ခင်ဘုန်းမို့
၂၀၂၁ ခုနှစ်နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်နဲ့အတူ ရှေးရိုးစွဲအယူအဆတွေအတွေးအခေါ်ဟောင်းတွေကိုပါ ဖြိုဖျက်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးတစ်ခုလည်းဖြစ်ပါတယ်။ ဒီတော်လှန်ရေးကာလမှာ ဖိုဝါဒကြီးစိုးမှုတွေ၊ အမျိုးသမီးတွေအပေါ်ခွဲခြားမှုတွေနဲ့ပတ်သက်ပြီး ထောက်ပြပြောဆိုနေမှုတွေကမရှိမဖြစ်လိုအပ်နေတဲ့လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။
ဒီလိုအပ်နေတဲ့ ထောက်ပြပြောဆိုမှုတွေအတွက် မငြိမ်းချမ်းမေက အထက်ဆင်ပေါ့ကတ်ကို ဖန်တီးခဲ့ပါတယ်။
မငြိမ်းချမ်းမေဟာ German Solidarity Myanmar ကိုပူးတွဲတည်ထောင်သူဖြစ်သလို လက်ရှိ board member အဖြစ်လည်းတာဝန်ထမ်းဆောင်နေတယ်။ ဒါ့အပြင်နိုင်ငံရေးသိပ္ပံနဲ့ လူမှုဗေဒပညာရပ်ကို လေ့လာနေတဲ့ကျောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။
သူဟာစစ်အာဏာသိမ်းမှုကြောင့်အမျိုးသမီးတွေနဲ့ marginalizeခွဲခြားဖယ်ကြဉ်ဆက်ဆံခံရတဲ့အစုအဖွဲ့တွေအပေါ် သက်ရောက်မှု၊ခွဲခြားနှိမ့်ချခံရမှု၊ သူတို့ရဲ့တော်လှန်ရေးမှာပါဝင်မှုတွေနဲ့ပတ်သက်ပြီး ဂျာမန်ဘာသာနဲ့ ဆောင်းပါးရေးသားတာတွေ၊ ဥရောပသမဂ္ဂပါလီမန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း၊ အစိုးရတွေ သိရှိအောင် အသိပေးပြောကြားတာတွေ၊ စာပေရေးသားတာတွေ၊ ပေါ့ကတ်တွေကိုလုပ်ဆောင်နေပါတယ်။
အထက်ဆင်ပေါ့ကတ်ကိုဖန်တီးဖြစ်ခဲ့ပုံနဲ့ အထက်ဆင်ပေါ့ကတ်ကနေအတွေးအခေါ်တော်လှန်ရေးအတွက် ဘယ်လောက်အထိ အတွေးသစ်အမြင်အသစ်တွေရလာစေမလဲဆိုတာကို တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ပထမဦးဆုံးအနေနဲ့မေးချင်တာက Feminism နဲ့ပတ်သက်ပြီးဘယ်အသက်အရွယ်လောက်ကတည်းက စပြီးလေ့လာခဲ့တာလဲ။ ဘာကြောင့် စိတ်ဝင်စားလာခဲ့တာဖြစ်မလဲ။
ဖြေ။ ။ Feminism နဲ့ပတ်သက်ပြီးကျွန်မစိတ်ဝင်စားတာက ဆယ်တန်းဖြေပြီးတဲ့ ၁၅ နှစ် ၁၆ နှစ်ထဲမှာပေါ့။ ကျွန်မတို့ ၁၀ တန်းဖြေတဲ့အချိန် ၂၀၁၀နောက်ပိုင်းဆိုတော့ အဲ့နောက်ပိုင်းမှာနည်းနည်း စာပေဖတ်ရှုလို့ရလာတယ်။ အဲ့အချိန်မှာ အင်တာနက်တွေလည်းအဆင်ပြေလာတဲ့အချိန်မှာ feminism ဆိုတဲ့စကားလုံးနဲ့စပြီးတော့ ရင်းနှီးကျွမ်းဝင်တယ်။ အဲ့ဒါကအင်မတန်မှ basic ဖြစ်တဲ့ကာလတွေဖြစ်တယ်။ အဲ့ကာလတွေတုန်းက feminism ကို ကျွန်မတို့ရဲ့နားလည်မှုက အမျိုးသမီးတွေကို ရှေ့တန်းတင်ပြီးတော့ အမျိုးသမီးတွေရဲ့အခွင့်အရေး တိုက်ပွဲဝင်တဲ့ဟာလောက်ပေါ့။ အမျိုးသမီးပဓာနဆိုတဲ့ပုံစံမျိုးဆောင်တယ်။ အဲ့ဒီကနေစပြီးစိတ်ဝင်စားခဲ့ရာမှာ feminism တွေက ဘယ်လိုမျိုးပုံစံ feminismမျိုးရှိမလဲ တကမ္ဘာလုံးမှာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေ အထူးသဖြင့် feminism ဆိုတာကိုပိုပြီးထဲထဲဝင်ဝင်လေ့လာတဲ့အချိန်မှာ feminism သည်အမျိုးသမီးတွေကို ရှေ့တန်းတင်လိုခြင်းဆိုတဲ့ ရည်မှန်းချက်မဟုတ်ဘူး။ နောက်ပြီးတော့feminism ရဲ့အရေးကြီးတဲ့အဓိက အချက်တွေထဲက တချက်က ကျွန်မတို့သည်အမျိုးသမီးနဲ့အမျိုးသားကို တန်းတူညီမျှရေးအတွက်ပဲလုပ်တာမဟုတ်ဘူးဆိုတဲ့ဟာကို ကျွန်မပိုပြီးတော့နားလည်သဘောပေါက်လာတယ်။ အဲ့ကနေပြီးတော့ ဒါဆိုရင် ကျွန်မတို့က မြန်မာနိုင်ငံမှာ feminismကိုဘယ် လိုမျိုးပိုပြီးသန်မာအားကောင်းလာအောင်လုပ်ရမလဲဆိုတာ စိတ်ဝင်စားလာခဲ့တာပေါ့။ နောက်တခုက feminism ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ လူ့အဖွဲ့အစည်းမှာအခုချိန်ထိ feminism ဆိုတာကိုဒါက နင်တို့မိန်းမတွေက မိန်းမအရေးပဲပြောတော့မှာလို့တွေးပြီးအထင်လွဲနေတာရှိတယ်။ အဲ့တော့ feminism ဆိုတာလူတိုင်းနဲ့သက်ဆိုင်တယ်။ အမျိုးသမီးတွေအတွက်ပဲမဟုတ်ဘူး။ တကယ်တမ်းတော့ ဒါဟာ အကုန်လုံးရဲ့ လူ့အဖွဲ့အစည်းတခုလုံးရဲ့ တန်းတူညီမျှမှုနဲ့ လူမှုတရားမျှတမှုအကြောင်းကို ပြောတာဖြစ်တယ်ဆိုတာကို လူအများပိုသိအောင် ပိုလုပ်ချင်တာကြောင့်စိတ်ဝင်စားလာခဲ့တာပေါ့။
မေး။ ။ ဘယ်လိုအရာတွေက Feminist တစ်ယောက်ဖြစ်ဖို့တွန်းအားပေးခဲ့တာဖြစ်မလဲရှင့်။
ကျွန်မတို့လူ့အဖွဲ့အစည်းမှာလေ ပုံစံတမျိုးမဟုတ်တမျိုးနဲ့ ခွဲခြားဆက်ဆံမခံရတဲ့အမျိုးသမီးဆိုတာမရှိဘူး။ ပုံစံ တမျိုးမဟုတ်တမျိုးနဲ့ခွဲခြားဆက်ဆံမခံရတဲ့ marginalize group ဆိုတာ မရှိဘူး။ အမြဲတမ်း ကျွန်မတို့ဟာ နေ့စဉ်ဘဝမှာခွဲခြားနှိမ့်ချဆက်ဆံမှုတွေကိုကြုံရတယ်။ ကျွန်မတို့မြန်မာ့လူ့အဖွဲ့အစည်းမှာအမျိုးသမီးတွေရော၊ marginalize group တွေရော အထူးသဖြင့် တခါတလေကျရင် မြန်မာ့လူ့အဖွဲ့အစည်းမှာတချို့ အမျိုးသမီးတွေရှိတယ်၊ မိသားစုထဲမှာတော့ခွဲခြားဆက်ဆံခံရတာမရှိဘူး။ မိသားစုထဲမှာသာ ခွဲခြားဆက်ဆံမခံရတာလေပြင်ပကမ္ဘာကို ရောက်သွားတာဖြစ်ဖြစ် ကိုယ့်ရဲ့ကျောင်းမှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ်၊ ကျွန်မတို့မွေးကတည်းက ကျွန်မတို့ ရွေးချယ်လို့မရဘဲပါလာတဲ့ လိင်အင်္ဂါကိုအကြောင်းပြုပြီးခွဲခြားဆက်ဆံခံရတာ အဲ့ဒါကမြန်မာ့လူ့အဖွဲ့အစည်းထဲမှာ အင်မတန်သိသာထင်ရှားတဲ့အချက်တခုဖြစ်တယ်။ ပြီးတော ဒီလိုခွဲခြားဆက်ဆံခံရတာကြီးကိုနေ့တိုင်းကြုံ ရတာဖြစ်တယ်။ ကျွန်မတို့ မွေးလာထဲကဖြစ်တာဖြစ်တဲ့အတွက် အဲ့ဒါကို ခွဲခြားဆက်ဆံခံရတယ်လို့ မမြင်တော့ဘူး ။ ဒီလိုခွဲခြားဆက်ဆံခံရမှုကို သာမာန်ပဲလို့တွေးလာတယ်။ အဲ့ဒီသာမာန်ပြုမှုဖြစ်စဉ်ကအင်မတန်မှ အန္တရာယ်ကြီးတယ်။ ကျွန်မအဲ့ဒါကို feminism ကိုစပြီးလေ့လာတဲ့အချိန်မှာ စပြီးတွေ့တယ်။ ကျွန်မတို့မြန်မာပြည်က feminist တွေလည်းဒီအကြောင်းတွေကိုပြောကြတယ်။ အဲ့ဟာကိုကြည့်ခြင်းအားဖြင့် ဒီလိုအန္တရာယ်များတဲ့ သာမာန် မှုပြုခြင်းကိုကျွန်မချိုးဖျက်ချင်တယ်။ ချိုးပစ်ရမယ်။ ဒါကြောင့်မို့လို့လည်း feminist ဖြစ်ဖို့တွန်းအားဖြစ်လာတယ်။ ဒါ့ အပြင်ကျွန်မက intersectional feminist လို့ခံယူထားတာပေါ့။ Intersectional feminist က ရိုးရိုး feminism ဆိုတာထက်ကျော်လွန်ပြီးတော့ marginalize group တွေရဲ့အခွင့်အရေးကိုပါထည့်သွင်းစဉ်းစားတာ၊ intersectional လို့ပြောရင်ကျား၊ မတန်းတူညီရေးထက်ကိုပိုတဲ့ ကျွန်မတို့က လူမှုတရားမျှတရေးဘောင်အထိသွားတာ အဲ့ဒီဟာတွေအကုန်လုံးကိုခြုံတဲ့ဝါဒကိုသွားတာဖြစ်တဲ့အတွက် ကျွန်မက intersectional feminist လို့သုံးနှုန်းတယ်။
မေး။ ။ အထက်ဆင်ပေါ့ကတ်စဖို့ဘယ်လိုစိတ်ကူးရခဲ့တာလဲ။ အထက်ဆင်လို့နာမည်ပေးဖြစ်တဲ့အကြောင်းလေးလည်းပြောပြပေးပါဦးရှင့်။
ဖြေ။ ။ အထက်ဆင်ပေါ့ကတ်က Burma podcast networkလို့ခေါ်တဲ့ ပေါ့ကတ်ကွန်ရက်ရဲ့အစိတ်အပိုင်းတခုပေါ့။ Burma podcast network ကိုကျွန်မသူငယ်ချင်းတွေကစပြီးတည်ထောင်တယ်။ သူတို့က ဉာဏ်သူပုန်ဆိုတဲ့ ပေါ့ကတ်နဲ့စတယ်။ ရသစုံပါဝင်တဲ့ Podcast Network တစ်ခုပေါ့။ အဲဒီမှာ Burma podcast network တည်ထောင်တဲ့အခါမှာ ကျွန်မကို feminism နဲ့ပတ်သက်ပြီးတော့ ရှိုးတခုလုပ်စေချင်တယ်။ ကျွန်မကလည်းသူတို့ကို သွားပြီးပြောပြတယ်။ ဒီရှိုးမျိုးလုပ်ရအောင်ဆိုပြီးတော့ သူငယ်ချင်းတွေနဲ့လုပ်ဖြစ်တယ်။ စစ်အာဏာသိမ်းပြီးတော့ လပိုင်းလောက်အကြာမှာ ကျွန်မတို့အမျိုးသမီးတွေ ထဘီကိုအလံထူပြီးတော့ ဆန္ဒပြခဲ့ကြတယ်။ ကျွန်မတို့ရဲ့ သတ္တိကိုပြခဲ့ကြတယ်။ အဲ့ဒီမှာ ဒီထဘီဟာ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ မဟာဖိုဝါဒီတွေကိုအင်မတန်မှ စိတ်ဒုက္ခ ပေးလိုက်နိုင်တယ်။ အခုချိန်ထိလည်း မြန်မာ့လူ့အဖွဲ့အစည်းထဲမှာရှိနေတဲ့ မဟာဖိုဝါဒီတွေ မဟာဖိုဝါဒီလို့ပြောရင် စစ်တပ်ကိုပဲပြောတာမဟုတ်ဘူး။ စစ်တပ်ရော တော်လှန်ရေးထဲမှာရှိနေတဲ့ မဟာဖိုဝါဒီကိုရောပြောတာ၊ သူတို့တွေအတွက်ထဘီဟာအင်မတန်ကြောက်ရတဲ့လက်နက်ပဲ။ အဲ့ဒီလက်နက်ရဲ့အပေါ်ပိုင်းမှာရှိတဲ့အထက်ဆင်၊ အထက်ဆင်ကထဘီလောက်သာအစမကြီးတာ လူတွေကို အင်မတန်စိတ်အနှောင့်အယှက်ပေးနိုင်တာ၊ မဟာဖိုဝါဒီတွေ ရှေးရိုးစွဲတွေကို စိတ်အနှောင့်အယှက်ပေးနိုင်တဲ့နေရာမှာတော့အတူတူပဲ ဒီတော့ ကျမ ပေါ့ဒ်ကတ်စ်ကနေ မဟာဖိုဝါဒီ၊ ရှေးရိုးစွဲနေတဲ့သူတွေကို သံချောင်းခေါက်၊ စိတ်အနှောင့်အယှက်ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ “အထက်ဆင်“ လို့ နာမည်ပေးဖြစ်တာပါ။
မေး။ ။ အထက်ဆင်ပေါ့ကတ်ရဲ့ အဓိကပန်းတိုင်နဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ ကျွန်မတို့ လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ အမျိုးသမီးတွေဆိုရင် marginalize group တွေဆိုရင်ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းတခုအပြင်အဲ့နောက်ကွယ်မှာဘာရှိလဲဆိုတော့ အာဏာပါဝါကိုအလွဲသုံးစားလုပ်ခြင်း၊ နောက်ပြီး အမျိုးသမီးတွေ၊ marginalized group တွေနဲ့ မဟာဖိုဝါဒီတွေ အပေါ်စီးကကိုင်ထားတဲ့ အာဏာပါဝါ dynamics ပေါ့၊ အာဏာပါဝါအရွေ့ပေါ့။ ဆိုတော့ကျွန်မ အထက်ဆင်ပေါ့ကတ်ရဲ့ရည်မှန်းချက်တွေထဲက တခုကတော့ အဲ့ဒီလိုမျိုးခွဲခြားနှိမ်ချဆက်ဆံတယ်ဆိုတာက လူတစ်ဦးတစ်ယောက်ချင်းစီကဖြစ်တာ မဟုတ်ဘူး။ စနစ်တွေထဲမှာဖြစ်နေတာ လူ့အဖွဲ့အစည်းထဲမှာအမြစ်တွယ်နေတာ အဲ့ဟာကို လူတွေပိုပြီးသိလာရမယ်လို့ယူဆတယ်။ အဲ့ဟာ နံပါတ်တစ်ပန်းတိုင်ပေါ့။ ကျွန်မပေါ့ကတ်ကတကယ်တော့အကြီးကြီးတွေမမှန်းဘူး။ အကြီးကြီးတွေမတွေးဘူး။ အဓိက ဘာလဲဆိုတော့ ဒီပေါ့ကတ်ကို နားထောင်လိုက်တဲ့အချိန်မှာ တွေးစရာတကွက်ရသွားသည်ပဲဖြစ်စေ၊ ဒါမှမဟုတ် အော် ငါတို့ကဒါကိုကြုံခဲ့တာပဲ ငါတို့အဲ့တုန်းကဒါကိုမတွေးခဲ့မိပါလား။ ငါတို့အဲ့ဒီတုန်းကတော့ အလုပ်မှာ ငါ အမျိုးသမီးဖြစ်နေလို့ ငါ့ကိုနှိမ်တယ်လို့ ငါအဲ့လိုမခံစားခဲ့ရဘူး။ ဒီပေါ့ကတ်ထဲမှာပြောတဲ့အကြောင်းအရာ ငါခံခဲ့ရတာနဲ့တပုံစံထဲပဲ ဒါဆိုရင် ဒီလိုပုံစံမျိုးဖြစ်တယ်ဆိုတဲ့အဓိကပြန်ပြီးတော့ အတွေးစ တစ်စဝင်စေတာပေါ့။ ဒါကျွန်မရဲ့ ရည်မှန်းချက်ပေါ့။ နောက်ထပ်ရည်မှန်းချက်တခုကဘာလဲလို့ပြောရင် ခုနကျွန်မပြောတဲ့ အာဏာပါဝါ structure နဲ့ dynamic ကျွန်မတို့လူ့အဖွဲ့အစည်းက အာဏာပါဝါကိုလိင်အင်္ဂါနဲ့တိုင်းတာတဲ့လူ့အဖွဲ့အစည်းလိုဖြစ်နေတာ အဲ့ဒီ စနစ်ကို ကျွန်မတို့ ချိုးဖျက်ပစ်ရမယ်။ ချိုးဖျက်ပစ်ဖို့ဆိုဘယ်တော့ချိုးဖျက်ရမလဲဆို အခုချိုးဖျက်ရမယ်။ အဲ့တော့ ဒါကြောင့်”အထက်ဆင်”ကနေပြီးတော့ အခြားအခြားသော လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ လိင်ကွဲပြားမှုတွေ ကို အခြေ ပြုပြီးတော့ ဖြစ်တည်နေတဲ့ အာဏာပါဝါ dynamics ကိုချိုးဖျက်နိုင်တဲ့ လှုပ်ရှားမှုတွေ၊ အတွေးအခေါ် သူပုန်ထမှု တွေပေါ်လာစေချင်တယ်။ အဲ့ဒါက အဓိကရည်ရွယ်ချက်ပါ။
မေး။ ။ အထက်ဆင်ပေါ့ကတ်မှာဆိုရင် ပြောဖို့အကြောင်းအရာ၊ ခေါင်းစဉ်တွေကိုသီး သန့်စဉ်းစားရတာမျိုး ရှိလား။ ဒီအကြောင်းအရာတွေကို ပြောဖို့ဆိုရင် အချက်အလက်ရှာနေရတာမျိုးထက်အမြဲတမ်းမြင်နေကြားနေရတဲ့ အကြောင်းအရာတွေကိုပိုပြောဖြစ်နေလား။
ပေါ့ကတ်လုပ်တဲ့အခါမှာ feminism ဆိုတဲ့အကြောင်းအရာက အပွင့်လင်းဆုံးပြောရရင် ကျွန်မတို့မြန်မာ့လူ့ အဖွဲ့ အစည်းရဲ့နေ့စဉ်ဘဝနဲ့အင်မတန်ဝေးနေသေးတယ်။ အင်မတန်ဝေးကွာသေးတယ်။ ကျွန်မတို့ပြောတဲ့အခါမှာ အရမ်းကြီးလည်း theory အရမ်းဆန်သွားလို့မရသလို အရမ်းကြီးလည်းလွယ်သွားလို့လည်း အဆင်မပြေဘူး။ တချို့သော theory နဲ့ပတ်သက်တဲ့အကြောင်းအရာကရှုပ်ထွေးတာ၊ အဲ့နှစ်ခုရဲ့ကြားထဲမှာ balance ရှာရတယ်ပေါ့နော်။ ကျွန်မပေါ့ကတ်တပိုင်းချင်းစီအတွက် researchလုပ်တဲ့အချိန်ရှိတယ်။ ဘာလဲဆိုတော့ ကျွန်မကမြန်မာနိုင်ငံ၊ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာကြီးပြင်းတဲ့လူဖြစ်တဲ့အတွက် ကျွန်မဘာကြုံခဲ့ရလဲ ကျွန်မပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတွေ ဘာကြုံရလဲဆိုတာကို နေ့စဉ်နဲ့အမျှသိရတယ်။ အချင်းချင်းစကားပြောလို့ပဲဖြစ်စေ၊ ဖေ့ဘုတ်ပေါ် မှာကောမန့်တွေကိုကြည့်လို့ပဲဖြစ်စေ၊ ပိုစ့်တွေကိုဖတ်လို့ပဲဖြစ်စေ အကုန်တွေ့ရတယ်။ အဲ့ဒီဟာသည် လက်တွေ့ dataပေါ့။ လက်တွေ့မှာဖြစ်နေတဲ့အဲ့data ကို theory နဲ့ဘယ်လိုပေါင်းစပ်မလဲဆိုပြီးတော့ သုတေသနတွေ လုပ်တယ်။ အဲ့လိုပေါင်းစပ်ပြီးတော့မှ အထက်ဆင်မှာ ပေါ့ကတ်အဖြစ်နဲ့တင်ဆက်ပါတယ်။
မေး။ ။ပေါ့ကတ်နာမည်ရောအကြောင်းအရာအားလုံးက အမျိုးသမီးတွေအတွက် အဓိကရည် ရွယ်ပြီး လုပ်ကိုင်တာဆိုတော့ စတင်တဲ့အချိန်ကနေ ခုချိန်ထိ ဘယ်လိုစိန်ခေါ်မှုတွေအများဆုံးကြုံတွေ့ရလဲ။
ဖြေ။ ။ အခက်အခဲဆိုတာထက် အဓိကကတော့ ကျွန်မတို့ feminism အကြောင်းပြောရင်ပဲဖြစ်ဖြစ် အမျိုးသမီးအခွင့်အရေးအကြောင်းပြောရင်ပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံရတဲ့ အစုအဖွဲ့တွေအကြောင်းပြောရင်ပဲဖြစ်ဖြစ် အခုလက်ရှိကာလမှာ တော်လှန်ရေးကိုပဲအရင်လုပ်ပြီးတော့မှ တန်းတူညီမျှရေးဆိုတာနောက်မှပြော၊ ဒါမှမဟုတ်ရင် နင်တို့အခွင့်အရေးကိစ္စတွေနောက်မှပြောဆိုတာတွေ ခဏခဏကြုံရတယ်။ ဒီလိုမျိုး setback တွေက ကျွန်မတို့ အတွက်အခက်အခဲပဲ။ ကျွန်မအတွက်တိုက်ရိုက်အခက်အခဲဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့်အဲ့ဒါက ကျွန်မတို့အားလုံး ကြုံရတဲ့အခက်အခဲပဲ အဲ့တချက်၊ နောက်တချက်ကတော့ နားထောင်သူပေါ့လေ။ အထက်ဆင်ကိုနားထောင်တဲ့ ပရိသတ်တွေအတွက်ကတချို့ကိစ္စတွေဆိုရင်အရမ်းစိမ်းတဲ့အဖြစ်အပျက်တွေဖြစ်နိုင်တယ်။ ဒါပေမယ့်အဲ့ဟာ အပေါ် မှာဒီကိစ္စကတော့ဒီလိုရှိတယ်။ ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းနေ့စဉ်ဘဝထဲမှာဒီလိုဖြစ်နေတယ်ဆိုပြီးတော့ ဥပမာတွေနဲ့ပြန်ပြီးပြောရတာပေါ့လေ။ အခက်အခဲဆိုတာထက်တော့ ကိုယ့်ဘက်ကပိုပြီးကြိုးစားရတာပေါ့။ ဒီစိန် ခေါ်မှုကိုကျော်ဖို့။ နောက်ဆုံးတခုကတော့ မဟာဖိုဝါဒီတွေနဲ့ရှေးရိုးစွဲတွေရဲ့တုန့်ပြန်မှုပေါ့လေ။ ကျွန်မပြောတဲ့ဟာတွေနဲ့ ပတ်သက်ရင်ပြီးခဲ့တဲ့ တခေါက်ကdebate မှာလည်းအမျိုးမျိုးသော တုန့်ပြန်မှုတွေရတယ်။ ဥပမာ အမျိုးသမီးတွေကိုချိုးချိုးဖဲ့ဖဲ့ပြောဆိုထားတဲ့ အမျိုးသမီးတွေရဲခန္ဓာကိုယ်ကို အသုံးချပြီးတော့ ပြောတဲ့ပြက်လုံးတွေကမရယ်ရဘူးလို့ပြောတဲ့အခါမှာ ပထမဦးဆုံးကြုံရတာကကျွန်မကိုတိုက်ရိုက်ဝေဖန်တိုက်ခိုက်တာရှိမယ်။ ငြိမ်းချမ်းမေက ဟာသဉာဏ်ပျောက်နေတာလား ဆိုတာမျိုးတွေပေါ့။ နောက်တခါကျတော့ ကျွန်မပြောတဲ့အချက် အလက်တွေစကားလုံးတွေကိုဝေဖန်တိုက်ခိုက်တာရှိတယ်။ ဒါကိုတော့ကြုံရတယ်။ အဲ့လိုကြုံရခြင်းသည်လည်းကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းတခုထဲမဟုတ်ဘူးတကမ္ဘာလုံးမှာရှိတယ်။ မြန်မာ့ လူ့ အဖွဲ့အစည်းထဲမှာ အမျိုးသမီးအခွင့် အရေးနဲ့ပတ်သက်လာရင်ကျွန်မတို့ကလူတွေဖြစ်တယ်။ ကျွန်မတို့က တူညီတဲ့ လူ့အခွင့်အရေးကိုရရမယ့် ရကိုရနေရမယ်ဆိုတဲ့အကြောင်းအရာကို အခုထိ စိတ်ထဲမှာ မထည့်သွင်းထားနိုင်သေးဘူး၊ ဒီလိုမျိုးမဟာဖိုဝါဒီနဲ့ အာဏာ ပါဝါတွေကို အလွဲသုံးစားလုပ်ချင်မှုတွေရှိနေသေးတာပဲဆိုတာ ပြတဲ့သက်သေဖြစ်တယ်၊
မေး။ ။တချို့ကလည်းအမျိုးသမီးအရေးတွေပြောကြရင် တော်လှန်ရေးကိုအရင်လုပ် တခြားတန်းတူရေးတို့၊ အမျိုးသမီးအရေးတို့ကို နောက်မှလုပ်၊ နောက်မှပြောပါဆိုပြီးပြောကြတာရှိတယ်။ ဒီလိုပြောဆိုစဉ်းစားချက်တွေ အပေါ်မှာ ဘယ်လိုမှတ်ချက်ပေးချင်လဲရှင့်။
ဖြေ။ ။ တော်လှန်ရေးလုပ်နေတဲ့အချိန်အတွင်းမှာ ရန်သူကိုပဲတိုက် အခုအချိန်မှာအခွင့်အရေးတွေတန်းတူ ညီမျှရေးတွေအကြောင်းကို မပြောနဲ့နောက်မှပြောဆိုတဲ့ဟာနဲ့ပတ်သက်ပြီးပြောချင်တာ ကျွန်မတို့ကတော်လှန်ရေး တရပ်ကိုဆင်နွဲနေတာ၊ ဒီတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်က စနစ်ကိုပြောင်းဖို့ဖြစ်တယ်။ စနစ်ကိုပြောင်းဖို့ လို့ပြောရင်အဲ့ဒီစနစ်ဟာ တရားတဲ့စနစ်လား မတရားတဲ့စနစ်လားဆိုတာ ကိုယ့်ဘာသာကိုသိလို့ ဒီဟာကို စိတ်ထဲမှာသိလို့ ပြောင်းဖို့ကြိုးစားတာတော်လှန်တာ အဲ့ဒီတော်လှန်တဲ့အထဲမှာ မဟာဖိုဝါဒီနဲ့ခွဲခြားဆက်ဆံမှု အမျိုးသမီးဖြစ်မှု၊ အမျိုးသားဖြစ်မှု၊ LGBTQIA+ဖြစ်မှုအပေါ်မှာ မူတည်ပြီး ခွဲခြားဆက်ဆံမှုဆိုတဲ့အင်မတန်အိုဟောင်းနေတဲ့အတွေးအခေါ်လည်းပါတယ်။ အဲ့ဒီ ideology ကိုစနစ်သစ်ထဲ မရှိချင်လို့ထုတ်ပယ်ချင်လို့ ဒီတော်လှန်ရေးကိုလုပ်တာ၊ ဒီဟာကိုနောက်မှပြောဆိုတာက အကြောင်းပြချက်သက်သက်ပဲဖြစ်တယ်။ ကျွန်မတို့ဒီအကြောင်းကို ဒီနေ့ပြောရမယ်။ အမြဲတမ်းပြောနေရမယ်။ ဒါတော်လှန်ရေးတရပ်ပဲ။ နောက်တခုက တော်လှန်ရေးထဲမှာရှိတဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေ လိင်ပိုင်းဆိုင်ရာအရနှောင့်ယှက်ထိပါးအကြမ်းဖက်မှုတွေရှိလာတဲ့အခါမှာများသောအားဖြင့် ဒီအကြောင်းကို ထုတ်ဖော်ပြောလိုက်ရင်တော်လှန်ရေးရဲ့ မျက်နှာကိုထိခိုက်မယ်။ တော်လှန်ရေးရဲ့သိက္ခာကိုထိခိုက်မယ်ဆိုတဲ့ စကားမျိုး စိုးရိမ်မှုတွေရှိတယ်။ ကျွန်မတို့အတွက်က ဒါဟာတော်လှန်ရေးရဲ့မျက်နှာကို ထိခိုက်တာမဟုတ်ဘူး။ ဒါဟာတော်လှန်ရေးရဲ့မျက်နှာကို ဂုဏ်ရောင်ပြောင်စေတာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးမတရားမှု ဒီလိုမျိုးလိင်ပိုင်းဆိုင်ရာနှောက်ယှက်ထိပါးမှုတွေဟာ ကျွန်မတို့တော်လှန်ရေးရဲ့အန္တိမ မျှော်မှန်းချက်ကို သွေဖယ်နေတယ်ဆိုတာပြယုတ်ပဲဖြစ်တယ်။ အဲ့ဒီတော့ ဒါတွေကိုဖုံးဖိထားတာသည်မရှိဘူးလို့ပြောတာမှမဟုတ်တာ၊ ဖြစ်နေတာကို ကျွန်မတို့ကရှိနေတဲ့ဟာကိုဖော်ထုတ်ပြီးတော့ တရားမျှတမှုမျှမျှတတနဲ့ ဘယ်လိုမျိုးလုပ်ဆောင်ရမယ်ဆိုတာ ပြသခြင်းဟာ တော်လှန်ရေးရဲ့အစိတ်အပိုင်းတခုပဲဖြစ်တယ်ဆိုတာကို တော်လှန်ရေးထဲမှာပါဝင်နေတဲ့အမျိုးသမီးအမျိုးသား၊ LGBTQIA+ အကုန်လုံးသိရမယ်။
မေး။ ။ အမျိုးသမီးတစ်ဦးက တော်လှန်ရေး၊ နိုင်ငံရေး၊ အမျိုးသမီးအရေး၊ ဖိုဝါဒကြီးစိုးမှုစတာတွေနဲ့ ပတ်သက်ပြီးပြောဆို၊ လုပ်ဆောင်တဲ့အခါ အဲ့ဒီလုပ်ဆောင်ချက်ကိုဝေဖန်တာမျိုးမဟုတ်ပဲနဲ့အမျိုးသမီးဖြစ်ခြင်းကိုဝေဖန်တိုက်ခိုက်ကြတဲ့အပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။
အမျိုးသမီး activist တွေ၊ အမျိုးသမီးနိုင်ငံရေးသမားတွေ၊ LGBTQIA+ activist တွေ၊ LGBTQIA+ နိုင်ငံရေးသမားတွေဟာ အမြဲတမ်းပစ်မှတ်ထားတိုက်ခိုက်ခံရလေ့ရှိတယ်။ ဘယ်လိုပစ်မှတ်ထားတိုက်ခိုက်ခံရလဲမေးရင်၊ ဥပမာ ဒါကမြန်မာနိုင်ငံတခုထဲပြောတာမဟုတ်ဘူး။ ကျွန်မက intersectional feminist တယောက်အနေနဲ့ intersectional feminist ကိုလေ့လာတဲ့အခါမှာ၊ နိုင်ငံတကာဆက်ဆံရေးကို လေ့လာတဲ့ကျောင်းသူတယောက်လည်းဖြစ်တဲ့အတွက် ဒီထဲမှာရှိတဲ့ အာဏာပါဝါ dynamic ကိုအမြဲတမ်းလေ့လာတယ်။ အဲ့ဒီအခါမှာ ဘာတွေတွေ့ရလဲဆို pattern ပုံစံတမျိုးနဲ့သွားတယ်။ ဘာလဲဆိုတော့ အမျိုးသမီးနိုင်ငံရေးသမားတွေ၊ activist သူတို့တွေ အမှားတခုခုလုပ်ရင်ဝေဖန်တာက ဘယ်ကစပြီးဝေဖန်လဲဆိုရင် အဲ့ဒီသူ့ရဲ့ အမျိုးသမီးဖြစ်မှု LGBTQIA+ ဖြစ်မှုကစပြီး ဝေဖန်တယ်။ အမျိုးသားနိုင်ငံရေးသမားတယောက်၊ အမျိုးသား activist တယောက်က အမှားလုပ်ရင် အဲ့အမှားအပေါ်မှာပဲအချက်အလက်ကိုဝေဖန်တာရှိတယ်။ အဲ့မှာမေးခွန်းထုတ်လာတာဘာလဲဆိုတော့ လူကအမှားလုပ်တတ်တယ်။ လူဆိုတာအမှားရှိတယ်။ သို့သော် အမျိုးသမီးနိုင်ငံရေးသမားတစ်ယောက်ပြုမိတဲ့အမှားနဲ့ အမျိုးသားနိုင်ငံရေးသမားပြုမိတဲ့အမှားအပေါ်မှာ ဝေဖန်တဲ့လူ့အဖွဲ့အစည်းရဲ့ဝေဖန်တဲ့ပုံစံမတူဘူး။ ဒါကပုံစံတကျ ဖြစ်နေတာ။ စနစ်ထဲမှာဝင်နေတဲ့ ကျွန်မအမြဲတမ်းပြောတဲ့ကင်ဆာပဲ။ ကင်ဆာရှိနေရင် ကင်ဆာရှိနေတဲ့ အစိတ်အပိုင်းကို ဖြတ်ထုတ်ရတယ်။ ဒါမှမဟုတ်ရင် ကုသရတယ်။ အခုကျွန်မတို့ feminism အမျိုးသမီးအခွင့်အရေးအနေနဲ့ အသိပညာတွေဆက်ပြီးပြန့်ပွားနေတာတွေ အဲ့ဒီထဲမှာမှ တရားမျှတမှုကိုပြန်ရဖို့ကြိုးပမ်းနေတာတွေ အဲ့ဒါဖျားနာနေတဲ့ လူ့အဖွဲ့အစည်း ကင်ဆာရောဂါရနေတဲ့ လူ့အဖွဲ့အစည်းကိုထုတ်ပယ်ဖို့ကြိုးစားတာ။
မေး။ ။ အပေါ်ကပြောခဲ့တဲ့ ဝေဖန်မှုတွေကိုကြုံရတဲ့အခါဘယ်လိုရင်ဆိုင်ဖြေရှင်းလဲ။
ဖြေ။ ။ အဓိကနှစ်ချက်ရှိတယ်။ ခုနပြောသလို အချက်အလက်နဲ့ပတ်သက်ပြီးဝေဖန်တာလားပေါ့။ ကျွန်မတို့ လူ့အဖွဲ့အစည်းမှာအချက်အလက်ကျကျ အကိုးအကားနဲ့ဝေဖန်ပြောဆိုတက်ဖို့ဆိုတဲ့ အလေ့အကျင့်ကျွန်မတို့ ကြိုးစားလေ့ကျင့်နေရတယ်အခုဆိုရင်။ အဲ့တော့ ကြိုးစားလေ့ကျင့်တဲ့အခါမှာ အဲ့ဒီလိုဝေဖန်တယ်ဆိုရင် နည်းလမ်းကျကျနဲ့ဖြေရှင်းတာမျိုး။ လူဟာ သူ့အမြင်ကိုယ့်အမြင်ရှိတယ်။ ကိုယ့်အမြင်ကတော့ဘာ သူ့အမြင်ကတော့ ဘာဆိုပြီး လက်ခံဆွေးနွေးပြီးတော့ ပြောဆိုတာမျိုးပေါ့။ အဲ့လိုမျိုးပြန်လည်တုန့်ပြန်လို့ရတာရှိတယ်။ နောက်ထပ် တပိုင်းကကျတော့ အချက်အလက်မကျပဲနဲ့အချက်အလက်မရှိပဲနဲ့ခုနပြောသလိုပေါ့။ အမျိုးသမီးမို့လို့သူ့ရဲ့ ရုပ်ရည်အသွင်အပြင်သူ့ရဲ့ ပုဂ္ဂလိက ဘဝကို အသုံးပြုပြီးတိုက်ခိုက်တာကြတော့ ကျွန်မတို့မှာအခုလက်ရှိ ကျွန်မတို့မြန်မာနိုင်ငံမှာ တိကျသေချာတဲ့ စစ်ဆေးမှုယန္တရား၊ တိုင်ကြားမှုယန္တရား၊ ဥပဒေတွေမရှိသေးဘူး။ တခြားနိုင်ငံမှာဆို တချို့ ရှိသင့် သလောက်ရှိပြီ။ အမျိုးသမီးနိုင်ငံရေးသမားတွေကို hate speech လုပ်တာပဲဖြစ်ဖြစ်ဆိုရှယ်မီဒီယာ ကတိုက်ခိုက်တာအတွက် တိကျသေချာတဲ့ ဥပဒေတွေပုဒ်မတွေပြဌာန်းထားတယ်။ ကျွန်မတို့ဆီမှာ မရှိသေးဘူး။ မရှိသေးတဲ့အတွက် တော်လှန်ရေးရဲ့အလွန်နိုင်ငံအသစ်မှာ ဒီလိုဥပဒေတွေ၊ ယန္တရားတွေ ထွန်းကား လာအောင် ကျွန်မ တို့ကြိုးစားရမယ်။ အခုလက်ရှိမှာတော့ဘယ်လိုပြန်ပြီးတုန့်ပြန်လို့ရသလိုဆို ကျွန်မတို့မှာ တုန့်ပြန်စရာက block လုပ်လိုက်တာရှိမယ်။ ဘာကြောင့်မို့လို့ ဒီလိုတိုက်ခိုက်တာလဲ တိုက်ခိုက်တဲ့အကြောင်းအရာက ဘာကိုမူ တည်ပြီးတော့ပြောတာဖြစ်မလဲဆိုတဲ့ဟာမျိုးကိုဦးတည်ပြီးတော့ ဒီဟာမျိုးတွေကကိုယ်တယောက်ထဲဖြစ်တာလားတ ခြားသူတွေမှာဖြစ်တက်သလားဆိုတာ အဲ့ဟာကိုထပ်ပြီးသုတေသနလုပ်ပြီးတော့ ဒီအကြောင်းအရာတွေ လူ့အဖွဲ့ အစည်းထဲမှာရှိနေတယ်ဆိုပြီးထပ်ပြီးပြောဆိုတယ်။ နောက်ဆုံးတခုအနေနဲ့ အမျိုးသမီးတွေ အနေနဲ့စုပေါင်း အသံ ထုတ်တာ ကျွန်မတို့အမျိုးသမီးတွေမှာ ကျွန်မတို့ပဲရှိတာ ကျွန်မတို့တော်လှန်ရေးကနှစ်ဆဖြစ်တဲ့တော်လှန်ရေး ကျွန်မတို့ကစစ်တပ်ကိုတင်တော်လှန်ရတာမဟုတ်ဘူး။ တော်လှန်ရေးအတွင်းပိုင်းမှာရှိတဲ့ မဟာဖိုဝါဒီတွေ ရှေးရိုးစွဲ တွေကိုလည်းတော်လှန်ရတယ်။ အဲ့တော့ တခါတလေကျရင် အပစ်အခတ်ရပ်စဲတာရှိ ကောင်းရှိနိုင်ပေမယ့် စစ်မြေပြင်မှာ သေနတ်ပစ်တာ ရပ်ကောင်းရပ်နိုင်ပေမယ့်၊ ကျွန်မတို့မိန်းမတွေရဲ့ နေ့စဉ်ဘဝမှာ တိုက်ပွဲမဝင်ရတဲ့ နေ့မရှိဘူး။အဲ့ဒီတိုက်ပွဲကိုဘယ်လိုဝင်တိုက်နိုင်မလဲဆို အမျိုးသမီးတွေအတူတကွရပ်တည်ပြီးတိုက်နိုင်မယ်။ ကြုံနေရတာငါတယောက်ထဲမဟုတ်ဘူး။သူလည်းကြုံနေရတယ်။ ဒါဆိုရင်ကြုံနေရတဲ့ လူအချင်းချင်းငါတို့ စုပေါင်းပြီးတော့ဘယ်လိုမျိုး တက်တက်ကြွကြွနဲ့ ကိုယ်ဘက်ကနေဘယ်လိုမျိုးကာကွယ်မလဲဖြစ်လာရင် ဘယ်လိုပြန်ပြီး တုန့်ပြန်မလဲဆိုတာကျွန်မတို့အတူတကွနည်းလမ်းတွေရှာကြရအောင်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးမှာဆို စစ်အာဏာရှင်နဲ့အတူ အတွေးအခေါ်အယူအဆဟောင်းတွေကိုပါ ဖြိုချဖို့ဆိုတဲ့ရည်ရွယ်ချက်တွေလည်းရှိကြတယ်။ ဆိုတော့အထက်ဆင်ပေါ့ကတ်ကအဲ့ဒီလိုရှေးရိုးဆွဲအယူအဆ တွေကို ဖြိုချတဲ့နေရာမှာ ဘယ်လောက်အတိုင်းအတာထိ ထိရောက်မယ်လို့ယုံကြည်ပါသလဲ။
ဖြေ။ ။ အထက်ဆင်ကအတွေးအခေါ်သူပုန်ထကြည့်လိုက်ဖို့ ကြိုးပမ်းမှုတရပ်ပဲ။ အဲ့ကနေပြီးတော့ ထပ်ပြီးတော့အတွေးအခေါ်သူပုန်ထဖို့ ကြိုးပမ်းလာမှုတွေ နောက်ထပ်နောက်ထပ်ဆင့်ပွားပြီးဖြစ်လာတယ်ဆိုရင် ကျွန်မတို့လူ့အဖွဲ့အစည်းမှာ ဒီလိုမျိုးတွေးတက်တဲ့လူငယ်၊လူလတ်၊လူကြီးတွေဖြစ်လာလိမ့်မယ်။ ဒါဆိုရင် ကျွန်မတို့ ဟာ စနစ်တခုကိုဘယ်လိုရွေ့ကြမယ်ဆိုတာ အတူတကွနည်းလမ်းရှာလာနိုင်လိမ့်မယ်လို့ယုံကြည်တယ်။ အထက်ဆင်ကကြိုးပမ်းမှုတခုပဲ သို့သော်အဲ့ဒီကနေဆက်ပွားပြီးတော့ကြိုးပမ်းလာကြလိမ့်မယ်လို့ယုံကြည်ပါတယ်။
မေး။ ။ ရှေ့ဆက်ပြီး အထက်ဆင်ပေါ့ကတ်နဲ့ပတ်သက်ပြီးဘယ်လိုစိတ်ကူးတွေရှိဦးမလဲ။
ဖြေ။ ။ ခုနပြောသလို အထက်ဆင်က Burma Podcast Network ရဲ့အစိတ်အပိုင်းတခုဖြစ်တယ်ဆိုတော့ ကျွန်မတို့က နားထောင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဘာအကြောင်းတွေ ထပ်ပြီးတော့နားထောင်ချင်သေးလဲပေါ့။ သူတို့နားထောင်ချင်တဲ့အကြောင်းအရာတွေကို သုတေသနလုပ်ပြီးတော့ပြန်လည်ပြီးပြောပြတာမျိုးရှိမယ်။ နောက်တပိုင်းကတော့ လူမှုဗေဒအရကြည့်မယ်ဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဖြစ်ပျက်နေတဲ့ လူမှုဖြစ်ရပ်တွေ အဲ့ဒီ ဟာတွေကို Gender အမြင်၊ Feminist point of view ကနေကြည့်ပြီး ဒါတွေကတော့ဒီလိုဖြစ်နေတယ်။ ဒါကတကယ်ရောဖြစ်သင့်လား။ မဖြစ်သင့်လား။ ဖြစ်သင့်လား၊ မဖြစ်သင့်လားဆိုတဲ့စကားမှာလေ ဗမာ့လူ့ အဖွဲ့အစည်းကရှိတယ်။ ဖြစ်သင့်တယ်။မဖြစ်သင့်ဘူးလို့တယောက်ယောက်ကပြောရင် ဆရာကြီးလုပ်တယ်။ ဆရာမကြီး လုပ်တယ်လို့မြင်ကြတယ်။ ကျွန်မကအဲ့လိုမျိုးသူများတွေကိုစာသင်ပေးဖို့အတွက်အထက်ဆင်လုပ်တာမဟုတ်ဘူး။ ကျွန်မက ကျွန်မအမြင်ကိုမျှဝေပြီးတော့ ကျွန်မမြင်တဲ့အမြင်ကို နားထောင်ပြီးတော့ ငါလည်းအဲ့လိုပဲတွေးတယ်လို့ လူတွေ အဲ့လိုစိတ်ထဲတွေးလိုက်ရင်ကျွန်မကျေနပ်တယ်။
မေး။ ။ လက်ရှိနွေဦးတော်လှန်ရေးသုံးနှစ်ကျော်ကာလမှာ ဖိုဝါဒကြီးစိုးမှုတွေ၊ အမျိုးသမီးတွေအပေါ်ခွဲခြားမှုတွေနဲ့ပတ်သက်ပြီး ပြောင်းလဲမှုတွေမြင်တွေ့ရလား။ ဘယ်လောက်အထိအမြင်တွေပြောင်းသွားပြီလဲ။ ရှေးရိုးစွဲမှုတွေ ဘယ်လောက်ထိလျော့သွားပြီလို့ ထင်လဲရှင့်။
ဖြေ။ ။ မဟာဖိုဝါဒကလေအင်မတန်မှမျက်နှာများတယ်။ နွေဦးတော်လှန်ရေးစတဲ့ အချိန်ကနေလက်ရှိအချိန်ထိပေါ့။ တိုးတက်လာမှုကဘာလဲဆိုတော်လှန်ရေးထဲမှာပါဝင်လာတဲ့အမျိုးသမီးတွေ၊ LGBTQIA + တွေအနေနဲ့က သူတို့သည်တော်လှန်ရေးမှာ စတင်ပါဝင်လာတုန်းကတော့ စစ်တပ်အာဏာသိမ်းတာကို လက်မခံနိုင်ဘူးဆိုတာကစတယ်။ ဒါပေမယ့်နောက်ကျတော့ ဒါဟာ ဒီတော်လှန်ရေးထက်ပိုတယ်။ ငါတို့ဟာ လူမှုတော်လှန်ရေးတရပ်ကို သွားနေတယ်ဆိုတာ တဖြေးဖြေးယုံကြည်လာတာအဲ့ဒါက ကျွန်မတို့အတွက်အမြတ်ပေါ့။ ဒါက ကျွန်မတို့အတွက် အပေါင်းလက္ခဏာဆောင်တယ်။ နောက်တခုကတော့ တော်လှန်ရေးရဲ့မျက်နှာစာတိုင်းမှာရှိနေတဲ့ မဟာဖိုဝါဒတွေကရှိသေးတယ်။ အမျိုးသမီးဆိုရင်နေရာမပေးချင်တာ။အမျိုးသမီးဆိုရင် နောက်ဆုံးမှစဉ်းစားတာ အမျိုးသမီးပါရင် ပြီးရောဆိုပြီးအိမ်ဖြည့်သဘောထည့်တာမျိုးပေါ့။ နောက်ဆုံးတခုကတော့ ကျွန်မတို့နိုင်ငံဟာ စစ်ဖြစ်နေတဲ့နိုင်ငံဖြစ်တဲ့အတွက် ပဋိပက္ခဖြစ်ပွားတဲ့နိုင်ငံဖြစ်တဲ့အတွက် အမျိုးသမီးလို့တွေးရင် ခံရသူလို့တွေးတာ ပြုလုပ်ခံရသူလို့ အမြဲတမ်းတွေးတဲ့ victim narrative ဒီဟာတွေရှိနေတုန်းပဲ။ ဒီဟာတွေကိုအမြစ်ဖြတ် တိုက်ထုတ်ရမယ်။ ကျွန်မတို့အမျိုးသမီးတွေကိုယ်တိုင်ကလည်း victim narrative ကနေကျော်ပြီး ကျွန်မတို့က တက်ကြွ စွာပါဝင်နေတဲ့ active participation လုပ်နေတယ်ဆိုတဲ့ ဒီ narrative ကိုအမျိုးသမီးတွေ အမြဲတမ်းပြနေဖို့လိုတယ်။ ဘယ်သူနဲ့ပဲဘာစကားပြောပြောအမြဲတမ်းပြနေဖို့လိုတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဆွဲတဲ့အခါမှာလည်း အမျိုး သမီးတွေဟာဒီတော်လှန်ရေးမှာကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကုန်ပေးပြီးပါဝင်ခဲ့တယ်။ အဲ့တော့ပါဝင်တုန်းကလည်း အတူတူကျွန်မတို့နိုင်ငံတော်သစ်ကိုရတဲ့အခါမှာလည်း ရမယ့်ခွင့်အရေးအတူတူပဲဖြစ်ရမယ်။ ဒီတိုက်ပွဲက ဒီလို ပဲဆက်ပြီးဆင်နွဲရမှာပေါ့။
- စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း အမျိုးသမီးထုရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အခြေအနေများနဲ့ပတ်သက်ပြီး Jue Jue’s Safe Spaceမှ မဂျူးဂျူးမင်းသူနှင့် အင်တာဗျူး - 19/11/2024
- တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များ - 18/11/2024
- ရခိုင်စစ်ရှောင်ဦးရေရဲ့ ၅၇ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ် - 18/11/2024