Home ဆောင်းပါး အမျိုးသမီးငယ်များကို ရှေ့ထွက်စေချင်သည့် “မိုင်”

အမျိုးသမီးငယ်များကို ရှေ့ထွက်စေချင်သည့် “မိုင်”

သန့်ရှင်းထွန်း။ ။

တခြားသူများက အွန်လိုင်းပေါ်တွင် အကောင်းဆုံး၊ အလှဆုံး အဝတ်အထည်နှင့် အလှကုန်များကို ကြော်ငြာရောင်းချနေသည့် အချိန်တွင် အသက် ၂၈ နှစ်အရွယ် “မိုင်”ဆိုသော အမျိုးသမီးငယ်မှာ ဒေသထွက်ဝါးများနှင့် ပြုလုပ်ထားသော ခြင်းတောင်း၊ ဖျာနှင့် တခြားလူအသုံးအဆောင် ပစ္စည်းများကို အွန်လိုင်းကတဆင့် ရောင်းချနေသည်။

“အွန်လိုင်းရှောပင် ကြော်ငြာတော့မယ်ဆိုရင် မျက်နှာတွင် မိတ်ကပ်လိမ်းရတယ်၊ နှုတ်ခမ်းနီဆိုးရတယ်၊ အင်္ကျီတွေ သပ်သပ်ရပ်ရပ်ဝတ်ပြီးတော့ ဆွဲဆောင်မှုရှိအောင် လုပ်ပြရတယ်”ဟု မိုင် က ရယ်မော၍ပြောသည်။

မိုင်ရောင်းချနေသော ပစ္စည်းများမှာ အဝတ်အထည်နှင့် အလှကုန်များကဲ့သို့ လူအများစိတ်ဝင်စားစရာ မကောင်းသော်လည်း သူမ၏ လုပ်ရပ်ကို စိတ်ဝင်စားသူများက အားပေးဝယ်ယူခဲ့ကြသည်။

အရပ်မတိုမရှည်၊ အသားညိုညို၊ မျက်နှာလုံးလုံးဖြင့် အမြဲတက်ကြွနေသော မိုင် သည် ဝါးဖြင့်ပြုလုပ်ထားသော လူသုံးကုန်ပစ္စည်းများကို သူမအတွက် ရောင်းချပေးနေခြင်းမဟုတ်ဘဲ အမ်းမြို့က ခိုးကိုးရာမဲ့ဖြစ်နေသော တိုက်ပွဲရှောင် များအတွက် ရောင်းပေးနေခြင်းဖြစ်သည်။

“တိုက်ပွဲတွေဖြစ်ပြီး လူတွေပြေးလာကြတော့ သူတို့မှာ ခါးဝတ်တစ်ထည်ကိုယ်တစ်လုံးနဲ့လေ။ အဲဒါကို ညီမက သူတို့တွေ ဝင်ငွေရအောင် ဘယ်လိုကူညီပေးရမလဲဆိုတဲ့ နည်းလမ်းရှာရင်းနဲ့ တိုက်ပွဲရှောင်တွေကိုယ်တိုင်လုပ်တဲ့ ဝါးထွက်ပစ္စည်းတွေကို ရောင်းချပေးဖြစ်သွားတာဖြစ်ပါတယ်”ဟု ပြောပြသည်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ချင်းပြည်နယ်အတွင်းက လူနှစ်သိန်းခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ထိုအထဲတွင် အမ်းမြို့နယ်ထဲက ပြည်သူများလည်း အပါအဝင်ဖြစ်သည်။ နှစ်နှစ်နီးပါးကြာ လောင်ကျွမ်းခဲ့သည့် စစ်မီးသည် ယနေ့အချိန်တွင် တိုက်ပွဲများ မရှိတော့လောက်သည်အထိ ငြိမ်သက်နေခဲ့သော်လည်း အိမ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် အများအပြားရှိနေဆဲဖြစ်သည်။

တိုက်ပွဲရှောင်မိသားစုဝင်များ ပြလုပ်သည့် ဝါးထည်ပစ္စည်းများကို အဖွဲ့အစည်းတစ်ချို့နှင့် ကူညီပေးချင်သော လူတစ်ချို့က မှာယူခဲ့သဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့ထိ ပို့ပေးခဲ့ရသည်ဟု မိုင် ကဆိုသည်။

ထို့အပြင် တိုက်ပွဲရှောင်စခန်းရှိ အမျိုးသမီးများဝင်ငွေရရှိရန်အတွက် ဆပ်ပြာလုပ်နည်း၊ မုန့်လုပ်နည်း သင်တန်းများကို မိုင်နှင့် အဆက်အသွယ်ရှိသည့် အဖွဲ့အစည်းတစ်ချို့၏ အကူအညီဖြင့် သင်တန်းပေးနိုင်ခဲ့သည်။

“အခုဆိုရင် အမျိုးသမီးတွေက ဆပ်ပြာတွေ၊ မုန့်တွေလုပ်ပြီး ကိုယ်ပိုင်ဝင်ငွေတွေရနေကြပြီ”ဟု အားရ ဝမ်းသာစွာဖြင့် မိုင် ကပြောသည်။

မိုင်သည် ကိုဗစ်ကာလက တိုက်ပွဲရှောင်စခန်းက အမျိုးသမီးများအတွက် ဆပ်ပြာလုပ်နည်းနှင့် မှို စိုက်နည်းကို အွန်လိုင်း(Zoom)က တဆင့်သင်ပေးခဲ့သေးသည်။

မိုင် တစ်ယောက် လူမှုကူညီရေးလုပ်ငန်းများကို တဦးတည်းလုပ်ခဲ့ခြင်းမှာ လွယ်လွယ်ကူကူဖြစ်မြောက်ခဲ့ခြင်း မဟုတ်ဘဲ အခက်အခဲများလည်းရှိခဲ့သည်ဟုဆိုသည်။ သူမအတွက် အဓိကအခက်အခဲမှာ လူတစ်ချို့၏ ဝေဖန်ပြစ်တင် ခြင်းပင်ဖြစ်သည်ဟုဆိုသည်။

သို့သော်လည်း ဘွဲ့ရပညာတတ်လည်းဖြစ် ခေတ်မှီသူတဦးလည်းဖြစ်သည်နှင့်အညီ လူများဝေဖန်ခြင်းအပေါ် အာရုံ မစိုက်ဘဲ မိမိလုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို တစ်စိုက်မတ်မတ်လုပ်ခဲ့သည်ဟု မိုင် ကပြောပြသည်။

“အဓိက စိန်ခေါ်မှုက လူတွေဝေဖန်တာကို မိဘတွေသိပြီး လူမှုရေးအလုပ်တွေကို မလုပ်ဖို့တားမြစ်ခံရတာပါ။ ညီမ မိဘ တွေကိုယ်တိုင်က ညီမကို တားဖူးတယ်။ ဒါပေမယ့် ညီမက လက်မလျော့ခဲ့ဘူး”ဟု ဆိုသည်။

မိုင် သည် ဘွဲ့ရပြီးသည့်အချိန်ကစ၍ မိမိတက်လိုစိတ်ရှိသော သင်တန်းများကို တက်ရောက်ခဲ့ပြီး ခရီးများများ ထွက်ကာ အားလပ်သည့်အချိန်တွင် စာဖတ်ခြင်းဖြင့် အချိန်ကုန်စေခဲ့သည်ဟု ပြောသည်။ စာများများဖတ်ခြင်းက လူအများအတွက် အကျိုးများများရစေပြီး အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဆင်ခြင်နိုင်သည်ဟု သူမ ၏ ခံယူချက်ကို ပြောသည်။

“မိဘတွေတော်တော်များများက မိန်းကလေးတွေဆိုရင် အိမ်တွင်းထဲမှာပဲ ထားချင်ကြတယ်။ သူတို့စိုးရိမ်တာက အပြင်ထွက်လို့ လူများရှေ့ထွက်လို့ ပတ်ဝန်းကျင်က တစ်ခုခုပြောလာမှာကို စိုးရိမ်လို့ဖြစ်တယ်”ဟု ပြောသည်။

သို့သော်လည်း စာများများဖတ်၊ သင်တန်းများများတက်၍ ရရှိလာသော အတွေ့အကြုံများကို လူအများ၏ မိုင် ကို ပြန်မေးနေရပြီဟုပြောသည်။

“အားပေးကြပါ။ ရိုးရာဝါးထည်ပစ္စည်းလေးတွေ ဝယ်ယူအားပေးရင်းနဲ့ လူအများကို ကူညီနိုင်တဲ့ အခွင့်အရေးပါ” ဟု အွန်လိုင်းပေါ်က တကြော်ကြော်အော်နေသော မိုင်ကို မကြာခဏတွေ့ခဲ့သည်ဟု အွန်လိုင်းအသုံးပြုသူတဦးက ပြောသည်။

မိုင် သည် အွန်လိုင်းပေါ်က ဈေးရောင်းသည့်အခါ သူမနှင့်အတူ အဖော်တဦးကို အကူညီတောင်းလေ့ရှိသည်။ ထိုသို့ အကူညီတောင်းခံခြင်းမှာ မိုင် ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် Friend နည်း၍ လူသိများသူကို အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။

“ညလုံးပေါက် နှစ်ယောက်သား ဈေးရောင်းခဲ့တာ မနက်မိုးလင်းတော့ မျက်လုံးတွေဖွင့်မရ၊ လည်ချောင်းတွေနာနဲ့ ဖြစ်ခဲ့ကြတယ်”ဟု မိုင်ကို ကူညီ၍ ဈေးရောင်းပေးခဲ့သူ မအေးချမ်းပိုင်က ပြန်ပြောပြသည်။

မိုင် သည် အမ်းမြို့တွင်နေထိုင်သော ချင်းတိုင်းရင်းသူတဦးဖြစ်ပြီး လူမှုကူညီရေးလုပ်ငန်းများကို လူမျိုး၊ ဘာသာ ခွဲခြားမှုမရှိဘဲ ကူညီပေးနေသူဖြစ်သည်ဟု အမ်းတိုက်ပွဲရှောင်စခန်းက အမျိုးသမီးကြီးတဦး ကပြောသည်။

“မိုင်က သဘောလည်းကောင်းတယ်။ ရယ်စရာလည်းလုပ်တတ်တယ်။ ကျမတို့ မိုင် ကို မျှော်နေပါတယ်”ဟု အမျိုး သမီးကြီးက ဆိုသည်။ သို့သော် မိုင် မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ အမ်းမြို့မှ တခြားနေရာတစ်ခုကို ရောက်ရှိနေသည်။

မိုင် သည် လူမှုကူညီရေးလုပ်ငန်းများဆောင်ရွက်နေခြင်းနှင့်အတူ အာဏာသိမ်းသည့်ဖြစ်စဉ်တွင် အမ်းမြို့နယ် ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သူများလွတ်မြောက်ရေးအတွက်ကလည်း တတ်နိုင်သည့်ဘက်က ကူညီပေးခဲ့သည်။ ယင်းသို့ ကူညီပေးရင်းဖြင့် အမ်းမြို့က တခြားဒေသတစ်ခုသို့ ရောက်ရှိနေခြင်းဖြစ်သည်။

မိုင် ကဲ့သို့ တဦးတစ်ယောက်တည်း၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လူမှုကူညီရေးလုပ်ငန်းများကို လုပ်ကိုင် နေသည်မှာ ရခိုင်ပြည်နယ်တွင် လက်ချိုးရေတွက်၍ရသည်။ ထိုအထဲတွင်မှ မိုင် သည် ချင်းအမျိုးသမီးငယ် ဖြစ်နေခြင်းက ချင်းလူမျိုးများတွင် မိုင် ကဲ့သို့ အမျိုးသမီးငယ်မှာ ပို၍ပင်ရှားနေသည်။

“ညီမအလုပ်လုပ်တဲ့အခါ စိန်ခေါ်မှုတစ်ခုက လူမျိုး၊ ဘာသာကို အခြေခံပြီး ခွဲခြားဆက်ဆံခံရတာပါ။ တစ်ခုခုလုပ်ပြီဆိုရင် သူက ဘယ်လူမျိုးဖြစ်လို့ ဘယ်ဘာသာဝင်ဖြစ်လို့ဆိုပြီး ခွဲခြားကြတယ်။ မြန်မာမှာဆိုရင် ရခိုင်ပြည်နယ်က အဲလို ခွဲခြားမှုတွေက ပိုများတယ်”ဟု မိုင်က ပြောသည်။

အဆိုပါ ခွဲခြားခံရမှုနှင့် မိဘများ၏ အယူအဆလွဲမှားနေမှုက အမျိုးသမီးငယ်များမှာ ရှေ့မထွက်နိုင်ဘဲ အမြဲနောက်ကို ရောက်နေရသည်ဟု သုံးသပ်သည်။ ယခုကဲ့သို့ ခွဲခြားမှုနှင့် အယူအဆလွဲမှားနေမှုက လူသားများအတွက် မည်သို့မျှ အကျိုးမရှိဟု မိုင် ကပြောသည်။

မိုင် သည်ကဲ့သို့ တခြားအမျိုးသမီးငယ်များမှာလည်း လူအများတွက် မိမိတတ်စွမ်းသလောက် ဆောင်ရွက်ပေးစေချင်ပြီး မလိုအပ်သည့်နေရာမှာ ရှေ့မထွက်ဘဲ တကယ့်လိုအပ်သည့်နေရာများတွင် ရှေ့ထွက်ရမည်ဟု မောင်တောမြို့ မြတ်လေးပန်းအမျိုးသမီးအဖွဲ့က တာဝန်ရှိသူတဦးက ပြောသည်။

“မိန်းကလေးတွေ တကယ့်လူသားတွေအကျိုးရှိစေမယ့် အလုပ်တွေမှာ ရှေ့ ထွက်စေချင်တယ်”ဟု ၎င်းက အကြံပြုသည်။

မိုင် ကဲ့သို့ ကျောက်တော်မြို့တွင် ပညာမသင်ကြားနိုင်သော ကလေးငယ်များကို ကျောင်းဆောင် ကိုယ်တိုင်ဆောက်၍ ပညာသင်ပေးနေသူတဦးလည်းရှိသည်။ သူမကို လူအများက မကြီး ဟု အသိများကြသည်။ မကြီးမှာလည်း လူမှုရေး လုပ်ငန်းများဆောင်ရွက်ရင်းပင် သူမ၏ ဘဝကို ဖြတ်သန်းနေသူဖြစ်သည်။

“လူ့လောကမှာ ကိုယ်ဘာလုပ်နိုင်လဲ အဲဒါကို တစ်စိုက်မတ်မတ်လုပ်မယ်ဆိုတဲ့စိတ်နဲ့ လုပ်နေဖို့ အရေးကြီးတယ်”ဟု မကြီး၏ ခံယူချက်ကို ပြောပြသည်။

မိုင် ၏ ဝါးထည်ပစ္စည်းရောင်းသည့် အွန်လိုင်းရှောပင်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီကစ၍ ရပ်နားနေပြီး ပစ္စည်းအမှာမရှိ၍ ပစ္စည်းလုပ်သူများပင် အလုပ်လက်မဲ့ဖြစ်နေရသည်။ ကံကောင်းသည်မှာ ဆပ်ပြာနှင့် မုန့်လုပ်တတ်သည့် အမျိုးသမီး များက ဝင်ငွေရရှိနေခြင်းဖြစ်သည်။

သို့သော် မိုင် မှာ အခြေနေပေးပါက အမ်းမြို့သို့ ပြန်၍ ဈေးရောင်းပေးသည့်အလုပ်ကို ပြန်လုပ်၍ တိုက်ပွဲရှောင်မိသားစု များကို ကူညီပေးမည်ဟုဆိုသည်။

မိုင် အနေဖြင့် သူမနှင့်အတူ အမျိုးသမီးငယ်များကို ပေးချင်သော မက်ဆေ့ချ်မှာ “ညီမအခုလိုလုပ်ပြတာဟာ အမျိုးသမီးငယ်တွေကို ရှေ့ထွက်စေချင်လို့ပါ”ဟု ပြောသည်။

Related Articles