မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပြီး ဒီလိုနေ့တွေရောက်တိုင်း နိုင်ငံတကာမှာပြုလုပ် ကျင်းပသလို မြန်မာနိုင်ငံမှာလည်း အမျိုးသမီးအဖွဲ့အစည်းတွေဟာ မြို့ကြီးပြကြီးပေါ်မှာပြုလုပ်တဲ့ လှုပ်ရှားမှုတွေအပြင် ကျေးရွာထိဆင်းပြီး ဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အထိမ်းအမှတ် အခမ်းအနားမျိုးစုံနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။ နေ့တွေမှာ လူကြီး၊ လူငယ်၊ မသန်စွမ်း၊ ကျား၊ မ မရွေး မည်သူမဆို ခွဲခြားထားခြင်းမရှိဘဲ တက်ကြွစွာပါဝင်ကြလေ့ရှိပါတယ်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းအဆီးတွေ၊ ဖိနှိပ်ပစ်ခတ်မှုတွေကြားထဲက အမျိုး သမီးများနေ့ကို ဖြစ်မြောက်အောင်မြင်အောင် အမျိုးသမီးတွေဦးဆောင်တဲ့ ထဘီတော်လှန်ရေးကို တစ်နိုင်ငံလုံးနေရာအနှံ့နီးပါး ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ယခုနှစ် ၂၀၂၃ ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ယခင်လို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင် တော့ပါဘူး။
စစ်ဘေးရဲ့ဆိုးကျိုးကြောင့် အထိအနာဆုံးကတော့ အမျိုးသမီးနဲ့ကလေးတွေဖြစ်ပြီးအဲဒီအထဲမှာ မသန်စွမ်းအမျိုးသမီး တွေ ဟာ တခြားသောသူတွေထက် ကြီးမားခက်ခဲတဲ့ ဒုက္ခ၊ စိန်ခေါ်မှုတွေကို ပိုမို ကြုံတွေ့နေရတာပါ။
ဒီလိုအခက်အခဲတွေ ကြားထဲက စစ်ရှောင်စခန်းမှာ၊ တောထဲ တောင်ထဲ၊ ဗုံးခိုကျင်းတွေထဲမှာ အဆင်ပြေသလို အသက် ဆက် ရှင်သန်နေထိုင်နေရပေမယ့်လည်း အားမလျော့ပဲ ဆက်လက်ရုန်းကန်နေကြတာနဲ့အတူ အခြားသော ဘဝတူ မသန်စွမ်းအမျိုးသမီးတွေကို အားပေးတဲ့သူတို့ရဲ့ရင်တွင်းစကားသံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
အကြားအာရုံ မသန်စွမ်းသူ မအေးမော၏ မိခင်ဒေါ်မာကရက် (ဆီဆိုင်မြို့မှစစ်ရှောင်)
“ ဆီဆိုင်စစ်ရှောင်စခန်းကို ပြေးလာတာ အခုနှစ်နဲ့ဆို နှစ်နှစ်ထဲရောက်လာပြီ။ စစ်ရှောင်စခန်းဆိုတော့ ကိုယ်အိမ်လို ကိုယ်ရာ လိုတော့ အဆင်မပြေဘူးလေ။ ကိုယ်ရဲ့ နေရာဒေသမဟုတ်တော့ နေထိုင်ရတာ နည်းနည်းတော့ မွန်းကြပ်တယ်။ မလွတ်လပ် ဘူး။ အရွက်တွေ လိုက်ခူးစားတယ်။ နည်းနည်းတော့ ရှာစားရခက်တယ်။
ပြန်ပြောတာတောင် စိတ်မောနေရတယ်။ အရမ်း ခက်တယ် အဆင်မပြေဘူး။ နောက်ထပ် တစ်နေရာကို ထပ်ပြေးရမယ်ဆို မပြေးနိုင်တော့ဘူး။ တွေးတောင် မတွေးရဲဘူး။
ဒီမှာတော့ မသန်စွမ်းမို့လို ဘာလို့ဆိုပြီး ခွဲခြားတာတော့ မရှိပါဘူး။ အကုန်လုံးတော့ အတူတူဆက်ဆံပါတယ်။ ဒါပေမယ့် တစ်ခါ တစ်လေကျရင် ကိုယ်ကသမီးနဲ့ သူများအိမ်ကိုသွားလည်တာ ဘာညာလုပ်ရင် တချို့ကျတော့ မကြိုက်တဲ့ပုံစံမျိုးနဲ့လုပ်တာပေါ့။ ရွံသလိုမျိုးပေါ့။ သမီးက သူတို့ပစ္စည်းတစ်ခုခုထိရင် မကြိုက်တဲ့ပုံစံမျိုးပေါ့။
သာတူညီမျှမှုကို သက်ဝင်ယုံကြည်ခြင်းဆိုတဲ့ စကားလုံးကို အမေနားလည်သဘောပေါက်တာတော့ အကုန်လုံးက အတူတူပဲ ပေါ့။ ဆင်းရဲတာဖြစ်ဖြစ် ချမ်းသာတာဖြစ်ဖြစ် မသန်စွမ်းဖြစ်ဖြစ်ပေါ့ ၊လူထဲကလူပဲလေနော်။ ပြောခဲ့သလိုပေါ့ မခွဲခြားစေချင်ဘူးပေါ့။
ရှေ့လျောက်ကတော့ အမေတို့က နိုင်ငံမငြိမ်းချမ်းသရွေ့ ဒီမှာပဲနေထိုင်ပြီး အသက်ရှင်သလောက် နေနေရအုန်းမှာပေါ့။”
မမို့မို့ ( ခန္ဓာမသန်စွမ်း၊ စစ်တွေမြို့မှ စစ်ရှောင်)
“ ကျမတို့ စစ်ရှောင်စခန်းမှာတော့ နှစ်ယောက်ကို တစ်ခန်းတည်း အတူတူနေရတာပေါ့။ အမျိုးချင်း တူတူနေရတာ မဟုတ်ဘူး။ သူစိမ်းပဲ ။တခြားရွာက။ ရွာလည်းမတူဘူးကျမတို့။ နေရထိုင်ရတာတော့ အဆင်ပြေပါတယ်။ ဒီမှာက အမျိုးသမီး အဝတ်စားလဲ တဲ့နေရာ၊ အမျိုးသားအဝတ်စားလဲတဲ့ နေရာဆိုပြီး ခွဲထားပေးတယ်။
မသန်စွမ်းမို့လို့ ဘာမို့လို့ ခွဲခြားထားတာလည်း မရှိဘူး။ စစ်ရှောင်တွေ အချင်းချင်းက ခွဲခြားထားတာ ဘာညာတွေတော့ မရှိဘူး။ ကြုံနေရတဲ့ အခက်အခဲက အဓိက က စားဝတ်နေရေးပေါ့။ ကျမတို့က စစ်ရှောင်မှာ သူများတွေ လာလှူထားတဲ့ဟာတွေ စားရ တာပေါ့။ တစ်ခါတလေ လာလှူထားတာ မရှိရင် ကိုယ်ပိုက်ဆံနဲ့ကို ဝယ်စားရတယ်။ သူများ ခြေထောက်ကောင်းတဲ့ လူတွေ တော့ တောင်ယာတွေ ပန်းရံတွေ လုပ်ပေါ့။
ကျမကတော့ ခြေထောက်မကောင်းတော့ သူများတွေလိုမလုပ်နိုင်တော့ သူများစားသလိုမစားနိုင်ဘူးလေ။ အသားဟင်း စားဖို့ တောင် နှစ်လစုရတယ်။ နှစ်လမှ တစ်ခါစားရတာပေါ့။
ဇာတိရွာမှာနေတုန်း စစ်သားတွေ၊ ရဲတွေက သေနတ်ရမ်းပစ်တော့ ခြေထောက်ထိတော့ ဖြတ်လိုက်ရတယ်။ ခြေထောက်ဖြတ်ရတဲ့နေ့ကစပြီး စစ်ရှောင်လာတာ အခုဆို ငါးနှစ်ကျော်ပြီကြာပြီ။ အခုတော့ ခြေတုနဲ့ သွားလာလှုပ်ရှားနေရ တယ်။ အလုပ်ကြမ်းတွေလည်း မလုပ်နိုင်တော့ဘူး။
နောက်တစ်ခါ ထပ်ပြေးရဖို့ မပြောနဲ့ ၊ ဟိုနား ဒီနား ရွာလေး ဆင်းတာတောင် မဆင်းနိုင်ဘူး။ သူများသွားတဲ့နေရာတိုင်းလည်း မသွားနိုင်တော့ဘူး။
အမျိုးသမီးများနေ့မှာ အမျိုးသမီး မသန်စွမ်းတွေလည်း ပါတယ်မလား။ သူတို့ကို အားပေးစကားပြောချင်တာက ဘယ်သူမှ မသန်စွမ်း မဖြစ်ချင်ဘူး။ ကိုယ်ရဲ့ ကံတရားပေါ့။ အားငယ်စရာလည်း မလိုပါဘူး။ ခြေ၊ လက် မရှိပေမယ့် ဦးနှောက်နဲ့ လုပ်စားလို့ ရပါတယ်လို့ ပြောချင်တယ်။ စိတ်ဓာတ်မကျ ကြပါနဲ့။”
မွိုးအေးစိန်း (အမြင်အာရုံမသန်စွမ်း ၊ ကယားပြည်နယ်)
“ အမျိုးသမီးများနေ့ကိုတော့ မကြားဖူးဘူး။ ငယ်ငယ်ကတည်းက မျက်လုံးမမြင်ရတော့ ပညာလည်းမသင်ရဘူး။ စာလည်း မဖတ်တတ်ဘူး။ ခြေ၊ လက်မရှိ မသန်စွမ်းတွေကို ဘယ်လောက်ထိ နေရခက်နေမှာလဲဆိုပြီး စာနာတယ်။
ရွာမှာ လက်နက်သံတွေနေ့တိုင်းကြားရတယ်။ ပြေးရအောင်လည်း မျက်လုံးမမြင်ရတော့ မပြေးရဘူး။ စစ်ပွဲစဖြစ်ကတည်းက အခုထိရွာမှာပဲ။ လက်နက်ကြီး အသံအရမ်းကျယ်ရင် ဘုန်းကြီးကျောင်းမှာ သွားနေတယ်။ စစ်ရှောင်အချင်းချင်းကတော့ ခွဲခြား တာ ဘာညာတော့ မရှိပါဘူး။
စိုးရိမ်စိတ်ကတော့ မပြေးနိုင် မသွားနိုင် မလာနိုင်တော့ စားဝတ်နေရေးအတွက်ပဲ စိုးရိမ်ရတာပေါ့။ တောင်ယာလုပ်လည်း ခြံမရှိ၊ အရင်းနှီးမရှိ၊ မျက်လုံးကမမြင်ရဆိုတော့။ သမီးလေးကိုပဲအားကိုးနေရတာ။ သူလည်း နေ့စားပဲလိုက်တာ။ တစ်နေ့လုပ် တစ်နေ့ စားပေါ့ ။
အိမ်လည်း မရှိတော့ဘူးလေ။ အခုက သူများတဲလေးထဲမှာ နေနေရတယ်။ အဆင်ပြေတယ်ဆိုတာတော့ မရှိပါဘူး။ ငတ်တစ် လှည့် စားတစ်လှည့်ပေါ့။”