Home ဆောင်းပါး ပျောက်ဖို့ခက်တဲ့ ဒါဏ်ရာတွေ

ပျောက်ဖို့ခက်တဲ့ ဒါဏ်ရာတွေ

ခိုင်ရီ။ ။

ဖခင်ဖြစ်သူက အမျိုးသမီးတစ်ယောက်ကို အိမ်ခေါ်လာပြီး “ဒါဟာအမေအသစ်”လို့ မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာ မမိုးမိုး သူအတွက်တော့ အပျော်ဆုံးအချိန်ပါပဲ။ အသက် လေးနှစ်အရွယ်ကတည်းက အမေနဲ့ခွဲရတဲ့သူ့အတွက် အမေအသစ်ရလို့ ပျော်ရတာမျိုးတော့ မဟုတ်ပါဘူး။

သူ့အသက် ခြောက်နှစ်အရွယ်ကတည်းက သူ့အဖေရဲ့ ညစဉ်လိုလို အရက်မူး ထိုးကြိတ်ရိုက်နှက်ပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်ခြင်းခံရတဲ့ ဝဋ်ကကျွတ်ပြီဆိုတဲ့ အတွေးနဲ့ ပျော်ရွှင်ခဲ့တာပါ။

“ မိထွေးရလို့ပျော်တာ ကျမတစ်ယောက်ပဲရှိမယ်ထင်ပါတယ်။ ငါတော့ ဒီလိုထိတ်တလန့်လန့် ညဆိုးတွေကနေ လွတ်ပြီ ဆိုပြီး ပျော်လိုက်ရတာဆိုတာလေ။ အဲဒီနောက်ပိုင်း သူ ကျမကို အဓမ္မမကျင့်တော့ဘူး” လို့ မမိုးမိုးသူက ဆိုတယ်။

သူဟာ ဘဝတစ်လျှောက်လုံး စိတ်ဒဏ်ရာတွေနဲ့ နေထိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ သူ့ဘဝတစ်သက်တာ လုံး ထမ်းပိုးလာခဲ့တဲ့ လေးလံတဲ့ အရာကြီးဖြစ်ပါတယ်။

လူမမယ် ငယ်စဉ်ဘဝတကည်းက အမျိုးမျိုးသော ကိုယ်ထိလက်ရောက်နှိပ်စက်မှုတွေ၊ လူမဆန်တဲ့အပြုအမူတွေ ကျူးလွန် ခံခဲ့ရသူတစ်ယောက်အနေနဲ့ အပျိုပေါက်အရွယ်ရောက်လာတော့ အိမ်နဲ့ဝေးရာမှာ တစ်ယောက်တည်း ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်တည်ပြီး စိတ်ဒဏ်ရာတွေနဲ့ အကြိမ်ကြိမ်လဲပြိုခဲ့ရတယ်။ ကြိုးစားအသက်ရှင်ခဲ့ရတယ်လို့ မမိုးမိုးသူက ရင်ဖွင့် တယ်။

“ ဒီအကြောင်းကို ကျမတစ်ယောက်လွဲပြီး တခြားဘယ်သူမှမသိဘဲ သေတဲ့အထိယူသွားဖို့ ဆုံးဖြတ်ထားခဲ့တာပါ၊ ဘာလို့လဲ ဆိုတော့ အကြိမ်ကြိမ် အဓမ္မစော်ကားခဲ့သူက ကျမအဖေအရင်းကိုယ်တိုင်ဖြစ်နေလို့ပဲ” လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ သူ့ဘဝတစ်လျှောက်လုံး လေးလေးလံလံထမ်းပိုးလာရတဲ့ ဒီအကြောင်းအရာတွေကို လူမှုကွန်ရက်ဖေ့ဘွတ်ခ် စာမျက်နှာပေါ်မှာ နာမည်ဝှက်နဲ့ရင်ဖွင့်ခွင့်ရခဲ့ပါတယ်။ ဒါဟာ သူ့အတွက် စိတ်သက်သာရာ ထွက်ပေါက်တစ်ခုဖြစ်လာခဲ့ တယ်။ ဒီစာတစ်ပုဒ်ကို တင်ခဲ့တဲ့နောက်ပိုင်း တစ်ယောက်ချင်းစီရဲ့ နှစ်သိမ့်အားပေးမှုတွေရခဲ့တဲ့အတွက် ဘဝမှာတစ်ခါမှ မရှိခဲ့ဖူးတဲ့ သတ္တိနဲ့ခွန်အားတွေကို ပထမဆုံးရလိုက်တယ်လို့ သူကဆိုပါတယ်။

ပြီးတော့ “ဒီစာကို တကယ့်ဖခင်မေတ္တာနဲ့ချစ်ကြတဲ့ အဖေတွေမြင်သွားမှာအားနာမိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

သူ့အကြောင်းကို သေချာမသိတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကတော့ အဖေဖြစ်သူ ဘယ်လောက်ဆိုးဆိုး အဖေဟာ အဖေပဲ၊ သားသမီးတစ်ယောက်အနေနဲ့ ပြန်ကြည့်ရမှာပဲလို့ အပြစ်တင်ဝေဖန်ကြပေမယ့် သူ့အတွက်တော့ အဖေကို မြင်တိုင်း ရွံမုန်းတဲ့စိတ်ပဲဖြစ်နေမိတယ်လို့ဆိုတယ်။

သူ့အဖေဟာ နောက်အိမ်ထောင်နဲ့ ကလေးသုံးယောက်ရပြီး မိန်းမပေါ်မှာရော၊ သားသမီးတွေအပေါ်မှာပါ နှစ်ရှည်လများ ညှင်းပန်းနှိပ်စက်တာတွေကြောင့် အားလုံးက သူ့ကိုစွန့်ပစ်သွားခဲ့တဲ့နောက်မှာ သူ့အဖေဟာ ကျန်းမာရေးမကောင်းဘဲ သူ့ဆီ ကို ရောက်လာခဲ့ပါတယ်။ မမိုးမိုးသူဟာ ဖခင်အပေါ် သေရာပါစိတ်ဒဏ်ရာနဲ့အတူ မုန်းတီးနေပေမယ့်၊ ကျေးဇူးတရား ဆိုတာ အစအနတောင် မရှိခဲ့ပေမယ့် သူ့ကြောင့်လူဖြစ်လာရတာဆိုတဲ့စိတ်နဲ့ ကျေးဇူးဆပ်တဲ့စိတ်ကို အားတင်းမွေးပြီး အစားအသောက်ကအစ ကောင်းစွာကျွေးမွေး စောင့်ရှောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုပဲ မမိုးမိုးသူရဲ့ ညတာရှည်လျှားလွန်းတဲ့ ငယ်ဘဝအဖြစ်မှန်ဇာတ်လမ်းကို ထုတ်ဖော်ရင်ဖွင့်လိုက်တဲ့ စာတစ်ပိုဒ်ဟာ ကိုယ်တွေ့ကြုံဖူးပြီး စိတ်ဒဏ်ရာတွေကို ဘဝတစ်လျှောက်လုံး လျို့ဝှက်သယ်ဆောင်လာခဲ့တဲ့ ကျန်အမျိုးသမီးတွေအတွက် ခွန်အားတွေဖြစ်စေခဲ့ပါတယ်။

ငယ်ရွယ်နုနယ်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ဖို့ မလွယ်ကူသေးတဲ့အရွယ်တွေကို အခုလို လိင်ပိုင်းဆိုင်ရာ မတော်မတရားကျူးလွန်ကြသူတွေဟာ ထင်မှတ်မထားလောက်တဲ့သူတွေဖြစ်ကြပြီး၊ မိဘရင်း၊ အစ်ကိုအရင်း၊ ဦးကြီး ဦးလေးအရင်း၊ ခဲအို၊ ယောက္ခမ၊ ဘေးအိမ်က ကလေးချစ်တဲ့အဘိုးကြီး၊ ဗမာဆေးဆရာ၊ ဗေဒင်ဆရာ၊ ကျောင်းစာ သင်ကြားပေးတဲ့ ဆရာသမား၊ သြဇာတိက္ကမကြီးမားတဲ့ ထေကြီးဝါကြီးဘုန်းကြီးတွေ၊ မိဘမဲ့ကလေးတွေကို ကျွေးမွေး စောင့် ရှောက်ထားတဲ့ ဘုန်းတော်ကြီးတွေ စတဲ့ထင်မှတ်မထားရလောက်တဲ့လူတွေ ပါဝင်နေတာကို အမျိုးသမီးတွေရဲ့ ရင်ဖွင့်သံ တွေထဲမှာ တွေ့ရပါတယ်။

“ အဲလိုကြုံဖူးတဲ့အခါ မိန်းမဖြစ်ရတဲ့ ကိုယ့်ကိုယ်ကိုမုန်းတယ်၊ လုပ်တဲ့သူတွေကိုမုန်းတယ်၊ ပြီးတော့ လုပ်တဲ့ယောက်ျား တွေကို မုန်းမိလာတော့ ကိုယ့်ရည်းစား၊ ကိုယ့်ချစ်သူ၊ ကိုယ့်ယောက်ျားက ကြည့်တာ၊ ထိတာ၊ မြူတာကိုတောင် တဏှာရူး လို့မြင်တဲ့အထိ စိတ်ကိုပြင်မရခဲ့ဘူး” လို့ ငယ်စဉ်ဘဝမှာ လိင်ပိုင်းဆိုင်ရာ သုံးကြိမ်ထက်မနည်း စော်ကားခံရဖူးတဲ့ မမို့မို့လွင် (အမည်လွဲ)က သူ့စိတ်ဒဏ်ရာကို ဖွင့်ဟပါတယ်။

ဒီလို ငယ်ဘဝအိပ်မက်ဆိုးတွေကို တစ်ချို့က အမည်အရင်းနဲ့ ထုတ်ဖော်ပြောကြပေမယ့် အများစုကတော့ အကြောင်းအရာ ကိုသာ ပြောပြလိုပြီး သူက ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ဖွင့်ပြောဖို့ ခွန်အားမရှိကြပါဘူး။ တချို့က အကြောင်းအရာ တွေကို ပြန်ပြောင်းပြောပြဖို့အတွက်တောင် ခွန်အားမရှိကြပါဘူး။

မဖူးဖူး(အမည်လွှဲ)ဆိုရင် သူ့အသက် ၁၈ နှစ်ဝန်းကျင်မှာ ဖခင်အရင်းရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုကို စတင်ခံခဲ့ရ တာပါ။

“ကျမအဖေရော၊ အမေ့ကို အတွင်းစိတ်တစ်နေရာကနေ ခုထိမုန်းပါတယ်၊ တစ်သက်လုံး သေတဲ့အထိ မုန်းနေမိမယ်ထင် တယ်” လို့ သူက သူ့ဘဝတစ်လျှောက် မြိုသိပ်ခဲ့ရတဲ့ သူ့ရဲ့ စိတ်ဒဏ်ရာကို ဖွင့်ဟတယ်။

အဖေရဲ့ကာကွယ်စောင့်ရှောက်မှုအောက်မှာ လုံခြုံနေရမယ့် အသက်၁၈နှစ်ဝန်းကျင် မိန်းမပျိုလေးတစ်ယောက်ဖြစ်တဲ့ မဖူးဖူးဟာ အိပ်ခန်းသပ်သပ်မရှိဘဲ မိဘတွေအိပ်တဲ့ခြေရင်းဘက်မှာ အိပ်ရပါတယ်။ တစ်ညမှာ သူ့ရဲ့ရင်ဘတ်ကို တစ် ယောက်ယောက်လာကိုင်နေတာကို သတိထားမိပြီး လန့်နိုးလာခဲ့တယ်။ အဲဒီလူဟာ ချက်ချင်းပဲ ထွက်ပြေးသွားတယ်။ သူခိုး လား၊ ဘယ်သူဘယ်ဝါလဲသူမသိသလို မိဘတွေကိုလည်းပြောပြရကောင်းမှန်းမသိဘဲ နောက်ရက်တွေမှာ သတိနဲ့နေခဲ့ တယ်။

နောက်ရက်မှာလည်း အဲဒီလူဟာ သူ့ကိုလာထိပြန်ပါတယ်။ သူ ချက်ချင်းပဲနိုးလာပြီး အဲဒီလူဟာ သူ့အဖေအရင်းဖြစ်နေမှန်း သတိထားမိခဲ့တယ်။ သူ့အဖေက သူ့ကို ဘာကြောင့် ဒီလိုလာလုပ်သလဲဆိုတဲ့ မေးခွန်းပဲ မေးနေမိပြီး အဲဒီအခြေအနေကို ဘယ်လိုတုန့်ပြန်ရမယ်မှန်းမသိသလို မိခင်ကိုလည်း မပြောပြရဲခဲ့ဘူး။

ပိုအတင့်ရဲလာတဲ့ သူ့အဖေဟာ တတိယမြောက်နေ့မှာ မဖူးဖူးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ကိုယ်ထိလက်ရောက် ပွတ်သပ် တာ၊ ထိတွေ့တာတွေ ကျူးလွန်ပါတော့တယ်။ ငယ်စဉ်ကတည်းက ဖခင်ကို ကြောက်ရွံ့ကြီးပြင်းခဲ့ရတဲ့အတွက် အသံ မထွက်ဘဲ မလှုပ်ရဲ၊ မအော်ရဲ ခဲ့ဘူး။ အဲဒီအခိုက်အတန့်ဟာ သူ့အတွက် ငရဲကျနေသလိုပဲလို့ မဖူးဖူးက ဆိုပါတယ်။

အဲဒီအချိန်မှာ မိခင်ဖြစ်သူ အိပ်ယာကနိုးလာပြီး သိသွားခဲ့ပေမယ့် အဖေကို ပြောဆိုမေးမြန်းတာမျိုး ဘာတစ်ခုမှ မကြားခဲ့ ရဘူးလို့ သူက ဆိုပါတယ်။

“ နောက်ရက်တွေမှာတော့ အမေကကျမကိုမကြည်တော့ပါဘူး၊ ဘာမဟုတ်တဲ့အကြောင်းအရာနဲ့လည်း ကျမကို စောင်း မြောင်းဆဲဆိုနေတယ်၊ အမေ့ကို ဖွင့်ပြောချင်ပေမယ့် ကျမကိုအလိုတူ အလိုပါလို့ထင်နေပုံရတယ်၊ ကိုယ့်ကိုယ်ကို အပြစ်ရှိ သလို ခံစားနေရတဲ့စိတ်နဲ့ အိမ်မှာလည်းမပျော်တော့ဘူး” လို့ မဖူးဖူးက ပြောပါတယ်။

အပြင်ခိုးထွက်တာတွေ၊ ဆေးလိပ်ခိုးသောက်တာတွေ လုပ်ခဲ့သလို၊ မိခင်ဖြစ်သူနဲ့ စကားအခြေအတင်တွေဖြစ်ပြီး အိပ်ဆေး အလွန်အကျွံသောက်တာတွေလုပ်ခဲ့ပေမယ့် မဖူးဖူးတစ်ယောက် မသေခဲ့ပါဘူး။ အဲဒီအချိန်မှာ သူ့ကို သဘောကျနေတဲ့ လူတစ်ယောက်နဲ့ သူ့အမေကိုယ်တိုင်က အောင်သွယ်ပေးပြီး လိုက်ပြေးခိုင်းခဲ့ပါတယ်။

အိမ်မှာမနေရရင် လွတ်ပြီဆိုတဲ့စိတ်နဲ့ ခိုးရာလိုက်ပြေးခဲ့ပေမယ့် အချစ်တွေ၊ အိမ်ထောင်ရေးတွေကို နားမလည်ဘဲ ကျခဲ့တဲ့ အိမ်ထောင်ဖြစ်လို့ အဆင်မပြေမှုတွေနဲ့အတူ ကွဲကွာခဲ့ရတယ်။ နောက်ပိုင်းမှာ သူ့အဖေဆုံးသွားပြီဆိုတာသိပေမယ့် မဖူးဖူး တစ်ယောက် အိမ်ကို ဘယ်တော့မှ မပြန်ဖြစ်ခဲ့တော့ဘူးလို့ ဆိုပါတယ်။

ဒါကတော့ ဖခင်အရင်းဆီမှာ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခံရသလို၊ မိခင်ဆီကလည်း အကူအညီမရခဲ့တဲ့ ဒီလိုအဖြစ် အပျက်တွေကို ထုတ်ဖော်ရင်ဖွင့်ဖို့ဆိုတာ မဖူးဖူးရဲ့ ဘဝတစ်လျှောက်လုံး မဖြစ်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် တစ်နေ့မှာ လူမှုကွန်ရက်စာမျက်နှာပေါ်က သတ္တိရှိတဲ့အမျိုးသမီးတစ်ယောက်ရဲ့ စာတစ်ပိုဒ်ဟာ သူ့အတွက် ခွန်အား ဖြစ်စေခဲ့ပါတယ်။ တစ်သက်လုံး လျှို့ဝှက်ထားခဲ့တဲ့ ငယ်ဘဝ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု အတွေ့အကြုံကို အမည်ဝှက်နဲ့ ရင်ဖွင့်ဖို့ တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတော့တယ်။

မမိုးမိုးသူနဲ့ မဖူးဖူးလို မိဘအရင်းဆီမှာ အိမ်တွင်းအကြမ်းဖက်ခံခဲ့ရသလိုပဲ လူတကာလေးစားရတဲ့ ဆရာသမားတစ်ယောက် ရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုကို အကြိမ်ကြိမ် ကြုံခဲ့ဖူးတဲ့ မသူဇာလွင်ကလည်း သူ့တစ်သက်တာလုံး သိမ်းဆည်း ထားခဲ့တဲ့ စိတ်ဒဏ်ရာကို ရင်ဖွင့်ပါတယ်။

သူ အလယ်တန်းကျောင်းသူအရွယ်က ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံကပေးတဲ့ စိတ်ဒဏ်ရာဟာ အခု မူကြိုအရွယ်သမီးလေး ရတဲ့အထိ မပျောက်ပျက်နိုင်အောင် ရှိနေဆဲဖြစ်ပါတယ်။

“ အခု ကျမရဲ့စိတ္တဇက ဘာဖြစ်နေသလဲဆိုရင် သမီးလေးကို သူ့အဖေတွေ၊ သူ့အဖိုးတွေနဲ့တောင် နှစ်ယောက်တည်း စိတ် မချဘူး၊ သမီးကို သူတို့နားမကပ်ခိုင်းမိတာတွေ၊ တစ်ခုခုလုပ်လိုက်လေမလားဆိုပြီး တွေးပူတာတွေဖြစ်နေတယ်၊ ကိုယ့်တုန်း ကလို ပြန်မပြောပြရဲဘဲ ကြိတ်မှိတ်ခံစားနေမှာကို အရမ်းစိုးရိမ်လွန်နေတယ်” လို့ မသူဇာက ပြောပြပါတယ်။

အသက် ၁၀နှစ်ဝန်းကျင်အရွယ်တုန်းက အဒေါ်ရဲ့ယောက်ျားဖြစ်သူဆီမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရဖူးသူ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးကလည်း သူ့အတွေ့အကြုံကို အခုလို ရှင်းပြပါတယ်။

“ကိုယ်ကပဲအကြမ်းဖက်ခံရတယ်၊ကိုယ်ကပဲရှက်နေရတယ်၊ကိုယ်ကပဲကြောက်နေရတယ်၊ ကိုယ်ကပဲအပြစ်တင်ခံရတယ်”

အဒေါ်ယောင်္ကျားဆီမှာ စော်ကားခံရလို့ အဒေါ်ဖြစ်သူသိသွားတဲ့အခါမှာ သူ့ယောင်္ကျားကိုမြူဆွယ်လို့၊ ကိုယ်က အနေ အထိုင်မတတ်လို့ဆိုပြီး စွပ်စွဲအပြစ်တင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အသက် ၃၀ ကျော်အရွယ် အဲဒီအမျိုးသမီးက “ကျူးလွန်ခံရသူတွေကို တဖက်သတ်အပြစ်တင်နေတဲ့လူတွေကို ပြောချင် တာက ကျူးလွန်သူတွေဟာ သူတို့ရဲ့ မိနစ်ပိုင်းသာယာမှုအတွက်လုပ်ခဲ့တဲ့ လုပ်ရပ်ကို လွယ်လွယ်နဲ့မေ့ပစ်ပြီး ဘဝကို ပျော်ရွှင်စွာ ရှေ့ဆက်နိုင်ပေမယ့် ကျမတို့လို ကျူးလွန်ခံခဲ့ရသူတွေအနေနဲ့က သူတို့ပေးခဲ့တဲ့ စိတ်ဒဏ်ရာ ဝန်ထုတ်ဝန်ပိုး ကြီးကိုထမ်းပြီး ဘဝတစ်ခုလုံး နေရတာပါ” လို့ ပြောပါတယ်။

အမျိုးသမီးတစ်ချို့ဟာ သူတို့ငယ်စဉ်ဘဝမှာ ခံစားခဲ့ရတဲ့ ဒီလိုအဖြစ်အပျက်တွေကို ထုတ်ဖော်ပြောကြပေမယ့် ပတ်ဝန်းကျင် ရဲ့ ဝေဖန်ခံရမလား၊ အထင်အမြင်သေးစိတ်နဲ့ ခွဲခြားနှိမ်ချ ဆက်ဆံကြမလားဆိုတဲ့ အတွေးတွေက ခြောက်လှန့်နေကြတယ် လို့ ဆိုပါတယ်။

အထူးသဖြင့် ကျူးလွန်သူတွေက ဘာသာရေးခေါင်းဆောင်လိုမျိုး လူတွေအပေါ် သြဇာရှိတဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်း ဆိုသူတွေ၊ ဆရာသမားတွေ၊ လူတွေလေးစားအထင်ကြီးရတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေဖြစ်နေကြမယ်ဆိုရင် အဲဒီကျူးလွန် ခံရမှုအပေါ် ထုတ်ဖော်ဖွင့်ဟတဲ့အသံတွေက ကျူးလွန်ခံရသူကို အပြစ်တင် ဝေဖန်တတ်တဲ့ မြန်မာ့ဓလေ့အောက်မှာ မှေးမှိန် သွားစေပါတယ်။

ဒီလိုအဖြစ်မျိုးတွေနဲ့ပတ်သက်လို့ အထက်တန်းရှေ့နေဟောင်း အမျိုးသမီးတစ်ဦးကတော့ သူ့အလုပ်အတွေ့အကြုံအရ သူအမှုစစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်တွေထဲက ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု အဖြစ်အပျက် သုံးခုကို မမေ့နိုင်ဘဲ မှတ်မှတ်ရရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပထမဖြစ်ရပ်က အသက် ငါးနှစ်အရွယ် သမီးလေးတစ်ယောက်အကြောင်းဖြစ်ပြီး ဘေးအိမ်က အသက် ၄၃နှစ်အရွယ် ကလေး ထိန်းပေးနေကျ ပေါင်ချိန် ၂၃၀ရှိတဲ့ လူဝကြီးတယောက်က အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။ ကလေးငယ်ဟာ ကိုယ်တွင်းအင်္ဂါတွေ ကြေမွပျက်စီးပြီး နာကျင်မှုဒဏ်ကို ဆေးရုံပေါ်မှာ နှစ်ရက်တာခံစားခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

“ကျူးလွန်ခဲ့တဲ့ အဲဒီလူဟာ ထောင်ဒဏ်တစ်သက်တကျွန်း(အနှစ်၂၀)ချခံခဲ့ရပေမယ့် တစ်စက်မှ နောင်တရပုံမပြခဲ့သူမို့ ထပ် ကျူးလွန်မှာကို ၉၀ရာခိုင်နှုန်း စိတ်ပူရပါတယ်၊ နောက်လေးနှစ်ဆို ဒီလူလွတ်လာမှာပါ၊ ဒီကြားထဲ လွတ်ငြိမ်းချမ်းသာနဲ့ အပြင်ရောက်နေလောက်ပြီ” လို့ အထက်တန်းရှေ့နေအမျိုးသမီးက လွန်ခဲ့တဲ့ ၁၅နှစ်က သူ့အလုပ်အတွေ့အကြုံကို မျှဝေပါ တယ်။

ဒုတိယကလေးငယ်ကတော့ ခုနစ်နှစ်အရွယ်မိန်းကလေးတစ်ဦးပါ။ သူ့မိဘတွေက မနက်အာရုဏ်မတက်ခင် အိမ်က ထွက်ပြီး အကြော်ဆိုင်ရောင်းရပါတယ်။ အကြော်ရောင်းထွက်တဲ့ သူ့မိဘတွေဆီကို လူကြုံနဲ့ထမင်းဖြူပို့ပေးနိုင်ဖို့ အဲဒီ ကလေးငယ်က မနက် ၅နာရီတိုင်းထပြီး ထမင်းတစ်အိုးတည်ရပါတယ်။ ဟင်းတွေကိုတော့ အသက် ၁၇နှစ်အရွယ် အိမ်ထောင်ကျခါစ သူ့အစ်မအကြီးဆုံးက မိုးလင်းတဲ့အခါ ချက်ပြုတ်ပေးပါတယ်။

တစ်နေ့မှာ အသက် ခုနစ်နှစ်အရွယ်မိန်းကလေး ထမင်းချက်ပြုတ်နေတဲ့ မီးဖိုချောင်ထဲကို ခဲအိုဖြစ်သူဝင်လာပြီး အဓမ္မပြု ကျင့်ဖို့ ကြိုးစားပါတယ်။ ပါးစပ်ကို လက်နဲ့ဖိပိတ်ထားပေမယ့် သူ့အော်သံကြောင့် အစ်မဖြစ်သူနဲ့ အစ်ကိုအလတ်ဖြစ်သူတို့ နိုးလာပြီး ပြီးမြောက်မှုမရောက်ခဲ့ပေမယ့် ထိုးသွင်းမှုမြောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

“ အစ်မဖြစ်သူက ကလေးကိုရိုက်ပါတယ်၊ အမှုစစ်ချိန်မှာ ကလေးကမြူဆွယ်တာ၊ လိမ်တာဆိုပြီး သူ့ယောက်ျားအပြစ် မရှိ ကြောင်းထွက်ဆိုခဲ့လို့ ထောင် ခုနစ်နှစ်ပဲ ကျခဲ့တယ်”လို့ အထက်တန်းရှေ့နေ အမျိုးသမီးက ပြောပါတယ်။

နောက်ဆုံး တစ်ယောက်ကတော့ အသက် ၁၃နှစ်အရွယ် သမီးဖြစ်သူကို အသက် ၃၆နှစ်အရွယ် ဖခင်ဖြစ်သူက အဓမ္မ ပြုကျင့်ခဲ့တဲ့ အမှုဖြစ်ပါတယ်။ ကလေးသုံးနှစ်အရွယ်မှာ မိဘတွေအိမ်ထောင်ကွဲကြပြီး ၁၂နှစ်အရွယ်မှာ ပြန်ပေါင်းကြ ပါ တယ်။ သူတို့က ယာခင်းထဲမှာနေထိုင်ကြတယ်။ မိခင်ဖြစ်သူက စိုက်ပျိုးရေးလုပ်ပြီး မနက် ၄နာရီမထိုးခင် အိမ်ကထွက်၊ ကုန်စိမ်းရောင်းပါတယ်။ ဖခင်ဖြစ်သူက ချောင်းထဲမှာ လှေနဲ့ငါးဖမ်းတယ်။ မိခင်ဖြစ်သူ ဈေးရောင်းထွက်သွားချိန်မှာ အိမ်မှာ သားအဖ နှစ်ယောက်ပဲ ကျန်ခဲ့ကြပါတယ်။

တစ်ညနေမှာတော့ အရက်မူးနေတဲ့ အဖေက အမေဖြစ်သူကို သတ်ဖြတ်မယ်ဆိုပြီး ရိုက်နှက်ကာ၊ မိခင်ရှေ့မှာပဲ ကလေးကို ဓားထောက်ပြီး အဓမ္မ ပြုကျင့်ခဲ့ပါတယ်။ ယောက်ျားရိုက်နှက်ထားလို့ ဒဏ်ရာပရပွဖြစ်နေတဲ့ မိခင်ဟာ ညကြီးအချိန်မတော် လမ်းလျှောက်ပြီး ရပ်ကွက်ရုံးကို သွားတိုင်ပါတယ်။

“ တရားခံက တရားခွင်မှာ သူ့မှာအပြစ်မရှိဘူး၊ ကလေးကသူနဲ့အဝေးမှာအနေကြာလို့ သမီးအဖြစ်မသတ်မှတ်ဘူး၊ သူ့အိမ် မှာ သူကျွေးထားလို့သူပိုင်တယ်၊ လုပ်ချင်ရာလုပ်လို့ရတယ်တဲ့၊ ထောင် ခုနစ်နှစ်ပဲကျပါတယ်၊ ကျူးလွန်ခံရသူ မသေရင် ထောင် ခုနစ်နှစ်ပါ၊ သေမှ အများဆုံး အနှစ် ၂၀ပါ၊ လွတ်ငြိမ်းချမ်းသာနဲ့ကြုံရင် လူ့အသိုင်းအဝိုင်းထဲကို မဖြစ်စလောက် အချိန်လေးနဲ့ ပြန်ဝင်လာကြမှာပါ” လို့ အထက်တန်းရှေ့နေဟောင်း အမျိုးသမီးက ပြောပါတယ်။

ခါးသီးလှတဲ့ အမျိုးမျိုးသော ငယ်ဘဝအတွေ့အကြုံတွေကို ရင်ဆိုင်ဖြတ်သန်းပြီး စိတ်ဒဏ်ရာတွေကိုပါ ဘဝတစ်လျှောက် ထမ်းပိုးလာခဲ့ရတဲ့အမျိုးသမီးတွေဟာ ဒါတွေကို ထုတ်ဖော်ရင်ဖွင့်တဲ့အခါမှာ တစ်ချို့ကဆိုရင် ဒီလိုဇာတ်လမ်းမျိုးတွေ တကယ်ရှိရဲ့လား၊ လုပ်ကြံလီဆယ်ပြောကြသလား၊ အဲဒီအချိန်တုန်းက ဘာလို့ငြိမ်ခံနေသလဲဆိုတဲ့ သံသယနဲ့ အပြစ် တင်မှု၊ တုန့်ပြန်မှုတွေကို ခံရပြန်ပါတယ်။

စိတ်ကျန်းမာရေးဆရာဝန်တွေရဲ့ အကြံပြုချက်အရ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတဲ့ကလေးငယ်တွေဟာ ကျူးလွန် ခံရအပြီး တစ်လအတွင်း ထုတ်ဖော်ပြောဆိုမယ်ဆိုရင် နောက်နောင် ကြုံတွေ့ရမယ့် စိတ်ကျရောဂါ ဖြစ်ပွားနိုင်ချေ တွေ့ရ တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ပတ်သက်ပြီး ကိုယ့်ကလေးငယ်တွေက ပြောပြလာခဲ့မယ်ဆိုရင် သူတို့ကို ယုံကြည် ပေးဖို့၊ အလေးထားပြီး သေချာနားထောင်ပေးဖို့ အကြံပြုကြပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းလွန်းတာကြောင့် တွေးကြည့်ချင်စရာမကောင်းသလို ဆွေးနွေးဖို့လည်း မလွယ်ကူလှပေမယ့် ဒီကိစ္စက အလွန်အရေးကြီးတဲ့အတွက် ကိုယ်တိုင်သေချာနားလည်ထားမှ ကိုယ့် ကလေးငယ်တွေကိုလည်း ဆောင်ရန် ရှောင်ရန်တွေပြောပြနိုင်မယ်၊ ဒီလိုအဖြစ်ဆိုးတွေက ကာကွယ်နိုင်မှာဖြစ်တယ်လို့ အကြံပြုထားပါတယ်။

အခုလို သူတို့အတိတ်တွေကို ထုတ်ဖော်ရင်ဖွင့်ကြတဲ့ အမျိုးသမီးတွေရဲ့ အဓိကရည်ရွယ်ချက်ကလည်း သူတို့ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ခါးသီးမှုမျိုးတွေကို အနာဂတ်ကလေးငယ်တွေ ထပ်မကြုံတွေ့ရဖို့လို့ဆိုပါတယ်။

အခုလိုထုတ်ဖော်ရင်ဖွင့်ကြသူတွေဟာ တရားဥပဒေရဲ့အကာအကွယ်ကို လုံးဝမရခဲ့သူပါသလို၊ ထိရောက်တဲ့ ကာကွယ် ပေးမှုမျိုး ရသင့်သလောက်မရခဲ့သူတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ အဲလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်း ကတော့မိသားစုဝင်တွေ၊ ဆွေမျိုးရင်းချာတွေက ကျူးလွန်ခဲ့တာတွေကြောင့် ဖြစ်တာကိုတွေ့ရပါတယ်။

ဥပဒေရေးရာ ကုစားရေးအဖွဲ့(မြန်မာ)ရဲ့ထုတ်ပြန်ချက်အရ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရတာနဲ့ ပတ် သက်ပြီး လာရောက်အကူအညီတောင်းခံမှုတွေထဲမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေ က အများဆုံးဖြစ်တယ်လို့ဆိုပါတယ်။

တိုင်တန်းမှုတွေထဲမှာမှ ၉၀ ရာခိုင်နှုန်းက မိသားစုဝင်၊ ဆွေမျိုးနီးစပ်တွေဖြစ်ကြတဲ့အတွက် ဥပဒေရဲ့ အကာအကွယ်ကို ရယူဖို့ တွန့်ဆုတ်နေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ကုသကာကွယ်မှုလည်း မရကြဘူးလို့ဆိုပါတယ်။

အသက်မပြည့်သေးသူတွေကို မုဒိန်းမှုကျူးလွန်ရင် ထောင်ဒဏ်အမြင့်ဆုံး အနှစ် ၂၀ထိ ချနိုင်တဲ့ ဥပဒေကို ပြောင်းလဲလိုက် ပေမယ့် ကျူးလွန်ခံရသူတွေအတွက်တော့ ဒီနေ့အထိ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုမရတာတွေက ရှိနေဆဲပါ။

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေအရ ဥပဒေအရ ထိထိရောက်ရောက် ပြည့်ဝစွာကာကွယ်ပေးဖို့ တာဝန်ရှိ သူတွေ ကိုယ်တိုင်က အမျိုးသမီးတွေ၊ ကလေးငယ်တွေအပေါ် ဥပဒေမဲ့ ကျူးလွန်တဲ့ အဖြစ်အပျက်တွေဟာ နိုင်ငံရဲ့နေရာ အနှံ့အပြားမှာ ရှိနေပါတယ်။

ဒီလိုအချိန်ကာလမျိုးမှာ မြန်မာ့လူ့အဖွဲ့အစည်းထဲက ပြည်သူအချင်းချင်းသာ ကာကွယ်ပေးရမယ့် အချိန်ဖြစ်တာကြောင့် ကျူးလွန်ခံရသူအပေါ် မြန်မာ့လူမှုပတ်ဝန်းကျင်ရဲ့ အပြစ်တင်ဝေဖန်တဲ့ အမြင်တွေကို ပြောင်းလဲဖို့ကလည်း လိုအပ်နေဆဲ ဖြစ်ပါတယ်။

ဒီလိုအမြင်တွေ ပြောင်းလဲခြင်းဟာ မမိုးမိုးသူ၊ မဖူးဖူးတို့လို ငယ်စဉ်ဘဝမှာ လိင်အမြတ်ထုတ်မှုသားကောင်ဖြစ်ခဲ့ရပြီး၊ စိတ် ဒဏ်ရာဝန်ထုတ်ဝန်ပိုးကြီးကို သယ်ဆောင်လာရတဲ့ ဒုက္ခဆင်းရဲခြင်းကနေ လျှော့ပါးသက်သာအောင် ကူနိုင်ဖေးမခြင်းပဲ ဖြစ် ပါတယ်။ လူတိုင်းကြုံတွေ့နိုင်တဲ့ အဖြစ်ဆိုးတွေရန်ကနေ နုနယ်ငယ်ရွယ်တဲ့ ကိုယ့်သားသမီးမျိုးဆက်တွေကို တစိတ် တပိုင်း ကယ်တင်ခြင်းပဲဖြစ်ပါတယ်။

Author:

Related Articles