Home မေးမြန်းခန်း လွှတ်တော်ပြင်ပနိုင်ငံရေးဆက်လုပ်သွားမယ့် ၂၀၂၀ ရွေးကောက်ပွဲဝင်ချင်းအမျိုးသမီး

လွှတ်တော်ပြင်ပနိုင်ငံရေးဆက်လုပ်သွားမယ့် ၂၀၂၀ ရွေးကောက်ပွဲဝင်ချင်းအမျိုးသမီး

(အမျိုးသမီးများ၏ အားထုတ်ကြိုးပမ်းမှုများနှင့် နိုင်ငံရေးတွင်ပါဝင်လိုမှုများကို အားပေးဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲဝင်ခဲ့ကြသော အမျိုးသမီးကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲကာလဖြတ်သန်းမှု အတွေ့အကြုံများကို Hi သတင်းဌာနမှ မေးမြန်းတင်ဆက်ထားပါသည်။)

မိုးမိုး။ ။

မိုင်လင်းလင်းထွန်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) ကိုယ်စားပြုပြီး ချင်းပြည်နယ် မတူပီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

မတူပီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မိုင်လင်းလင်းထွန်း အပါအဝင် ၆ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းက ပြိုင်ဘက်တွေထက် မဲအသာရပြီး ရွေးကောက်ခံခဲ့ရပါတယ်။

ဒေသတွင်းမှာ လူမှုရေးနဲ့ပညာရေးလုပ်ငန်းတွေ လုပ်ကိုင်ရင်း နိုင်ငံရေးလောကထဲဝင်ရောက်လာခဲ့တဲ့ မိုင်လင်းလင်းထွန်းရဲ့ ရွေးကောက်ပွဲဝင်ရောက်ခဲ့တဲ့ အတွေ့အကြုံနဲ့ ရွေးကောက်ပွဲအပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှု အစီအစဉ်တွေကို Hi သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပြီး အချို့ကိုကောက်နှုတ်ဖော်ပြ လိုက်ပါတယ်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားတွေနဲ့ တန်းတူ ဝင်ရောက် အရွေးခံရတဲ့ အချိန်မှာ အဓိက စိန်ခေါ်မှုတွေက ဘာတွေ ရှိပါသလဲ။

ဖြေ ။ ။ ကျမတို့ကတိုင်းရင်းသားပါတီဖြစ်တဲ့အတွက် လက်ရှိအာဏာရပါတီကလည်း ပါတီကြီးဖြစ်တဲ့အခါမှာ ကျမမှာစိန်ခေါ်မှုအရမ်းများတယ်။ ကျမတို့ပါတီကို ပါတီသေးလေးပါဆိုတဲ့ ပြောတဲ့အခါကျတော့ တော်တော်များများက ကျမတို့ပါတီကို ကြားဖူးနားဝသိပ်မရှိကြဘူး။ မြို့ပေါ်မှာတော့သိတယ်။ ရွာတွေမှာတော့ မသိဘူးပေါ့နော်။ ပြီးတော့ သတင်းအချက်လက်မရတဲ့အခါကျတော့ သူတို့ကဝါဒဖြန့်တဲ့စကားကို အမှန်လို့ထင်တယ်။ ကျမ တတယ့်အချက်လက်နဲ့ပြောတဲ့ စကားကိုကတော့ သူတို့ကအမှားလို့ထင်တယ်။ အဲဒါက ကျမတို့အတွက်အင်မတန်ကြီးမားတဲ့ အတားဆီးတစ်ခုဖြစ်တယ်။

သတင်းအချက်လက်က ဒီဘက်ထိမရောက်နိုင်တဲ့အခါ ဥပမာ မီဒီယာအားမကောင်းဘူး။ ပြီးတော့ သတင်းစာ စာနယ်ဇင်းတွေမရှိဘူး။ အင်တာနက်ဆိုရင်လည်း မရတဲ့ရွာတော်တော်များတယ်။ ဒီမြို့လောက်ပဲရတော့ ဒီလိုမျိုး အခက်ခဲတွေက ကျမတို့အတွက် အကြီးဆုံးအခက်ခဲပါပဲ။

မေး ။ ။ ရွေးကောက်ပွဲမှာ အရွေးမခံရတာ ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။

ဖြေ ။ ။ ကျမတို့အနေနဲ့ကတော့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ ခုနကပြောသလို ကျမတို့သည် ကျန်တဲ့သူတွေက အမေစုနဲ့နာမည်နဲ့ပဲ ပြိုင်ကြတာ။ လက်ရှိလွှတ်တော်က ဘယ်သူ့ကိုမဲပေးတယ်ဆိုတာ သူတို့မသိဘူး။ အမေစုဆိုပြီး ပေးလိုက်တာ။ အဲဒါက ကျမတို့အတွက် အခက်ခဲ အတားဆီးတစ်ခု ဖြစ်တာပေါ့နော်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ သူတို့နာမည်နဲ့သူတို့ပြိုင်ရင် ကိစ္စမရှိဘူး။ ကြောက်စရာလည်းမရှိဘူး။ အမေစုနဲ့လာပြီးတော့ သွားပြီးပြိုင်တဲ့အခါကတော့ ကျမတို့ကို မသိတဲ့အထဲမှာ ပါသွားတာပေါ့။ အမေစုကတော့ တစ်နိုင်ငံလုံးသိနေတာကိုး။ ဟိုဘက်ကပါတီတွေပြိုင်တာကလည်း သူတို့ရဲ့ ကိုယ်ပိုင်နာမည် ဝိသေသနဲ့ မပြိုင်ဘူး။ အမေစုကို ကျေးဇူးဆပ်ရမှာရမယ်ဆိုတဲ့ဟာနဲ့ သွားလုပ်လိုက်တော့ အဲဒါကြောင့်မို့ ရှုံးသွားတာပေါ့နော်။ အမေစုရဲ့ ပုံရိပ်နဲ့ လုပ်သွားလို့ကျမတို့ရှုံးသွားတာလို့ထင်ပါတယ်။

မေး ။ ။ ရွေးကောက်ပွဲ ရလဒ် ထွက်ရှိလာတဲ့ အပေါ်မှာ အမျိုးသမီးတစ်ယောက် အနေနဲ့ စိတ်ဓာတ် ကျသွားတာမျိုးရော ရှိလား။ ကိုယ်ရဲ့ စိတ်အင်အားကို ဘယ်လို မြှင့်တင်ထားပါသလဲ။

ဖြေ။ ။ စိတ်ဓာတ်ကျသွားတာတော့မရှိပါဘူး။ ကျမတို့ဆီမှာပါတာက တော်တော်များများက လူငယ်ပညာတတ် တွေများတယ်။ လူငယ်များတော့ တတယ့်လက်ရှိပိုင်းကိုသူတို့နားလည်သွားတယ်။ ဒါပေမယ့်ကျမတို့ဆီမှ ပညာမတတ်တဲ့ လူဦးရေပိုများတယ်။ သက်ကြီးရွယ်အိုတွေပိုများတယ်။

တောသူ တောင်သားတွေက ခြိမ်းခြောက်ခံရတဲ့အပေါ်မှာ သူတို့တွေက ကြောက်ကြတယ်။ (ဥပမာ) ကျမတို့ကို ဘယ်လို ပြောလဲဆိုတော့ CNLD ကိုမဲပေးလို့ရှိရင် စစ်တပ်ကပြန်ပြီး အာဏာသိမ်းသွားလို့မယ်လို့ဟာမျိုး ခြိမ်းခြောက်တယ်။ အရင် ခေတ်တုန်းကလူကြီးတွေက သူတို့ အရင်ခေတ်တုန်းက ပေါ်တာတွေထမ်းခဲ့ဖူးတယ်။ ကူလီထမ်းဖူးတယ်။ စစ်တပ်ရဲ့ နှိပ်စက်မှုတွေ အကြီးကျယ် ကြုံဖူးတဲ့အခါကျတော့ စစ်တယ်ဆိုရင် အင်မတန်မှ ကြောက်တယ်။

ခြိမ်းခြောက်လိုက်တဲ့အခါကတော့ ဒီဟာလေးတစ်ခုပဲ စိတ်မကောင်းဖြစ်တာ။ လူငယ်တွေကတော့ အကုန်နားလည်တယ်။ လူကြီးတွေက အကြောက်တရားကြောင့်မို့ ဖြစ်သွားတာဆိုတော့ ကျမတို့အနေနဲ့ နောက်တစ်ခါကျရင် သူတို့ နားလည် မယ်လို့ထင်တယ်။

အခုအချိန်ကလည်း အရမ်းကပ်သွားတာလည်းပါတယ်။ ကြားထဲမှာ ကိုဗစ်ကလည်း ဝင်သွားတဲ့အခါကတော့ ကျမတို့ဆီမှာ အင်မတန်မှခက်ခဲတယ်။ မိုးရာသီဖြစ်တဲ့အတွက် သွားရလာရတာအရမ်းခက်ခဲတယ်။ ကောက်သိမ်းရာသီကြောင့်မို့လည်း ထင်တယ်။ ဒီအတွက်ကြောင့် စိတ်ဓာတ်ကျခြင်းမရှိပါဘူး။

Mai Lin Lin Htun

သူများ ပြည်နယ်တွေလို ထိထိရောက်ရောက် ထဲထဲဝင်ဝင် မလုပ်နိုင်တဲ့အပိုင်းမှာ အားနည်းတာတွေရှိတယ်။ ဒီလောက်ပါပဲ။ စိတ်ထိခိုက်သွားတာမျိုးမရှိပါဘူး။ ဒါမျိုးက အစပျိုးတဲ့အချိန်ဆိုတော့ ရလဒ်ကကောင်းပါတယ်။ မဆိုးဘူးလို့ပဲ မြင်ပါ တယ်။

မေး ။ ။ ကိုယ်ကိုယ်တိုင် ရွေးကောက်ပွဲမှာ အရွေးမခံရပေမယ့် အမျိုးသမီးရေးနဲ့နိုင်ငံရေးတွေကို ဘယ်လိုဆက်လက် လုပ်ဆောင်သွားမယ်လို့ စိတ်ကူးထားပါသလဲ။

ဖြေ ။ ။ ကျမပါတီနိုင်ငံရေးလုပ်သွားမယ်။ ကြိုးစားသွားမယ်။ ကိုယ့်ရဲ့ပါတီအကြောင်းတွေ လက်ရှိ ဒီမှာ ပြည်သူတွေက အဓိက ပြဿနာဖြစ်နေတာက အထူးသဖြင့် အမျိုးသမီးတွေ ပိုဆိုးတယ်။ ဂဃနဏ
နားမလည်ကြဘူး။ နားမလည်ပဲနဲ့ ပြင်းပြင်းထန်ထန် ဒီလာပြောနေတဲ့သူတွေက သိလားဆိုတော့လည်း မသိဘူး။

တစ်ဖက်ပိတ်ဝါဒီတွေရဲ့ လွှမ်းမိုးခြင်းကိုခံထားရတာများတယ်ဆိုတော့ သူတို့တွေအတွက်က အခြေခံ နိုင်ငံရေးကိုတောင်မှ ခေါင်းထဲအရင်ထည့်ပေးမှ ဖြစ်မယ်။ သူတို့ကို စနစ်တကျနဲ့ သင်တန်းလေးတွေ ပေးနိုင်တယ်ဆိုရင်တော့ သူတို့ သိလာ မယ်ထင်တယ်။

မေး ။ ။ အမျိုးသမီးတွေက အမျိုးသားတွေလောက် အလုပ် မလုပ်နိုင်ဘူး။ ရင်ဘောင် မတန်းနိုင်တဲ့ အမြင်တွေ ရှိနေ တော့ ကိုယ်စားလှယ်လောင်း ရွေးချယ်သွားတဲ့ အပေါ်မှာရော ဒီအချက်က သက်ရောက်မှု ရှိတယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ဒါက အခြားအမျိုးသမီးတွေမှာ ရှိလိမ့်မယ်။ ကျမအပေါ်မှာတော့ သက်ရောက်မှုမရှိဘူး။ အမြင်ကဘယ်လိုဖြစ် နေလဲဆိုတော့ အရင်က အဲသလိုမျိုးရှိတယ်။ အမျိုးသမီးမို့လို့ဆိုတာရှိတယ်။ အသက်ငယ်သေးလို့ဆိုပြီးကျမကိုပြောတယ်။

စောလွန်းသေးတယ်ဆိုတာတွေ သူတို့စိတ်ထဲမှာ၊ ချင်းပြည်သူတွေရဲ့ စိတ်ထဲမှာ ဘာရှိနေလဲဆိုရင် အသက် ငါးဆယ်ကျော် မှ ခြောက်ဆယ်ကျော်မှ ယှဉ်ပြိုင်သင့်တယ်လို့ အမြင်တွေရှိနေတယ်။ အမျိုးသမီးဆိုရင် ကျမကိုမြင်တဲ့အမြင်က ကလေးလို့ ပဲမြင်တယ်။ ကျမရဲ့ပညာအရည်အချင်း အလုပ်အကိုင်ကိုပြောပြလည်း နားမလည်ဘူး။ သူတို့မြင်တာက ဒီမှာက မဖွံ့ဖြိုးတဲ့ ဒေသဆိုတော့ သူတို့မျက်စိထဲမှာ အစိုးရဝန်ထမ်းလောက်မှ ရာထူးကြီးတယ်လို့မြင်တာပေါ့နော်။ ဘာမှန်းလည်း ဂဃနဏ မသိတာတွေရှိတယ်။ အဓိက ပညာရေးအားနည်းလို့ပါ။

မေး ။ ။ အခုရွေးကောက်ပွဲက နိုင်တာ၊ ရှုံးတာ အဓိက မဟုတ်ဘဲ ဖြတ်သန်းမှု တစ်ခုကို အတွေ့အကြုံ ယူတယ်လို့ သဘောထားမယ်ဆိုရင် အမ အနေနဲ့ ကိုယ့်အတွက် မှတ်မှတ်ရရ ရှိစေမယ့် ဘယ်လို အတွေ့အကြုံ ရခဲ့ပါသလဲ။

ဖြေ ။ ။ သူတို့မှာ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်အခွင့်ရေးမရတာတောင်သူတို့မသိဘူး။ ချင်းတောင်ဘက်မှာ လူတွေက အရမ်းအယုံလွယ်တယ်။ အယုံလွယ်တော့ တစ်ယောက်ယောက်က လော်ဘီလုပ်သွားတဲ့အချိန်မှာ အမှန်တတယ် ထင်သွားတာ ဒါကိုစိတ်မကောင်းဘူး။

သူတို့မှာ ဒါကို ဆုံးဖြတ်နိုင်တဲ့ အသိစိတ်မရှိတာကို ကျမဝမ်းနည်းတယ်။( ဥပမာ) ကျမတို့ဆီမှာ ပေါ်တာ ပြန်ထမ်းချင်တာလား။ စစ်ဖိနပ်အောက် ပြန်ရောက်ချင်တာလားဆိုတာနဲ့ ခြိမ်းခြောက်တယ်။ ပြီးတော့ ဒီထောက်ပံ့ကြေးတွေက အမေစု ကပေးတာ။ ဒီသက်ကြီးရွယ်အိုထောက်ပံ့ကြေး ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေး ဒါတွေမရမှာ သူတို့စိုးရိမ်တယ်။သူတို့က အဲဒါကို ကြောက်ပြီးတော့ ဒါမျိုးလေးတွေရှိတယ်။ အဲဒါအတွက်လည်း ကျမစိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်ပြည်နယ်မှာ ဆင်းရဲတဲ့ အခါကတော့ သူတို့အတွက် တစ်သောင်းနှစ်သောင်းလည်း အင်မတန်မှ အရေးကြီးသလို ဖြစ်သွားတာပေါ့နော်။

ပြီးလို့ရှိရင် အမျိုးသားနိုင်ငံရေးအဆင့်ထိကို နားမလည်ဘူး။ တစ်နေရာမှ မှတ်မှတ်ရရ ရှိသွားတာ သူကကိုယ်ဝန်ဆောင် မိခင်တွေကို အမေစုက နိုဗယ်ဆုရောင်းပြီး ထောက်ပံ့တယ် ဒါကို ကျမက မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးတွေကို LIFT ဆိုတဲ့ အဖွဲ့အစည်းကပေးတာပါဆိုပြီး ပြောပြတော့ တချို့က နားလည်သွားပေမယ့် တချို့က တအားစိတ်ဆိုးတယ်။ ဘာဖြစ်လို့ စိတ်ဆိုးတာလဲဆိုတော့ အမေစုက ပေးတာပဲတဲ့လေ။ အမေစု နိုဗယ်ဆုရောင်းပြီး ထောက်ပံ့တာတဲ့လေ။ ဒါကိုကြည့်ရင် ကျမက ပြောတာထက် လော်ဘီတွေ ပြောတာကို ပိုယုံတဲ့ သဘောပေါ့နော်။

မေး။ ။ ရွေးကောက်ပွဲ မကျင်းပခင် မဲဆွယ်ကာလမှာကို အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း တွေကို တချို့ အွန်လိုင်း ပေါ်က ဖြစ်စေ လှောင်ပြောင်တာတွေ တွေ့ရပါတယ်။ ဒါမျိုးနဲ့ရော တွေ့ကြုံခဲ့ရပါသလား။

ဖြေ ။ ။ ကြုံတယ်။ နိုဝင်ဘာ ၇ရက်နေ့မှာ ပြန်လာတော့ ကျမကို ရွာတစ်ရွာမှာပေါ့နော်။ ဒေါ်လင်းလင်းထွန်းက ထောင်ကျနေပြီ။ သူ့ပါတီကို မဲပေးလို့မရတော့ဘူး ဝါဒဖြန့်တာ။ ဖြန့်တော့ အဲဒီက ကိုယ်စားလှယ်က ကျမဆီ ဖုန်းဆက် ဖုန်းလိုင်း မမိတော့ အဲဒါကို ပိုစိတ်ပူသွား။ ဖုန်းရတော့ ဘယ်လိုဖြစ်တာလဲ။ သတင်းတွေကြား မဟုတ်ပါဘူးဗျ။ နယ်ရောက်နေလို့ ဖုန်းလိုင်းမရတာပါလို့။

ကျွန်မရွာပြန်ရောက်တော့ အဲဒီလူက ပြောတာတဲ့ လင်းလင်းထွန်းက ထောင်ကျနေပြီ။ ရဲတွေဖမ်းသွားပြီတဲ့ ။ ဒါပေမယ့် ၇ ရက်နေ့ဖြစ်နေပြီ ရက်က အရမ်းကပ်နေတဲ့အခါကတော့ ပို့စ်မှာ တင်လိုက်တော့ ရိုးရိုးရှင်းရှင်းလေးပဲ။ ကျမသည် ထောင်မ ကျပါဘူး။ ပါတီလည်း ဘာမှမဖြစ်ပါဘူး။ အဲသလိုဝါဒဖြန့်တဲ့သူကို ဥပဒေအရ ဆောင်ရွက်မယ်ဆိုပြီး ယဉ်ယဉ်ကျေးကျေးပဲ ရေးတာ။

အဲဒါကို သူတို့ရွာက ကျမကိုဝါဒဖြန့်နေကြပါတယ်ပြောတာကို အဲရွာသားတွေက နောက်ကွယ်က လူတစ်ယောက်ရှိ ပါတယ်။ ဘယ်သူလဲဆိုတာ ကျွန်မသိပါတယ်။ မတ်ဆင်ဂျာက စာတွေလာရေးပို့ ဘာဖြစ်တယ် ညာဖြစ်တယ်။ ခုချက် ချင်းဖြုတ်ပေးပါ။ ဟာဘာလို့ဖြုတ်ပေးရမှာလဲ မဟုတ်တာ တစ်ခုမှ မရေးထားဘူး။ စော်ကားတာလည်းတစ်ခွန်းမှ မရေးထားဘူး။

နင်က ငါတို့ရွာနာမည်တပ်ထားတယ်တဲ့။ အဲဒီမှာ မိတ်ဆွေကကျူတာဆရာမတစ်ယောက်ခင် လည်းခင်တယ်။ သူက ချက် ချင်းဖုန်းဆက် ချက်ချင်းလာပြီး ဘာဖြစ်တယ် ညာဖြစ်တယ်။ မဟုတ်ဘူး ရေးထားတဲ့စာကို သေချာပြန် ဖတ်ကြည့်ပါ။ ရေးထားတဲ့စာမှာ ခင်ဗျားတို့ရွာသားတွေကို နစ်နာစေတဲ့ တစ်ခုမှ မရေးဘူး။ တတယ်တမ်းနစ်နာ တာကလည်း ကျမ နစ်နာတာ။

ခင်ဗျားတို့ ဒီလိုလုပ်လိုက်တဲ့အတွက် ကျမမဲလည်းမရဘူး။ နင်ကို ပေးတဲ့သူကပေးတာပဲ။ ကျမကို အပြစ်လာတင်တာပေါ့နော်။ သူတို့ဆိုလိုချင်တဲ့ပုံစံက တစ်ဖက်သတ်ရန်ရှာတာလည်း ဖြစ်နိုင်တယ်။ စာထဲမှာ ရေးထားတဲ့ တစ်နာရီကျော် အကြာမှာ ရွာနာမည်ကို ပြန်ဖျက်ပေးလိုက်တယ်။ အဲဒါကိုတောင်မှ မက်ဆင်ဂျာကရော၊ ဖုန်းကရော မတ်ဆေ့ကရော လာပို့တယ်။ စာတွေလာပို့ ခနဲ့သလို ရွဲ့သလို လာပို့တယ်။ ကျမတော်ရုံတန်ရုံ မပြန်ဘူး။

ဒီအတိုင်းပဲနေတဲ့အကြောင်းကတော့ အပြောပဲရှိတာ။ မလုပ်ရဲတာသိပါတယ်။ တရားမစွဲရဲတာ သိပါတယ်။ စပြောတဲ့ ဦး လေးကြီးကို ပြန်ကြည့်တော့ အသက် ၇ဝ အဘိုးကြီး၊ ဒါကြောင့် တရားမစွဲဖြစ်တာ။

“ချင်းတောင်ဘက်မှာ လူတွေက အရမ်းအယုံလွယ်တယ်။ အယုံလွယ်တော့ တစ်ယောက်ယောက်က လော်ဘီလုပ်သွားတဲ့အချိန်မှာ အမှန်တတယ် ထင်သွားတာ ဒါကိုစိတ်မကောင်းဘူး။ ( ဥပမာ) ကျမတို့ဆီမှာ ပေါ်တာ ပြန်ထမ်းချင်တာလား။ စစ်ဖိနပ်အောက် ပြန်ရောက်ချင်တာလားဆိုတာနဲ့ ခြိမ်းခြောက်တယ်။ ပြီးတော့ ဒီထောက်ပံ့ကြေးတွေက အမေစု ကပေးတာ။ ဒီသက်ကြီးရွယ်အိုထောက်ပံ့ကြေး ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေး ဒါတွေမရမှာ သူတို့စိုးရိမ်တယ်။ အဲဒါအတွက်လည်း ကျမစိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်ပြည်နယ်မှာ ဆင်းရဲတဲ့ အခါကတော့ သူတို့အတွက် တစ်သောင်းနှစ်သောင်းလည်း အင်မတန်မှ အရေးကြီးသလို ဖြစ်သွားတာပေါ့နော်။”

မေး ။ ။ ဒီနှစ်မှာ အမျိုးသမီး အမတ်တွေ ဝင်ပြိုင်တာ ရွေးချယ်ခံရတာ များလာတဲ့ အပေါ်ကိုရော ဘယ်လို မြင်ပါသလဲ။

ဖြေ ။ ။ အမျိုးသမီးတွေ လွှတ်တော်ထဲရောက်သွားတာ အများကြီးဝမ်းသာတယ်။ အမျိုးသမီးတွေက အမျိုးသားတွေ ထက်ယှဉ်ရင် ကိုယ်ချင်းစာစိတ်၊ စာနာစိတ်ပိုများတယ်။ မျှတတဲ့စိတ်ပိုများတယ်။ ကျမတို့မှာ လုပ်ပေးချင်တဲ့စိတ်ပို များ တယ်။ ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုတာကလည်း ဒီပြည်နယ်အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာနဲ့ ဝင်လာတာ။

ကျမလိုပဲ အကြောင်းမလှလို့ပါတီအတွက် ဆုံးရှုံးသွားတဲ့သူတွေရှိလိမ့်မယ်။ နိုင်တဲ့သူတွေအတွက်လည်း ဂုဏ်ယူပါတယ်။ ဒီထက်မကလည်း သူတို့ကို ပြည်သူတွေအတွက် ပိုပြီးတော့ အခြားအမျိုးသားတွေကထက်ပိုပြီး လုပ်ပြစေချင်တယ်။ ကျမ တို့ကတော့ အဲသလိုအခွင့်အရေးမရှိဘူးပေါ့။ မရတဲ့သူတွေအတွက်ဆိုလည်း အားတင်းထားပါလို့ပဲပြောချင်တယ်။

ဘာလို့လဲဆိုတော့ ဒါက ပထမဆုံးအကြိမ် ယှဉ်ပြိုင်တာလေ။ တိုင်းရင်းသားပါတီဖြစ်တဲ့ အတွက်လက်ရှိ အာဏာရပါတီဖြစ်နေတော့ တိုက်ရတာ နှစ်ဆပိုခက်တာပေါ့။ ကျမတို့အတွက် အခွင့်အရေးရှိလာမှာပါလို့ပဲ ဖြေသိမ့်တယ်။

မေး ။ ။ ဖြည့်စွက် ပြောချင်တာရှိရင်လည်း ပြောပေးပါဦးရှင့်။

ဖြေ ။ ။ အထူးသဖြင့် အမျိုးသမီးကိုယ်စားလှယ်တွေကို ပြောချင်တယ်။ ဒီကြားထဲမှာ ကျမတို့ကို အမျိုးမျိုး တိုက်ခိုက်မှုတွေ စိန်ခေါ်မှုတွေ မဟုတ်မမှန်ဝါဒဖြန့်မှုတွေလည်း အများကြီးရှိတယ်။ သို့သော် ကျမတို့က စိတ်ကို တင်ထားဖို့လိုတယ်။ အမှန်တရားဆိုတာ တစ်နေ့ကျရင် ပေါ်လာမှာပဲလေ။ ဒီကြားထဲမှာ စိတ်ဓာတ်မကျဖို့ ရှေ့လျှောက်ကိုလည်း အမျိုးသမီး အချင်းချင်း အားပေးဖို့။

အခုကျမတို့ တွေ့နေရတာက အပြင်ဘက်မှာလည်း အမျိုးသမီးတွေက အချင်းချင်းကို သိပ်ပြီး အားမပေးဘူး။ အမျိုးသမီးကို ဖျက်စီးတာက အမျိုးသားတွေ မဟုတ်ဘူး။ အမျိုးသမီးတွေ။ အချင်းချင်းပဲ ပြန်ဖျက်စီးကြတာ။ ဒါမျိုးလေးတွေရှိတော့ နောက်ကိုလည်း အမျိုးသမီးတွေအားလုံးကို တစ်စုတစ်စည်းတည်း စည်းစည်းရုံးရုံး လုပ်စေချင်တယ်။

တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်တာထက် အပြစ်တင်တာက ကောင်းတာမဖြစ်လာဘူး။ အဲအတွက် စည်းစည်းရုံးရုံး လုပ်သွားမယ်ဆိုရင် ကျမတို့အတွက် သိပ်မခက်ပါဘူး။ လွယ်ပါတယ်။ ဒါပေမယ့် ကျမတို့အတွက် မစည်းရုံးနိုင်သေးတာက ပြသာနာတွေ ဖြစ်တာပေါ့။

နောက်ကျရင် အဆင်ပြေသွားမှာပါ။ အမျိုးသမီး အခွင့်လမ်းတွေပိုပြီး လုပ်နိုင်အောင်ဆိုရင်တော့ အမျိုးသမီးတွေသည် နိုင်ငံရေးလောကထဲကို ပါဝင်မှ ဖြစ်မယ် အဆင်ပြေမယ်၊ ဒါတစ်ခုတော့ ကျမ အကြံပြုချင်ပါတယ်။

Related Articles