Home မေးမြန်းခန်း လွှတ်တော်ထဲမရောက်ပေမယ့်လည်း လယ်သမားအရေးတွေဆက်လုပ်နေမယ့်မစုစုနွေး

လွှတ်တော်ထဲမရောက်ပေမယ့်လည်း လယ်သမားအရေးတွေဆက်လုပ်နေမယ့်မစုစုနွေး

မိုးမိုး။ ။

လယ်သမားတွေလယ်မြေတွေအသိမ်းခံရတာ၊ လူ့အခွင့်ရေးချိုးဖောက်ခံနေရတာတွေအတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ဆန့်ကျင်နေကြသူများထဲမှာ မစုစုနွေးဟာထိပ်ဆုံးကပါဝင်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ တောင်သူလယ်သမားအမှတ်တံဆိပ်နဲ့ ရန်ကုန်လွှတ်တော် ကော့မှုးမြို့နယ်နေရာအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် မစုစုနွေး ဝင်ပြိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ပေမယ့် လွှတ်တော်ပြင်ပကနေ လယ်သမားတွေအရေးအတွက် ဆက်လက်ဆောင်ရွက်မယ့် မစုစုနွေးရဲ့ ရွေးကောက်ပွဲအပြီး အနာဂတ်နိုင်ငံရေးလှုပ်ရှားမှုများအကြောင်း မေးမြန်းထားသည်မှ အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားတွေနဲ့ တန်းတူ ဝင်ရောက် အရွေးခံရတဲ့ အချိန်မှာ အဓိက စိန်ခေါ်မှုတွေက ဘာတွေ ရှိပါသလဲ။
ဖြေ ။ ။ အမျိုသားတွေနဲ့ ယှဉ်ပြိုင်တာထက် ကျမယှဉ်ပြိုင်တာက ကော့မှုးမြို့နယ် မဲဆန္ဒနယ် ကိုယ့်ဇာတိမှာ ကိုယ်ပြိုင်တာပေါ့။ အဲ့ဒီမှာ စိန်ခေါ်မှုက အမျိုးသားတွေ ဆိုတာထက် Stay at home ဆိုပြီးတော့ ကျမတို့ စည်းရုံး ဟောပြောခွင့် မရဘူး။ Stay at home မှာ တခြားပါတီ အကြီးတွေကျတော့ သူတို့က အရင်ထဲက တည်ဆောက်ထားတာရှိတယ်လေ။

ကျေးရွာမှာ ပါတီ ခွဲတွေ ရှိတဲ့ အတွက် သူတို့က Stay at home အထဲကို မဝင်ရလည်း ပြဿနာ မရှိဘူး။ ကျမတို့ကျတော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဆိုတော့ ကျေးရွာထဲကို ဝင်မရတဲ့ အတွက် ကြိုတင်မဲတွေမှာ နစ်နာမှုတွေရှိတယ်။

အဓိက စိန်ခေါ်မှုကတော့ ကျမတို့ မြို့နယ်မှာတော့ အမျိုးသမီးနဲ့ အမျိုးသားရယ်လို့ မဟုတ်ဘူး။ အစိုးရ ဖွဲ့နိုင်သောပါတီကိုပဲ မဲပေးပါ။ အဓိကတော့ ဒေါ် အောင် ဆန်းစုကြည်ရဲ့ နာမည်ကို သုံးပြီးတော့မှ အန်တီဒေါ်အောင်ဆန်းစုကြည်က မဲသုံးမဲ စလုံးရမှနိုင်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မဲနိုင်စေချင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရဖြစ်စေချင်တယ်ဆိုရင် မဲ သုံးမဲ စလုံး ဒေါ် အောင်ဆန်းစုကြည်ကို ပေးပါဆိုတဲ့ မဲဆွယ်စည်းရုံးမှုတွေက ကျမတို့ရဲ့ စိန်ခေါ်မှု အကြီးဆုံး ဖြစ်တာပေါ့။

မေး ။ ။ ရွေးကောက်ပွဲမှာ အရွေးမခံရတာ ဘာကြောင့်လဲလို့ သုံးသပ်မိတာ ရှိပါသလဲ။
ဖြေ ။ ။ အရွေးမခံရတာက ခုန ပြောသလိုပေါ့။ NLD ပါတီကို အစိုးရ ဖြစ်စေချင်တဲ့ ဆန္ဒကြောင့်ပေါ့နော်။ မဲ သုံးမဲ စလုံး ပေးမှ ဒေါ်အောင်ဆန်းစုကြည် မဲနိုင်မယ်ဆိုတဲ့ ကိစ္စကြောင့်ပဲ ဖြစ်ပါတယ်။


“အဓိက စိန်ခေါ်မှုကတော့ ကျမတို့ မြို့နယ်မှာတော့ အမျိုးသမီးနဲ့ အမျိုးသားရယ်လို့ မဟုတ်ဘူး။ အစိုးရ ဖွဲ့နိုင်သောပါတီကိုပဲ မဲပေးပါ။ အဓိကတော့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နာမည်ကို သုံးပြီးတော့မှ အန်တီဒေါ်အောင်ဆန်းစုကြည်က မဲသုံးမဲ စလုံးရမှနိုင်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မဲနိုင်စေချင်ရင် အစိုးရဖြစ်စေချင်တယ်ဆိုရင် မဲ သုံးမဲ စလုံး ဒေါ် အောင်ဆန်းစုကြည်ကို ပေးပါဆိုတဲ့ မဲဆွယ်စည်းရုံးမှုတွေက ကျမတို့ရဲ့ စိန်ခေါ်မှု အကြီးဆုံး ဖြစ်တာပေါ့။”

မေး ။ ။ ရွေးကောက်ပွဲ ရလဒ် ထွက်ရှိလာတဲ့ အပေါ်မှာ အမျိုးသမီးတစ်ယောက် အနေနဲ့ စိတ်ဓာတ် ကျသွားတာမျိုးရောရှိလား။ ကိုယ်ရဲ့ စိတ်အင်အားကို ဘယ်လို မြှင့်တင်ထားပါသလဲ။
ဖြေ ။ ။ အဓိကတော့ ကျမတို့က လယ်သမားသမဂ္ဂကနေဝင်ရောက် ယှဉ်ပြိုင်တာပေါ့နော်။ ကျမ မဲနိုင်ခြင်းဟာ ကျမ နိုင်ခြင်း မဟုတ်ပါဘူး။ လယ်သမားထု နိုင်ခြင်းပါ။ ကျမ မဲမနိုင်ခြင်းဟာလည်း လယ်သမားထုနဲ့ပဲ သက်ဆိုင်ပါတယ်။ အဲ့ဒါ ကြောင့် ရွေးကောက်ပွဲရလဒ် သုံးခါလောက် ထွက်လာထဲက ကျမတို့ မနိုင်တော့ဘူးဆိုတာ သိပါတယ်။

အေးဆေးပါပဲ။ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေပမယ့် မဲနိုင်သွားတဲ့ NLD ပါတီကနေပြီးတော့ မဲမနိုင်တဲ့ ကျမတို့ အိမ်ရှေ့တွေမှာ လူ ၅၀၀ လောက် လှည့်ပြီးတော့မှ တနေ့ကို ၂ ခါ ၃ ခါ လောက် လာလှည့်ပြီးတော့မှ ကားပေါ်ကနေပြီးတော့မှ NLD အလံတွေ ထောင်ပြ။ ကပြ၊ ခုန်ပြ၊ ဟေး..ဟား.. နဲ့အော်။ ခဏ ခဏ လာလုပ်တဲ့ အပေါ် မှာတော့ ကျမတို့ စိတ်ခံစားမှု ဖြစ်ရပါတယ်။ ဘာလို့လည်းဆိုတော့ တရွာထဲလည်း ဖြစ်တယ်။ မဲနိုင်သွားတဲ့ ပါတီကနေပြီးတော့ အခုလိုမျိုးပေါ့။ လူမှုရေး ရှုထောင့်ကတောင် မကြည့်ဘဲနဲ့ မဲမနိုင်တဲ့ သူရဲ့ အိမ်ရှေ့မှာ လာပြီးတော့ လူအင်အား ၅၀၀ လောက်နဲ့လာ ။ ကကြ၊ ခုန်ကြ ဆိုတော့ လူမှုရေး အတိုင်းအတာရတော့ စိတ်ဆိုးပါတယ်။ ကျန်တဲ့ နိုင်ငံရေး အတိုင်းအတာအရတော့ ဘာမှ မဖြစ်ပါဘူး။

မေး ။ ။ ကိုယ်ကိုယ်တိုင် ရွေးကောက်ပွဲမှာ အရွေးမခံရပေမယ့် အမျိုးသမီးရေးနဲ့နိုင်ငံရေးတွေကို ဘယ်လိုဆက်လက် လုပ်ဆောင်သွားမယ်လို့ စိတ်ကူးထားပါသလဲ။
ဖြေ ။ ။ ကျမတို့ လယ်သမားသမဂ္ဂကနေပြီးတော့ ကျမတို့ရဲ့ လုပ်ငန်းစဉ်အတိုင်းကတော့ ကျမတို့ ဆောင်ရွက်သွားမှာပါ။ ကျမတို့ လယ်သမားသမဂ္ဂက အမြဲတမ်းလုပ်နေတဲ့ လုပ်ငန်းစဉ်ပေါ့။ လုပ်ငန်းစဉ်က အမျိုးသမီး အခွင့်အရေး အတွက် နည်းပညာပေးတာတွေ၊ လယ်ယာမြေ ဥပဒေ သင်တန်းပေးတာတွေ ကျမတို့ ဒါတွေကို ဆောင်ရွက်ပါတယ်။ လယ်သမားတွေအတွက် လယ်သမားအသံတွေ လွှတ်တော်ထဲရောက်ဖို့ ကျမတို့ ကြိုးစားကြတယ်။ လွှတ်တော်ထဲမှာ လယ်သမားအသံ မပြုနိုင်ဘူးဆိုရင်လည်း ကျမတို့ရဲ့ လယ်သမားသမဂ္ဂရဲ့ လုပ်ငန်းစဉ်ကတော့ ဆောင်ရွက်နေမှာပါ။

လူကုန်ကူးမှုလည်း တက်လာရင် တက်လာသလို ဆောင်ရွက်ပါတယ်။ ကျမတို့ လုပ်ငန်းစဉ် အတိုင်း ကျမတို့ သွားမှာပါ။

မေး ။ ။ အမျိုးသမီးတွေက အမျိုးသားတွေလောက် အလုပ် မလုပ်နိုင်ဘူး။ ရင်ဘောင် မတန်းနိုင်တဲ့ အမြင်တွေ ရှိနေတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်သွားတဲ့ အပေါ်မှာရော ဒီအချက်က သက်ရောက်မှု ရှိတယ်လို့ ထင်ပါသလား။
ဖြေ။ ။ အဓိကတော့ လယ်သမားထုကို ဦးဆောင်နေတာ ဆိုတော့ ကျန်တဲ့ အမျိုးသားတွေ မလုပ်နိုင်တဲ့ အလုပ်ကိုတောင်မှ ကျမတို့က လုပ်နေတာလေ။ စစ်တပ်က သိမ်း လယ်မြေတွေနဲ့ ပတ်သက်ပြီး တချို့ အမျိုးသားတွေတောင်မှ လွှတ်တော် ကိုယ်စားလှယ်တောင်မှ တပ်နဲ့ ပတ်သက်လာရင် မားမား မတ်မတ် မရပ်ရဲတဲ့ အလုပ်တွေတောင်မှ ထောင်နဲ့ ရင်းပြီးတော့ အမုန်းခံပြီးတော့ ပြည်သူလူထုတွေ အတွက်ဆောင်ရွက်ပေးနေတာဆိုတော့၊ အမျိုးသားတွေနဲ့ ယှဉ်ဘောင်တန်းရင် အမျိုးသားတွေ မလုပ်ရဲတဲ့ အလုပ်ကို ကျမ လုပ်နေတာဆိုတော့ ကျမ အတွက်ကတော့ ပြဿနာ မရှိဘူး။

ကျန်တဲ့ အမျိုးသမီးတွေ အတွက်ကျတော့ ကျမက လွှတ်တော်ထဲကို ရောက်သွားတဲ့ အမျိုးသမီးထုကိုတော့ ကျမဒီနေရာ ကနေပြီးတော့ ပြောချင်တာကတော့ ဒီအမျိုးသမီးတွေက ဦးဆောင်မှု လမ်းကြောင်းကို စည်းရုံးနိုင်ဖို့ များများလိုတယ်။

လွှတ်တော်ထဲ မှာ ရောက်သွားတဲ့ အမျိုးသမီးတွေက မဲဆန္ဒ နယ်မြေတွေမှာ အမျိုးသမီး ကျေးရွာ ဥက္ကဌတွေ ပါလာအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာပေါ့။ အမျိုးသမီးတွေက ပါသွားပြီးတော့ အမျိုးသားတွေနဲ့ ရင်ဘောင် မတန်းနိုင်ဘဲ ဌာနဆိုင်ရာ အမျိုးသားတွေ အောက်မှာပဲ ကျုံ့နေမယ်ဆိုရင် မဖြစ်ဘူးရှင့်။

မေး ။ ။ အခုရွေးကောက်ပွဲက နိုင်တာ ရှုံးတာ အဓိက မဟုတ်ဘဲ ဖြတ်သန်းမှု တစ်ခုကို အတွေ့အကြုံယူတယ်လို့ သဘောထားမယ်ဆိုရင် အမ အနေနဲ့ ကိုယ့်အတွက် မှတ်မှတ်ရရ ရှိစေမယ့် ဘယ်လို အတွေ့အကြုံ ရခဲ့ပါသလဲ။

ဖြေ ။ ။ အမှန်တိုင်းပြောရရင် မဲဆန္ဒနယ်တွေကို သိပ်လည်း မရောက်ဘူး။ ထွက်လို့လည်း မရဘူး။ ပထမ ဦးဆုံး ရွေးကောက်ပွဲ စတဲ့ ၈ ရက်လောက်မှာတော့ ဆိုင်းဘုတ်လေးတွေ လိုက်ထောင်တယ်။ အဲ့ဒီအချိန်မှာလည်း လူဦးရေ ၃၀ ကနေပြီးတော့ ၅၀ အထိပဲ သတ်မှတ်ထားတာ ဆိုတော့ ကျမတို့ အနေနဲ့ ပြည်သူကိုလည်း မဖိတ်ရဲဘဲနဲ့ ဆောင်ရွက်ရတယ်။

၈ ရက်နေ့မှာ ဆိုင်းဘုတ်လည်း တင်ပြီးရော ကျမတို့ Stay at home ဆိုပြီးတော့ အမိန့် ထွက်လာတယ်။ အမိန့်ထွက်လာတဲ့ အချိန်ကစပြီးတော့ ရွေးကောက်ပွဲကို ကျင်းပတဲ့ အထိကို ကျမတို့ စည်းရုံးခွင့်၊ လှည့်လည်ခွင့်၊ ကျေးရွာတွေကို စည်းရုံးခွင့်တွေ မရပါဘူး။

ဒီလို အခြေအနေဆိုတော့ မှတ်မှတ်ရရ ပြောပါဆို သိပ်တောင် ထူးထူးဆန်းဆန်း မရှိဘူး။

“ကျမ မဲနိုင်ခြင်းဟာ ကျမ နိုင်ခြင်း မဟုတ်ပါဘူး။ လယ်သမားထု နိုင်ခြင်းပါ။ ကျမ မဲမနိုင်ခြင်းဟာလည်း လယ်သမားထုနဲ့ပဲ သက်ဆိုင်ပါတယ်။ လွှတ်တော်ထဲမှာ လယ်သမားအသံ မပြုနိုင်ဘူးဆိုရင်လည်း ကျမတို့ရဲ့ လယ်သမားသမဂ္ဂရဲ့ လုပ်ငန်းစဉ်ကတော့ ဆောင်ရွက်နေမှာပါ။”

မေး ။ ။ ရွေးကောက်ပွဲ မကျင်းပခင် မဲဆွယ်ကာလမှာကို အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို တချို့ အွန်လိုင်း ပေါ်က ဖြစ်စေ လှောင်ပြောင်တာတွေ တွေ့ရပါတယ်။ ဒါမျိုးနဲ့ရော တွေ့ကြုံခဲ့ရပါသလား။
ဖြေ ။ ။ ကျမက အမျိုးသမီးကိုယ်စားလှယ်လောင်း ဖြစ်မှ မဟုတ်ဘူး။ ကျမက တောက်လျောက် အွန်လိုင်းပေါ် က နေပြီးတော့ ကျမကို၊ ကျမက တပ်သိမ်းတွေ၊ ခရိုနီ သိမ်းတွေကို လယ်ယာမြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီးတော့ ကျမ ကိုင်တွယ်တာ ဖြစ်တဲ့ အတွက် တကယ့်ကို အစိုးရနဲ့ သက်ဆိုင်သော၊ ဌာနတွေနဲ့ သက်ဆိုင်သော လယ်ယာမြေ ပြဿနာ တွေကို ကျမ ကိုင်တွယ်ရတာ ဖြစ်တဲ့ အတွက် အွန်လိုင်းတွေ အပေါ်မှာ ကျမကို ရစရာ မရှိအောင် ပြောကြတယ်။

ကျမ ကုလားမဟုတ်ဘဲနဲ့လည်း ကျမကို ကုလားမယားဆိုပြီးတော့လည်း ပြောကြတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားပြီးတော့မှ ပုံတွေနဲ့ ပြောတာတွေ ရှိတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဝင်မယ့် အချိန်မှာ ခုနက ပြောနေတာတွေက နည်းနည်းတော့ ရပ်တန့် သွားတယ်။

ကျမကျတော့ ပြောင်းပြန်ဖြစ်နေတယ်။ ရွေးကောက်ပွဲပြီးမှ ပြန်ပြောတာမျိုးတွေ ရှိတယ်။ ကျမက လယ်ယာမြေ ပြဿနာ တွေကို ကိုင်တွယ်နေရတာ ဖြစ်တဲ့ အတွက် ကျမကိုင်တွယ်ရတဲ့ ပြဿနာက နစ်နာတဲ့တောင်သူ လယ်သမားက မရှိဆင်းရဲသား၊ ဒီလယ်ယာမြေတွေကို ချိုးဖောက်တဲ့ သူတွေက ဌာနဆိုင်ရာတွေနဲ့ ပိုက်ဆံ ရှိတဲ့သူတွေ။ အဲ့လူတန်းစားထဲမှာ ရပ်ရတာဆိုတော့ ကျမက အန္တရာယ်ကြီးတယ်။ ပိုပြီးတော့ တိုက်ခိုက်ခံရတယ်။ ပိုပြီးတော့ စော်ကားခံရတယ်။

မေး ။ ။ ဒီနှစ်မှာ အမျိုးသမီး အမတ်တွေ ဝင်ပြိုင်တာ ရွေးချယ်ခံရတာ များလာတဲ့ အပေါ်ကိုရော ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ အမျိုးသမီးထု နိုင်ငံရေး လမ်းကြောင်း အပေါ်မှာ အများကြီးရောက်တာတော့ ကျမက ကြိုဆိုပါတယ်။ ဒါ ပေမယ့် နိုင်ငံရေးလမ်းကြောင်း အပေါ်မှာ အများကြီးရောက်တယ်ဆိုပေမယ့် အဓိကကျတဲ့ အောက်ခြေမှာ ရှိနေတဲ့ ပြည် သူလူထုတွေကိုဆောင်ရွက်ပေးနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေမှာ ရပ်တည်နေတဲ့ အမျိုးသမီးထုကိုတော့ အစိုးရနဲ့ လွှတ်တော် အတွင်းကို ရောက်သွားတဲ့ အမျိုးသမီးထုကနေပြီးတော့ လက်တွဲပြီးတော့ ဆောင်ရွက်ဖို့တော့လိုတယ်။

ကျမတို့ ကြုံတွေ့ ရတာကတော့ ကျမတို့ အရပ်ဖက် အဖွဲ့အစည်း အနေနဲ့ နစ်နာသော ပြည်သူလူထုတွေဘက်က ရပ်တည်တယ်။ ရပ်တည်တဲ့ အခါမှာ အစိုးရနဲ့ လွှတ်တော်ထဲကိုရောက်သွားတဲ့ အမျိုးသမီးတွေက ကျမတို့ အရပ်ဖက် အဖွဲ့အစည်းတွေကို ပြည်သူတွေနဲ့ ခွဲခြားပြီးတော့ သူတို့က ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။

အမျိုးသမီးထု နိုင်ငံရေးထဲကို ရောက်ဖို့ အတွက် အမျိုးသမီးထုကနေပြီးတော့ နိုင်ငံတော်လုပ်ဆောင်မှုတွေမှာ ပါဝင်တဲ့ လက်ရှိ နိုင်ငံတော် အစိုးရ၊ လက်ရှိလွှတ်တော်ထဲကို ပါသွားတဲ့ အမျိုးသမီးထုကနေပြီးတော့ အောက်ခြေမှာ ကျန်နေခဲ့တဲ့ အရပ်ဖက် အဖွဲ့အစည်း အမျိုးသမီးထုတွေနဲ့ ကျေးလက်မှာ ရှိနေတဲ့ အမျိုးသမီးထုတွေကို နိုင်ငံရေးထဲကိုလူမှုရေးထဲကို ပါလာအောင် တွန်းပို့တာ ကြိုးစား ဆောင်ရွက်ဖို့တော့ လိုပါတယ်။

မေး ။ ။ ဖြည့်စွက် ပြောချင်တာရှိရင်လည်း ပြောပေးပါဦးရှင့်။
ဖြေ ။ ။ အမျိုးသမီးထု နိုင်ငံရေးထဲကို ပါလာဖို့ အတွက် လက်ရှိ အန်တီဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရနဲ့လွှတ် တော် ထဲကို ပါသွားတဲ့ အမျိုးသမီးတွေကနေပြီးတော့ အမျိုးသမီးထုက အမျိုးသမီး လူငယ်နိုင်ငံရေးတွေ ပါလာဖို့ အတွက် ပူး ပေါင်းဆောင်ရွက်ပြီးတော့ ကြိုးစားဆောင်ရွက်စေချင်ပါတယ်။

Related Articles