Home သတင်း “တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ”  

“တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ”  

ဖေဖော်ဝါရီ ၂၇ မှ မတ် ၅ အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားသည်များကို Hi မှ စုစည်းဖော်ပြပေးလိုက်ရပါသည်။  

  • ခင်ဦး NLD လွှတ်တော်ကိုယ်စားလှယ်၏ဇနီးနှင့်သမီးကို စစ်ကောင်စီဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး ၊ရေဦးမြို့တွင်ဖြစ်ပွားသည့် မတော်တဆပေါက်ကွဲမှုနှင့် စပ်လျဉ်းပြီး ခင်ဦးမြို့နယ် NLD ပါတီလွှတ် တော်ကိုယ်စားလှယ်‌ ဒေါက်တာဝင်းအောင်၏ ဇနီးဒေါ်နီလာနှင့် သမီးအကြီးဖြစ်သူ အိနန္ဒာအောင်တို့ကို ဖေဖော်ဝါရီ၂၄ရက်နေ့ ညနေတွင် စစ်ကောင်စီက နေအိမ်တွင်လာရောက်ဖမ်းဆီးသွားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်၏ ဇနီးနှင့်သမီး ဖမ်းဆီးခံရခြင်းသည် ဖေဖော်ဝါရီ ၂၃ရက်နေ့က ရေဦးမြို့နယ်၌ ယမ်းကျိုနေရင်း မတော်တဆပေါက်ကွဲမှုဖြစ်ခဲ့ရာတွင် ဒေါက်တာဝင်းအောင်၏ သမီးအငယ်ဖြစ်သူနှင့် ခင်ပွန်းတို့သေဆုံးခဲ့ပြီး ယင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့် သက်ဆိုင်ကြောင်း နီးစပ်သူတစ်ချို့ကသုံးသပ်ထားပြီး ဖမ်းဆီးခံရသူများကို မည်သူ့နေရာတွင်ထားရှိမှန်း မသိရှိ သေးကြောင်း သိရသည်။

(Source – Mizzima)

  • ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ၊ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် ၊တပ်မဟာ (၃) ဆောထိ (ရွှေကျင်) မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ထိခိုက်ဒဏ်ရာရခဲ့သည်။

သေဆုံးသွားသည့် အမျိုးသမီးနှစ်ဦးအနက် အသက်၆၆နှစ်အရွယ်အမျိုးသမီးမှာ ၄င်း၏နေအိမ်မီးလောင်သွား၍ ရုပ်အလောင်း ပါ မီးလောင်ကျွမ်းခဲ့ပြီး အသက်၃၅နှစ်အရွယ် အမျိုးသမီးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကလေးငယ်နှစ်ဦး ကျန်ရစ်ခဲ့သည်။

(Source – People’s Spring)

  • ဒီးမော့ဆိုတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီးတစ်ဦးသေဆုံး

ကရင်နီပြည်နယ်၊ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေး ရှောင်အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

သေဆုံးသူအမျိုးသမီးတွင် အသက်နှစ်နှစ်ခွဲအရွယ် သားတစ်ဦးကျန်ရစ်ခဲ့ပြီး ယင်း၏ ခင်ပွန်းမှာ ဘယ်ဘက်လက်မောင်းကျိုး (ပြင်းထန်ဒဏ်ရာ) ရရှိခဲ့ကာ အခြားအမျိုးသမီးတစ်ဦးမှာလည်း တင်ပါးဆုံ(ပြင်းထန်ဒဏ်ရာ) ရရှိခဲ့သည်။

(Source- PVTV) 

  • အိုးဘိုထောင်ရှိ အမျိုးသမီးနိုင်ကျဉ်းအချို့ ထောင်ပြောင်းခံရ

မန္တလေးအိုးဘိုထောင်တွင် အမျိုးသမီးအဆောင်အတွင်း အချင်းများရာမှတစ်ဆင့် ထောင်အာဏာပိုင်များ၏ နှိပ်စက်ညှင်း ပန်းမှုကိုခံရသည့် နိုင်ငံရေးအကျဉ်းသူအမျိုးသမီးများကို ဖေဖော်ဝါရီနောက်ဆုံးပတ်က ထောင်ပြောင်းရွှေ့ခဲ့သည်။

နိုင်ငံရေးအကျဉ်းသူအမျိုးသမီးများကို သာယာဝတီ ၊တောင်ငူ၊မကွေးနှင့်မြင်းခြံထောင်များသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ထောင် ပြောင်းရွှေ့ခံရသည့် အမျိုးသမီးအရေအတွက်ကို အတိအကျမသိရသေးပေ။

(Source – People’s Spring)

  • ဝိုင်းမော်မြို့ရှိကျေးရွာတွင် မြေမြုပ်မိုင်းကြောင့် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့၊ မာကျားရွာတွင် ဖေဖော်ဝါရီ ၂၇ရက် ညနေပိုင်းက ရွာအနီးဟင်းရွက်ရှာဖွေသည့် အသက်၁၄နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိခြင်းကြောင့် ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းနှင့် ဝမ်းဗိုက်၊ ခြေ ထောက်တို့တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ကျေးရွာအနီးမြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဆဒုံးမြို့နယ်တွင် စစ်ကောင်စီတပ်အပြင် ကချင် လွတ်မြောက်ရေးတပ်မတော်တို့ စစ်ရေးလှုပ်ရှားမှုများရှိနေသလို မိုင်းပေါက်ကွဲမှုနှင့်ပတ်သတ်၍ မည်သည့်အဖွဲ့အစည်း လက် ချက်မှန်းမသိရကြောင်း ဒေသခံများကပြောသည်။

(Source- RFA)

  • အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် မြန်မာအမျိုးသမီးတစ်ဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရ

အိန္ဒိယနိုင်ငံဒေလီမြို့တော်တွင် ဒုက္ခသည်အဖြစ်မှတ်ပုံတင်ထားသည့် မြန်မာအမျိုးသမီးတစ်ဦးသည် လူလေးဦး၏ အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခံခဲ့ရသည့်အတွက် ဒေလီရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားသည်။

အဆိုပါအမျိုးသမီးသည် သမီးဖြစ်သူကိုဆေးကုသရန် ခင်ပွန်းသည်နှင့်အတူ ဒေလီမြို့အရှေ့တောင်ပိုင်း သို့သွားရောက်ခဲ့ရာ တွင် သုံးဘီးမောင်သူတစ်ဦးက သတိလစ်အောင်လုပ်ဆောင်၍ အဓမ္မခေါ်ဆောင်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရခြင်းဖြစ်သည်။

(Source – Mizzima)

  • မြင်းမူမြို့နယ်တွင် ကြက်သွန်စိုက်ပျိုးနေသည့်အမျိုးသမီးများကို စစ်တပ်ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် ၊ကန်တော်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ကြက်သွန်စိုက်ပျိုးနေသည့် အမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးအရေအတွက်ကို မသိရှိရသေးဘဲ အများစုမှာ လူငယ်နှင့်လူလတ်ပိုင်း အရွယ်များဖြစ်ပြီး ဖမ်းဆီး ခံရသည့်အမျိုးသမီးများမှာ သတင်းအစန ပျောက်ဆုံးဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(Source – Khit Thit )

  • ကသာမြို့နယ်တွင် CDM သူနာပြုတစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့  

စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာမြို့နယ် မိုးဒါးကြီးကျေးရွာတွင် CDMသူနာပြုဆရာမ ဒေါ်သဲသဲဝင်းကို CDMနှင့် PDFများကို ဆေးကုသပေးပြီး ထောက်ပံ့ပို့ဆောင်ရေးပြုလုပ်နေသည်ဟု စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ တွင် ဖမ်းဆီးခဲ့ပြီး လေးရက်အကြာ ဖေဖော်ဝါရီ၂၅တွင် ကျွန်းပင်ရွာအပြင်ဘက်၌ လက်ပြန်ကြိုးတုပ်လျက် နဖူးတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသည့် ဒေါ်သဲသဲဝင်း၏အလောင်းကို ဒေသခံများကတွေ့ရှိခဲ့သည်။

အသက်၄၀အရွယ် သူနာပြုဆရာမမှာ ချင်းပြည်နယ် ၊ဖလမ်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အထက်တန်း သူနာပြု တာဝန် ထမ်းဆောင်နေရာမှ အာဏာသိမ်းပြီးနောက် CDM လုပ်ဆောင်ခဲ့ပြီးနောက် မိုးဒါးကြီးကျေးရွာ အပြင်တွင်ဓာတ်ဆီရောင်းချ နေသူဖြစ်သည်။

(Source – RFA)

  • မွတ်စလင်ဒုက္ခသည်အမျိုးသမီး၄၅ဦးကို အဓမ္မပြုကျင့်ခဲ့သည့် စခန်းတာဝန်ခံကို သက်ဆိုင်ရာသို့ တိုင်ကြား

ရခိုင်ပြည်နယ်၊စစ်တွေမြို့အနောက်ဘက်ခြမ်းရှိ ဖွဲရာကုန်းမွတ်စလင်ဒုက္ခသည်စခန်းရှိ အမျိုးသမီး၄၅ဦးမှာ စခန်းတာဝန်ခံ ဖြစ်သူ၏ အဓမ္မပြုကျင့်ခံခဲ့ရသည့်အတွက် ကာယကံရှင်အမျိုးသမီးများက သက်ဆိုင်ရာသို့ တိုင်ကြားမှုပြုလုပ်ခဲ့သည်။

စခန်းတာဝန်ခံအိုစမာန်ဂိုနီမှာ စခန်းရှိအမျိုးသမီးများကို လွန်ခဲ့သည့် ၂၀၁၂ နောက်ပိုင်းမှစ၍ အဓမ္မပြုကျင့်ခဲ့ပြီး အသက် အန္တရာယ်ခြိမ်းခြောက်မှုများပြုလုပ်ထားခြင်းကြောင့် အမျိုးသမီးများရေငုံနှုတ်ပိတ်နေမှုကို ၊အခွင့်အကောင်းယူ၍ အိမ်ထောင် ရှင်အမျိုးသမီးများအပါအဝင် ငယ်ရွယ်သည့်မိန်းမပျိုများနှင့် စိတ်မနှံ့သူများပါမကျန် ပြုကျင့်လာသည့်အတွက် တိုင်ကြားခဲ့ ခြင်းဖြစ်သည်။

(Source –Irrawaddy)

  • ဟားခါးတွင်မြေမြုပ်မိုင်းနင်းမိခြင်းကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

ချင်းပြည်နယ်၊ဟားခါးမြို့၊မြို့သစ်ရပ်ကွက်တွင် မြေမြုပ်မိုင်းနင်းမိခြင်းကြောင့် အသက်၃၄နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ် ရာအပြင်းအထန်ရရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်  ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူ ဦးရေ  ၂၀ ကျော်ရှိနေပြီဖြစ်သည်။

ယင်းအမျိုးသမီးမှာ အမနှစ်ဦးနှင့်အတူ ခြံစိုက်ခင်းသို့သွားရောက်စဉ် မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်ပြီး မိုင်းနင်းသည့်ဒဏ်ရာ ကြောင့် ဘယ်ခြေထောက်ဒူးအောက်ပိုင်းကနေ ဖြတ်လိုက်ရကာ ယင်း၏အမဖြစ်သူနှစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရခဲ့သည်။

(Source- RFA)

  • တာတိုင်ရွာတွင် စစ်တပ်ကဖမ်းဆီးသွားသည့် အမျိုးသမီး သုံးဦးအပါအဝင် ပြည်သူ၁၅ဦးအသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ၊ တာတိုင်ရွာတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းဝင်ရောက်ပြီး အပြန်တွင် ပြည်သူ ၁၅ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်၍ ရုပ်အလောင်းများတွင် မိုင်းများဆင်ကာစွန့်ပစ်ခဲ့သည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများတွင် မပန်းနွယ်နှင့်မပန်းသွယ် ညီအမနှစ်ဦး၊ အခြားအမျိုးသမီးတစ်ဦးနှင့် အမျိုးသား၁၂ဦးပါဝင်ပြီး ရုပ်အလောင်းများတွင် တပ်ဆင်ခဲ့သည့် မိုင်းများကြောင့်ခြောက်ဦးသာ သဂြိုလ်နိုင်ပြီး ကျန်အလောင်းများကောက်ယူနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများကပြောသည်။

(Source – People’s Spring)

  • ၁၂နှစ်အရွယ်ကလေးနှင့်အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်ကာစီးနင်း ဝင် ရောက်စဉ် အသက်၁၂နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက်၅၀ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်။

စစ်တပ်က နေအိမ်များကိုမီးရှို့ခဲ့သည့်အပြင် ပိတ်မိနေသည့် ရွာသားများကိုဓားစားခံအဖြစ် ဖမ်းဆီးထားစဉ် ယင်းတို့နှစ်ဦးမှာ လက်နက်ကြီးကြောင့် နေရာမှာတင် သေဆုံးခဲ့ခြင်းဖြစ်သည်။

  • ကသာတွင် စစ်ကောင်စီထောင်ထားသည့်မိုင်းထိမှန်၍ အမျိုးသမီးတစ်ဦး ခြေတစ်ဖက်ဖြတ်ရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ကျောက်ပုံရွာရှိ စစ်ကောင်စီဂိတ်အနီးတွင် နွားပျောက်ရှာသည့် အမျိုးသမီးတစ်ဦး သည် စစ်ကောင်စီထောင်ထားသည့် မိုင်နင်းမိ၍ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ညာခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရ သည်။

အဆိုပါအမျိုးသမီးမှာ ကျောက်ပုံကျေးရွာမှ  အသက်၂၄နှစ်အရွယ် ကလေးနှစ်ဦးမိခင်ဖြစ်ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေ ရသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်ကလည်း ပုလဲမြို့စစ်ကောင်စီဂိတ်အနီးတွင် မိုင်းနင်းမိခြင်းကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့သည်။

Author:

Related Articles