Home Uncategorized နိုင်ငံတကာအမျိုးသမီးများနေ့အတွက်  နိုင်ငံရေး စစ်ရေးခေါင်းဆောင်အမျိုးသားများရဲ့ ဂုဏ်ပြုစကား

နိုင်ငံတကာအမျိုးသမီးများနေ့အတွက်  နိုင်ငံရေး စစ်ရေးခေါင်းဆောင်အမျိုးသားများရဲ့ ဂုဏ်ပြုစကား

မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ပါတယ်။ ဒီလိုနေ့ရောက်တိုင်း နိုင်ငံတဝှမ်းကအမျိုး သမီးတွေဟာ သူတို့အပေါ် ဖိနှိပ်ခွဲခြားဆက်ဆံမှုတွေမရှိဖို့ တောင်းဆိုတာတွေ အသိပညာပေးတာတွေ ကျင်းပ ပြုလုပ်လေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေဟာ စစ်ကောင်စီ အာဏာသိမ်းဖို့ကြိုးပမ်းတဲ့ကာလတလျှောက်ကို ကျရာကဏ္ဏ နိုင်ရာတာဝန်ကို ထမ်းပြီး နိုင်ငံတကာအမျိုးသမီးများ နေ့ကို ကြိုဆိုဂုဏ်ပြုရင်း စစ်အာဏာကို တောက်လျှောက်တော်လှန်ဆန့်ကျင်နေကြဆဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြရာမှာအသက်အရွယ်စုံ နေရာဒေသအစုံကအမျိုးသမီးတွေဟာ သူတို့ကိုနောက်တန်းမှာ ထားပြီး ရှေ့ကနေကာကွယ်ပေးလိုတဲ့ အမျိုးသားတချို့ကိုငြင်းဆန်ပြီး အန္တရာယ် တွေကြားကနေရှေ့တန်း ကိုထွက်လာခဲ့ကြတာပါ။

နွေဦးတော်လှန်ရေးမှာအမျိုးသမီးတွေဦးဆောင်ခဲ့တဲ့ထဘီအလံသပိတ်စစ်ကြောင်းကိုကမ္ဘာကတောင် အသိ အမှတ်ပြုခဲ့ရပါတယ်။ စစ်တပ်ကို စိတ်ဓါတ်စစ်ဆင်ရေးနည်းတွေနဲ့ ဆန့်ကျင်ခဲ့သလို ပြည်သူလူထုပါဝင် လာအောင်လည်း Beauty Queen ပုံစံမျိုးစုံနဲ့ ဆွဲဆောင်နိုင်ခဲ့ကြပါတယ်။ ယနေ့အချိန်ထိလည်း ပြောက်ကျား သပိတ် တွေမှာဦးဆောင်နေတာတွေက အမျိုးသမီးတွေဖြစ်နေကြဆဲဖြစ်ပါတယ်။

အဲ့ဒါ့ကြောင့် အကြမ်းဖက်စစ်တပ်က အမျိုးသမီးတွေကို အဓိကပစ်မှတ်ထားပြီး အရက်စက်ဆုံးနည်းလမ်းတွေနဲ့ အပြင်းအထန်ဖိနှိမ် သတ်ဖြတ်တာတွေလုပ်နေသလို ဖိနှိမ်သတ်ဖြတ်မှုတွေကြားကနေပဲ အမျိုးသမီးတွေဟာ တော်လှန်ရေးမှာ အရှိန်အဟုန် ပြင်းပြင်းနဲ့ ပါဝင်တိုက်ပွဲဝင်နေဆဲဖြစ်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေ ရှေ့ကထွက်အသက်စွန့်ပါဝင်နေသလို ကဏ္ဏအသီးသီးမှာကျရာတာဝန် ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း  နိုင်ငံရေး စစ်ရေးတွေမှာ ခေါင်းဆောင်တာဝန်ယူထားကြတဲ့အမျိုးသားများကို နိုင်ငံတကာအမျိုးသမီးများနေ့အတွက် ဂုဏ်ပြုစကား သံတွေ HI က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုမာဝီ

ဒုတိယစစ်ဦးစီးချုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)

ဒီနွေဦးတော်လှန်ရေးမှာ လူတန်းစာအလွှာပေါင်းစုံပါဝင်ကြတယ်။ အဲ့ဒီအထဲမှာ အမျိုးသမီးတွေကလည်း အခန်း ကဏ္ဍ ပေါင်းစုံကနေ ပါဝင်ပြီးတော့ စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ဖို့အရေးကို ကြိုးပမ်းလုပ်ကိုင်နေ တာတွေကို ကျနော်တို့တွေ့ရ တယ်။ ကျနော်တို့ဒေသမှာရော တခြားဒေသတွေမှာပါ တနိုင်ငံလုံးအနှံအပြား သူတို့ကျွမ်း  ကျင် ရာ၊ ကျွမ်းကျင်ရာကဏ္ဍတွေ ကနေ ပါဝင်လုပ်ဆောင်နေတာကိုလည်း ကျနော်တို့တွေ့မြင်ရတာပါတယ်။ အဲ့ဒီ အတွက်လည်း ကျနော်တို့လေးစားတယ်။ ဒါကို အသိအမှတ်လည်းပြုတယ်။

ဒီတိုင်းသစ်၊ ပြည်သစ်တည်ဆောက်နေတဲ့အခြေအနေမှာ အားလုံးက ကိုယ်နိုင်တဲ့အားကနေလုပ်ပြီး တော့မှ ပါဝင်နေကြတာက တထပ်တအားဖြစ်နေတာကို ကျနော်တို့ အတိုင်းမသိဂုဏ်ယူပါတယ်။ ဝမ်းသာပါတယ်။

တဖက်မှာ လည်း ပိုပြီးတော့မှ လေးစားဂုဏ်ယူရတဲ့ဟာကတော့ ကျနော်တို့ယှဉ်လိုက်လို့ရှိရင် တခါတလေကျရင် ဒီအမျိုးသမီးတွေက ဒီတော်လှန်ရေးမှာ အမျိုးသားတွေနဲ့ တန်းတူပါပြီးတော့မှ သွားဖို့ဆိုတဲ့ဟာမှာ သူတို့ကို နောက်ကနေဆွဲတဲ့ ကြိုးတွေက အမျိုးသားတွေထက်ပိုများတယ်။ မိသားစုကြိုးတွေရှိမယ်။ သားသမီးရှိမယ် ဆိုရင် သားသမီးကြိုးတွေရှိမယ်။ နောက်ကဆွဲထားတဲ့ကြိုးတွေကို ကြံကြံခံပြီးတော့မှ နောက်ကိုလည်း ကြည့် တယ်။ ရှေ့က ပြည်သူလူထုအတွက် လုပ်ပေးရ မယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေနဲ့ သွားနေတာကိုတွေ့ရတော့ အင်မ တန်မှ ကျနော်တို့တည်ဆောက်နေတဲ့လူမှုအသိုင်းအဝိုင်း အတွက်က တကယ့်ကိုကောင်းသောအလား အလာ တွေဖြစ်တယ်။ ကျနော်တို့သွားချင်တဲ့အနာဂတ်တိုင်းပြည်သည် အမျိုးသားဖြစ်ခြင်းကြောင့် အမျိုးသမီးဖြစ်ခြင်း ကြောင့်ဆိုတဲ့ခွဲခြားမှုမရှိဘဲ လူတိုင်းသည် ကိုယ်နိုင်ရာ နိုင်ရာတာဝန်တွေကို ထမ်းဆောင်ပြီးတော့ သွားရမယ် ဆိုတာကို လုပ်နေတာကို မြင်တွေ့ရတာတွေက ကျနော်တို့အတွက် အားဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးကဏ္ဍမှာလည်း အမျိုးသမီးတွေပါဝင်လာတယ်။ ဦးဆောင်လာတယ်။ ကျနော်တို့ တပ်ရင်း တပ်ဖွဲ့တွေသည် စစ်တပ်တစ်ခုလည်ပတ်ဖို့အတွက် လုပ်လာတဲ့အချိန်မှာ ဟိုးအရင်ထက်ပမာဏ များ များ ပါဝင်လာတာကို တွေ့ရတဲ့ဟာက “ခေတ်ပြောင်းနေပြီဆိုတာရဲ့” ပြယှဂ်တစ်ခုဖြစ်တယ်လို့ ရှုမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ခေတ် အရင်ခေတ်တွေက စစ်တပ်လိုမျိုးမှာ အမျိုးသမီးတွေပါလေ့ပါထမရှိဘူး။ အမျိုးသားတွေပဲဖြစ်တယ်။

နွေဦးတော်လှန်ရေးနဲ့ ၂၀၂၁ မှာပေါ်ပေါက်လာတဲ့တပ်ဖွဲ့တွေတော်တော်များများမှာ ကြည့်လိုက်လို့ရှိရင် အမျိုး သမီးတိုက် ခိုက်ရေး ရဲမေတွေ၊ အမျိုးသမီးထောက်ပို့တွေ၊ အမျိုးသမီး စစ်ရုံးစာရေးတွေစတဲ့ နေရာတိုင်း လိုလို မှာ အရေအတွက်ပမာဏ များများကိုတွေ့ရတဲ့ဟာက ကျနော်တို့လူမူအသိုင်းအဝိုင်းရဲ့ပုံစံသည် ပြောင်းလာပြီဆို တာကို သွားတွေ့ရပါတယ်။ ဒါက လည်း ကျနော်တို့အားလုံးလိုချင်တဲ့ဟာပါပဲ။ ဒီတော်လှန်ရေးနဲ့ အနိုင်ယူသွား ရမယ့်ကိစ္စဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ခေတ်အဆက်ဆက်က အမျိုးသား၊ အမျိုးသမီးခွဲခြားမှုတွေရှိတယ်။ အမျိုးသားဆို ဒါလုပ်ရမယ်။ အမျိုးသမီးဆိုရင် ဒါမလုပ်ရဘူးလို့ရှိနေတဲ့ဟာက ဒီတော်လှန်ရေးမှာတော့ တော်တော်များများ ပျောက်ပယ်သွားတယ်ဆိုတာ မျိုး တွေ့ရတယ်။ ရပ်ရွာထဲမှာဆိုလည်း အဲ့လိုရဲမေတွေ ယူနီဖောင်းနဲ့ သေနတ်နဲ့ သူရဲ့ဝတ်စုံအပြည့်နဲ့ဆိုတော့ “ဟာ .. အမျိုးသမီးတွေလည်း ရဲမေလုပ်လို့ရလားတဲ့။”အမျိုးသမီးတွေလည်း ရဲမေလုပ်လို့ရတယ်။ စနိုက်ဘာလည်း ဖြစ်လို့ရတယ်။ မိုင်းသမားတွေဖြစ်လို့ရတယ်။ မိုင်းရှင်းလင်းရေးတွေ လုပ်လို့ရတယ်။ အားလုံးလည်း လုပ်နေကြတယ်ဆိုတော့ ရပ်ရွာထဲမှာ ရှိတဲ့သူတွေရဲ့ အမြင်တွေပြောင်း လာပြီး တော့ “ငါ့သမီးလည်း ဒါမျိုးလုပ်လို့ရပါလား။ အိမ်ထဲမှာနေပြီးတော့မှ ထမင်းဟင်း ချက်၊ အိမ်သန့်ရှင်းရေး လုပ်တာနဲ့ ဘဝကိုဆုံးစရာမလိုဘူး။”ကျနော်တို့ရဲ့ခေတ်ပြောင်းသွားပြီဆိုတာလည်း ရှေးလူကြီးတွေ ကို ပြသပေး ရာလည်းရောက်သလို ကျနော်တို့သွားချင်တဲ့လူမူအသိုင်းအဝိုင်းက ဒါမျိုးဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ တည်ဆောက်ပြီးသားဖြစ်တယ်။ ဒီလိုမျိုး ကျနော်မှတ်ချက်ပြုချင်ပါတယ်။

ဒီတော်လှန်ရေးမှ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့အမျိုးသမီးတွေ အားလုံးရဲ့ပါ ဝင်မှုသည် တကယ်အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ သို့သော်လည်း မြန်မာပြည်ရဲ့လူ့ အသိုင်းအဝိုင်းကြီး ကတော့ ကျား၊ မရေးရာ တွေနဲ့ပတ်သက်လာရင် အမျိုးသမီးတွေအပေါ်မှာ တော်တော်လေးကို ခက်ထန်တဲ့လူမူ အသိုင်းအဝိုင်းဖြစ်တာပေါ့လေ။

သို့သော်လည်း အားမလျော့ဖို့တော့ ကျနော်တို့ပြောချင်တယ်။ ကျနော်တို့သွားချင်တဲ့ပန်းတိုင်သည် အမျိုးသမီး တွေရော ကျနော်တို့ပါ အားလုံးအတူတကွ တက်ညီလက်ညီလုပ်မှသာလျှင်အောင်နိုင်မယ်လို့ ကျနော်တို့ကတော့ အဲ့လိုယုံကြည်ပါ တယ်။

ဒါ့ကြောင့် အားမလျော့ပါနဲ့။ အတူတူတိုက်ပွဲဝင်ကြရအောင် အတူတူလုပ်မယ်။ အတူတူခံစားမယ်။ အတူတူ ကျနော်တို့ သွားချင်တဲ့လူမူအသိုင်းအဝိုင်းကြီးကို ကျနော်တို့ချီတက်ကြမယ်လို့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ဒီသတင်းစကားကို ပါးချင်ပါတယ်။

ကိုဆောင်းခ          

ကွပ်ကဲရေးမှူး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

လက်ရှိတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုအခန်းကဏ္ဍကဆိုရင် အရင်ကအခြေအနေထက် အများကြီး တိုးတက် ပြောင်းလဲလာတာကို တွေ့မြင်ရပါတယ်။ အစုအဖွဲ့အသီးသီးမှာ အမျိုးသမီးတွေအပေါ်မှာ ရှုမြင်တဲ့ သဘောထားတွေ၊ အလုံးစုံမဟုတ်တောင်မှပဲ အတိုင်းအတာတစ်ခုထိတော့ ပြောင်းလဲလာပြီလို့တော့ ကျနော်တို့ ပြောလို့ရပါတယ်။

အခုရက်ပိုင်း ကြည့်လိုက်မယ်ဆိုရင် တော်လှန်ရေးဘက်ကနေ ရန်သူ့ဘက်ပါသွားတာ၊ အဖမ်းခံရတာ၊ အသတ်ခံ ရတာ ဒါတွေသည် တော်တော်များများက အမျိုးသမီးခေါင်းဆောင်တွေဖြစ်တာလည်း ကျနော်တို့မြင်ရတယ်။ ပြောချင်တာက လက်နက်ကိုင်တော်လှန်ရေးမှာလည်း အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက တော်တော်လေး ရှေ့ တန်းကို ရောက်လာတယ်လို့ ပြောလို့ရပါတယ်။

လက်နက်ကိုင်တော်လှန်ရေးတွေထဲမှာ အမျိုးသမီးတွေကို ရှေ့တန်းစစ်မြေပြင်တွေထိပို့ပြီးတော့ တိုက်ပွဲဝင်နိုင် ဖို့အတွက် ကျနော်တို့ BPLA အနေနဲ့ကလည်း ကြိုးစားအားထုတ်မှုတွေရှိတယ်။ ယနေ့အချိန်ထိကတော့ အဲ့ဒါကို မဖော်ဆောင်နိုင်သေး  ပါဘူး။ ဘာလို့လဲဆိုတော့ ရှေ့တန်းစစ်မြေပြင်မှာ အမျိုးသမီးတွေအနေနဲ့ ကြုံရတဲ့ပြဿ နာတွေ အများကြီးရှိနိုင်ပါတယ်။ အထူးသဖြင့်တော့ အမြဲတမ်းကြုံရတတ်တဲ့ sexual herestment  လိုကိစ္စမျိုး တွေက လက်နက်ကိုင်တော်လှန်ရေးမှာ အမျိုးသားတွေ အများကြီး ကြီးစိုးလွှမ်းမိုးထားတဲ့အခြေအနေမျိုးမှာ ပိုပြီးအားကောင်းတယ်။ နေရာယူတာမျိုးတွေ့ရပါ တယ်။

ဒါတွေကိုအကာအကွယ်ပေးနိုင်တဲ့အခင်းအကျင်းတွေ၊ ပေါ်လစီတွေချမှတ်ပြီးတော့ အောက်ခြေတပ်ဖွဲ့ဝင်တွေ အထိ စနစ် တကျနားလည်လက်ခံပြီးတော့ လိုက်နာကျင့်သုံးနိုင်တဲ့အခြေအနေရှိအောင် အခုအချိန်ထိ အများကြီးကြိုးစားနေရဆဲ ဖြစ် တယ်ဆိုတာတော့ ကျနော်တို့ဘက်က ဝန်ခံရမှာဖြစ်ပါတယ်။

တပ်ထဲကိုရောက်လာတဲ့လူတော်တော်များများကလည်း နေရာပေါင်းစုံ၊ အလွှာပေါင်းစုံကနေ လာတာဖြစ်တဲ့ အတွက် ဒီလို အခြေအနေတွေ အမျိုးသမီးတွေကို ကျနော်တို့က တန်းတူစဉ်းစားရမယ်။ နောက်တခုက အမျိုး သမီးဦးဆောင်မှု အခန်း ကဏ္ဍကို ဒီနွေဦးတော်လှန်ရေးကနေစပြီးတော့ တခါထဲမြှင့်တင်သွားရမယ်ဆိုတဲ့ အတွေး အခေါ်တွေကို သူတို့တွေ လက်ခံ လာအောင် အများကြီးစည်းရုံးသိမ်းသွင်းပြီးတော့ ပြောဆိုဆွေးနွေးထား တာ တွေရှိပါတယ်။

အမျိုးသမီးတွေရဲ့ဦးဆောင်မှု အခန်းကဏ္ဍမပါဝင်ဘဲနဲ့ ဒီတော်လှန်ရေးက အောင်မြင်နိုင်စရာမရှိပါဘူး။ တော်လှန် ရေးလို့ ပြောတဲ့အခါမှာ လက်နက်ကိုင်တော်လှန်ရေးရော လက်နက်မကိုင်ထားတဲ့တော်လှန်ရေးရော ဆိုလိုတာ ဖြစ်ပါတယ်။ ကျနော်တို့ BPLA မှာဆိုရင် တပ်ဖွဲ့ဝင်အင်အားရဲ့၁၀ ရာခိုင်နှုန်းဟာ အမျိုးသမီးပါဝင်မှုဖြစ် ပါတယ်။ သို့သော် ကျနော်တို့တွေ တပ်ဖွဲ့ကို ဦးဆောင်တဲ့အခန်းကဏ္ဍတွေ၊ ဆုံးဖြတ်ချက်ချရတဲ့နေရာမျိုးတွေမှာ အမျိုး သမီးပါဝင်မှုဟာ  ၄၀ ရာခိုင်နှုန်းအထက်ပါ တယ်။

ဒါက ကျနော်တို့ BPLA ရဲ့ Gender Equality ပေါ်မှာ ရှုမြင်တဲ့ပုံစံ၊ ကျင့်သုံးတဲ့ပုံစံနဲ့ နောင်အနာဂတ်မှာ မျှော်မှန်း တဲ့ပုံစံဖြစ် ပါတယ်။ ဒီလိုမျိုးခက်ခဲကြမ်းတမ်းလှတဲ့တော်လှန်ရေးရဲ့အခန်းကဏ္ဍအသီးသီးမှာ ပါဝင်နေကြတဲ့ ဦးဆောင်နေကြတဲ့အမျိုး သမီးတစ်ယောက်ချင်းစီတိုင်းကို ကျနော်တို့အနေနဲ့ လေးလေးစားစား ဦးညွှတ် ဂုဏ်ပြုကြောင်း ဒီနေရာကနေ အထူးတလည် ပြောကြားလိုပါတယ်။

ဒေါက်တာ တေဇဆန်း

လူထုတော်လှန်ရေးသပိတ် ခေါင်းဆောင်

အမျိုးသမီးထု လူဦးရေဆိုတာက ကမ္ဘာမှာပဲကြည့်ကြည့် ကျနော်တို့မြန်မာနိုင်ငံမှာပဲကြည့်ကြည့် လူဦးရေ အချိုးအစားအရ လူအများစုဖြစ်ပါတယ်။ အဲ့တော့ ဒီလူအများစုဖြစ်တဲ့အမျိုးသမီးထုမပါဘဲနဲ့ ကျနော်တို့ နိုင်ငံရဲ့ပြည်သူ့တော်လှန်ရေးကြီးဆို တာ အောင်မြင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။

အမျိုးသမီးထုရဲ့အခန်းကဏ္ဍက အင်မတန်ကြီးမားကျယ်ပြန့်တယ်ပေါ့။ အခုတကယ့်လက်တွေ့မြေပြင်မှာလည်း အမျိုးသမီး ထုဟာတော်လှန်ရေးရဲ့ကျရာတာဝန်၊ နိုင်ရာတာဝန်အသီးသီးမှာ အစွမ်းကုန်ပါဝင်ထမ်းရွက် နေကြ တာကိုကျနော်တို့ တွေ့နေ၊ မြင်နေရမှာဖြစ်ပါတယ်။ဒါကြောင့် တော်လှန်တာဝန်အသီးသီးကို ဦးလည်မသုန် ထမ်းရွက်နေတဲ့တော်လှန်အမျိုးသမီးထုကြီးတရပ်လုံးကို ကျနော် အထူးအလေးထားတယ်။ တန်ဖိုးထားတယ် ဆိုတာကို ကျနော်အရင်ဆုံးပြောကြားလိုပါတယ်။

အဲ့တော့ ခုခံတော်လှန်စစ်ပေါ့။ လက်နက်ကိုင်တိုက်ပွဲကဏ္ဍမှာဆိုလည်း အမျိုးသမီးထုရဲက အခန်းကဏ္ဍနဲ့ ပါဝင်မှုက အင်မတန်မှ နက်ရှိုင်းကျယ်ပြန့်တယ်ဆိုတာကို ကျနော်တို့တွေ့ရမှာဖြစ်ပါတယ်။ ကျနော်တနိုင်ငံလုံး နေရာအနှံအပြားကို ရောက်ဖြစ်တယ်။ရောက်ဖြစ်တဲ့အထဲမှာ pdf တပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စတဲ့အဖွဲ့အစည်းအသီးသီးရဲ့ရုံးတွေ ရှေ့တန်းတွေ နောက်တန်းတွေ အကုန်ရောက်ပါတယ်။ ရောက်တဲ့နေရာ တိုင်းမှာ အမျိုးသမီးထုတွေရှိနေကြတယ်။

 အမျိုးသမီးတွေပေါ့။ ခုခံတော်လှန်စစ်ရဲ့ကျရာတာဝန်တွေကို ဟိုးရုံးလုပ်ငန်းမှသည် ရှေ့တန်း ဒရုန်းလို နည်း ပညာနဲ့ တာဝန်ယူရတဲ့အပိုင်းတွေ အစ အကုန်လုံး ကျရာတာဝန်အသီးသီးကို ထမ်းရွက်နေကြတာကို တွေ့နေ မြင်နေရမှာဖြစ်ပါတယ်။ ပြောချင်တာက အမျိုး သမီးထုသည် ကျားရယ် မရယ် ယောကျာၤးရယ် မိန်းမရယ် မဟုတ်ပဲနဲ့ နိုင်ရာတာဝန်တွေကို အသီးသီး ကိုယ်စီကိုယ်ငှထမ်း ရွက်နေကြတာကို နွေဦးတော်လှန်ရေးကြီးမှာ ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှားတွေ့မြင်နေရတာပဲဖြစ်ပါတယ်။

အခုနိုင်ငံတကာအမျိုးသမီးများနေ့ပေါ့။ ကျနော်တို့မြန်မာနိုင်ငံမှာ ကြည့်မယ်ဆိုရင်တော့ အရင်ရှေးရိုးအစဉ် အလာနှုန်းစံတွေ ထဲမှာတော့ အမျိုးသမီးနဲ့ပတ်သက်လို့ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်လို့ အမျိုးသမီး အခွင့်အရေးနဲ့ပတ်သက်လို့ ပြုပြင် စရာတွေ၊ မွမ်းမံစရာတွေ ရှိပါလိမ့်မယ်။ သို့သော် ရေဘုယျပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသမီးထုတစ်ရပ်လုံးသည် တတ်နိုင်သမျှတာဝန်အသီးသီး  တော်လှန်ရေးကာလမှာဆိုလည်း တော်လှန်ရေးတာဝန်အသီးသီးကို ရှေ့တန်းကနေ ထမ်း ရွက်နေတယ်ဆိုတာ ထင်ရှားပေါ်လွင်ပါတယ်။

ကျနော်တို့အမြဲတမ်းပြောခဲ့ပါတယ်။ ဒီတော်လှန်ရေးသည် အမျိုးသမီးတွေထုမပါဘဲနဲ့ အမျိုးသမီးတွေမပါဘဲနဲ့ ဘယ်လိုမှ အောင်နိုင်စရာအကြောင်းမရှိဘူးဆိုတာ ကျနော်တို့အမြဲတမ်းပြောပါတယ်။ အဲ့လိုပဲ ကျနော်တို့ခံယူ၊ ယုံကြည်ပါတယ်။ ဒါ့ ကြောင့် တော်လှန်ရေးမှာပါဝင်နေတဲ့အမျိုးသမီးထုကြီးတစ်ရပ်လုံးကိုလည်း အထူးလေးစားတယ်။ တန်ဖိုးထားတယ်။ ကျနော်တို့ရဲဘော်၊ ရဲဘက်တွေဖြစ်ပါတယ်။

အလားတူပဲ ကျနော်တို့ရှေ့ ဒီတော်လှန်ရေးကာလမှ တော်လှန်ရေးအလွန်ကာလ နောက်ဆုံးတိုင်းပြည်တည် ဆောက်ရေး အခြေအနေထိ ကျား၊ မ ဆိုတဲ့အပေါ်မှာ ခွဲခြားမှုမရှိဘဲ တပြေးညီ တန်းတူညီမျှတဲ့ လူ့အဖွဲ့ အစည်း တစ်ခုကို တည်ဆောက် မှာဖြစ်တဲ့အတွက် ကျနော်တို့အားလုံးအတူတကွ ခေတ်သစ် စနစ်သစ်တစ်ခုကို ပူးပေါင်းလက်တွဲအကောင်အထည်ဖော်ကြ စို့လို့ ကျနော့်အနေနဲ့ ဒီလိုသတင်းစကားပါးချင်ပါတယ်။

ကိုဇေယျာလွင်

96 soldiers – PDF အညာဒေသတပ်ခွဲ

နွေဦးတော်လှန်ရေးမှာ လက်ရှိအမျိုးသမီးတွေပါဝင်နေတဲ့အခန်းကဏ္ဍတွေဆိုတာထက် ပါဝင်လုပ်ကိုင်မှုကို ပြော ချင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ စစ်အာဏာရှင်ကို နွေဦးတော်လှန်ရေး ကာလမှာ နေရာပေါင်းစုံ တာဝန် ပေါင်းစုံ ကနေယူပြီးတော့ စစ်အာဏာရှင်ကို တော်လှန်နေတယ်။ အဲဒီမှာ အလွှာအသီးသီးမှာရှိတဲ့ CDM ဆို လည်း CDM အလျောက် စစ်ရေးကဏ္ဍဆိုလည်း စစ်ရေးကဏ္ဍအလျောက် သပိတ်မှာဆိုလိုရှိရင်လည်း သပိတ်အ လျောက် ဒါကရေဘုယျ ပြောတာပါ။ အမျိုးသမီးတွေက ဦးဆောင်မှုအခန်းကဏ္ဍမှာတွေရော အသီးသီးပါဝင် ဆောင်ရွက်နေကြပါတယ်။

ဆိုတော့ အမျိုးသမီးတွေဟာ ဒီနွေဦးတော်လှန်ရေးကာလမှာပဲ ပါဝင်ဆောင်ရွက်ခဲ့တာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၀၇၊ ၈၈ အဲဒီခေတ်တွေမှာလည်း စစ်အာဏာရှင်ကို ပါဝင်တော်လှန်ခဲ့ကြတယ်။ ဥပမာ- ၈၈ မှာဆိုရင်ပါဝင် ခဲ့ကြတဲ့ အမျိုးသမီးတွေ လည်း ရှိတယ်။ ၂၀၀၇ မှာလည်း နိုင်ငံရေးမှာပါဝင်ခဲ့တဲ့အမျိုးသမီးတွေလည်း ရှိကြ ပါတယ်။ ဒီပါဝင်မှုကြောင့် ပေးဆပ်လိုက် ရတဲ့ အခြေအနေအမျိုးမျိုးတွေလည်း အမျိုးသမီးတွေ ရင်ဆိုင်ခဲ့ရ တယ်။ စစ်အာဏာရှင်ကို တော်လှန်တဲ့ဘယ်လိုတော်လှန် ရေးပဲဖြစ်နေပါစေ။ အမျိုးသမီးတွေ ပါဝင်နေခြင်းဟာ ကျနော်တို့ တိုင်းပြည်အတွက်  ပိုမိုကောင်းမွန်တဲ့အရွေ့တစ်ခုကို ရောက်စေတယ်လို့ မြင်ပါတယ်။  

လက်နက်ကိုင်တော်လှန်ရေးမှာ အမျိုးသမီးတွေ ပါဝင်လာတဲ့ကိစ္စကလေ သမိုင်းကို ပြန်ပြောရမယ်ဆိုရင် ၈၈ မှာကတည်း က ABSDF ကျောင်းသားတပ်မတော်မှာ သွားပြီးတော့ တောခိုခဲ့တဲ့အမျိုးသမီးတွေ အများကြီး ရှိခဲ့တယ်။ ကျောင်းသူ၊ ကျောင်းသားတွေ အဓိကကပေါ့။ ဒီခေတ်မှာလည်း အမျိုးသမီးတွေက လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတာ အများကြီးပဲ။ ဆိုတော့ စစ်အာဏာရှင်ကို တော်လှန်တဲ့ နေရာမှာ လူငယ်တွေ ဟာ အမျိုးသမီးဖြစ်ခြင်း အမျိုးသားဖြစ်ခြင်းတွေဆိုတာ ထက် ရုပ်အသွင်ပြင်ကွဲပြားမှု၊ လိင်အင်္ဂါကွဲပြားမှုကို အခြေမပြုတော့ပဲနဲ့ ယုံကြည်ချက်ကို အခြေပြုပြီးတော့ စစ်အာဏာရှင် ကို တော်လှန်ခဲ့ကြတယ်။

တချို့နေရာတွေဆိုလို့ရှိရင် အညာမှာဆိုလည်း အမျိုးသမီးတွေဦးဆောင်တဲ့လက်နက်ကိုင်အဖွဲ့တွေရှိတာကို ကျနော်တွေ့ ရပါတယ်။ ဆိုတော့ အကောင်းမွန်ဆုံးသော ဦးဆောင်မှုတွေနဲ့ ဦးဆောင်ပြီးတော့ စစ်အာဏာရှင်ကို တော်လှန်နေတယ်လို့ ကျနော်မြင်ပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်လောက်က လက်နက်နဲ့ပက်သက်ပြီးတော့မှ ပဲခူးပတ်ဝန်းကျင်မှာ အဖမ်းခံရတဲ့ကျနော်တို့ အစ်မတို့ တစ်ယောက်ရှိတယ်။ မနိုဘယ်အေးပါ ။ သူဆိုလို့ရှိရင် ဒီလက်နက်နဲ့ပက်သက်တဲ့ ကိစ္စတွေနဲ့မူတည်ပြီးတော့ အဖမ်းခံရ တာပေါ့။ အဖမ်းခံပြီးတော့ စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ပြီးတော့ ကျသွားတယ်။ ဒီလိုအမျိုး သမီးတွေဟာ စစ်ရေး ကဏ္ဍမှာ သူတို့ကိုယ်တိုင် ရွံရွံချွန်ချွန် မဆုတ်မနစ် ပါဝင်ဆောင်ရွက်နေတာဟာ စစ်အာဏာ ရှင်ကို တော်လှန်ချင်တဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုကြောင့် ဖြစ်တယ်လို့ ကျနော်မြင်တယ်။

ဆိုတော့ ခွန်အားမျှခြင်း မမျှခြင်းတွေ အားနည်းခြင်းတွေ အားများခြင်းတွေကို မကြည့်ပဲနဲ့ စိတ်အားထက် သန်မှု တစ်ခု ယုံကြည်ချက်ကိုပဲ အခြေခံပြီးတော့ စစ်အာဏာရှင်ကို အမြစ်ဖြတ်တော်လှန်မယ် တိုက်ခိုက်မယ်နေအုန်း မယ်ဆိုတဲ့ စိတ် ပေါ်မူတည်ပြီးတော့ပဲ ပါဝင်ဆောင်ရွက်နေကြတယ်လို့ မြင်တယ်

 ဒီဆောင်ရွက်နေမှုဟာ တောထဲမှာလည်း ရှိတယ်။ CDM အနေနဲ့လည်း ရှိတယ်။ လမ်းမပေါ်က သပိတ်တွေပေါ် မှာလည်း ရှိတယ်။ ထောင်ထဲမှာတွေလည်း ရှိတယ်။ အသီးသီး ရှိကြတယ်။ အမျိုးသမီးတွေဟာ ဒီကာလမှာ အမျိုးသားနဲ့ တန်းတူဆိုတဲ့စကားလုံးကို သုံးစရာမလိုပဲနဲ့ စစ်အာဏာရှင်ကို ရွံရွံချွန်ချွန် သူ့အခန်းကဏ္ဍကနေ အကောင်းဆုံးပါဝင်တော်လှန် တိုက်ခိုက်နေကြတယ်လို့ ကျနော်မှတ်ချက်ပေးချင်ပါ တယ်။

နိုင်ငံတကာအမျိုးသမီးများနေ့မှာ ဘယ်လို သတင်းစကားပြောချင်လဲဆိုတော့ တော်လှန်ရေးမှာ ဒီအမျိုးသမီးတွေ နေရာ အသီးသီးကနေ ရွံရွံချွန်ချွန် ပါဝင်နေတာဟာ ကျနော်မြင်ရ တွေ့ရ ကြားရတာဟာ အင်မတန်မှ ကျနော်တို့ အတွက် ရှေ့ဆက်ဖို့ ခွန်အားဖြစ်ရပါတယ်။

အလွှာအသီးသီးက အမျိုးသမီးတွေကို တလွှာချင်းစီပြောရမယ်ဆိုရင်တော့ CDM ဆိုလိုရှိရင် အမျိုးသမီး တွေ ဟာ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း တခြားဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ သူတို့ယုံကြည်ချက်ကို အခြေခံပြီးတော့ အကြော် ရောင်းနေတာရှိတယ်။ ရေခဲချောင်း ရောင်းနေတာရှိမယ်။ ပြီးရင် မဲဆောက်မှာ ရတဲ့ အခြေအနေနဲ့ ရုန်းကန်ပြီးတော့ ကြံ ကြံခံပြီးတော့ စစ်အာဏာရှင်လက်အောက်မှာမနေဘဲနဲ့ သူတို့ရဲ့ခံယူချက်နဲ့ စစ်အာဏာရှင်ကို တော်လှန်နေတာပေါ့။

အဲတော့ အဲ့ဒီအမျိုးသမီးတွေ မြင်ကွင်းတွေ နောက်စစ်ရေးကဏ္ဍာမှာ ပါဝင်ဆောင်ရွက်နေတဲ့တောထဲ တောင်ထဲမှာရှိတဲ့ အမျိုးသမီးတွေ ကျနော်မြင်တွေ့ခဲ့ရတာပဲ။ အညာထဲက အမျိုးသမီးတွေလည်း စစ်ရေးမှာပါဝင်နေတာကို တွေ့နေရတာပဲ။ ဒါတွေကို မြင်တွေ့ရတာဟာ ကျနော်တို့အတွက် ရှေ့ဆက်ဖို့ခွန်အားတွေ အများကြီးဖြစ်ရပါတယ်။

ဒီလိုအမျိုးသမီးတွေပါဝင်မှုက အကောင်းမွန်ဆုံးသော တော်လှန်ရေုဖြစ်စေတယ်။ တော်လှန်ရေးကို ပိုပြီးတော့ ပြည့်စုံစေ တယ်။ အဲလိုပဲမြင်တယ်။ အမျိုးသမီးတွေအားလုံး ဒီထက်ပိုပြီးတော့ စစ်အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ အတူတူ လက်တွဲညီညီနဲ့ တော်လှန်သွားကြပါ့မယ်လို့ ပြောချင်တယ်။

Author:

Related Articles