Home မေးမြန်းခန်း တိုင်းရင်းသားဒေသတွေမှာ ကိုဗစ်ကာကွယ်ကုသရေးလုပ်မယ့် CTF

တိုင်းရင်းသားဒေသတွေမှာ ကိုဗစ်ကာကွယ်ကုသရေးလုပ်မယ့် CTF

Honest Information (HI)။ ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေး ဝန်ကြီးဌာနနဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကူးစက်မြန်ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ဖို့ ရည်ရွယ်ကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ COVID 19 Task Force (CTF)ကို ဇူလိုင်လ ၁၇ ရက် မှာစတင်ဖွဲ့စည်းခဲ့ပါတယ်။

Task Force အနေနဲ့ ကျန်းမာရေးလက်လှမ်းမမီတဲ့ တိုင်းရင်းသားဒေသတွေမှာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ စတင်လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်သလို လက်ရှိတိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားဒေသတွေမှာ ကိုဗစ်ထိန်းချုပ်ကို စတင်ဆောင်ရွက်သွားမှာပါ။

စစ်အုပ်ချုပ်မှုအောက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ ကိုဗစ်တတိယလှိုင်းမှာ ဇူလိုင် ၂၄ ရက်အထိ ကိုဗစ်ပိုးရှိသူ နှစ်သိန်းခြောက်သောင်းကျော်ရှိကာ သေဆုံးသူ ခြောက်ထောင်ကျော်ရှိသွားပြီဖြစ်ပါတယ်။

ဒီ CTF မှာ တိုင်းရင်းသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစင်သီယာမောင်က အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဒုတိယအဖွဲ့ခေါင်းဆောင်က အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးတို့က တာဝန်ယူသွားမယ်လို့ NUGက ထုတ်ပြန်ထားပါတယ်။

အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာ စင်သီယာမောင်ဟာ ၁၉၈၉ ခုနှစ်မှာ ထိုင်း- မြန်မာနယ်စပ်သို့ အကြောင်း အမျိုးမျိုးနဲ့ ရောက်ရှိလာတဲ့ မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းပြည်သူတွေအတွက် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုပေးနိုင်ဖို့ ရည်ရွယ်ကာ ထိုင်းနိုင်ငံ မဲဆောက်မှာ မယ်တော်ဆေးခန်းကို ဖွင့်လှစ်ခဲ့ကာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူ ဖြစ်ပါတယ်။

လက်ရှိမယ်တော်ဆေးခန်းတဖက်နဲ့ တဖက်မှာလည်း COVID 19 Task Force (CTF)ကြားမှာ ကိုဗစ်ထိန်းချုပ် ရေးဆောင်ရွက်နိုင်မှုနဲ့ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ လုပ်ငန်းအစီအစဉ်တွေနဲ့ပတ်သက်ပြီး အဖွဲ့ခေါင်းဆောင် ဒေါက်တာစင်သီယာမောင်ကို Hi သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ COVID 19 Task Force (CTF) ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေရှင့်။
ဖြေ ။ ။ အဓိကကတော့ ဒေသတခုချင်းစီ၊ တခုချင်စီတိုင်းမှာ ကိုဗစ်ကော်မတီဆိုတာ ရှိထားပြီးသားပဲ။ ကရင်မှာ ပဲဖြစ်ဖြစ်၊ ချင်းမှာပဲဖြစ်ဖြစ်၊ ရှမ်းမှာပဲဖြစ်ဖြစ်။ သို့သော်လည်း ဒီကာကွယ်ဆေးဆိုင်ရာကိစ္စတွေဖြစ်ဖြစ်၊ ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကိစ္စတွေမှာဖြစ်ဖြစ် တဖွဲ့ချင်းစီဆောင်ရွက်လို့ရတာမဟုတ်ဘဲနဲ့ နည်းပညာအရဖြစ်စေ၊ ရန်ပုံငွေအရဖြစ်စေ တွေ့ဆုံစုစည်းပြီးတော့ အလုပ်လုပ်ရမယ့်အပေါ်မှာ Task Force အနေနဲ့ စုဆောင်းတာပဲ ဖြစ်ပါတယ်။ သို့သော်လည်း စီမံခန့်ခွဲမှုတွေကို သူ့ဒေသနဲ့သူ၊ မြို့နယ်အလိုက်၊ ဒေသအလိုက်သွားမှာဖြစ်ပါတယ်။

မေး ။ ။ CTF လုပ်မယ့် တိုင်းရင်းသားကျန်းမာရေးဆိုတာက အရင်က အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင် ၁၀ဖွဲ့ရှိတဲ့နေရာတွေလား။ တနိုင်ငံလုံးကို လွှမ်းခြုံပြီးတော့ဆောင်ရွက်ပေးမှာလား။ ဘယ်လိုများလုပ်ပေးဖို့ရှိပါသလဲရှင့်။
ဖြေ ။ ။ EAOs တဖွဲ့ချင်းစီက တင်ပြလာတဲ့အပေါ်မှာပဲ ဘယ်လိုကူညီရမလဲ။ Task Force ဆိုတာကတော့ အဖွဲ့အစည်းတော့ မဟုတ်ဘူး။ ဒေသအလိုက် ပါဝင်ဖို့ ကမ်းလှမ်းလာရင် ကျမတို့ ဒီအဖွဲ့ခေါင်းဆောင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းခေါင်းဆောင်တွေကနေ သူ့အဖွဲ့အစည်းလိုက်သူ ဘယ်နေရာ၊ ဘယ်လောက်လက် လှမ်းမီနိုင်မလဲဆိုတာ သူပြောတဲ့အပေါ်မှာပဲ ကျမတို့က ဝိုင်းကူကြရမှာဖြစ်ပါတယ်။

လိုတာကတော့ ဒေသအလိုက်၊ ဒေသအလိုက်မှာ ဒေသဆိုင်ရာ ကျန်းမာရေးခေါင်းဆောင်တွေက တင်ပြလာတဲ့ အကူအညီကို ကျမတို့က ဒီကာကွယ်ဆေးရဖို့ဖြစ်စေ၊ ကူးစက်ရောဂါထိန်းချုပ်ရေးဖြစ်စေ ဘယ်အပိုင်းကနေဝိုင်းပြီး ကူညီနိုင်မလဲဆိုတာ ကျမတို့အသေးစိတ်ဆွေးနွေးပွဲတွေတော့ အများကြီးလိုအပ်ပါတယ်။

ဒီကနေ အကုန်လုံးချမှတ်ပြီး လုပ်ရမယ့်ဟာမျိုးတော့ မဟုတ်ပါဘူး။ ကျမတို့ ကိုဗစ်ကော်မတီအကုန်လုံးချမှတ်ပြီး လုပ်လို့မရပါဘူး။ အဓိကကတော့ ကိုယ့်ဒေသအလိုက်ခေါင်းဆောင်တွေ၊ ကျန်းမာရေးခေါင်ဆောင်တွေကနေ ပြီးတော့ သူတို့ရဲ့ စီမံမှုအပေါ်မှာ ဘယ်လိုလိုက်ပါကူညီဆောင်ရွက်ရမလဲဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်။

မေး ။ ။ အခုလိုလုပ်ဆောင်မယ့်အပေါ်မှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးဖို့ ဘယ်လိုအချက်တွေ ထည့်သွင်းထားတာမျိုးရှိပါသေးသလဲ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ထားတဲ့ ကိုဗစ်ခံစားနေရသူတွေအတွက်ပေါ့။
ဖြေ ။ ။ ကိုဗစ် Task Force ကတော့ အမျိုးသမီးအတွက်ဆိုပြီး လက်ရှိသီးသန့်ရှိသေးမှာမဟုတ်သေးပါဘူး။ တင်ပြမှုအပေါ်မှာပဲ မူတည်ပါတယ်။ တချို့သောအမျိုးသမီးတွေ သူ့ဒေသကနေ ခရီးသွားလာမှု၊ စားဝတ်နေရေးအခက်အခဲပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပဲဖြစ်ဖြစ် အခက်အခဲတွေတော့ ဝင်လာမှာဖြစ်ပါတယ်။ အဲဒါတွေကတော့ ဒေသဆိုင်ရာကျန်းမာရေးဌာနတွေအနေနဲ့ လက်ရှိရှိနေတဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုလုပ်ငန်း၊ ကလေးမွေးဖွားမှုလုပ်ငန်းတွေမှာ ပိုပြီးတော့ ဒီအပေါ်မှာ လုံခြုံစိတ်ချမှုရှိအောင် ဥပမာ ဆေးရုံ၊ ဆေးခန်းတွေကို လက်လှမ်းမမီနိုင်တာဆိုရင် အိမ်မှာဘယ်လိုဆက်ပြီးမွေးဖွားနိုင်မလဲ။ ကျန်းမာရေး ဝန်ထမ်းတွေမှာလည်း အမျိုးသမီးတွေအများကြီးပါတဲ့အခါကျတော့ တချို့လည်း စစ်ပြေးစစ်ရှောင်ဖြစ်နေတာ ရှိနေတယ်။ ကျမတို့ကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အကယ်၍ ဆေးရုံ၊ ဆေးခန်းမသွားနိုင်ရင် အိမ်မှာ လက်သည်နဲ့မွေးတာဖြစ်ဖြစ်၊ ကျန်းမာရေးဝန်ထမ်းတွေရှိရာကို သွားတာပဲဖြစ်ဖြစ် အဲဒီအခြေအနေမှာ သူတို့အတွက် မွေးဖွားဖို့ ပစ္စည်းကရိယာတွေ အဆင့်သင့်ဖြစ်အောင်၊ လိုအပ်တဲ့အချိန်မှာ အဝတ်အစားတွေကအစ လက်အိတ်တွေကအစ အဲဒါလေးတွေတော့ ထောက်ပံ့တဲ့အစီအစဉ်တော့ရှိပါတယ်။ ဒါပေမယ့်လို့ ကိုဗစ်အစီအစဉ်နဲ့တော့ တိုက်ရိုက်မဟုတ်ပါဘူး။

မေး ။ ။ လက်ရှိ ဆရာမကြီးမှာလည်း မယ်တော်ဆေးခန်းကတဖက်နဲ့ တဖက်မှာလည်း တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ကိုဗစ်ထိန်းချုပ်ရေး လုပ်ငန်းတွေရှိနေတော့ ထိထိရောက်ရောက်ဆောင်ရွက်လို့ အဆင်ပြေပါ့မလား။ အခက်အခဲများရှိလာနိုင်မလား။
ဖြေ ။ ။ အဲ့ဒါက ကျမတို့ကတော့ လက်ရှိရှိထားတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ (Network)က ရှိထားပြီးသားဆိုတော့ ဦးဆောင်မှုကတော့ သူ့တိုင်းရင်းသားတခုခြင်းစီက သူ့ဘာသာဦးဆောင်ရမှာပဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒေသတခုနဲ့တခု ကွဲပြားခြားနားမှုရှိတယ်။ သူတို့လိုအပ်လာတဲ့ စုပေါင်းပြီး လုပ်လို့ရတဲ့အပိုင်းတွေပေါ့။ ဥပမာ ကာကွယ်ဆေးကိစ္စဖြစ်ဖြစ် သို့မဟုတ် ပညာပေးကိစ္စတွေ ဖြစ်ဖြစ် အဲ့ဒါက သူတို့ကိုယ်တိုင်ပဲ သူတို့အကောင်အထည်ဖော်ရမှာပဲ။

ဘာလို့ဆို ဒီထိုင်းဘက်ကနေ သွားလုပ်ဖို့ ဆိုတာလည်း ခက်တယ်။ ပြည်တွင်းကနေပြီးလည်း ဒီစစ်အစိုးရနဲ့လည်း ခက်တယ်ဆိုတဲ့အခါကျတော့ သူတို့ ဒေသတခုချင်းစီအလိုက် သူတို့အကောင်အထည်ဖော်လုပ်နိုင်မယ့် လုပ်ငန်းတွေအပေါ်မှာ နည်းပညာအဖွဲ့ တွေနဲ့ ချိတ်ဆက်တာတို့၊ ရန်ပုံငွေအဖွဲ့တွေနဲ့တို့တော့ ကူလို့ရတာပေါ့။ ထဲထဲဝင်ဝင် Task Force ဆွဲကတည်း ကတော့ ကိုယ့်ဒေသနဲ့ ကိုယ်အဖွဲ့နဲ့ ကိုယ်လုပ်ရမယ့်ကိစ္စ၊ တယောက်နဲ့တယောက် အသိပညာဖလှယ်တာတို့ ရန်ပုံငွေရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းတာတို့တော့ ကျမတို့က လုပ်လို့ရတယ်။

နောက်တိုင်းရင်းသားတဖွဲ့ချင်းစီက လက်ရှိသူ့ဒေသအလိုက်မှာ ဖြစ်နိုင်မယ့်အခြေအနေ သူတို့အပေါ်မှာ ဘယ်လိုကူညီမှုတွေသွားမလဲဆိုတာမျိုးကိုတော့ အသေးစိတ်ပြန်ဆွေးနွေးရမှာပေါ့။ ဘာလို့လဲဆိုတော့ တိုင်းရင်းသား ဒေသတခုချင်းစီရဲ့ အခြေအနေက မတူဘူးလေ။

အဲ့လိုမျိုး အသေးစိတ်ကတော့ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ နည်းပညာအဖွဲ့တဖွဲ့ကနေ ပြန်ပြီးတော့ စီမံထားရမှာတွေ ရှိတာပေါ့။ သို့သော်လည်း တည်ဆောက်ဖို့အနေနဲ့ကတော့ တိုင်းရင်းသားတဖွဲ့ချင်းစီက သူတို့ရဲ့ လက်ရှိလုပ်ငန်းစဉ်နဲ့ ဖြစ်နိုင်ချေတွေအပေါ်မှာပဲ ဘယ်လိုကူညီရမလဲဆိုတာ လွှဲလို့ရမှာပေါ့။ ဒေသအခြေအနေတွေ ကွဲပြားခြားနားမှုရှိတယ်။

မေး ။ ။ မယ်တော်ဆေးခန်းမှာရော ကိုဗစ်နဲ့ပတ်သက်ပြီး လူနာတွေရှိနေလား။ ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ ။ ဆေးခန်းအပါအဝင်(ထိုင်းနိုင်ငံ) မဲဆောက်တမြို့လုံးမှာတော့ ကိုဗစ်တိုက်ဖျက်ရေးက လက်ရှိမှာ ပိုပြီးတော့ အရေး ကြီးလာတယ်။ လက်ရှိမှာမြို့နယ်တိုင်းမှာဖြစ်နေပြီပေါ့။ အရင်ကတော့ မဲဆောက်မှာပဲ။ အခုကတော့ နယ်စပ် တလျှောက်လုံးမှာရှိတဲ့ဆေးရုံတွေ၊ မြို့နယ်တွေထဲမှာလည်း တွေ့ရတဲ့အခါကျတော့ ဒီကုန်သွယ်ကူးသန်းရောင်းဝယ်ရေး ကိစ္စတွေကလည်း ရပ်နားထားလို့မရတဲ့အခါကျတော့ ရောဂါကာကွယ်ထိန်းချုပ်ရေးကိစ္စတွေ ကတော့ ပိုပြီးတော့ ဂရုစိုက်ဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်သလို ထိုင်းအစိုးရအစီအစဉ်နဲ့ မယ်တော်ဆေးခန်း မှာလည်း လူနာတွေကို ဒီမှာထားထားပေးတာရှိတယ်။ အဲဒါကတော့ ကျမတို့ရပ်ကွက်အလိုက် ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ရပ်ကွက်အတွင်း ကျန်းမာရေးအဖွဲ့တွေလိုက်လံစစ်ဆေးတဲ့အခါမှာ ကျမတို့ဆေးခန်းအနီး ဝန်းကျင်မှာလည်း ရောဂါပိုးတွေ့ရှိနှုန်းမြင့်နေတာတွေ့ရတယ်။ ဒီအပေါ်မှာ ကျမတို့က ဒီထိုင်းအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေတော့ လုပ်နေတာရှိပါတယ်။

Related Articles