Home အမျိုးသမီးများအသံ စစ်မှုထမ်းဥပဒေအပေါ် အမျိုးသမီးတွေရဲ့စိုးရိမ်မှု စကားသံ

စစ်မှုထမ်းဥပဒေအပေါ် အမျိုးသမီးတွေရဲ့စိုးရိမ်မှု စကားသံ

HI People Voice

ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးထုတ်ပြန်ခဲ့ပါတယ်။

ဒီဥပဒေမှာ အမျိုးသားအသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်ခင်အထိ၊ အမျိုးသမီးအသက် ၁၈ နှစ်မှ  ၂၇ နှစ်အထိ စစ်မှုထမ်းရမယ်လို့သတ်မှတ်ထားပါတယ်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတက်မြောက်သူနဲ့ တခြားအတတ်အပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုသူတွေကိုကျွမ်းကျင်သူလို့သတ်မှတ်ပြီး  အမျိုးသမီးအသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား သတ်မှတ်ထားပါတယ်။ နိုင်ငံသားတိုင်းဟာ သာမာန်အခြေအနေဆိုရင် နှစ်နှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး အရေးပေါ် အခြေ အနေဆိုရင် ငါးနှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး စစ်မှုလက်မှုပညာသည်တွေကတော့ သုံးနှစ်အထိ စစ်မှုထမ်းရမယ်လို့ ပြဌာန်းထားပါတယ်။

အိမ်ထောင်သည်အမျိုးသမီး၊ သာသနာ့ဝန်ထမ်း၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေအပြင် နိုင်ငံ့ဝန်ထမ်း၊ ပညာသင်ကြားနေသူ၊ အသက်ကြီးတဲ့မိဘတွေကို ပြုစုစောင့် ရှောက်နေရသူ၊ မူးယစ်ဆေးဝါးဖြတ်နေသူ၊ ဆေးကုနေရသူ၊ ထောင်ကျနေသူတွေကတော့ စစ်မှုထမ်းဖို့ရွှေ့နိုင်တယ်လို့ ဆိုထားပါတယ်။ 

 ဧပြီလကုန်မှာ အသက် (၁၈)နှစ် (၃၅)နှစ်အထိအသက်ပြည့်တဲ့အမျိုးသား ငါးထောင်ကို ပထမဆုံး စစ်မှုထမ်းသင်တန်းခေါ်ယူခဲ့ပါတယ်။

လက်ရှိမှာတော့   စစ်ကောင်စီကစစ်မှုထမ်းဖို့အမျိူးသမီးတွေကို စတင်ပြီးစာရင်းကောက်ယူနေတယ်လို့သိရှိရပါတယ်။ စစ်ကောင်စီက စစ်မှုထမ်းအပါတ်စဉ် (၅)ရောက်မှ  အမျိုးသမီးများကို စတင်ခေါ် ယူမည်ဟုပြောဆိုသော်လည်း မြေပြင်မှာတော့ အမျိုးသမီးတွေကို အဓမ္မနာမည်စာရင်းကောက်ပြီး ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေပါ တယ်။

ဒါကြောင့်စစ်မှုထမ်းဥပဒေကြောင့်အမျိုးသမီးတွေကြုံတွေ့လာနိုင်တဲ့စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး HI က ဆက်သွယ်မေးမြန်းထားပါတယ်။

မစင်ဒီ (လူငယ်အမျိုးသမီးတစ်ဦး)  

စစ်မှုထမ်းဥပဒေထွက်ပေါ်လာတော့ ဒုတိယအကြိမ်အရာအားလုံးထပ်ပျက်စီးသွားသလိုပါပဲ။ ကိုယ်က အဖွဲ့အစည်းတခုမှာ Volunteer ဝင်လုပ်နေတာ အဲ့ကနေကိုယ့် career  ကိုအစကနေပြန်စမယ်ဆိုပြီး အလင်းလေးမြင်ရုံပဲရှိသေး၊ announcement ထုတ်တော့အဲ့ဒီက အကိုတွေလည်းတခြားနိုင်ငံမြန်မြန်ရှောင်ရဆိုတော့ အဲ့ဒါကလုံးဝကို ရပ်သွားတာပေါ့။ကိုယ့် Volunteer အလုပ်ကလည်း experience ယူမရဘူးဖြစ်သွားတယ်။ တခြားမှာလုပ်ဖို့လည်းရှားတော့ ပိုဆိုးသွားတယ်။

ပထမဆုံးကိုယ်သာအရွေးခံရရင် ဘာမှမတွေးနိုင်တော့ဘဲဖြစ်နေမှာ၊ အခက်အခဲတွေ ကတော့ အကုန် ပါပဲ ။မိသား စုမှာ အဖေဆုံးပြီးကတည်းက ဒီလူတွေနဲ့ပဲ ယောကျာ်းသားမရှိတော့ ပိုရုန်းရတယ် ။စားရေး သောက်ရေး အခြေခံ ကစလို့ စိတ်ကျန်းမာရေး၊လူကျန်းမာရေးတွေအထိ သက်ရောက်မှာပါ။လောလောဆယ်ကိုယ်တွေ တိုင်ပင်တာ ကတော့တခြားနိုင်ငံရှောင်မယ်၊ ပိုက်ဆံပေးမယ်ပေါ့၊ ဒါကလည်းအမြဲတမ်းရချင်မှရမှာ အဆင်ပြေမှာမဟုတ်ဘူး။ တကယ်ခေါ်ပြီဆို လာမယ့်‌ဘေးပြေးတွေ့ရုံပဲရှိမယ်။

အခုငွေပေးပြီးဖြေရှင်းနေကြတာဆိုတာက နှစ်ချက်ရှိတယ်လို့မြင်တယ်။ ပထမကတော့ ခုနကပြောသလို ရေတိုဖြေ ရှင်း ချက်ပဲဖြစ်မှာပေါ့။ နောက်တစ်ခုကတော့သူတို့တွေပေါင်းပြီး ပိုက်ဆံလုတယ်ပဲမြင်တယ်။ ကိုယ်တိုင်အနေနဲ့ ကတော့ ဒီလမကုန်ခင်ရရာနည်းနဲ့ မြန်မြန်ထွက်ဖို့ပါပဲ၊ ဒီလကုန်ရင်ပိုကြပ်လာပြီး ed visa တွေတောင်ပိုခက်လာနိုင်တယ်လို့မြင်မိပါတယ်။

စစ်မှုထမ်းရမယ်ဆိုရင်အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်ကိုယ်ရည်တကာယ လစဉ်သုံးကိစ္စတွေကစပြီး အဆင်မပြေလောက်ဘူးလို့ထင်ပါတယ်။ ရှေ့တန်းမထွက်ရရင်တောင် နောက်တန်းအတွက် ဟင်းချက်အထုတ်သယ်ကတော့ အရင်ကလည်းမလုပ်ဖူးဘူး အဆင်လည်းမပြေဘူးပေါ့နော်။ အရာအားလုံးကို ကိုယ့်ရည်ရွယ်ချက် ကိုယ့် အိပ်မက် ယုံကြည်ချက်အတိုင်းပဲရှင်သန်မယ်တွေးထားတော့ ဒီလိုကိစ္စတွေက အရာအားလုံးရိုက်ချိုးလိုက်သလိုပဲ တစ်သက်လုံးကြိုးစားခဲ့သမျှက   ဒီလိုနဲ့ရေဇုန်မြောပြီလားလို့လည်း တွေးမိတယ်။

မိသားစုနဲ့ ဝေးရတာအိပ်မက်တွေ အကောင်အထည်မဖော်နိုင်တာ မျှော်လင့်ချက်ပျောက်ဆုံးတာ စိတ်ရော လူရော ပင်ပန်းတာလို့မြင်တယ်။ အားလုံးက မဖြေကြရင်တောင်သိနေကြတာပဲဒီထဲရောက်ရင် အကောင်းတိုင်း ပြန်ထွက်လို့ရမှာမဟုတ်ဘူး၊ ဒီတစ်ဘဝကသွားပြီ။

အမျိုးသမီးတွေက‌တော့ အမျိုးသားတွေနဲ့ယှဉ်ရင် နည်းနည်းသက်သာတယ်လို့ မြင်မိတယ်။ ဒါကလည်း ပြော သာပြောတာပါ တူတူပါပဲ ခံစားရတာတွေက အမျိုးသားတွေက ရှေ့တန်းမဖြစ်မနေတက်ရမယ်ဆို အမျိုးသမီး တွေက ဟင်းချက် အထုတ်ဆွဲရုံဆိုပေမယ့်  rape caseတွေရှိလာနိူင်တယ်။ ဒါက အဆုံးပြောရရင် အုပ်စုလိုက် အနေ နဲ့လည်း ဖြစ်လာနိုင်ပါတယ်။

မဆုမွန် ( ကုမ္မဏီဝန်ထမ်း)

စစ်ကောင်စီကပြည်သူ့စစ်မှုထမ်းဥပဒေထုတ်လိုက်တာဆိုတာက ဥပဒေဆိုပြီး ထုတ်လိုက်တယ်ဆိုပေမယ့် အမိန့်တစ်ခုလိုပါပဲ။ ငါခိုင်းတဲ့အတိုင်းလုပ်ရမယ် အာဏာက ငါ့လက်ထဲမှာပဲဆိုပြီး လုပ်ချင်တာလုပ်နေတာပါ။ အခုမြို့နယ်တွေမှာ အမျိုးသမီးတွေကိုစာရင်းကောက်နေတာက သူတို့ကတော့ စနစ်မကျတဲ့ သူတို့ပုံစံကို ဆက် သွားနေတာပါပဲ အာဏာသိမ်းထားတယ်ဆိုတည်းက အကုန်လုံးက အခက်အခဲဖြစ်နေပြီးသားပါ။

မိသားစုတွေက ဒီအခြေအနေတွေဖြစ်လာတော့ ပြည်ပကိုသွားဖို့ပဲ အားပေးနေပါတယ်။ အခုဆို စစ်မှုမထမ်းချင် ငွေပေးရမယ်ဆိုတာက သတင်းသပ်သပ်မဟုတ်ဘဲ ပထမတစ်ကြိမ် အမျိုးသားတွေ စတင်ခေါ်ပြီဆိုတဲ့ အချိန်တည်း ကပေးနေရတာပါ။ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းထဲမှာပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မဲနှိုက်ဖို့ခေါ်တဲ့အချိန်မှာ မဲမပါ‌ စေဖို့အတွက် ငွေပေးခဲ့ရဖူးတာ၂ယောက်ရှိပါတယ်၊ တကယ်ပိုက်ဆံယူနေတာပါ၊ တရားဥပဒေမရှိတဲ့နိုင်ငံဖြစ်နေ ပြီမို့ လာဘ်စားဖို့အတွက် လမ်းကြောင်းတွေ အကုန်ဖွင့်ပေးထားတာလို့ပဲမြင်ပါတယ်။

ကိုယ်တိုင်အနေနဲ့တော့ရှေ့ဆက်ပြီးပြည်ပသွားရမယ်ဆိုရင်အဆင်သင့်ဖြစ်အောင်လိုအပ်တာတွေလုပ်ထားပါတယ်။ ပြီးရင်တော့ တလရအတွက် အခုအတိုင်းပဲဆက်ထောက်ပံ့သွားမှာပါ။

အမျိုးသမီးတစ်ဦးအနေနဲ့ခံစားရတာကဘာမျှော်လင့်ချက်မှ မရှိတော့သလိုပါပဲ။ အာဏာသိမ်းထားတဲ့ အခြေအနေ ထက်ပိုပြီးတော့ ထူးကဲတာတော့ မဟုတ်တော့ပါဘူး။အမျိုးသမီးတွေအနေနဲ့လည်း စိတ်ဖိစီးမှုတွေပိုဖြစ်လာနိုင်ပါတယ်။

ဒီဥပဒေကြောင့်အမျိုးသားရော အမျိုးသမီးရောမျှော်လင့်ချက်မရှိသလိုဖြစ်နေတာပါ။ ဒါတွေအားလုံးဖြစ်ပေါ် လာတဲ့ အစကအာဏာသိမ်းခံရခြင်းက စတယ်ဆိုတာ အားလုံးသိထားပြီးပြီမို့ တလရကို ကူညီထောက်ပံ့မှုများများပေး နိုင်မှ ဒီပွဲနိုင်ပြီး ဒီဥပဒေရပ်တန့်လို့ရမှာပါ၊ အားလုံးပူးပေါင်းပေးကြပါလို့ ပြောချင်ပါတယ်။

မဆိုဖီယာ  (တစ်နိုင်တစ်ပိုင်လုပ်ငန်းတည်ထောင်ထားသူ)

ပြည့်သူစစ်မှုထမ်း ဥပဒေစထုတ်ပြန်ကတည်းက စိုးရိမ်စိတ်က အရင်ဝင်လာတယ်။ခုချိန်ထိလည်း ရင်တထိတ်ထိတ် နဲ့ ဖြတ်သန်းနေရတုန်းပဲ။ ဒီစစ်မှုထမ်းဥပဒေက နိုင်ငံတကာက စစ်မှုထမ်းဥပဒေနဲ့ မတူဘူး။ တခြားနိုင်ငံတွေမှာက တစ်ဖက်နိုင်ငံက လာသိမ်းခဲ့ရင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူငယ်တွေကို စစ်မှုမထမ်းမနေရဆိုပြီး စစ်ရေး နည်း တွေကိုအဓိကသင်ပေးကြတယ်။ ဒီနိုင်ငံမှာက ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်မှ ခုလိုဥပဒေကိုထုတ်ပြန်လိုက်တယ်ဆိုတာ လူငယ်တွေကို  သူတို့ဘက်ကို မရရတဲ့နည်းနဲ့ ဆွဲသွင်းလိုက်တဲ့သဘောပဲ။ ဒါကိုလက်သင့်မခံဘူး။

မြို့နယ်တွေမှာ စာရင်းလိုက်ကောက်တယ်လို့ ကြားတော့ ကိုယ့်မှာမိသားစုလည်း ရှိတဲ့အတွက် စိုးရိမ်စိတ်ကအရင်ဖြစ်လာတယ်။ ကိုယ်တိုင်သာ ရင်ဆိုင်ရမယ်ဆိုရင်တော့ ရတဲ့နည်းနဲ့ လွတ်အောင်ပြေးမယ်လို့ စဉ်းစားထားတယ်။ သူတို့အတွက်တော့ စစ်မှုမထမ်းပေးနိုင်ဘူး။ မိန်းကလေးတွေအတွက်လည်း လုံခြုံမှုမရှိဘူးလို့ထင်တယ်။နယ်ဘက်တွေ၊ ရပ်ရွာတွေမှာတောင် မုဒိမ်းမှုတွေ ကျူးလွန်တာ သူတို့လူတွေပဲကို ဘာတွေ စိတ်ချယုံကြည်ရပြီး စစ်မှုထမ်းရမှာလဲ။ စစ်မှုထမ်းဝင်တယ်ဆိုတာ သေပွဲဝင်သလိုပဲလို့ တွေးထားတယ်။ ဝင်သွားပြီးရင် ပြန်ထွက်လာဖို့က  မသေချာဘူး။ မိန်းကလေးဆိုတော့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှာတွေလည်း တွေးပူပြီးကြောက်မိတယ်။

အခက်အခဲကတော့ အရင်ဆုံးကိုယ်ရဲ့ မိသားစုဝင်ပေါ့။ အဖေနဲ့အမေကို ဘယ်လိုထားခဲ့ရမလဲဆိုတာ အရင်တွေးမိတယ်။ ကိုယ့်မိသားစုကို ထားခဲ့ရင်လည်း သူတို့ တစ်ခုခုလုပ်မှာလည်း တွေးကြောက်မိတယ်။ မိသားစုကလည်း ချမ်းသာတဲ့ထဲက မဟုတ်တော့ တစ်မိသားစုလုံး ပြည်ပကိုပြေးဖို့ကလည်း အဆင်မပြေဘူး။ အတတ်နိုင်ဆုံးတော့ မိဘတွေကို လုံခြုံစိတ်ချရတဲ့ သူတွေဆီမှာ အပ်ခဲ့ပြီးတော့ ကိုယ်တိုင်ကတော့ အရင်လွတ်အောင် လုပ်မယ်လို့ပဲ တွေးထားတယ်။

စစ်မှုမထမ်းချင်ရင် ငွေပေးလို့ရတယ်ဆိုတာကတစ်ခါထဲနဲ့ ပြီးပြတ်သွားမှာမဟုတ်ဘူး။ စာရင်းခနခနထွက်နေတိုင်း ငွေပေးနေရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပဲ ချမ်းသာသွားကြလိမ့်မယ်။ ငွေပေးလိုက်တာနဲ့ တခြားတစ်ယောက်ကို အစားထိုးထည့်တယ်ဆိုတာ ငွေမပေးနိုင်လို့ အစားထိုးထည့်ခံရတဲ့ လူဘက်ကို ကိုယ်ချင်းစာသင့်တယ်။ ကိုယ့်မှာငွေရှိတာနဲ့ အခြေခံလူတန်းစားတွေက အစားထိုးဝင်ခံနေရတယ်ဆိုတာ အရမ်းအောက်တန်းကျလွန်းတယ်။ သူတို့ လည်းလူတွေပဲလေ။ အမြတ်ကြီးတောင်းပြီးလက်ဝါးကြီးအုပ်နေတဲ့အုပ်ချပ်ရေးမှူးတွေကို ငွေပေးမယ့်အစားကိုယ်တိုင်လွတ်အောင်ရုန်းဖို့အတွက် ကြိုပြင်ဆင်ထားသင့်တယ်။

ကိုယ်တိုင်ကတော့ အခုကတည်းက ပြင်ဆင်ထားတယ်။ ကိုယ်အတွက် လုံခြုံစိတ်ချရတဲ့ နေရာတွေကို ကြိုတင်လေ့လာထားတယ်။ တစ်ခုခုဖြစ်တာနဲ့ လုံခြုံတဲ့နေရာကို ရောက်အောင်သွားဖို့ကြိုတင်စီစဉ်ထားတာမျိုးတွေ လုပ်ထားသင့်တယ်။ ကိုယ်စာရင်းမပါချင်တာနဲ့ပဲ ငွေပေးပြီးတခြားသူအစားထိုးတဲ့ နည်းလမ်းကို လုံးဝလက်သင့်မခံဘူး။

အမျိုးသမီးဖြစ်တဲ့အတွက် လိင်ပိုင်းဆိုင်ရာ အန္တရာယ်ကို အရင်စိုးရိမ်တယ်။ ပြီးရင် ကိုယ်တွေအနေနဲ့က ဒါမျိုးမကြုံ ခဲ့ဘူးတော့ အခက်အခဲတွေကတော့ များမယ်ထင်တယ်။ ကိုယ်က အိမ်မှာ အဓိကငွေကြေး ထောက်ပံ့နေရသူဖြစ်တဲ့အတွက် စစ်မှုထမ်းဖို့ခေါခံရရင် ကိုယ့်မိသားစုစားဝတ်နေရေးအခက်အခဲကတော့ ပိုဆိုးမယ်။

ကိုယ်လိုမျိုးပဲ အမျိုးသမီးတိုင်းတွေးမိမယ်လို့ ထင်တယ်။ စိန်ခေါ်မှုကတော့ အမျိုးမျိုးကြုံရမယ်ဆိုတာ ကြိုတွေးထားပြီးသားပါ။စစ်မှုထမ်းရမှာ ကြောက်လို့ မိသားစု နဲ့ ခွဲခွာပြီးပြည်ပကိုထွက်သွားဖို့ လုပ်နေကြတဲ့ အမျိုးသမီးတွေ ခုချိန်မှာ အများကြီးပါပဲ။ ပြည်ပမှာ ကြုံတွေ့ရမယ့် အခက်အခဲ နဲ့ စိန်ခေါ်မှုထက် ဒီစစ်မှုထမ်းရမယ့် ဥပဒေက ပိုစိုးရိမ်ရတာဆိုတော့ အမျိုးသမီးတိုင်းကတော့ ရတဲ့နည်းနဲ့ လွတ်အောင်ရုန်းကြဖို့ ပြင်ဆင်ထားကြမယ်လို့ ထင်ပါတယ်။

အမျိုးသားတွေတောင် စစ်မှုထမ်းဖို့အတွက် စိုးရိမ်နေကြရတာ အမျိုးသမီးတွေဆို ပိုဆိုးတာပေါ့။ မိဘအိမ်မှာပဲ ခြေမွှေး၊ လက်မွှေးမီးမလောင်နေလာခဲ့ရတဲ့သူတွေက ခုလို စစ်ထဲဝင်ရမယ်ဆိုတာ အိမ်မက်ဆိုး ကြီးတစ်ခုလိုပဲ။ ကိုယ်တွေရဲ့ ရှေ့ဆက်လျှောက်လမ်းရမယ့် အိမ်မက်တွေအသီးသီးရှိပြီးသားကို ခုလိုတွေ ဖြစ်လာတော့ တက်လမ်း တွေ၊ အိမ်မက်တွေ ရိုက်ချိုးခံလိုက်ရသလိုပဲ။ အမျိုးသားတွေထက် အမျိုးသမီးတွေက သူတို့ဆီမှာ စစ်မှုထမ်းပြီး နှစ်ပြည့်လို့ ပြန်ထွက်လာတယ်ပဲ ထားပါတော့ အပြင်ရောက်ရင် ကိုယ့်အသက်အရွယ်က ကြီးသွားပြီ။ ကိုယ့်အတွက် ဘာတက်လမ်းမှ မရှိတော့ဘူး။ အစကနေ ပြန်စရမယ့် ဘဝဖြစ်နေတယ်။ သူတို့ထဲ စစ်မှုထမ်းဖို့ ဝင်သွားပြီရင်ရော ပြန်ထွက်လာရမလားဆိုတာကလည်း မကျိန်းသေတဲ့  အခြေအနေတစ်ခုဖြစ်နေတယ်

ခုလိုစစ်မှုထမ်းဥပဒေ နဲ့ ပက်သက်ပြီးလုံးဝလက်သင့်မခံဘူး။ ခုလိုသူတို့ ကိုယ်ကျိုးအတွက် ပြည်သူတွေကို ချနင်းနေတဲ့ ဥပဒေက ရှိကိုမရှိသင့်ဘူး။ သူတို့အာဏာရဖို့အတွက် ပြည်သူတွေ စတေးခံရမယ်ဘဝကနေ လွတ်အောင်လို့ ရသမျှ ရုန်းစေချင်တယ်။ ငါ့ကို တိုက်ရိုက်မထိသေးဘူးဆိုပြီး လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး မနေစေချင်ဘူး။ ရသမျှနည်းနဲ့ ကိုယ့်တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းတွန်းလှန်စေချင်တယ်။

မဒီဒီး (ပြည်သူတစ်ဦး)

လက်ရှိအာဏာသိမ်းထားတဲ့ကာလမှာ စစ်မူထမ်းဥပဒေထုတ်ပြန်လိုက်တာက လူငယ်တွေအတွက် အရမ်းကို အန္တရယ်ဖြစ်စေမယ့်ဥပဒေလို့ထင်ပါတယ်။ အာဏာသိမ်းမှုကိုလက်မခံနိုင်လို့ဆန္ဒပြတာတွေ PDFတပ်ဖွဲ့တွေထဲ ဝင်တာတွေရှိနေတဲ့အချိန်မှာ ဒီဥပဒေကသူ့တို့အာဏာတည်မြဲဖို့အတွက် ပြည်သူတွေကိုဓားစာခံလုပ် ပြည်သူသူ အချင်းချင်းသတ်အောင်လုပ်နေတယ်လို့မြင်ပါတယ်။

Name list စကောက်ပြီဆို စစ်ကောင်စီနဲ့လက်မတွဲနိုင်တဲ့အတွက် ဒီအခြေနေကရှောင်ထွက်နိုင်ဖို့အတွက် ပြည်ပနိုင်ငံကို ထွက်စဥ်းစားရပါတယ်။ အဲ့အချိန်မှာငွေရေးကြေးအတွက်ရော ကျန်ခဲ့မယ့်မိသားစု အတွက်ပါ စိတ်ပူပန်ရပါတယ်။ မိသားစုကတော့ဖြစ်နိုင်ရင် ဒီနိုင်ငံကနေအမြန်ဆုံးထွက်ခွာစေချင်တဲ့အတွက် သူတို့မှာရှိ တာတွေ ရောင်းချတာဖြစ်ဖြစ်ပေါင်နှံချေးငှားပြီးဖြစ်ဖြစ်လုပ်ပြီး သားသမီးကိုလုံခြုံစိတ်ချရမယ့် နေရာကိုပို့ဖို့စီစဥ် ထား ကြပါတယ်။

အခုဆို စစ်မှုမထမ်းချင် ငွေပေးရမယ်ဆိုတာကတော့ ငွေကြေးတက်နိုင်တဲ့လူတန်းစားနဲ့ အခြေခံလူတန်းစားတွေကြားမှာ သူတို့ရဲ့ငွေကြေးအမြတ်ထုတ်တဲ့နည်းလို့ထင်ပါတယ်၊ စစ်မူမထမ်းချင်တဲ့ကငွေ ပေးပြီး ငွေမပေးနိုင် လက်လုပ်လက်စားသားသမီးတွေက ကိုယ်စားစစ်မူထမ်းရတယ်လို့ကြားနေရပါတယ်။

အမျိုးသမီးစစ်ဥပဒေမှာဘာတွေပြဌာန်းထားလဲမသိပေမယ့် အခုလိုနိုင်ငံခြေနေအရအမျိုးသမီးတွေအတွက် လုံခြုံမှု လုံးဝမရှိသလို ဖြစ်လာမယ်အန္တရယ်တွေအခက်ခဲတွေကအများကြီးရှိနိုင်မယ်လို့ထင်ပါတယ်။

မြန်မာအမျိုးသမီးအများစုကငယ်စဥ်ကတည်းက မိဘလက်အောက်မှာနေလာတဲ့အတွက် အခုလိုနိုင်ငံ မတည်မငြိမ်ဖြစ်လာတဲ့အခါ ပြည်ပနိုင်ငံမှာရုန်းကန်ရှင်သန်ရတော့မယ့်အခါမျိုးက သူတို့အတွက်တစ်ကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုကြီးပါ ဘက်စုံထောင့်စုံကနေအခက်ခဲမျိုးစုံကစောင့်နေမှာပါ။

ဒီဥပဒေနဲ့ပတ်သက်ရင် ဒီအချိန်မှာအမျိုးသားရော အမျိုးသမီးရောတူညီတဲ့အခက်ခဲတွေကိုရင်ဆိုင်နေရလို့ပါ။

Author:

Related Articles