Home အမျိုးသမီးများအသံ အခက်အခဲတွေကြားက ဆက်ပြီးတောင့်ခံကြမယ်

အခက်အခဲတွေကြားက ဆက်ပြီးတောင့်ခံကြမယ်

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းလာတာဟာ ယခုဆိုရင် (၃) နှစ်ထဲကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းတာကို ပြည်သူအများစုက လမ်းပေါ်ထွက် ဆန့်ကျင် တွန်းလှန် ဆန္ဒပြကြပါတယ်။ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများကလည်း အကြမ်းမဖက်တဲ့ နည်းနဲ့ CDM လှုပ်ရှားမှုကို ပါဝင်ကြပြီး ရရာ နည်းလမ်းနဲ့ တွန်းလှန် ကြတာပါ။

တချို့သော အစိုးရ ဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ကြပေမယ့် မိသားစု စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရတဲ့ သူတွေလည်း ရှိသလို မိသားစု စားဝတ်နေရေးအတွက် နိုင်ငံခြားထွက် အလုပ်လုပ်ကြတဲ့ သူတွေ ရှိပါတယ်။ ဒါ့အပြင်လည်း  အွန်လိုင်းပေါ်မှာ ဈေးရောင်းရင်းနဲ့ ရုန်းကန်နေကြရတဲ့ သူတွေလည်း ရှိပါတယ်။

ဒီလို အခက်အခဲ စိန်ခေါ်မှုတွေ ကြားထဲက CDM လှုပ်ရှားမှုမှာ တောက်လျှောက်ပါဝင်လာပြီး စိတ်ဓာတ်ကျတဲ့ အခိုက်အတန့်တွေ ရှိသလို ပန်းတိုင် မရောက်မချင်း ရအောင် အဆုံးထိ သွားမယ်လို့ စိတ်အားတင်းထားပြီး အဆင်ပြေသလို အလုပ်လုပ်ကိုင် ရုန်းကန်ကြရင်း အခက်အခဲတွေကို ကျော်ဖြတ်နေကြတဲ့ CDM အမျိုးသမီး ဝန်ထမ်းတချို့ရဲ့  ရင်တွင်းခံစားချက်နဲ့ အားပေးစကားတွေကို စုစည်းကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ဒေါ်မေမေ (ကျန်းမာရေး CDM)

ပွင့်ပွင့်လင်းလင်းပြောရရင် ဝန်ထမ်းဘဝဆိုတာ အချိန်တန်ရင် လစာလေး သွားထုတ်လိုက် ပြီးရင် ပြန်လာလိုက် ရုံးတက်လိုက်။ အေးဆေးပေါ့နော်။ သူများအရပ်စကားနဲ့ ပြောရရင် မပေးငါးကျပ် ပေးငါးကျပ်ပေါ့ကွယ်။ မလုပ်လည်း လစာရတယ်။ လုပ်လည်း လစာရတယ် အဲလိုမျိုးပေါ့။ ဒါပေမယ့် အစ်မတို့က အဲလိုပုံစံမျိုး မကြိုက်ဘူး။ လုပ်စရာရှိတယ်ဆိုရင် ထဲထဲဝင်ဝင် လုပ်ပေးတယ်။ ပြီးရင် ကိုယ်နဲ့ ထိုက်တဲ့ လစာကို ယူမယ် အဲလိုမျိုးပေါ့။

အာဏာသိမ်းတော့ CDM စလုပ်တာပေါ့။ စလုပ်တဲ့ တစ်လ နှစ်လလောက်ကတော့ ဘာမှမဖြစ်သေးဘူး။ အဆင်ပြေနေသေးတယ်။ ကိုယ်မှာ ပိုက်ဆံ အနည်းငယ်လည်း ရှိနေသေးတယ်ဆိုတော့ သွားလာလှုပ်ရှားပြီး လုပ်စရာရှိတာ လုပ်ပေါ့။ နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ အစ်မတို့က စားဝတ်နေရေးလဲ လိုလာတယ်။

ပိုဆိုးတာက အမေကလည်း ရောဂါသည်ဆိုတော့ သူ့အတွက်လဲ ပိုက်ဆံက လိုအပ်တယ်။ ဆေးခန်းချိန်းတွေ ရှိတယ်။ အဲချိန်မှာ တွေးမိတယ် အလုပ်ပြန်ဝင်ပြီး တစ်သက်လုံး ကျွန်ခံမှာလား ဒါမှမဟုတ် တစ်ခြားနည်းလမ်းနဲ့ ဖောက်ထွက်မှာလားပေါ့။ တစ်ခြားနည်းလမ်းက ဒီဆရာမအလုပ်တော့ လုပ်လို့ ရတော့မှာ မဟုတ်ဘူး။

ဘာလို့ဆိုရင် social punishment က CDM တွေကို လုပ်တာ။ ဘယ်ဆေးရုံမှ မခေါ်ဘူး။ အစ်မ ဆေးရုံတစ်ခုမှာ အလုပ်လျှောက်ဖူးတယ်။ အလုပ်လျှောက်ဖို့ ဖုန်းဆက်ပြီး မေးကြည့်တော့ CDM မို့လို့ မခေါ်ဘူးဆိုပြီး ပြောတာပေါ့နော်။ အစ်မလည်း အော် မခေါ်လည်း ဖြစ်တယ်ဆိုပြီး ဖုန်းချလိုက်တယ်။

ကိုယ်မှာက မာနရှိလို့သာ ချက်ချင်းဖုန်းချပြီး မလုပ်တာ။ တစ်ဖက်မှာကျတော့ ကိုယ့်စားဝတ်နေရေးက လိုအပ်နေတယ်။ အဲအချိန်က ဘာလုပ်ရမှာလဲလို့ တွေးဖြစ်တယ်။ သေချာတာတော့ ငါ အလုပ်ထဲကို ပြန်လည်း မဝင်နိုင်ဘူး။ အပြင်ဆေးခန်းတွေလည်း ငါ့ကို မခေါ်ဘူး။ ဒါပေမယ့် ငါ့မှာ စားဝတ်နေရေး အခက်အခဲရှိတယ်။အလုပ်လုပ်ရမယ်ဆိုပြီးတော့။

အခုလက်ရှိလုပ်နေတဲ့ အွန်လိုင်းမှာ ဈေးရောင်းတဲ့ အလုပ်ကို အစ်မလုပ်တယ်။ အဲချိန်မှာဆိုရင် ဝန်ထမ်းဘဝနဲ့ တစ်ခြားစီပဲ လူတွေနဲ့ အများကြီးထိတွေ့ပြီး ဆက်ဆံရတယ်။ ဒီအွန်လိုင်းပေါ်က ဈေးရောင်းတာတော့ အခက်အခဲတော့ ရှိတယ်။ ဒါပေမယ့် ပျော်တယ်။ အစိုးရဌာနမှာ ပြန်ဝင်လုပ်မှ တစ်သက်လုံး လူတွေရဲ့ မျက်နှာကြည့်နေရမယ်။

ကိုယ်ရာထူး ကိုယ့် role မရှိပဲနဲ့ ကြီးနိုင်ငယ်ညှင်းနဲ့ တစ်သက်လုံး အနှိမ်ခံနေရမှာထက်စာရင် အပြင်မှာ ခက်ခဲတာက မပြောပလောက်တော့ဘူးပေါ့။ ဒါကြောင့် ဘယ်လောက်ပဲ ခက်ခဲ ခက်ခဲ ဝန်ထမ်းမဟုတ်ပဲ တခြားနည်းလမ်းနဲ့ လုပ်စားလို့ ရတဲ့ အလုပ်တွေ အများကြီးရှိတယ်။ ဖုန်းတစ်လုံး ရှိရုံနဲ့ ဝင်ငွေရှာလို့ ရတဲ့ ခေတ်ကြီးပါ။

ဒီအလုပ် နှစ်ခုမှာ ဘယ်ဟာက ပိုအဆင်ပြေလဲဆိုရင် ဝန်ထမ်းဘဝက ကိုယ်ကြိုက်လို့ ရွေးချယ်ထား ပေါ့နော်။ ကြိုက်လို့ ရွေးထားတယ် ရည်ရွယ်ချက် ရှိရှိရွေးထားတဲ့ အလုပ်ပေါ့နော်။ ဝန်ထမ်းဘဝက ကိုယ့်အတွက်တော့ အံဝင်ခွင်ကျဖြစ်တာပေါ့။  ဒါပေမယ့်  မတတ်သာလို့ စွန်လွှတ်ရတယ်ဆိုတော့လဲ စွန့်လွှတ်တာပေါ့။ ဒါပဲ ရှိတယ်။

အွန်လိုင်းလုပ်တာက ငွေရေးကြေးရေးပိုင်းက ပိုပြီးတော့ ချောင်လည်တာတော့ ရှိတာပေါ့။ အမှန်အတိုင်းပြော ရရင် ဝန်ထမ်းကတော့ လစာပဲ ရတာလေနော်။   

ဝန်ထမ်းပြန်လုပ်ချင်လားလို့‌ မေးရင် ခက်ခဲဝေးလံတဲ့ ဒေသ၊ လိုအပ်တဲ့ လူတွေအတွက်ဆိုရင်တော့ ပြန်လုပ်ပေးဖို့ အစီအစဥ်ရှိတယ်။ အမှန်တကယ်လိုအပ်တဲ့ နေရာမျိုးမှာ ပြန်လာပေးပါဦးဆိုရင်တော့ အခြေအနေတည်ငြိမ်သွားတဲ့ အခါမျိုးဆိုရင်တော့ ပြန်သွားလုပ်ပေးဖို့ အစီအစဥ်ရှိတယ်။

အမှန်တရား မရမချင်းတော့ CDM ဆက်လုပ်ဖို့တော့ ရည်ရွယ်ထားတယ်။ အစ်မတို့ရဲ့ လွတ်လပ်ပိုင်ခွင့် လူသား အားလုံးရဲ့ လွတ်လပ်ပိုင်ခွင့်ပေါ့။ အဲဒီဟာက ပြည်သူလူထုရဲ့ လက်ထဲ ဝန်ထမ်းတွေရဲ့ လက်ထဲ အကုန်လုံး ပြန်ရောက်ပြီဆိုတော့မှ အစ်မ CDM လုပ်တာ နားမှာပေါ့နော်။ မရမချင်းတော့ အစ်မတို့ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ဒီတိုင်းပဲ သွားနေမှာပါ။

ဒါကြောင့်မိုလို့ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် အခုလို ဈေးပဲ ‌ရောင်းရောင်းပေါ့နော်။ တချို့ သူငယ်ချင်းတွေဆို ပြောင်းခြံတွေဆီမှာ နေ့စားသွားနေရတဲ့ သူတွေလည်း ရှိတယ်။ အစ်မလိုမျိုး ဈေးရောင်းပြီး အဆင်ပြေနေတဲ့ သူတွေလည်း ရှိတယ်။ တချို့ကျတော့ ကိုယ်ပိုင်ဈေးဆိုင်ဖွင့်ပြီး အဆင်ပြေနေတဲ့ သူတွေလည်း ရှိတယ်။ အလွှာပေါင်းစုံက အခက်အခဲပေါင်းစုံ အမျိုးမျိုးရှိတယ်။

ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဒီအခြေအနေကြီးမှာ အဆင်ပြေနေတယ်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ဆက်ပြီးတော့ တောင့်ခံထားပါဦးပေါ့နော်။ တစ်နေ့နေ့မှာ အမှန်တရားဆိုတာကြီးကို တကယ်ရလာတဲ့အချိန်ကြရင် ငါတို့အလှည့်လာပြီဆိုပြီးတော့မှ ယူနီဖောင်းလေး ဝတ်ပြီးတော့မှ ကျော့ကျော့မော့မော့လေး ပြန်သွားနိုင်ဖို့အတွက် ခဏလေးတော့ အားတင်းထားပေးပါဦးလို့ ပြောချင်တယ်။

နန်းမေထက် ( ကျန်းမာရေးဌာန CDM)

လူတိုင်းကတော့ အခက်အခဲ ကိုယ်စီရှိကြပါတယ်။ ကျမ CDM စဝင်လုပ်တုန်းက အရမ်းဒုက္ခရောက်ရတာ အမှန်ပါ။ မိသားစု ၄ ယောက်လုံးက ကျမ တစ်လတစ်လ ရတဲ့ လစာနဲ့ မှီခိုနေရတာဆိုတော့။ လစာက အရမ်းမများပေမယ့် မိသားစုအတွက် ဆန်၊ ဆီ၊ ဆားတို့ကတော့ လုံလောက်တာပေါ့။

ကျန်တဲ့ အသုံးစရိတ်တွေတော့ အမေ အဖေတွေကတော့ ခြံလုပ်တယ်။ ပြောင်းစိုက်တယ်။ သူတို့က နှစ်ကုန်မှ ကုန်ကြမ်းထွက်ပြီး ရောင်းမှ ပိုက်ဆံရတာပေါ့။ ကြားထဲတော့ ကျမ လစာနဲ့ပဲ ရှင်သန်ကြတာပေါ့။ ကျမက အကြီးဖြစ်တော့ တစ်ခုခုဆို ကျမပဲ ခေါင်းခံရတယ်။ အမေကလည်း ကျန်းမာရေး သိပ်မကောင်းဘူး။

ကျမ မလိမ်တမ်း ပြောရမယ်ဆိုရင် ကျမ ဆေးဆိုင်တွေ၊ အိမ်ဆိုင် ဆေးခန်းတွေ အလုပ်လျှောက်သေးတယ်။  တချို့ဆိုင်တွေဆိုရင် CDM တွေဆို အလုပ်မခန့်ဘူးတဲ့။ တချို့ကြတော့ စစ်ကောင်စီဖက်ကလည်း ဖမ်းတာတွေ လုပ်နေတော့ သူတို့ကိုပါ ဖမ်းတာ ဘာညာဖြစ်မှာ စိုးလို့ဆိုပြီး အလုပ်မခန့်ရဲကြတာပေါ့။

ဟိုအလုပ်လျှောက်လည်း မရ။ ဒီအလုပ်လည်း လျှောက်မရ စိတ်ဓာတ်တွေ ကျတာပေါ့။ အတွေးမှားတွေတောင် ခေါင်းထဲရောက်လာတယ်။ ငါအလုပ်ထဲ ဝင်လုပ်ရတော့မှာလားဆိုတဲ့ စိတ်ပေါ့။ ကြားထဲကလည်း လိုက်ဖမ်းတာတွေ ရှိတော့ ရှောင်ရ။ ညညဆို သူများဆီမှာ သွားရှောင်ရတယ်။

အခက်အခဲတွေ ကျမတို့ဆီမှာ လာပုံချနေသလားလို့တောင် ထင်ရတယ်။ တကယ်ခက်ခဲတယ်။ ဒါပေမယ့် ကျမ တစ်ခု စဥ်းစားမိတယ်။ ဒီအချိန်မှာမှ ကျမတို့ မတောင့်ခံနိုင်ရင် ကျမတို့ သားတွေ သမီးတွေက ဒီစစ်စနစ်ဆိုးအောက်မှာ နေသွားရမှာ။

သူတို့ ရွာထဲ လာပြီဆို ယောင်္ကျားလေးတွေကို ခေါ်ပြီး ပေါ်တာဆွဲခိုင်းတော့ ယောင်္ကျားလေးတွေဆို အကုန် တောထဲ ရှောင်ရတယ်။ ရွာထဲမှာ မိန်းခ‌လေးနဲ့ သက်ကြီး ရွယ်အို၊ ကလေးတွေပဲ ကျန်ခဲ့တာလို့ အမေပြောပြဖူးတယ်။ ဘယ်လောက် ဆိုးရွာလဲ။ ကိုယ်အိမ်နဲ့ ကိုယ်နေနေတာတောင် ကောင်းကောင်းမနေရဘူး။

အဲခေတ်တွေကို ပြန်မရောက်ချင်ဘူး။ သူများ ပြုသမျှ နုနေရမှာဆိုတာတွေးပြီး အားပြန်ယူရတာပေါ့။ အဲစိတ်ထားပြီး အလုပ်ထဲ ပြန်မဝင်ဖြစ်ဘူး။

စစ်အာဏာရှင် စနစ် ရှိနေသရွေ့ အလုပ်ထဲ ပြန်ဝင်ဖို့ အစီစဥ် မရှိတော့။ နောက်ပိုင်းမှာ ကျမလည်း မြန်မာပြည်မှာ နေတာ မလုံခြုံတာ တစ်ဖက် မိသားစု စားဝတ်နေရေးက တစ်ဖက်နဲ့ဆိုတော့ ဒီထိုင်းဖက်ကို ရွေ့လာတာပေါ့။ အခုတော့ အိမ်ဖော် (မယ်ဘန်း)လုပ်တာပေါ့။ တစ်လ တစ်လ ရလာတဲ့ ပိုက်ဆံကို အမေတို့ကို ပြန်ပို့ပေးတာပေါ့။

လစာကတော့ မြန်မာပြည်မှာ ဝန်ထမ်းလုပ်တုန်းကတော့ နည်းတာပေါ့။ ဒီမှာကျတော့ ပင်ပန်းတယ်။ ဒါပေမယ့် လစာကတော့ များတာပေါ့။ သူများနိုင်ငံမှာ အလုပ်လုပ်တော့ မိသားစု စားဝတ်နေရေးတော့ အဆင်ပြေတာပေါ့။ သူနာပြု ဝန်ထမ်းလုပ်တာက ကျမ ဝါသနာဆိုတော့ လုပ်ချင်တာပေါ့။ ဒါပေမယ့်လည်း စစ်အာဏာရှင်အောက်မှာ မလုပ်ချင်ဘူးလေ။

တချို့သော CDM တွေလည်း ကျမလို့ အခက်အခဲတွေ ကြုံရတာတွေ ရှိလိမ့်မယ်။ ပုံစံမတူတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ ကျမထက် အဆင်ပြေတဲ့ သူတွေလည်း ရှိမယ်။ ကျမထက် ပိုပြီး ခက်ခဲတဲ့ သူတွေလည်း ရှိမယ်။ ကျမပြောချင်တာကတော့ ကျမတို့ ဒီခရီးက ခက်ခဲတယ်ဆိုတာ ကျမတို့ သိထားဖို့လိုတယ်။ ဒါပေမယ့် ကျမတို့ အတူတကွ လက်တွဲရှေ့ဆက်သွားရင် အောင်မြင်မှု ရရှိလာတော့မှာပါ။ ရှေ့ဆက် အတူတူသွားရအောင်လို့ ပြောချင်တယ်။

မသက်သက်ဆွေ (‌ကျောင်းဆရာမ)

ကျမက ကျောင်းဆရာမ လုပ်တာ (၃) နှစ်‌ကျော်ပဲ ရှိသေးတယ်။ အာဏာသိမ်းလိုက်တော့ CDM ဝင်လိုက်တာ အခုထိပဲပေါ့။ အခုတော့ အလုပ်ထဲ ပြန်ဝင်ဖို့တော့ မရှိသေးဘူး။ ကိုယ်ဝင်ငွေနဲ့ ရပ်တည်နေတဲ့ လူတစ်ယောက်က ဝင်ငွေ မရှိတော့ အခက်အခဲရှိလားဆိုတော့ သေချာပေါက် ရှိတာပေါ့။ လိုချင်တိုင်းလည်း မဝယ်ရဘူး။ အသွားအလာလည်း သိပ့်မလွတ်လပ်ဘူး။

CDM စလုပ်ပြီးကတည်းက အမေတို့နဲ့ ခြံလုပ်နေတာ အခုထိပဲ။ အရင်ကတော့ ကျောင်းဖွင့်ရင် အဖြူစိမ်းလေးနဲ့ ကျောင်းသွားတာပေါ့။ အခုတော့ ပေါက်ပြားကိုင်တယ်။ ခြံသွားပြီး တောင်ယာပေါက်တယ်။ ပေါင်းနုတ်တယ် အကုန်လုပ်တယ်။  

နေ့စားလိုက်သင့်ရင်လည်း လိုက်တယ်။ ခြံလုပ်ရင် ထွက်လာတဲ့ ကုန်ကြမ်းတွေကို ‌ရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုတယ်။ အနည်းဆုံးတော့ စစ်အာဏာရှင် စနစ်အောက်မှာ ကျွန်မခံရဘူးလေ။ ကျမကတော့ စစ်အာဏာရှင် စနစ် မကျမချင်း ခြံအလုပ်ပဲ ဆက်လုပ်နေမယ်။

တခြားသော CDM ကို‌ပြောချင်တာကတော့ ကျမတို့ အခက်အခဲ ကိုယ်စီရှိကြလိမ့်မယ်။ ဒါပေမယ့် ကျမတို့ ရှေ့အတူတူ ဆက်သွားရအောင်။ ကျမတို့ ပေးဆပ်ရတာ များနေလိမ့်မယ်။ အမှန်တရားဆိုတာ မကြာခင် ရောက်လာတော့မှာပါ။ အလှည့်ရောက်လာတဲ့ တစ်နေ့ကျရင် ကျမတို့ အဖြူစိမ်းလေး ဝတ်ပြီး ပြန်စုံကြမယ်လို့ ပြောချင်ပါတယ်။ အားတင်းထား ကြပါ။

Author:

Related Articles