကြီးကျောင်းတွေအများနဲ့ သက်ဆိုင်တဲ့စာသင်ကျောင်းတွေကို ဦးတည်တိုက်ခိုက်တာတွေရှိတယ်။ နောက်တစ်ခုက အရပ်သားတွေကို အကာအကွယ်ယူပြီးလူသားဒိုင်းလိုအသုံးပြုနေတာတွေရှိတယ်။ ဒါတွေက စစ်ရာဇဝတ်မှုတွေဖြစ်တယ်။ အဲ့ဒီစစ်ရာဇဝတ်မှုတွေကို ကျမတို့က မှတ်တမ်းမှတ်ရာထားပါတယ်။ နောက်ပိုင်း စစ်ကောင်စီကို အရေးယူမယ်ဆိုရင်တော့ ကျမတို့ဘက်ကတော့ ပူးပေါင်းဆောင်ရွက်ဖို့ရှိပါတယ်။

မေး ။ ။ ပူးပေါင်းတပ်တွေပါဝင်မှုကအပိုင်းနှစ်မှာဘယ်လိုရှိပါလဲ။ ပူးပေါင်းပါဝင်မှုကဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။  ။အပိုင်းနှစ်စစ်ဆင်ရေးမှာ ပူးပေါင်းတပ်တွေက အရင်ကထက်ပိုများလာတယ်။ အဖွဲ့ကတော့ ၄၊ ၅၊ ၆ဖွဲ့ ပြောလို့ရတယ်။ ဒီထဲမှာဆိုရင် MOD အောက်က PDF တွေပါမယ်။ တခြား MOD မဟုတ်တဲ့ PLA PDF တွေပါတယ်။ တခြားတော်လှန်ရေး တပ်ဖွဲ့ဝင်တွေလည်း ပါဝင်လာတာရှိပါတယ်။ ဒီပူးပေါင်းတပ်တွေ ပါဝင်မှုကကျမ တို့အတွက်အထောက် အကူပြုတယ်။ အကျိုးရှိတယ်။ ဒီနွေဦးတော်လှန်ရေးမှာ ဒီလိုမျိုးပူးပေါင်းတပ်တွေပါဝင်ခြင်းက ကျမတို့မျှော်မှန်းထားတဲ့၊ ကျမတို့သွားနေတဲ့ အာဏာရှင်စနစ်အမြစ်ဖြတ်တိုက်ဖျက်ရေးက မြန်မြန်ဆန်ဆန်နဲ့သွားစေတာဖြစ်တယ်။ နောက်တစ်ခုက နွေဦးတော်လှန်ရေးက ကျမတို့လိုချင်နေတဲ့အရာတွေဖြစ်တယ်။ စစ်အာဏာရှင်အမြစ်ပြတ်ချုပ်ငြိမ်းစေနိုင်မယ့် ပူးပေါင်းပါဝင်မှုဖြစ်ပါတယ်။

မေး ။ ။ ဒီစစ်ဆင်ရေး တစ်လနီးပါးအတွင်းမှာ အရပ်သားထိခိုက်သေဆုံးမှုနဲ့ဘယ်လိုကြောင့် သေဆုံးတာများပါလဲ။ ဒီအရပ်သားသေဆုံးမှုအပေါ် စစ်တပ်ကလည်း ညီနောင်သုံးဖွဲ့ကို ပြန်စွတ်စွဲထားတဲ့အပေါ်  TNLA အနေနဲ့ ဘာပြောချင်ပါသလဲရှင့်။

ဖြေ ။ ။ ဒီ၁၀၂၇ စစ်ဆင်ရေးအပိုင်းနှစ်မှာတော့ ကျမတို့ရထားတဲ့သတင်းအချက်အလက်ရဆိုရင်တော့ အရပ်သားသေဆုံးမှုက ၁၀၀ နီးပါးရှိပြီး ထိခိုက်ဒဏ်ရာရတဲ့သူက ၁၃၀ ကျော်ရှိပါတယ်။ အများဆုံးကတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာဖြစ်တယ်။ ပြီးရင်လက်နက်ကြီး ထိမှန်သေဆုံးတာတွေလည်း ဖြစ်ပါတယ်။ လက်ရှိစစ်ရှောင်တွေကတော့ နှစ်သောင်းဝန်းကျင်ရှိနေပါတယ်။

အရပ်သားတွေနဲ့ပတ်သက်ပြီးတော့ ကျမတို့ စစ်ဆင်ရေးမစခင်ကတည်းက စစ်ဆင်ရေးစမယ်လို့တော့ မပြောဘူး။ ဒါပေမဲ့ ဒေသခံအရပ်သားတွေ သတင်းအချက်အလက်ရရှိဖို့ ကျမတို့ကြိုတင်ပြင်ဆင်တာတွေတော့ရှိတယ်။ တချို့ကတော့ စစ်ရှောင်နိုင်တယ်။ တချို့ကတော့ အခြေအနေတွေကြောင့် မပြောင်းဘဲနေတာလည်းရှိတယ်။ ပြီးတော့ စစ်ဆင်ရေးဖော်ဆောင်နေတဲ့အချိန်မှာလည်း ကျမတို့ဘက်က အရပ်သားတွေမထိခိုက်ရအောင် အတွက်အချက်တွေနဲ့ ကျမတို့လုပ်ဆောင်တာရှိတယ်။ ကျမတို့သုံးမယ့် လက်နက်ကြီးရဲ့ပြင်းအားနဲ့ အရပ်သားတွေတည်ရှိတဲ့နေရာတွေကို အတတ်နိုင်ဆုံး မကျရောက်အောင် ဒီစစ်ဆင်ရေးဖော်ဆောင်နေတဲ့တပ်မှူးတွေ၊ ဗျူဟာမှူးတွေကိုလည်း ကျမတို့ မိန့်ကြားတာရှိတယ်။ ကျမတို့ဘက်ကတော့ အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာမရှိဘူး။ စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတယ်။ ပြီးရင်အရပ်သားတည်ရှိ တဲ့နေရာတွေကို အဓိကထားတိုက်ခိုက်တာကိုလည်းတွေ့ရပါတယ်။

မေး ။  ။ဒီလိုအရပ်သားထိခိုက်သေဆုံးမှုမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများဆုံးထိခိုက် ဒဏ်ရာရခဲ့တာ ဖြစ်တယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီး TNLA ရဲ့အမြင်သဘောထားလည်း သိချင်ပါတယ်ရှင့်။

ဖြေ ။  ။လက်ရှိမြင်တွေ့နေရတာက လူထုတွေသေဆုံး၊ ထိခိုက်ဒဏ်ရာရတာ၊ နေအိမ်တွေပျက်စီးနေတာတွေကို မြင်ရတာက ကျမတို့အတွက်တော့ တကယ့်ကိုစိတ်မကောင်းစရာပါ။ နောက်တစ်ခုက ဒါတွေသည် ကျမတို့ကာကွယ်နိုင်ဖို့ကြိုးပမ်းနေတာလည်းရှိတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ကျမတို့တပ်ဖွဲ့နဲ့ အရပ် ဘက်အဖွဲ့တွေပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။

မေး ။ ။ ၁၀၂၇ စစ်ဆင်ရေးအပိုင်းနှစ်မှာ လူထုအထိနာတယ်ဆိုပြီး ဝေဖန်တာတွေရှိတယ်ဆိုတော့ စစ်ပွဲတွေမစတင်မီမှာ လူထုကို ထိခိုက်မှုနည်းအောင် စီစဉ်ထားတာတွေရှိပါသလားရှင့်။

ဖြေ ။ ။ ဒီစစ်ဆင်ရေးမစတင်ခင်မှာတော့ ကျမတို့က တိုက်ပွဲစမယ်ဆိုတဲ့အကြောင်း အသိပေးတာတော့မရှိဘူး။ ဒါသည် တိုက်ပွဲဆိုတဲ့သတင်းလုံခြုံမှုအရ ကျမတို့ပြောတာမရှိဘူး။ သို့ပေမဲ့နီးစပ်ရာဆွေမျိုးတွေ၊ နီးစပ်ရာလူထုသိအောင်ဆောင်ရွက်နေတာတွေတော့ရှိတယ်။ အဲ့ဒါကြောင့် လူထုထိခိုက်မှုနည်းအောင် စစ်ရေးပစ်မှတ်တွေရဲ့ အနေအထား၊ ပြီးရင် ဒေသခံတွေရဲ့အနေအထားနဲ့ ကျမတို့အသုံးပြုမယ့် လက်နက်အမျိုးအစားတွေကို သေချာစီမံပြီးတော့ တွက်ချက်ဆောင်ရွက်နေတာရှိတယ်။

တိုက်ပွဲမှာတော့ တိုက်ပွဲဖြစ်တဲ့အလျောက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်တာတွေရှိတယ်။ ပြီးတော့ စစ်ကောင်စီကလည်းအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်။ ဒီလိုမျိုးလုပ်ဆောင်ရတယ်ဆိုတာကလည်း ကျမတို့က စစ်အာဏာရှင်ကို မတော်လှန်ဘူးဆိုရင် ဖိနှိပ်အကြမ်းဖက်မှုတွေက ကျမတို့နေ့စဉ်ကြုံရမယ့်အရာတွေဖြစ်တယ်။ အာဏာရှင်စစ်ကောင်စီ မပြုတ်မခြင်းတော့ စစ်ပွဲတွေရဲ့ဆိုးရွားတဲ့ဒဏ်ကို ခံစားနေရမှာဖြစ်တယ်။ အဲ့ဒါကြောင့်ပဲ ကျမတို့က နောက်နောင်လူထု  တွေရဲ့လုံခြုံမှု၊ လူထုရဲ့အကျိုးစီးပွားကို ကာကွယ်ခြင်းအားဖြင့် ၁၀၂၇ စစ်ဆင်ရေးကိုပြန်လည်ဖော်ဆောင်တာဖြစ်ပါတယ်။

မေး ။   ။လက်ရှိရှမ်းမြောက်မှာစစ်ရှောင်တွေလမ်းတွေပိတ်၊ ဂိတ်တွေပိတ်ထားလို့ သွားမရဘဲ ပိတ်မိတဲ့အခြေ အနေတွေရှိတယ်။ အဲ့ဒီမှာစစ်ရှောင်တွေအနေနဲ့ နီးစပ်ရာတောတောင်တွေထဲ ဖြစ်သလိုနေထိုင်စားသောက်ပြီး သေဆုံးတာတွေလည်း ဖြစ်ကြတယ်။ စစ်ရှောင်တွေနဲ့ပတ်သက်ပြီးတော့ ဘာတွေစီစဉ်ထားတာရှိပါသလဲရှင့်။

လက်ရှိစစ်ရှောင်တွေနဲ့ပတ်သက်ပြီးတော့ကျမတို့ဘက်ကတော့ စစ်ရှောင်တွေသွားလာလို့ရအောင် တိမ်းရှောင်လို့ရအောင်စီစဉ်ထားတာတွေလည်းရှိပါတယ်။ သို့ပေမဲ့ မြို့အထွက်မှာဆိုစစ်ကောင်စီက ပိတ်ထားတာတွေရှိတယ်။ အဓိကတော့ အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေရှိတယ်။ ဒါ့ကြောင့် လူထုတွေအနေနဲ့ ဆွေမျိုးသားချင်းအသိအိမ်တွေကို စစ်ရှောင်တာများပါတယ်။လက်ရှိမှာတော့ ကျမတို့လုပ်ပေးတာက ဒေသခံတွေနဲ့ ချိတ်ဆက်ပေးတာရှိတယ်။ နောက်တစ်ခုကတော့ အရပ်ဘက်အဖွဲ့အစည်း အထူးသဖြင့် လူမူကူညီရေးအနေနဲ့သွားတာတွေရှိတယ်။ CSO ကနေတဆင့်ကူညီပံ့ပိုးနေတာလည်းရှိတယ်။

မေး ။ ။ ရှမ်းမြောက်ရဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားစရာတွေဖြစ်နေတာတွေက ဘာကြောင့်ဖြစ်ရတာလဲ ။ ဘယ်လိုနည်းလမ်းနဲ့ နိုင်ငံရေးအဖြေရှာသွားကြမလဲရှင့်။

ဖြေ ။ ။ နယ်မြေအငြင်းပွားမှုဆိုင်ရာကတော့ ဒီရှမ်းမြောက်မှာပဲရှိတာမဟုတ်ဘူး။ လက်ရှိမြန်မာနိုင်ငံနေရာတိုင်းမှာ ဖြစ်ပေါ်နေတဲ့ကိစ္စဖြစ်တယ်။ လက်ရှိကျမတို့မှာ အဖြေမရှာနိုင် မပေးနိုင်သေးပါဘူး။ ပဋိပက္ခတစ်ခုအနေနဲ့ တည်ရှိနေတယ်။ လက်ရှိရှမ်းမြောက်ဆိုရင်တော့နယ်မြေအငြင်းပွားမှုတွေရှိနေတာမျိုးတွေလည်းတွေ့ရပါတယ်။ ဒါပေမဲ့လူထုကဒီကိစ္စအပေါ်စိုးရိမ်စရာတော့မရှိဘူး။ တကယ်လို့အောက်ခြေမှာ အငြင်းပွားမှု ဖြစ်လာရင်ဗဟိုက တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်း၊ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာသွားမှာဖြစ်ပါတယ်။

မေး ။ ။ အရင်ကတည်းက TNLA စိုးမိုးနေရာတွေမှာ မုဒိမ်းမှုတွေဖြစ်ရင် အပြစ်ပေးအရေးယူတာတွေရှိတယ်။ လက်ရှိစစ်ပွဲကာလမှာ မုဒိမ်းမှုဖြစ်တာတွေရှိလား။ ဘယ်လို ဖြေရှင်းပေးရတာတွေရှိနေပါသလဲရှင့်။

ဖြေ ။ ။ TNLA စိုးမိုးနေရာတွေမှာ မုဒိမ်းမှုဖြစ်လာရင် အပြစ်ပေးအရေးယူတာတွေရှိတယ်။ တိုက်ပွဲကာလတွေမှာတော့ကျမတို့ဆီမှာ ဒီလိုမျိုးမုဒိမ်းမှုတွေတက်လာတာတော့မတွေ့ရသေးဘူး။ တချို့ကတော့ လက်လှမ်းမမီတာ တွေရှိမယ်။ ပြစ်မှုနဲ့ပတ်သက်ရင်တော့ နောက်ပိုင်းအခြေအနေတည်ငြိမ်သွားတယ်ဆိုရင် ကျမတို့ကတရားဥပဒေစိုးမိုးရေးကို ပြန်ဖော်ဆောင်မယ်။ တကယ်လို့ ပြစ်မှုကျူးလွန်သူတွေ့ရှိခဲ့ရင်တော့ ပြစ်မှုအတိုင်းအရေးယူခံရမှာဖြစ်တယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ စစ်ပွဲတွေ အရပ်သားတွေ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေကို ထိခိုက် သေဆုံးမှု ဖြစ်တာနဲ့ပတ်သက်ပြီး TNLA အနေနဲ့ ဘာများပြောချင်ပါသလဲရှင့်။

ဖြေ ။ ။ လက်ရှိတိုက်ပွဲကာလအတွင်းမှာ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေထိခိုက် သေဆုံးနေတာရှိတယ်။ ကျမတို့ဘက်ကလည်း ဒါတွေမဖြစ်ရအောင် အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်နေတာရှိတယ်။ လိုအပ်တဲ့အကူအညီတွေလည်းဆောင်ရွက်နေတာရှိပါတယ်။ ထိခိုက်နစ်နာသွားတဲ့ကလေးငယ်နဲ့ အမျိုးသမီးတွေ သူတို့တွေအနေနဲ့ တရားမျှတမှုပြန်ရဖို့အတွက်တော့ နောက်ပိုင်းစစ်ကောင်စီကအရေးယူခံရပြီဆိုရင် ကျမတို့က မှတ်တမ်းနဲ့တကွပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Author:

Related Articles