ကေခိုင်
“ကင်ဆာကမသေနိုင်ဘူးဒီခေတ်ကြီးမှာဆေးတွေလည်းကောင်းနေပြီငါကသေနိုင်တဲသူမဟုတ်ဘူးဆိုတဲ့စိတ်ကိုထည့်ပြီး ဘာဖြစ်လဲကင်ဆာပဲကုမှာပေါ့ဆိုတဲ့စိတ်နဲ့နေခဲ့တာပေါ့”လို့ မမေသိမ့်ဇော်ကပြောပါတယ် ။
ခုလိုပြောပြနေတာကတော့အသက်၃၄နှစ်အရွယ်မမေသိမ့်ဇော်ပါ။အစာဟောင်းအိမ်ကင်ဆာကြောင့်စအိုပိတ်လိုက်ရပြီးဝမ်းအိတ်နဲ့နေထိုင်ရပေမယ့်စိတ်ဓာတ်မကျဘဲကင်ဆာကိုရင်ဆိုင်တိုက်ခိုက်ရင်းကင်ဆာရောဂါနဲ့ပတ် သတ်တဲ့ ဗဟုသုတ အချက်အလက်တွေကို လူမှုကွန်ယက်တွေကနေပြန်လည်မျှဝေနေသူအမျိုးသမီးတဦးပါ။
သူမမှာကင်ဆာရောဂါရှိတယ်လို့သိရတာ၂၀၂၀ဧပြီမှာပါ။အဲ့ဒီမတိုင်ခင်ဖေဖော်ဝါရီလပိုင်းကစပြီးနေထိုင်မကောင်းဘဲအားအင်ချိနဲ့ပင်ပန်းတာ၊ ဝမ်းသွားရခက်ခဲပြီးနာကျင်တာ၊ ပိန်ပြီးအသားအရေမွဲခြောက်တာ၊ သွေးပေါင်ချိန်ကျတာစတဲ့ရောဂါ လက္ခဏာတွေ ကြုံတွေ့ခဲ့ရပေမယ့် သာမာန်ရောဂါလို့ပဲထင်ခဲ့တယ်လို့ဆိုပါတယ်။
တစ်ရက်ဝေဒနာအပြင်းအထန်ခံစားရတာကြောင့်ဆေးရုံအရေးပေါ်ခန်းရောက်ခဲ့ကာမသက်သာတဲ့အတွက်အစာအိမ်နဲ့အူလမ်းကြောင်းဆရာဝန်နဲ့ပြသတဲ့အခါမှကင်ဆာလက္ခဏာမှန်းသိခဲ့ရတာပါ။ဆရာဝန်ကလိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးကင်ဆာဖြစ်နိုင်ချေရှိတာကိုမိသားစုဝင်တွေကိုပြောခဲ့ပြီးမိသားစုဝင်တွေကသူ့မကိုအသိမပေးခဲ့ပါဘူး။သူမကရောဂါလက္ခဏာတွေကိုရှာဖတ်ထားတဲ့အတွက်ကင်ဆာလက္ခဏာတွေဆိုတာရိပ်မိနေခဲ့တာလို့ ပြောပါတယ်။
ကင်ဆာဆဲတွေပျံနှံမှုအခြေအနေကိုသိရှိဖို့MRI(သံလိုက်ဓာတ်မှန်)ရိုက်တဲ့အခါကင်ဆာဆဲလ်တွေက အခြားနေရာ တွေကိုမပြန့်ဘဲအစာဟောင်းအိမ်မှာပဲရှိနေသလိုကင်ဆာအကြိတ်လုံးကကြီးမားတဲ့အတွက်အချိန်ခြောက်လ လောက်ပဲ အသက်ရှင် မယ်လို့ ဆရာဝန်က ညီမဖြစ်သူကို ပြောခဲ့တယ်လို့သူမကဆက်ပြောပါတယ်။
သူမရဲ့ညီမဖြစ်သူကဒီကင်ဆာဝေဒနာရှင်တွေကဝမ်းအိတ်နဲ့နေရတာဖြစ်တဲ့အတွက်ဝမ်းအိတ်ဖောက်နိုင်ခြေရှိတယ်ဆိုတာကြိုတင်ပြောပြပြီးယူကျု့နဲ့တစ်တော့တွေကနေတဆင့်ဝမ်းအိတ်ဖောက်ပြီးနေရသူတွေရဲ့ဗီဒီယိုတွေကိုပြသခဲ့တဲ့အတွက် သူမအနေနဲ့ဆုံးဖြတ်ချက်ချရလွယ်ကူခဲ့တာလို့ပြောပါတယ်။
“စဖောက်ကတည်းက ဝမ်းအိတ်ကြီးနဲ့ ဘယ်လိုဘာညာဆိုပြီး စိတ်မညစ်ဘူး ၊ ရှေ့မှာကြိုကြည့်ထားပြီးတော့လေ ၊ ဒါပေမယ့် ကိုယ့်အတွက်အထူးဆန်းလိုတော့ဖြစ်နေတယ်”လို့သူမကပြောပါတယ် ။
ဝမ်းအိတ်ဖောက်ပြီးနောက်ကင်ဆာရောဂါကုသမှုအဖြစ်ဓာတ်ကင်တယ်လို့ခေါ်တဲ့ Radiation Therapy(RT) “ဓါတ်ရောင်ခြည်ကုထုံး”စလုပ်ခဲ့ကာအကြိမ်၃၀နီးပါးဓါတ်ကင်ရတဲ့အခါအကြိမ်၂၀မြောက်ကစပြီးဓါတ်ရောင် ခြည်ကုထုံး နောက်ဆက်တွဲရလဒ်အဖြစ် ပြင်းထန်တဲ့ နာကျင်မှုတွေစခံစားရတာလို့ဆိုပါတယ်။
သူမရဲ့ကင်ဆာအမျိုးအစားကစအိုအနီးတဝိုက်နေရာကိုဓာတ်ကင်ရတာကြောင့်မိန်းမကိုယ်နဲ့စအိုတဝိုက်မှာအရေပြားလောင်တဲ့ဒဏ်ခံရသလိုဆီးပူဆီးကျင်တာတွေလည်းဖြစ်တော့သူမအတွက်အပေါ့အပါးသွားရတာခက်ခဲခဲ့ရပြီးဘေးထွက်ဆိုးကျိုးအဖြစ်သွေးဆုံးပြီးကလေးရဖို့လည်းမလွယ်ကူတဲ့အထိအကျိုးသက်ရောက်တာတွေရှိခဲ့တာပါ။
“မိန်းကလေးဆိုတော့ရှုးပေါက်ရတာအဆင်မပြေတော့ဘူးရှုးပေါက်တာနဲ့တခါတည်းစိုတော့အရမ်းစပ်တာဆွေ့ဆွေ့ ခုန်နေတာ ရှုးတခါပေါက်ရင် မျက်ရည်တခါကျတယ်”လို့သူမကပြောပါတယ်။
အကြိမ်၃၀ပြည့်ပြီးချိန်မှာတစ်လနားခဲ့ပြီးနောက်ကီမိုလို့ခေါ်တဲ့(Chemotherapy-ကင်ဆာဆဲလ်တွေ ကိုသတ်ပစ် နိုင်သလိုဆဲလ်တွေဆက်မကြီးထွားအောင်အခြားနေရာတွေမပျံ့နှံ့အောင်အသုံးပြုရတဲ့ဆေးဝါး)ဆေးသွင်းရတဲ့ အခါနာကျင်မှုတွေပိုတိုးလာပြီးသူမအတွက်ခက်ခဲကြမ်းတမ်းတဲ့ကင်ဆာခရီးလမ်းဖြစ်လာခဲ့တာလို့ဆက်ပြော ပါတယ်။
“ကီမိုဆေးကိုခန္ဓာကိုယ်ထဲထိုးပြီးတာနဲ့မူးဝေပြီးအန်ချင်တာ၊အနံအသက်မခံနိုင်တာ၊အိမ်ယာထဲလဲတာ၊အေးတဲ့ အစားအသောက်တွေရေအေးတွေသောက်လို့ချိုးလို့မခံနိုင်တာ၊ဆေးသွင်းထားတဲ့လက်ကလည်းထုံကျင်တာ တွေကိုခံစားရတယ်။ဆေးသွင်းပြီးလို့အိမ်ပြန်ရောက်တာနဲ့ငါးရက်ကနေ တပတ်အထိက အိပ်ရာထဲဗုန်းဗုန်းလဲတာ ၊ ခွေနေတာ မိုးလင်း လည်းမသိ မိုးချုပ်လည်းမသိ အိပ်နေတာပေါ့”။လို့ သူမခံစားခဲ့ရပုံတွေကိုပြောပြပါတယ်။
ကီမိုဆေးကို၈ကြိမ်သွင်းပြီးတဲ့နောက်ကင်ဆာအကြိတ်ကသေးမသွားဘဲရှိနေတာကြောင့် နောက်ထပ်၆ကြိမ်သွင်း ခဲ့ပေမယ့်အရင်အတိုင်းပဲရှိနေတဲ့အခါအကြိတ်ကိုခွဲစိတ်ဖို့ဆရာဝန်နဲ့တိုင်ပင်ခဲ့ပြီးဆရာဝန်ကတော့ အကြိတ်ကို အောင်အောင်မြင်မြင်ထုတ်နိုင်ဖို့ရာခိုင်နှုန်းငါးဆယ်သာရှိတယ်လို့ဆိုပေမယ့်သူမကခွဲစိတ်ဖို့ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
“ခွဲစိတ်တဲ့အခါ အကြိတ်က ကြီးမားတဲ့အတွက်ကြောင့် သွေးကြောတွေ တင်ပဆုံရိုးခွင်နဲ့မလွတ်ကင်းတဲ့အတွက် အကြိတ်မထုတ်နိုင်ဘဲပြန်ပိတ်ခဲ့ရတယ်။ခွဲစိတ်တာအဆင်မပြေတဲ့အတွက်တစ်လနားပြီးကီမိုဆေးထပ်သွင်း ရပါတယ် ၊ဆေးသွင်းတာအကြိမ်ရေ၄၀အထိရှိခဲ့ ပြီး ဆေးသွင်းရတဲ့ ဒဏ်ကြောင့် လက်က မခံနိုင်တော့တဲ့အတွက် Chemo Port ဆိုတဲ့ ရင်ဘက်မှာစက်ထည့်ပြီး ဆေးသွင်းရ တဲ့နည်းကိုလုပ်ဆောင်ခဲ့ရတယ်”လို့ပြောပါတယ်။
ကင်ဆာအကြိတ်ရဲ့နာကျင်မှုဒဏ်ကိုမခံစားနိုင်တော့တဲ့အတွက်ပြည်ပမှာခွဲစိတ်ဖို့စုံစမ်းတဲ့အခါထိုင်းနိုင်ငံဆေးရုံ ကဆရာဝန်တွေကခွဲစိတ်ဖို့ငြင်းဆိုခဲ့ပြီးအိန္ဒိဆေးရုံတွေကတော့လာရောက်ပြသဖို့ခေါ်ခဲ့ပေမယ့်အောင်မြင်ဖို့၅၀ ရာခိုင်နှုန်းသာရှိမယ်လို့ဆိုပေမယ့်ကုန်ကျစရိတ်ကိုတွက်ဆကြည့်တဲ့အခါသိန်းနှစ်ထောင်ကျော်သုံးထောင်နီးပါး ကုန်ကျမယ့်အခြေအနေမှာမတက်နိုင်တော့တဲ့အတွက်ခင်မင်ရတဲ့အမတစ်ဦးကသိရှိပြီးရောဂါကုသဖို့ အလှုခံပေး တဲ့အခါရင်းနှီးသိကျွမ်းသူရော မသိကျွမ်းသူတွေကပါဝိုင်းဝန်းလှုဒါန်းကြတယ်လို့ဆိုပါတယ်။
၂၀၂၂စက်တင်ဘာမှာတော့ပြည်တွင်းမှာပဲခွဲစိတ်နိုင်ခဲ့ပြီးခန္ဓာကိုယ်ထဲမှရှိနေတဲ့အစာဟောင်းအိမ်ကင်ဆာအကြိတ် ကိုဖြတ်ထုတ်နိုင်ခဲ့သလို စအိုကိုပိတ်ကာဝမ်းအိတ်နဲ့ရာသက်ပန်နေထိုင်လို့ရခဲ့တာပါ။
“ဒီခွဲစိတ်မှုကတကယ့်ကိုဘဝမှာမမေ့နိုင်သောစိတ်ဒဏ်ရာအပြင်းဆုံးသောကိုယ့်ကိုယ်ကိုသေပြီလို့ တောင်ထင်ရ လောက်အောင်နာကျင်မှုတွေနဲ့ဘဝဖြတ်သန်းခဲ့ရတယ်၊ကိုယ့်ကိုယ်ကိုငါသေတော့မလားမသိဘူးအခန်းထဲကို လာတဲ့သူတိုင်းကိုကယ်ပါဦးဆိုပြီးကယ်ဖို့တောင်းဆိုခဲ့ရတဲ့အထိနာကျင်တာခွဲတဲ့ဒဏ်ရာကနာတာပေါ့“လို့ သူမကပြောပြပါတယ်။
ခွဲစိတ်ပြီးနောက်ပိုင်းကစကင်ဆာကလုံးဝမပျောက်ကင်းပေမယ့်အကြိတ်ဒဏ်ကြောင့်နာကျင်မှုမရှိတော့ဘဲပျော်ပျော်ရွှင်ရွှင်နဲ့လူကောင်းပကတိအတိုင်းသွားလာလှုပ်ရှား နိုင်ခဲ့တယ်လို့ဆိုပါတယ်။
ကင်ဆာခရီးကြမ်းကိုဖြတ်ကျော်နေပေမယ့်ကြုံရတဲ့စိတ်ဓာတ်ကျပင်ပန်းအားငယ်မှုတွေကို၏အတက်နိုင်ဆုံး ဖြေဖျောက်ကာ သူကြုံတွေ့ရတဲ့ ကင်ဆာခရီးလမ်း လူနေမှုဘဝ ဖြတ်သန်းပုံတွေကင်ဆာရောဂါသည်တွေရဲ့ အယူအဆမှားတွေကို MayTheint’scancerjourneyဆိုတဲ့ပေချ့်နဲ့အူမကြီးကင်ဆာနှင့်အစာဟောင်း အိမ်ကင်ဆာ (စအိုကင်ဆာ)အကြောင်းမျှဝေကြရအောင်ဆိုတဲ့လူမှုကွန်ယက်ဂရုတစ်ခုဖွဲ့ပြီးကင်ဆာရောဂါအကြောင်း ဝမ်းအိတ် အသုံးပြုရပုံတွေအကြောင်းကို ဗဟုသုတအနေနဲ့မျှဝေပေးတာတွေစတင်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
“အကယ်လို့ငါသေသွားခဲ့ရင်တောင်ငါပေးတဲ့မက်ဆေ့လေးတစ်ခု လူတစ်ယောက်ကနေနှစ်ယောက်၊နှစ်ယောက် ကနေသုံးယောက်ရသွားရင်ငါကျေနပ်တယ်ဆိုတဲ့စိတ်နဲ့အမလက်ရှိဖြစ်နေတာတွေကိုချပြခဲ့တယ်”။လို့သူမက ပြောပါတယ်။
သူမလိုဝေဒနာခံစားရတဲ့လူနာအချို့ကဝမ်းအိတ်ဖောက်ရမယ်ဆိုတာကိုစိတ်ဓာတ်ကျအားငယ်သလိုမဖောက်ဖို့ ငြင်းဆန်ကြတာကြောင့်အသက်ဆုံးရှုံးရတာတွေလည်းရှိတယ်လို့ဆိုပါတယ်။လူနာကိုယ်တိုင်ကလက်မခံနိုင် သလိုတချို့မိသားစုဝင်တွေကလည်းလက်မခံကြတာတွေရှိတဲ့အတွက်ဝမ်းအိတ်နဲ့နေတာကရှက်စရာကိစ္စမဟုတ် ဘဲသာမန်လူအတိုင်းသွားလာနေထိုင်လို့ရသလိုလှလှပပဝတ်စားနေထိုင်လို့ရတယ်ဆိုတာမျှဝေဖြစ်တာလို့ဆိုပါ တယ်။
ကင်ဆာလူနာအချို့ကဆရာဝန်ညွန်ကြားတဲ့တရားဝင်ဆေးဝါးတွေအစားအာမခံချက်မရှိတဲ့ဆေးဝါးတွေရိုးရာ ဆေးနည်းတွေ၊အသီးအရွက်တွေအစိမ်းသောက်၊ပြုတ်ကြိုသောက်တာတွေကြောင့်ကျောက်ကပ်ပျက်စီးပြီးကင်ဆာဝေဒနာမသက်သာတဲ့အပြင်နောက်ဆက်တွဲဆိုးကျိုးတွေပါတွေ့လာရနိုင်တာကြောင့်ဂရုစိုက်ဖို့လိုတယ်လို့ ဆက်ပြောပါတယ်။
သူမလျှောက်လှမ်းခဲ့ရတဲ့ကင်ဆာခရီးကကြမ်တမ်းပေမယ့်အမြဲတမ်းစိတ်ဓာတ်မကျဘဲဆိုးရွား တဲ့နာကျင်မှုတွေ ခက်ခဲတဲ့ကုသမှုတွေကိုကျော်ဖြတ်နိုင်တာဟာမိသားစုဝင်တွေရဲ့ပံ့ပိုးကူညီမှုလည်းအများကြီးပါဝင်နေတယ်လို့ ဆိုပါတယ် ။
လူနာအချို့ကကင်ဆာရောဂါလို့သိတာနဲ့ ရှေရှည်မှာငွေကုန်ကြေးကျများမှာကိုစိုးရိမ်ပြီးကုသဖို့ငြင်းဆန်တာ ၊ ဆေးကုသနေတဲ့သူတွေကလည်းရှိတဲ့ငွေကြေးကုန်ခမ်းလာတဲ့အခါမိသားစုကိုငဲ့ညာပြီးကုသမှုရပ်တန့်လိုက်တာ တွေလည်းကြုံရတယ်လို့ဆိုပါတယ်။
ကင်ဆာရောဂါဝေဒနာရှင်တွေသာမကသာမာန်လူတွေအနေနဲ့လည်းကင်ဆာဖြစ်စေနိုင်တဲ့အစားအစာတွေ လူနေမှု ဘဝတွေ ပတ်ဝန်းကျင် အနေအထားတွေက ဝန်းရံနေတဲ့အတွက် ချင့်ချိန်နေထိုင်သင့်သလို ဆွေးမျိုးထဲမှာ ကင်ဆာဖြစ်ဖူးသူရှိရင်ကိုယ်တိုင်လည်းအစားအသောက်အနေအထိုင်ဆင်ခြင်သင့်သလို ကျန်းမာရေးစစ်ဆေးမှု တွေလည်းလုပ်ဆောင်ဖို့သူမကတိုက်တွန်းပြောဆိုခဲ့ပါတယ်။
“ခုနကကျွန်မဝမ်းအိတ်ခွာတဲဗူးလေးနဲ့ဝမ်းအိတ်ကိုစပရေးဗူးလေးဖြန်းပြီးတော့ခွာခဲ့ပါတယ်၊ပြီးတော့အခုလောလောဆယ်ကျွန်မဗိုက်အရမ်းယားလို့ပေါင်ဒါဗူးလေးကို သုံးပါ့မယ် ၊ပေါင်ဒါဘူးလေးကို ယားတဲ့နေရာတွေကို တို့ပြီးဖြူးပြီးထားပါမယ်”ဆိုပြီးပြောလည်းပြောလက်ကလည်း ဝမ်းဗိုက်မှာ ကပ်ထားတဲ့ ဝမ်းအိတ်လဲလှယ်တာကို တစ်ဆင့်ချင်းစီ လုပ်ဆောင်ပြနေတဲ့သူမရဲ့ ဟန်ပန်က လူမမာနဲ့မတူဘဲ တက်ကြွမှုအပြည့်ရှိတာ သိနိုင်ပါတယ်။
ရောဂါဝေဒနာတူသူတွေအတွက် အသုံးပြုပုံနည်းလမ်းတွေ၊ သန့်ရှင်းရေးလုပ်ဆောင်ပုံတွေ၊ ပုံမှန်လူတစ်ဦးလိုပဲ လှလှပပဝတ်ဆင်ပြီးပုံမှန်လူနေမှုဘဝအတိုင်းနေထိုင်နိုင်လို့ရတယ်ဆိုတာတွေကိုဝေမျှရင်း သူမအနေနဲ့ရှင်သန် ရတဲ့နေ့ရက်တိုင်းကိုတန်ဖိုးထားကာပျော်ပျော်ရွှင်ရွှင်နေထိုင်ပြီးဘဝတူကင်ဆာရောဂါဝေဒနာသည်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက်ဖေးမပြီး ကျော်ဖြတ်သွားဖို့ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။