ခင်ဘုန်းမို့
စစ်အာဏာသိမ်းရန်ကြိုးပမ်းတဲ့ဖြစ်စဉ်စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကနေ လက်ရှိ သုံးနှစ်ကျော်ကာလအထိ အာဏာသိမ်းမှုနောက်ဆက်တွဲအခြေအနေတွေဖြစ်တဲ့ သေကြေပျက်စီးမှုတွေ၊ ဝမ်းနည်းစရာ အဖြစ်အပျက်တွေ၊ ယူကြုံးမရမှုတွေ စတဲ့ဖြစ်စဉ်တွေဟာ နေ့စဉ်ဆက်တိုက်ဖြစ်ပွားနေပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်တာ၊ လျှပ်စစ်မီးမလုံလောက်တာ၊ ရေကြီးတာ၊ လုံခြုံမှုမရှိတာစတဲ့ နေ့စဉ်ဘဝရှင်သန်မှုတွေမှာလည်း အခက်အခဲစိန်ခေါ်မှုတွေနဲ့ ဒွန်တွဲနေထိုင်နေကြရပါတယ်။
ဒီလိုအခြေအနေတွေဟာ အမျိုးသမီးတွေရဲ့စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ၊ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုကျန်းမာအောင်နေထိုင်သင့်လဲ၊ စိတ်ထိခိုက်မှုတွေကို ဘယ်လိုကျော်လွှားသင့်လဲ ဆိုတာနဲ့ပတ်သက်ပြီး Jue Jue’s Safe Space ရဲ့ Founder ဖြစ်တဲ့ မဂျူးဂျူးမင်းသူနဲ့ HI ကဆက်သွယ်မေးမြန်းထားပါတယ်။
သူဟာ Hawaii ပြည်နယ်က Queen’s Hospital မှာ Social Worker တစ်ယောက်အနေနဲ့ နှလုံးအတွင်း လူနာဌာနမှာ တာဝန်ထမ်းဆောင်နေသလို University of Hawaii မှာလည်း တက္ကသိုလ်နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။
မေး။ ။စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုကအမျိုးသမီးထုရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုထိခိုက်မှုတွေဖြစ်စေတယ်လို့ သုံးသပ်ချင်ပါသလဲရှင့်။
ဖြေ။ ။အာဏာသိမ်းမှုက ကျွန်မတို့အမျိုးသမီးတွေကို ထိခိုက်နစ်နာမှုတွေအများကြီးရှိသလိုမျိုး ကျွန်မတို့ရဲ့ လုပ်ဆောင်နိုင်မှုတွေ၊ ဦးဆောင်နိုင်မှုတွေကိုလည်း အများကြီးတိုးတက်သွားစေပါတယ်။ ထိခိုက် နစ်နာမှုတွေကနေစပြီး ပြောရမယ်ဆိုရင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအရပွတ်တိုက်ပြီး ထိခိုက်နစ်နာ အောင်ပြောဆိုတာတွေ၊ အထူးသဖြင့် စစ်ကြောရေးတို့ ထောင်ထဲတွေမှာဆိုလည်း အမျိုးသမီးဖြစ်လို့ လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုတာထိပါးတာတွေလည်းရှိတယ်ပေါ့နော်။ဒီဟာနဲ့ပတ်သက်ပြီး အမျိုးသမီးတွေတော် တော်များများကစိတ် ထဲ မှာမကျေနပ်တာတွေ ဒေါသထွက်တာ မသထီတာတွေ၊ စိတ်ဒဏ်ရာတွေ၊ flashback တွေကိုယ့်ရဲ့ အဖြစ်အပျက်တွေကို ပြန်ပြီးမြင်ယောင်တာမြင်လာတိုင်း ခန္ဓာကိုယ်ကတုံ့ပြန်မှုတွေတစက်စက်တုန်တာ မကျေနပ်တာတွေဖြစ်လာတယ်ပေါ့နော်။ သို့သော်အဲ့ဒီဟာတွေရဲ့နောက်ပိုင်းမှာလည်း အမျိုးသမီးတွေကပိုပြီးတော့ ဦးဆောင်နိုင်မှုတွေ၊ ဒေါသကိုပြန်ပြီးတော့လောင်စာဆီအဖြစ်သုံးပြီးတော့ ပြန်လည်တိုက်ခိုက်တာတော်လှန်ရေးကာလမှာဆိုလည်း စစ်တမ်းတွေအရ တွေ့ရတာ ၆၅ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေရဲ့ပါဝင်ဦးဆောင်မှုကြောင့် တော်လှန်ရေးရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍကို ရောက်ရှိနေတယ်ပေါ့။ ကျွန်မတို့ကကောင်းတာရော ဆိုးတာရော နှစ်ခုစလုံးကို တစ်ချိန်ထဲမှာ ကျော်လွှားနေရတယ်။
မေး။ ။ပြည်တွင်းမှာကြုံတွေ့နေရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီးလုံလောက်စွာမရမှု၊ ရေဘေးသင့်မှု၊ လုယက်မှု၊မလုံခြုံမှု၊ စစ်ကောင်စီရဲ့မတရားဖမ်းဆီးမှု၊ စစ်မှုထမ်းဥပဒေအပေါ်စိုးရိမ်မှု စတဲ့ဖြစ်စဉ်တွေကြားမှာ ရှင်သန်နေရတဲ့ အမျိုးသမီးထုဟာ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုအခြေအနေတွေကြုံရနိုင်ပါသလဲရှင့်။
ဖြေ။ ။ဒီအခက်အခဲအကြပ်အတည်းတွေက ဘေးကြပ်နံကြပ်ဖြစ်စေတာပေါ့။ အခုလိုမျိုး ကုန်ဈေးနှုန်းကတတ်တယ်။ အိမ်မှာမီးကလည်း မလုံလောက်အလုပ်လုပ်ဖို့ကလည်း အဆင်မပြေ နောက်ပြီးတော့ လုယက်မှုတွေဖြစ်တာကြောင့် Physically (ရုပ်ပိုင်းဆိုင်ရာ)ရော mentally (စိတ်ပိုင်းဆိုင်ရာ)ရောနေရတာ safe မဖြစ်တော့ဘူး။ စိတ်ထဲမှာလည်း မလုံခြုံဘူး။ ရပ်ကွက်ပတ်ဝန်းကျင်ကလည်း မလုံခြုံတော့ဘူး။ ခိုးမှုတွေလည်းဖြစ်လာတယ်။ ဓါးပြတိုက်မှုတွေလည်း ဖြစ်လာပါ တယ်။ ဒါ့အပြင် လူငယ်အမျိုးသမီးတွေအတွက် စစ်မှုထမ်းဥပဒကလည်း ကြောက်ရပြန်တယ်ဆိုတော့ အဖက်ဖက်မှာ ကျီးလန့်စာစားရသလို ကြောက်ရွံ့နေရတဲ့အခါမှာဆိုရင် အမျိုးသမီးတွေအနေနဲ့ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ ကျွန်မတို့ရဲ့ Jue Jue’s safe Space မှာ ရင်လာဖွင့်ကြတယ်။ Volunteer လာလုပ်ကြတယ်။ နောက်ပြီးတော့ စိတ်ကျန်းမာရေးဆိုင်ရာသင်တန်းတွေ လာတက်ရင်းနဲ့ မိမိကိုယ်ကိုပြန်လည်ထူထောင်ဖို့အတွက် ကြိုးစားကြတာတွေ့ရတယ်။ ဒီလိုမျိုးဘေးကျပ်နံကျပ်ဖြစ်နေတဲ့အချိန်မှာဆိုရင် အထူးသဖြင့် အိမ်ထောင်သည်တွေဆိုရင် အမျိုးသမီးတွေက အိမ်ထောင်ဦးစီးဖြစ်သွားပြီး အိမ်ထောင့်တာဝန်ကို နှစ်ယောက်စာထမ်းရတဲ့အခါပိုပြီးတော့ ရင်မောရတာပေါ့နော်။ ပိုပြီးတော့ စိတ်ရောလူရောပင်ပန်းတယ်။ အထူးသဖြင့် စိတ်ရောလူရော ပင်ပန်းလာပြီးတော့ burn-out တွေ ဖြစ်လာကြတယ်။ မီးစာကုန်လာသလိုမျိုးတွေ ဖြစ်လာကြတယ်။ လူကအားနေရင် ပင်ပန်းနွမ်းနယ်နေတယ်။ ခန္ဓာကိုယ်ရော ကျန်းမာရေးရော ထိခိုက်လာတာတွေ့ရတယ်။ ပြောမယ်ဆိုရင် ကျွန်မတို့အမျိုးသမီးတွေက ခံနိုင်ရည်စွမ်းအားတော့ တော်တော်ကောင်းတယ်။ ပင်ပန်းနေတဲ့အခါမှာလည်း ဆက်ပြီးရုန်းနိုင်တဲ့ စွမ်းအင်တွေလည်း ရှိကြတယ်ဆိုတာကို တွေ့ ရတယ်။ လိုအပ်တဲ့အခါမှာလည်း ပိုပြီးတော့ ရင်ဖွင့်ဖို့ အမျိုးသားတွေထက် counselling service (ဆွေးနွေးတိုင်ပင်တဲ့ ဝန်ဆောင်မှု) တွေ mental health service(စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ ဝန်ဆောင်မှုတွေယူရမှာ လက်မတွန့်ကြဘူး။ အကူအညီလာယူကြတယ်။
မေး။ ။စစ်ဘေးရှောင်အမျိုးသမီးတွေ၊ နိုင်ငံရေးအကျဉ်းသူတွေ၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသမီး တွေစတဲ့အမျိုးသမီးထုအနေနဲ့ဘယ်လောက်ထိကြီးမားနက်ရှိုင်းတဲ့စိတ်ဒဏ်ရာတွေရှိနေနိုင်ပါသလဲရှင်။
ဖြေ။ ။ကျွန်မတို့ဆီမှာ counselling လာယူတဲ့အမျိုးသမီးတွေထဲမှာဆို အမျိုးသမီးငယ်တွေပိုပြီးများတယ်။ စစ်ကြောရေးကနေထွက်လာတဲ့အခါ ထောင်ထဲကနေထွက်လာတဲ့အခါမှာ သူတို့ရင်ဆိုင်ကြုံ တွေ့ရတဲ့ အထူးသဖြင့် မိန်းကလေးတွေဆိုရင် မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာကို လက်နက်အဖြစ်အသုံးပြုတယ်ပေါ့နော်။ မိန်းကလေးတွေကိုဆိုရင် ထိကပါးရိကပါးလုပ်တယ်။ ဟိုကိုင်ဒီကိုင်လုပ်တယ်။ ဟိုပွတ်ဒီပွတ်တွေ လုပ်တဲ့အခါမှာ အမျိုးသမီးငယ်တွေအတွက်စိတ်ထဲ မသတီဘူးပေါ့နော်။ သူတို့ ဒီလိုမျိုးအကိုင်ခံရတဲ့ အတွက်သူတို့ကို စစ်တပ်က ပိုပြီးတော့ သိမ်ငယ်သွားအောင် ကြောက်ရွံသွားအောင် သူတို့ကိုပြန်ပြီးမလှန်ရဲအောင် လိင်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်တဲ့ပုံစံမျိုးတွေနဲ့ သူတို့ကစစ်ကြောရေးမှာ ဒါကိုလက်နက်အဖြစ်အသုံးပြုတယ်။ အမျိုးသမီးတွေမှာ ဘာဖြစ်လဲဆိုတော့ ဒီလိုမျိုးအကြောင်းကိုပြန်ပြောလိုက်တာနဲ့ ခန္ဓာကိုယ်ကတုန်ခါလာတယ်။ ဒေါသတွေ ထွက်လာတယ်။ မျက်ရည်တောက်တောက်ကျလာတယ်။ ရင်တွေပူလာတယ်။ ဒီအကြောင်းတွေပြန်ပြောလိုက်တိုင်း၊ သတိရလိုက်တိုင်း ခန္ဓာကိုယ်ကတုံ့ပြန်မှုတွေရှိတယ်။ ခန္ဓာကိုယ်မှာက မှတ်ဉာဏ်တွေရှိတယ်လေ။ အဲ့တော့ အမျိုးသမီးငယ်လေးတွေပဲဖြစ်ဖြစ်၊ အမျိုးသမီးထုအနေနဲ့ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာအရထိခိုက်နစ်နာမှုတွေ ဖြစ်လာခဲ့တယ်ဆိုရင် အကောင်းဆုံးကတော့ ရင်ဖွင့်လာကြတယ်။ ကျွန်မတို့ဆီမှာရှိတဲ့ service တွေလာယူကြတယ်။ အဲ့အခါ သူတို့အနေနဲ့ တဖြေးဖြေးနဲ့ သက်သာလာတာကိုတွေ့ရတယ်။
မေး။ ။ဒါ့အပြင်တိုင်းပြည်အခြေအနေအရ လူအသေအပျောက်သတင်းတွေ၊ စစ်ပွဲသတင်းတွေနေ့စဉ် ကြားသိနေရတဲ့အခါ အဲ့ဒီအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိနိုင်ပါသလဲ။
ဖြေ။ ။ တော်တော်လေးကိုထိခိုက်နစ်နာမှုတွေရှိတယ်။ ဒါတွေကလေ စိတ်ကိုအနားကိုမပေးရဘူး။ တစ်ခုပြီး တစ်ခု၊ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်နေတာ ကျွန်မတို့ကိုယ်တိုင်တောင်မှ ဒီလိုမျိုးသတင်းဆိုးတွေ၊ ပြည်ပမှာနေရင်းနဲ့ သတင်းတွေ ဖတ်ရတဲ့အခါ တော်တော်လေးကို စိတ်ထိခိုက်ရတယ်။ အထူးသဖြင့် ဘုတလင်မှာဖြစ်တဲ့ ကိစ္စဆို နေလို့စားလို့တောင်မရဘူး။ မုန်းတီးတဲ့စိတ်တွေဖြစ်တယ်။ အထူးသဖြင့် ပြည်တွင်းထဲမှာ နေနေရတဲ့ သူတွေကတော့ အသက်ရှင်ရဖို့ပဲ ခေါင်းထဲမှာဖြစ်လာတယ်။ တစ်ခုခုကိုယ်က public (လူရှေ့)ထွက်ပြီးပြောလိုက်တယ်။ လုပ်လိုက်တယ် မကျေနပ်တဲ့ခံစားချက်ကို ဖော်ပြလိုက်တယ်ဆိုရင် ကိုယ့်အတွက် အသက်အန္တရာယ်ရှိတယ်ဆိုတာသိတဲ့အတွက် ရေငုံနှုတ်ပိတ်နေရတဲ့အခါတွေမှာ ပိုပြီးတော့ရင်ထဲမှာပူလောင်မှုတွေ မွန်းကြပ်မှုတွေ ဖြစ်လာတယ်။ အမျိုးသမီးတွေအပေါ်မှာ အများကြီးအကျိုးသက်ရောက်မှုရှိတယ်။ နေလို့ စားလို့မပျော်တော့ဘူး။ နေရတာမလုံခြုံဘူး။ သတိထားပြီးနေနေရတယ်။ တော်လှန်ရေးထဲမှာ အဆုံးထိတိုက်မယ်ဆိုပေမယ့်လည်း တစ်နေ့စာ တစ်နေ့ ရပ်တည်ဖို့အတွက်ပဲ သွားနေရတယ်ဆိုတာမျိုးကို ကျွန်မတို့ကို ပြန်ပြီးပြောပြကြပါတယ်။
မေး။ ။အမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေအနေနဲ့ ဘာတွေဖြစ်လာနိုင်ပါသလဲရှင့်။
ဖြေ။ ။ စိတ်ထောင်းကိုယ်ကြေဖြစ်သွားတာပေါ့။ ကိုယ့်ရဲ့စိတ်ပင်ပန်းမှုတွေကများလာတယ်။ အဖက်ဖက်က အကြပ်အတည်းတွေကိုရင်ဆိုင်နေရတယ်။ တခါတလေကျရင် ငါမနိုင်တော့ဘူးဆိုတဲ့ စိတ်ကြီးဖြစ်သွားပြီး မထူချင်မထချင်တော့ပဲ အိပ်ရာထဲမှာပဲလှဲချင်နေတာတွေ တခါတလေကျရင် ကိုယ့်ကိုကိုယ်ဂရုမစိုက်တော့ဘဲ self -neglect(မိမိကိုယ်ကို လစ်လျူရှုတာ) ဖြစ်သွားတယ်။ တချို့ကျတော့လည်း အရင်တုန်းက လှလှပပကျော့ကျော့ ရှင်းရှင်းနဲ့ skin care (အသားအရည်ထိန်းသိမ်း) ပြီး လှနေတဲ့အမျိုးသမီးတွေက အခုဆိုရင် သေမထူးနေမထူးတဲ့ ပုံစံတွေဖြစ်သွားတာပေါ့။ ကိုယ့်ကိုကိုယ် ဂရုမစိုက်တော့ဘူးဆိုရင် self-esteem (မိမိကိုယ်ကို တန်ဖိုးထားမှု)တွေ ကျလာတယ်။ ကိုယ့်ကိုကိုယ်မြင်တဲ့အမြင်တွေက ကျဆင်းလာတဲ့အခါမှာ depression (စိတ်ဓါတ်ကျ) လာတာတွေ၊ လူတောမတိုးတော့သလိုမျိုး ဖြစ်လာတာတွေ၊ ကိုယ်သွားနေကြလုပ်နေကြ အလုပ်တွေကရှောင်ဖယ်ပြီးတော့ အထူးသဖြင့် CDM အမျိုးသမီးတွေဆိုအရင်တုန်းကပေါင်းနေတဲ့သူတွေနဲ့ ပေါင်းလို့ မရတော့တာမျိုးတွေဆိုတော့ သူတို့ရဲ့ social support system လူမှုရေးအထောက်အပံ့စနစ်) ကလည်း ကျဉ်းလာတဲ့အခါကျတော့ အထူးသဖြင့် ကိုယ့်ရဲ့ ပေါင်းနေကြလူတွေနဲ့ပေါင်းလို့မရဘူး။ ကိုယ့်ရဲ့ identity(အထောက်အထား)ဖွက်ပြီးနေရတဲ့ အခြေအနေတွေမှာ လည်းရှိတယ်လေနော်။ အဲ့အခါတွေမှာဆိုရင် ပိုပြီးတော့ ရုပ်ပိုင်းဆိုင်ရာအရ ပြောင်းလဲသွားတာ၊ ပိန်သွားတာ၊ ရာသီတွေပုံမှန်မလာတာ၊ အိပ်ရေးပျက်လို့ ဦးနှောက်က မကြည်လင်တော့ဘဲ ဆုံးဖြတ်ချက်အမှားတွေနဲ့ ကိုယ့် ကိုကိုယ်ဒေါသပိုထွက်မိတာ၊ ကျွန်မတို့ရုပ်ပိုင်းဆိုင်ရာလို့ပြောရင် ဦးနှောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ဦးနှောက်ရဲ့အလုပ်လုပ်ပုံတွေကလည်း အကုန်လုံး Physical နဲ့ mental နဲ့ဆက်စပ်နေတော့၊ ကျွန်မတို့ အနေနဲ့ ဒါလေးတွေထည့်ပြီးတော့ စဉ်းစားသင့်တာပေါ့။
မေး။ ။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနဲ့ပတ်သက်ပြီး အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့မတူတဲ့ ဘယ်လိုသက်ရောက်မှုတွေရှိနိုင်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေမှာအမျိုးသားတွေနဲ့မတူညီတာက ကောင်းတဲ့အချက်တွေ လည်းရှိတယ်။ ထိခိုက်နစ်နာမှုတွေလည်းရှိတယ်။ အထူးသဖြင့်အမျိုးသမီးတွေမှာက ယဉ်ကျေးမှုအရလည်း ဖိနှိပ်ခံရတဲ့ဘဝကနေ တော်တော်များများကနေထိုင်နေရတုန်းပဲလေ၊ ဘယ်လောက်ပဲ အမျိုးသမီးအခန်းကဏ္ဍ မြင့်တက်လာတယ်ပဲပြောပြော အခုနောက်ပိုင်းဆိုရင် ဖိုဝါဒတွေပိုပြီးကြီးမားလာတယ်။ အုပ်ချုပ်တဲ့တိုင်းပြည်မှာ အုပ်ချုပ်တဲ့လူရဲ့ အတွေးအခေါ်ပေါ်မူတည်ပြီးတော့ ကျွန်မတို့လူမှုအသိုင်းအဝိုင်းကလည်း နေထိုင်ကျင့်ကြံရတဲ့ အခြေအနေတွေလည်းရှိတယ်လေ။ အခုနောက်ပိုင်း ဖိုဝါဒတွေကြီးထွားလာတဲ့အတွက်ကြောင့် relationship(ဆက်ဆံရေး) တွေမှာ နှစ်ကိုယ်ကြား အကြမ်းဖက်မှုတွေပိုများလာတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေမှာ ဖခင်တွေရဲ့ စိုးမိုးမှု၊ အကိုတွေရဲ့ control(ထိန်းချုပ်)တာ၊ အမျိုးသမီးတွေရဲ့ရွေးချယ်မှုတွေ နည်းပါးလာတယ်။ သားယောကျာ်းလေးတွေက အခွင့်အရေးပိုရတဲ့ခေတ်ကို ပြန်ရောက်သွားတယ်။ နောက်ပြန်ဆွဲခံလိုက်ရတဲ့အတွက် အမျိုးသမီးတွေအတွက်က ရှေ့ရောက်သင့်သလောက်( move forward) မဖြစ်တာ တွေ့ရတယ်။ သို့သော် အမျိုးသားတွေဘက်မှာကျပြန်တော့လည်း စိတ်ပိုင်းဆိုင်ရာအရကြည့်တဲ့အခါ အမျိုးသမီးတွေက စိတ်အားငယ်နေတဲ့အခါမှာ အားပေးစကားပြောပေးနိုင်မယ့် သူငယ်ချင်းတွေကို ရှာဖွေတတ်တယ်။ စိတ်ပိုင်းဆိုင်ရာအရ ခွန်အားပြန်ပြည့်အောင် လုပ်တတ်သော်လည်း အမျိုးသားတွေမှာ စိတ်ပိုင်းဆိုင်ရာအရ အခက်အခဲဒုက္ခရောက်နေတယ်ဆိုရင် ရင်ဖွင့်စကားပြောတက်တဲ့ ယဥ်ကျေးမှုမရှိဘူး။ ယောကျာ်းလေးတွေက သူတို့စိတ်ထဲမှာ အဆင်မပြေတာတွေကို ပြောမယ်ဆိုရင် သူတို့အတွက် safe ဖြစ်တဲ့ နေရာမရှိသေးဘူးပေါ့။ အမျိုးသမီးရော အမျိုးသားရော အားလုံးအတွက် စိတ်ကျန်းမာရေးအရ နွေးထွေးလုံခြုံတဲ့နေရာ (safe space )တွေ ပိုမိုထွန်းကားဖို့ ကြိုးစားဖို့လိုအပ်ပါသေးတယ်။
မေး။ ။ အမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအခြေအနေတွေကို ဘယ်လိုကျော်လွှားသင့်၊ ဘယ်လို အကူအညီတွေရယူသင့်တယ်လို့ အကြံပြုချင်ပါသလဲ။
ဖြေ။ ။ကျွန်မတို့အမျိုးသမီးတွေက တခြားသူတွေရဲ့လိုအပ်ချက်တွေကို အမြဲတမ်းဖြည့်စွက်တယ်။ ကိုယ့်ရဲ့ လိုအပ်ချက်ကို နောက်ဆုံးမှ ဖြည့်စွက်တာမျိုးတွေဖြစ်တတ်တယ်။ အဲ့အချိန်မှာစိတ်ရော၊ လူရော မောပန်းပြီးတော့ စိတ်ထောင်းကိုယ်ကြေဖြစ်တက်ကြတဲ့အခါမှာ ကိုယ့်ကိုကိုယ် recharge(အားပြန်ဖြည့်)တာမျိုး လုပ်ဖို့လိုတယ်။ Me time (ကိုယ်ပိုင်အချိန်) လို့ပြောရင် ဒီအမျိုးသမီးက တစ်ကိုယ်ကောင်းဆန်တယ်။ မိသားစုအချိန်ကို me time လုပ်ယူတယ်။ တခြားအလုပ်တွေကို လစ်ဟင်းထားပြီးတော့ အတ္တကြီးတဲ့အမျိုးသမီးလို့မြင်ကြတယ်။ အဲ့လိုမျိုး မဟုတ်ဘဲနဲ့ မိမိကိုယ်ကိုပြန်လည်ပြီးတော့အနားပေးတာ recharging (အားပြန်ဖြည့်)တာ ကိုယ့်ရဲ့ခွန်အားတွေ ပြန်လည်သွင်းပေးဖို့အတွက် အနားပေးခြင်းကလည်းပြန်လည်လိုအပ်တယ်။ ကျွန်မတို့ အမျိုး သမီးတွေက social wellbeing(လူမှုရေးသုခ) လူမှု့အသိုင်းအဝိုင်းနဲ့နေတာကို သဘောကျတယ်။ ကျွန်မတို့အမျိုးသမီးတွေက social support system(လူမှုရေးအထောက်အပံ့စနစ်) ရှိဖို့လိုအပ်တယ်။ တစ်ယောက်ထဲနဲ့ အရာရာ ကိုကျော် ဖြတ်ဖို့ထက်စာရင် ကိုယ်စိတ်ချယုံကြည်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ professional support (အထောက် အပံ့) တွေရယူဖို့လိုအပ်တယ်။နောက်တခုက self-maintenance (မိမိကိုယ်ကို ပြုပြင် ထိန်းသိမ်းခြင်း) လုပ်ဖို့ပေါ့။ မြန်မာပြည်မှာတော်တော်များများက self-care(ကိုယ့်ကိုကိုယ်ဂရုစိုက်) ဆိုတဲ့ စကားကိုသိနေပြီ self-care က luxury၊ face၊ skin care လုပ်မှ လက်သည်းနီသွားဆိုးမှ အဲ့ဒီလိုမျိုး မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် maintenance လုပ်တယ်ဆိုတာက ပုံမှန်ဘုရားရှစ်ခိုးတယ်။ ဆုတောင်းမေတ္တာပို့သတယ်။ အားကစားလုပ်တယ်။ စာဖတ်တယ်။ ကိုယ့်ရဲ့တိုးတက်ရာ တိုးတက်ကြောင်းကိုလုပ်တယ်။ ကိုယ့်ကိုကိုယ် self-maintenance တွေလုပ်ဖို့လိုတယ်။ Counselling service (အကြံပေးတဲ့ဝန်ဆောင်) တွေ ယူဖို့လိုတယ်။ တက်ကျွမ်းတဲ့ပညာရှင်တွေနဲ့ မိမိရဲ့ စိတ်နဲ့ခန္ဓာကိုယ်ပြန်လည်ကုစားဖို့လိုတယ်။ consistency (ညီညွတ်မှု) ရှိဖို့လိုတယ်။ပုံမှန်လေးနဲ့ consistence ရှိမှ self-careနဲ့ ကိုယ့်ရဲ့စိတ်ကျန်းမာရေးနဲ့ နေ့တဓူဝ ထမင်းစား၊ရေသောက်သလိုမျိုး ဂရုစိုက်ဖို့လိုတယ်။ ကျွန်မတို့ လူတိုင်းမှာ mental health (စိတ်ကျန်းမာရေး)နဲ့ပတ်သက်ပြီး ရှိတယ်။ mental illness (စိတ်မကျန်းမာ) တာမျိုးမဖြစ်အောင်၊ စိတ်ကျန်းမာရေးကလူတိုင်းမှာရှိတယ်၊ စိတ်ရောဂါလူတိုင်းမှာမရှိဘူး။ စိတ်ရောဂါတွေ မရအောင် ကျွန်မတို့က စိတ်ဓာတ်ခွန်အားတွေကောင်းအောင် ခုနပြောတဲ့အချက်ငါးချက်ကို ကျင့်ယူဖို့လိုအပ်ပါတယ်။
မေး။ ။တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ဖြေ။ ။ ကျွန်မတို့မြန်မာပြည်မှာ စိတ်ကျန်းမာရေးကို ပိုအားစိုက်လာတာနဲ့အမျှ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေလည်း တွင်ကျယ်လာတယ်။ အမြင်တွေလည်း ပွင့်လင်းလာတယ်။ သို့သော် စိတ်ကျန်းမာရေး ကုစားဖို့အတွက် လိုအပ်တဲ့အခါမှာ ကျွမ်းကျင်တဲ့ပညာရှင်တွေကို အသုံးပြုဖို့လိုတယ်။ သူတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုဖို့လိုတယ်။ ကျွန်မနေနဲ့ကတော့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ရင် ပန်းသီးတစ်လုံးဝယ်စားရင်တောင် ပိုးမပါတဲ့ ပန်းသီးကိုဝယ်စားသလိုပဲပေါ့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ကုစားပေးမယ့်လူက တကယ်တက်ကျွမ်းတဲ့ လူလား၊ qualified(အရည်အချင်းပြည့်မှီ) ရဲ့လား လိုင်စင်ရှိရဲ့လား ဒီလိုမျိုးကောင်းမွန်တဲ့အချက်တွေကို ကြည့်ပြီးတော့မှ service တွေယူဖို့အတွက် အသိပေး နှိုးဆော်ချင်ပါတယ်။
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024