Honest Information (HI)။ ။
“အသားညိုတယ်…ဇပြင်းတယ်…ဘယ်သူတွေလဲ၊ အညာသူတွေ” လို့ နွေနေပူပူအောက်မှာ လက်သုံးချောင်း ထောင်၊ မာန်အပြည့်နဲ့ကြွေးကြော်အော်ဟစ်နေကြတဲ့ အမျိုးသမီးတစုရဲ့ မျက်နှာတွေဟာ ကြောက်စိတ်ကင်းပြီး ရဲရင့်ပြတ်သားတဲ့အသွင်ဆောင်နေပါတယ်။
ဒါဟာ ဇူလိုင် ၁၅ ရက်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အမျိုးသမီးတွေဦးဆောင်တဲ့ သပိတ်စစ်ကြောင်းရဲ့ ကြွေးကြော်သံတွေထဲက တခုဖြစ်ပြီး သူတို့တွေဟာ ဖမ်းဆီးပစ်ခတ်မှုတွေရှိနေတဲ့ကြားက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ချီတက်ဆန္ဒပြနေတာပါ။
မီးတုတ်(မီးဒုတ်)တွေ၊ ဆိုင်းဘုတ်တွေကိုင်တဲ့သူကကိုင်၊ သံပုံးတွေတီးသူကတီးပြီး သံပြိုင်ချီတက်လာတဲ့ ဒီမုံရွာ သပိတ်စစ်ကြောင်းဟာ ဇူလိုင်လထဲမှာ အမျိုးသမီးတွေဦးဆောင်လုပ်တဲ့ တတိယမြောက်သပိတ်ဖြစ်ပါတယ်။
ပထမဆုံးအမျိုးသမီးဦးဆောင်တဲ့သပိတ်ကိုတော့ မန္တလေးမြို့ကစတင်ခဲ့ကာ ဒုတိယထွက်လာတဲ့ သပိတ်ကတော့ ရန်ကုန်မြို့မှာဖြစ်တယ်။ အဲ့လိုထွက်လာပြီးတဲ့နောက်မှာ မုံရွာမြို့ဆို တနေ့ထဲ နှစ်ကြိမ်ထွက်ခဲ့သလို နောက်တရက်မှာလည်း ထပ်မံ ချီတက်ကြပြန်တယ်။
ရန်ကုန်၊ မန်းနဲ့ မုံရွာလိုဘဲ အာဏာရှင်ဆန့်ကျင်ရေးမှာ အားကောင်းတဲ့ မြန်မာနိုင်ငံတောင်ပိုင်းကထားဝယ်မြို့မှာဆိုလည်း မြို့နယ်သုံးခုမှ ကျေးလက်အမျိုးသမီးထု ပူးပေါင်းသပိတ် အသီးသီး ဆက်တိုက်ဆိုသလို ထွက်လာပါတယ်။
အင်အားချွေတာတဲ့အနေနဲ့ ဆန္ဒပြမှုအရှိန်လျော့နေတဲ့အချိန်မှာ အမျိုးသမီးတွေအနေနဲ့ အခုလိုဦးဆောင် သပိတ်တွေ ထွက်လာနိုင်တာကလည်း ပြည်သူတွေအတွက် အားတက်စရာဖြစ်သလို “အမျိုးသမီးများမပါရင် ဒီတိုက်ပွဲမအောင်နိုင်ဘူး” ဆိုတာကိုလည်း သက်သေထူနေတာပဲ ဖြစ်တယ်။
စစ်အာဏာရှင်တော်လှန်ရေးမှာ အမျိုးသမီးတွေရှေ့တန်းက ပါဝင်ခဲ့ပေမယ့်“ငါတို့ထမီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ” လို အမျိုးသမီးစစ်ကြောင်းတွေ ထွက်ပေါ်ပြီးတဲ့နောက်မှာတော့ ဒီသပိတ်စစ်ကြောင်းတွေက တကျော့ပြန် ထွက်လာတဲ့ အမျိုးသမီးဦးဆောင်စစ်ကြောင်းတွေပဲ ဖြစ်တယ်။
“ကျမတို့မှာ အကြောက်တရားဆိုတာ မရှိတော့ဘူး။ သူတို့(စစ်တပ်)က ဖိနှိပ်လေလေ ကျမတို့ ပိုအားသန်လာလေပါပဲ။ ဘယ်တော့မှ စိတ်ဓါတ်ကျမသွားဘူး။ နောက်ဆုတ်မသွားဘူး”လို့ အသက် ၂၀ ရှိပြီဖြစ်တဲ့ မခင်မိုးဦး (အမည်လွှဲ)ပြောနေတဲ့ စကားတွေ မာန်ပါလွန်းလှပါတယ်။
သူ့စကားအတိုင်းပဲ မခင်မိုးဦးဟာ“အမျိုးသမီးများမပါရင် ဒီတိုက်ပွဲမအောင်နိုင်ဘူး”လို့ ကြွေးကြော်ကာ ဇူလိုင် ၁၀ ရက်၊ မန္တလေးမြို့မှာလုပ်တဲ့ အမျိုးသမီးတွေဦးဆောင်သပိတ်စစ်ကြောင်းမှာ ရှေ့တန်းကပါဝင်လာတယ်။
“အဓိကက စစ်အာဏာရှင်အုပ်ချုပ်မှုကို လက်မခံနိုင်ဘူး။ ဒါကြောင့် အမျိုးသမီးထုပါဝင်မှ ဒီတိုက်ပွဲအောင်မယ်။ အမျိုးသမီးတွေသာဖြစ်တာ ဇွဲမလျော့ဘူး။ သွေးမအေးဘူး။ ဆိုလိုရင်းက ဒါပါပဲ”လို့ မခင်မိုးဦးက သပိတ်ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။
မန္တလေးမြို့ဟာ စစ်အာဏာသိမ်းပြီး သုံးရက်မြောက်နေ့မှာ အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေ စတင်ထွက်ခဲ့တဲ့မြို့ဖြစ်ပြီး မခင်မိုးဦးကတော့ အာဏာသိမ်းပြီး လေးရက်မြောက်နေ့ ဆိုင်ကယ်ဟွန်းတီးသပိတ် မှာ စတင်ပါဝင်ခဲ့တဲ့သူပါ။
အသက်ငယ်သေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နိုင်ငံရေးလုပ်တာမကြိုက်တဲ့ မိဘတွေရဲ့စိုးရိမ်စိတ်ကိုဆန့်ကျင်ပြီး သပိတ်စစ်ကြောင်းတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တာကြောင့် စစ်တပ်က သူ့ကိုဖမ်းဝရမ်းထုတ်ထားပါတယ်။
ဝရမ်းပြေးဘဝနဲ့ နေစားဖို့အခက်အခဲရှိသလို အိမ်ကလည်း ထောက်ပံ့ပေးတာမရှိတဲ့အတွက်လည်း ဖြစ်သလိုနေ ထိုင်ရင်းတိုက်ပွဲဝင်နေတာကြောင့် အလှူရှင်တချို့က ပေးတဲ့ထောက်ပံ့မှုနဲ့ တိုက်ပွဲဆက်ဝင်နိုင်ခဲ့ပါတယ်။
“အဓိကက မကြောက်ဖို့ပဲ။ အိမ်တအိမ်ကို လူတယောက်ပဲ လမ်းပေါ်ထွက်လာပါ။ သူတို့ကြောက်ဒူးတုန်သွားမှာ အသေအချာပါပဲ။ ဒါကြောင့်လည်းကျမတို့က မကြောက်မရွံ့ရှေ့ထွက်ပေးနေတာ”လို့ သူရဲ့ရဲရင့်မှုကို ထုတ်ပြလိုက်ပါတယ်။
မတရားလုပ်တာကို လက်မခံဘူးဆိုတဲ့ရည်ရွယ်ချက်နဲ့ စစ်အာဏာရှင်ကို တော်လှန်ခဲ့တာမှန်ပေမယ့် အဖမ်းခံရ တဲ့သူငယ်ချင်းဖြစ်သူရဲ့ပြောပြချက်အရ ထောင်တွင်းက မိန်းကလေးတွေမှာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတာ ရှိတယ်ဆိုတဲ့စကားဟာ အမျိုးသမီးဦးဆောင်သပိတ်ထွက်လာဖို့ တွန်းအားဖြစ်စေခဲ့တယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေထဲမှာဆိုရင် ရုပ်ရည်ရှိတဲ့ အမျိုးသမီးတွေဟာ စစ်ကြောရေးစခန်းတွေမှာ အခြားသူတွေထက် ထိကပါးရိကပါးပိုပြီးပြောခံရတာတွေ၊ အချိန်ကြာမြင့်စွာသီးခြားစစ်ဆေးခံရတာတွေရှိတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ သူငယ်ချင်းကို ကိုးကားပြီး မခင်မိုးဦးက ပြောပါတယ်။
အဲ့လိုအဖြစ်အပျက်တွေနဲ့ ကြုံခဲ့ရတဲ့ အမျိုးသမီးတွေဟာပြန်လာပြီးနောက်ပိုင်းမှာ ယခင်လိုအများနဲ့ရောနှောမနေတော့ဘဲ တကိုယ်ထဲ တိတ်ဆိတ်ကြောက်ရွံ့သွားကာ စိတ်ဒဏ်ရာရသူလည်းရှိသလို တချို့လည်း ရှက်ကြောက်တာကြောင့် ဖုံးဖိနေရသူတွေလည်းရှိတယ်လို့ သိရပါတယ်။
မခင်မိုးဦးအနေနဲ့လည်း ဒီလိုလုပ်ရပ်တွေနဲ့ သူရဲ့မိဘတွေအမြဲပြောပြတဲ့ အာဏာရှိသူသာ အမြဲအနိုင်ရနေတဲ့ ခေတ်စနစ်ဆိုးကြီးကို မကြိုက်လို့ အမျိုးသမီးဦးဆောင်သပိတ်တွေလုပ်ဖို့ ဖြစ်လာရတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့ကစလိုက်တဲ့ အမျိုးသမီးသပိတ်စစ်ကြောင်းထွက်လာပြီးနောက်မှာ ဇူလိုင် ၁၄ ရက်၊ ရန်ကုန်မှာ လည်း “၂၁ ရာစုရဲ့ပန်ထွာဘုရင်များသပိတ်စစ်ကြောင်း”ဆိုပြီး ပျောက်ကြားသပိတ် ပြုလုပ်ခဲ့ပါတယ်။
ဒီဆန္ဒပြမှုထဲမှာ ပါဝင်ခဲ့တဲ့ မဆွေအေးကတော့“ပန်တွာဘုရင်မစိတ်ဓါတ်နဲ့ ကြောက်ခေတ်ကို မှောက်ပစ်မယ် ဆိုတာ ပန်တွာဘုရင်မက သူထက်အင်အားကြီးတဲ့နိုင်ငံတွေက လာရောက်တိုက်ခိုက်ရင်တောင် ခေါင်းငုံ့မခံဘဲ မကြောက်မရွံ့ပြန်လည်ခုခံတိုက်ခိုက်နိုင်တဲ့ စိတ်ဓါတ်ကို ဆိုလိုတာ”လို့ ရှင်းပြပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ခင်ပွန်းသည်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မဆွေအေးဟာ စိတ်တူကိုယ်တူ ရှိတဲ့ ပန်တွာဘုရင်မစစ်ကြောင်းက သူငယ်ချင်းတယောက်နဲ့အတူ လိုက်ပါဆန္ဒပြခဲ့သူ ဖြစ်ပါတယ်။
အသက် ၃၀ ရှိပြီဖြစ်တဲ့ မဆွေအေးဟာ CDM လုပ်ထားတဲ့ အစိုးရဝန်ထမ်းတယောက်ဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးကို အာဏာသိမ်းပြီး ၁၀ ရက်မြောက်မှာပါဝင်ခဲ့သလို အမျိုးသမီးတွေလုပ်တဲ့ ထဘီတော်လှန်ရေးမှာလည်း တက်ကြွစွာပါဝင်ခဲ့တယ်။
အလားတူ ဇူလိုင် ၁၅ ရက်၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလည်း အမျိုးသမီးတွေဦးဆောင်တဲ့သပိတ်စစ်ကြောင်းဟာ မနက်ပိုင်းမှာ ပင်မအမျိုးသမီးထုစစ်ကြောင်းထွက်ရှိခဲ့သလို မွန်းလွဲပိုင်းမှာလည်း ရပ်ကွက်တခုရဲ့ အမျိုးသမီးထု စစ်ကြောင်းက ထပ်မံချီတက်ခဲ့ကြတယ်။
“ပုခက်လွှဲသော ငါတို့လက် အာဏာရှင်ကို အမြစ်ဖြတ်”
“ပုခက်လွှဲသောလက်က ကမ္ဘာကို အုပ်စိုးနိုင်တယ်”
“အမျိုးသမီးတွေလည်း နိုင်ငံကို အုပ်ချုပ်နိုင်တယ်”
“ဘယ်သူတွေလဲ….အညာသူတွေ” လို့ ကြွေးကြော်သံတွေနဲ့ အတူ အမျိုးသမီးတစုချီတက်လာပါတယ်။
ဒီစစ်ကြောင်းမှာပါဝင်တဲ့ မထားထားလှိုင်က အသက် ၁၈ နှစ်သာရှိသေးပြီး မောင်နှမလေးယောက်မှာ အကြီးဆုံးသမီး ဖြစ်လို့ မိဘတွေက နိုင်ငံရေးလုပ်ဖို့ ခွင့်မပြုတဲ့ကြားက အိမ်ကနေခိုးထွက်ကာ သပိတ်စစ်ကြောင်းတွေမှာ လိုက်ပါနေသူ ဖြစ်ပါတယ်။
အတန်းပညာဆယ်တန်းအောင်ထားပေမယ့် စစ်အုပ်ချုပ်မှုအောက်မှာ တက္ကသိုလ်မတက်ဖို့ ဆုံးဖြတ်ထားသူပါ။
“ကျမတို့ မြေပြင်ထွက်ဆန္ဒပြတယ်ဆိုတာ အရမ်းလည်း အန္တရာယ်များပါတယ်။ အဖမ်းခံရရင်လည်း အမျိုးသမီး တွေအနေနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံရနိုင်တယ်။ ဒါပေမယ့် ကြောက်တယ်ဆိုပြီးထိုင်နေလို့မဖြစ်တော့ ဒီအနိုင်ကျင့်မှု တွေကို အားအဖြစ်ပြောင်းယူပြီး ထွက်လာကြတာ”လို့ မထားထားလှိုင်က ပြောပါတယ်။
ဆန္ဒပြအမျိုးသမီးတွေကို ဖမ်းဆီးရာမှာ အမျိုးသမီးရဲမေတွေမဟုတ်တာ၊ စစ်ကြောရေးမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအသားယူပြောဆိုကိုင်တွယ်တာ၊ အမျိုးသမီးတွေဂုဏ်သိက္ခာထိခိုက်စေတဲ့ စစ်ဆေးမှုတွေနဲ့ လမ်းမတွေပေါ်မှာ လိင်ပိုင်းဆိုင်ရာလှောင်ပြောင်ပြောဆိုတာ၊ မဖွယ်မရာကိုင်တွယ်တာ၊ ထိန်းသိမ်းထားစဉ် လိင်ပိုင်းဆိုင်ရာ သိက္ခာကျအောင်ပြုမူနေထိုင်ခိုင်းတာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေ ဖြစ်ပွားခဲ့တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကတော့ “လိင်ပိုင်းဆိုင်ရာ စော်ကားဆိုတဲ့ကိစ္စကို အစီရင်ခံတဲ့ဟာတွေ ကျနော်တို့ သတင်းရရှိတယ်။ ဒါမဲ့ အခက်အခဲက ဒါမျိုးကြုံတွေ့တဲ့ အမျိုးသမီးကိုယ်တိုင်က ပြောကြားပေမယ့် ဒါကိုအများသိအောင် မပြောချင်တဲ့ ကိစ္စရယ်၊ နောက်ကြုံခဲ့သည့်တိုင်အောင် အရှက်တရားနဲ့ အကြောက်တရားကြောင့် ဒီကိစ္စကို ပြောဖို့တွန့်ဆုတ်နေတဲ့ ဟာတွေ အများကြီးကြုံတွေ့ရပါတယ်”လို့ ပြောပါတယ်။
အခုလိုထောင်တွင်းလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေက တကယ်ဖြစ်နေတယ်ဆိုပေမယ့် တကယ်တမ်း ဒါကိုတင်ပြ ပြောဆိုနိုင်မယ့်သူနဲ့ ဒါနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်ဖို့ မားမားမတ်မတ်လုပ်ဆောင်နိုင်မယ့်အပိုင်းမှာတော့ အားနည်းနေသေးတယ်လို့ ဝန်ကြီးက ရှင်းပြပါတယ်။
ဒါရဲ့အကျိုးဆက်က စစ်အုပ်ချုပ်မှုအောက်မှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှုတွေက ပိုဆိုးလာ နိုင်တဲ့အနေအထားရှိနေပြီး အကြောင်းကတော့ အခုလိုအနိုင်ကျင့်ခံနေရဲ့သားနဲ့ မတိုင်ကြားနိုင်ဘူး။ တိုင်ကြားမှု မလုပ်ဘူးဆိုရင် ကျူးလွန်တဲ့သူက ပိုပြီးလက်ရဲဇက်ရဲ ဖြစ်လာမယ်လို့ ဝန်ကြီးက ထောက်ပြပါတယ်။
သို့ပေမဲ့ အမျိုးသမီးတယောက်ကို ထောင်ထဲမှာပဲဖြစ်ဖြစ်၊ စစ်ကြောရေးစခန်းမှာပဲဖြစ်ဖြစ်၊ ပြင်ပမှာပဲဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာစော်ကားရင်တော့ ကျနော်တို့မြန်မာနိုင်ငံမှာရှိပြီးသား ရာဇသတ်ကြီးပုဒ်မနဲ့ အရေးယူလို့ရပါ တယ်။
ဒါပြည်တွင်းဥပဒေအရ ပြန်အရေးယူနိုင်သလို နိုင်ငံတကာမှာသတ်မှတ်ထားတဲ့ အမျိုးသမီးများအကြမ်းဖက်မှု ဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့လုပ်ထုံးလုပ်နည်းအရ ပြစ်တင်ရှုံ့ချ၊ ဒါနဲ့ပတ်သက်ပြီး အရေးယူဆောင်မှုတွေ လုပ်ဆောင်နိုင်ပါတယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းကတော့ ဆက်ပြောပါတယ်။
အခုလိုတွေ အမျိုးသမီးတွေပေါ်မှာ အနိုင်ကျင့်မှုတွေရှိနေရဲ့သားနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအောက်က အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက တစုံတရာလုပ်ဆောင်မှုမရှိတဲ့အပေါ်မှာ အမျိုးသမီးတွေအနေနဲ့ အားမလိုအားမရဖြစ်နေကြပါတယ်။
ထောင်ထဲက သူငယ်ချင်းတချို့ စစ်ကြောရေးတွေမှာ၊ ထောင်ထဲမှာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်တာတွေ ရှိနေတယ်လို့ ပြောဆိုနေပေမယ့် အမျိုးသမီးဝန်ကြီးဌာနက ဒါနဲ့ပတ်သက်လို့ တစုံတရာပြောတာ၊ ထုတ်ပြန်တာမရှိတဲ့အတွက် အားမရဘူးလို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတယောက်က ထောက်ပြပါတယ်။
“အမျိုးသမီးဝန်ကြီးဌာနဖွဲ့ထားတာ သုံးလကျော်အတွင်းမှာ ထုတ်ပြန်ချက်တစောင်ပဲထုတ်တယ်။ ဒီလိင်ကိစ္စနဲ့ ပတ်သက်လို့ပေါ့။ ကျမတို့ဖြစ်စေချင်တာက ဒီအပေါ်မှာသူတို့အင်တိုက်အားတိုက်ဘယ်လိုလုပ်နေတယ်ဆိုတာမျိုး ဥပမာဘယ်မှာဘယ်လိုပုံစံမျိုးကျူးလွန်ခံနေရတယ်။ စုံစမ်းစစ်ဆေးနေတယ်ဆိုရင်လည်း ဘယ်အခြေအနေရောက်ပြီပေါ့။ မရဘူးဆိုလည်း ကျမတို့လည်းနားလည်ပါတယ်။ ဒါပေမဲ့တခုခုတော့ ပြောပေးနေစေချင်တာပေါ့။ အဲ့လိုလုပ်ပေးတာမြင်ရင် မပြောချင်တဲ့သူတောင် အားတက်ပြီး ပြောချင်လာမှာလေ”လို့ သူက ပြောပါတယ်။
အမျိုးသမီးရေးရာဝန်ကြီးဌာနကို ဧပြီလ ၁၆ ရက်မှာဖွဲ့စည်းခဲ့ပြီးနောက် ဧပြီလ ၂၉ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခံများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပေါ် ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးခြင်းဆိုတဲ့ ထုတ်ပြန်ချက်တစောင် ထုတ်ပြီးနောက်ပိုင်းမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ထပ်မံအသိပေးထုတ်ပြန်တာ မရှိတော့ဘဲ စကားဝိုင်းဆွေးနွေးပွဲ တွေ၊ နိုင်ငံတကာနဲ့ဆက်သွယ်နေတာ၊ စစ်ရှောင်စခန်းတွေမှာလှူဒါန်းတာတွေနဲ့ ကိုဗစ်ကာကွယ်ရေးစတာတွေပဲ လုပ်နေတယ်လို့ အမျိုးသမီးအများစုက ထောက်ပြကြပါတယ်။
မေလ ၃ ရက်မှာတော့ ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုးက မြန်မာနိုင်ငံက(CEDAW)လို့ခေါ်တဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအသိအမှတ်ပြုအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်လို့ ဆိုပါတယ်။
“ကျမတို့နိုင်ငံက ဒီလက်မှတ်ထိုးကတည်းကိုက အမျိုးသမီးများအပေါ်မခွဲခြား၊ မဆက်ဆံဘူး၊ လိင်ပိုင်းဆိုင်ရာ အကြမ်း မဖက်ဘူး။ ကျားမခွဲခြားမှုအပေါ်မှာမူတည်ပြီး ညှင်းပန်းနှိပ်စက်မှုမပြုဘူးဆိုပြီး ကတိကဝတ်ပြုထားပြီး ဖြစ်ပါတယ်။ အဲဒီကတိကဝတ်တွေကို စစ်ကောင်စီက ချိုးဖောက်နေတာဖြစ်ပါတယ်”လို့တော့ ပြောခဲ့ပါတယ်။
အခုဆိုရင် စစ်အာဏာသိမ်းလိုက်တဲ့ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ ဖမ်းဆီးခံထားရတဲ့အမျိုးသမီးဦးရေ တထောင်ကျော်ရှိပြီး အယောက်ခြောက်ဆယ်ကျော်သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့စုဆောင်းထားတဲ့စာရင်းတွေအရ သိရပါတယ်။
အမျိုးသမီးတွေကို ဖမ်းဆီးနှိပ်စက်မှုတွေလုပ်နေပေမယ့်လို့ အမျိုးသမီးတွေဦးဆောင်တဲ့သပိတ်စစ်ကြောင်းတွေ ကတော့ ထွက်ရှိနေဆဲပါပဲ။ ဒီအမျိုးသမီးတွေဟာ စစ်အာဏာရှင်ရဲ့အကြမ်းဖက်နှိပ်စက်ညှင်းပန်းမှုအောက်မှာ ကြောက်ရွံ့ ငြိမ်ဝပ်သွားမယ့်သူတွေ မဟုတ်တဲ့အတွက် ဒီတိုက်ပွဲမှာ အမျိုးသမီးတွေပါမှ အနိုင်ရမှာပါ။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် လူအမြောက်အများကျဆုံးခဲ့ရသလို ကူးစက်မြန် ကိုဗစ်ရောဂါဝင်လာတော့ ပြည်သူတွေထပ်မံသေဆုံးကြရပြန်တာတော့ တော်လှန်ရေးရဲ့အနာဂတ်ဟာ ခက်ခဲလို့ နေပါတယ်။
“ကျမတို့ လိုချင်တာက စစ်မှန်တဲ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ပြည့်ပြည့်ဝဝရဖို့ အဲဒါကျမတို့ရဲ့ ပန်းတိုင်ပဲ။ ကြောက်မနေတော့ဘူး လာမယ့်ဘေးပြေးတွေ့ဖို့ပဲ စဉ်းစားထားတယ်”လို့ မခင်မိုးဦးက လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ပြောပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021