Home ဆောင်းပါး မြွေတွေကို ထိန်းသိမ်းကယ်ဆယ်ချင်သူ

မြွေတွေကို ထိန်းသိမ်းကယ်ဆယ်ချင်သူ

မေ။ ။

တိတ်ဆိတ်မှောင်မဲလှတဲ့ တောတွင်းတစ်နေရာမှာ သစ်ပင်တွေ၊ချုံနွယ်တွေ၊ကျောက်တုံးတွေ၊ သစ်ခေါင်းတွေကြားကို အာရုံ စိုက်ကာ တစ်စုံတစ်ခုကို စူးစမ်းရှာဖွေနေတဲ့ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရပါတယ်။

အမျိုးသမီးငယ်ဟာကြောက်ရွံ့တဲ့ပုံမရှိသလို သူအလိုရှိတဲ့အရာကိုသာတွေ့ဖို့အာရုံစူးစိုက်နေပုံရပါတယ်။

တစ်နေရာအရောက်မှာတော့ သူရှာနေတဲ့တစ်စုံတစ်ရာကိုတွေ့သွားတဲ့အတွက် ဝမ်းသာအားရဖြစ်ကာ အသင့်ပါလာတဲ့ ကင်မ ရာနဲ့ ရိုက်ကူးမှတ်တမ်းတင်ပါတော့တယ်။

နေအလင်းရောင်မရှိတဲ့ညအချိန် လူသူမရှိတဲ့တောတွင်းထဲမှာ အမျိုးသမီးငယ်ရှာဖွေနေတဲ့အရာကတော့ မြွေတွေပဲ ဖြစ်ပါ တယ်။

သူကတော့မြန်မာနိုင်ငံက မြွေမျိုးစိတ်တွေကို သုတေသနပြုလုပ်နေတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသမီးတစ်ဦး ဖြစ်တဲ့ မစိုးသန္တာအောင်ပါ။

မစိုးသန္တာအောင်ဟာ ပြည်ပနိုင်ငံတစ်ခုမှာ ပညာသင်ကြားခဲ့ပြီးတော့ လက်ရှိမှာတော့ သုတေသနလုပ်ငန်းတွေကို လုပ်ကိုင် ဆောင်ရွက် နေပါတယ်။

မြွေတွေနဲ့ပတ်သက်ပြီးငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တဲ့ မစိုးသန္တာအောင်တစ်ယောက် လက်ရှိမှာတော့ မြွေတွေနဲ့ ပတ် သက်ပြီး သုတေသနပြုလုပ်တာ၊ မြွေတွေကိုကယ်ဆယ်တာ၊ မြွေတွေနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေပြုလုပ်တာ စတာ တွေကို ဆောင်ရွက်နေပါတယ်။

“ မြန်မာနိုင်ငံမှာ အဆိပ်မရှိတဲ့မြွေတွေတောင် လူတွေရဲ့အကြောက်တရားကြောင့် အသတ်ခံနေရတယ်။ မြန်မာလူမျိုးတွေက ရှေးယခင်ထဲကလက်ဆင့်ကမ်းလာတဲ့အယူအဆအမှားကြီးတွေကို သူတို့စိတ်ထဲစွဲနေတယ်။ အဲ့တော့ဒီအကြောင်းတွေကို ပိုပြီးလေ့လာပြီးတော့ ပညာပေးချင်တာပေါ့နော်။ အဲ့ဒါကြောင့် လေ့လာဖြစ်ခဲ့တာ။” လို့ မစိုးသန္တာအောင်က သူ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။

Soe Thandar Aungလူမှုကွန်ရက်စာမျက်နှာနဲ့ All about Snakes ယူကျူ့ချန်နယ်ကတစ်ဆင့်လည်း မြွေတွေနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေကိုမျှဝေနေပါတယ်။

သုတေသနလုပ်ငန်းတွေအတွက် ခရီးတွေသွားတာ၊ တောထဲတွေသွားပြီး မြွေတွေနဲ့ပတ်သက်တဲ့ လေ့လာမှုတွေပြုလုပ်ရပါ တယ်။

ဒီလိုသွားလာရင်းကနေ လူထုကိုအသိပညာပေးချင်တဲ့အတွက် မြွေတွေနဲ့ပတ်သက်တဲ့ ဗီဒီယိုလေးတွေရိုက်ကူးကာ မြွေတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုမျှဝေဖြစ်ခဲ့တယ်။

မစိုးသန္တာအောင်ရဲ့ ယူကျူ့ချန်နယ်ဖြစ်တဲ့ All about Snakes မှာ မြန်မာနိုင်ငံရဲ့အဆိပ်ပြင်းဆုံးမြွေ ၁၀ မျိုး၊ အဆိပ်ပြင်းမြွေ ဟောက်နဲ့ အဆိပ်မရှိတဲ့ လင်းမြွေဘယ်လိုခွဲမလဲ၊ မြွေစိမ်းမြီးခြောက်ကိုက်ခံရရင် ဘာလို့ကျပ်စည်းလို့မရတာလဲ၊ မြန်မာနိုင်ငံမှာ အကိုက်ခံရမှုအများဆုံးသော အဆိပ်ပြင်းမြွေမျိုးစိတ်၊ မြန်မာနိုင်ငံမှာရှိတဲ့ အဆိပ်မရှိတဲ့မြွေ ၁၀ မျိုး၊ မြန်မာနိုင်ငံမှာတွေ့ရတဲ့ လူတွေသတိမထားမိတဲ့မြွေတွေအကြောင်း စတဲ့ထူးထူးခြားခြားမြွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်ထားပါ တယ်။

မြန်မာနိုင်ငံရှိမြွေမျိုးစိတ်တွေကို ခွဲခြားလေ့လာတာ၊မြွေတွေအကြောင်း ပညာမျှဝေတာ၊ မြန်မာနိုင်ငံကမြွေတွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ပြုလုပ်ထားတဲ့ Snakes of Myanmar ဆိုတဲ့ Facebook group တစ်ခုမှာ မြွေအကြောင်း စိတ်ဝင်စားသူတွေ၊ပညာရှင်တွေ၊ဆရာဝန်တွေနဲ့အတူ ပူးပေါင်းပြီး မြွေတွေနဲ့ပတ်သက်တဲ့ အသိပညာတွေကို မျှဝေပေးနေ တယ်လို့ မစိုးသန္တာအောင်ကပြောပါတယ်။

ဒါ့အပြင် မြွေကိုက်ခံရတဲ့အခါ မေးမြန်းနိုင်တဲ့ Myanmar Snakebite Education & Snake Conservation ဖေ့ဘုတ် စာမျက် နှာမှာလည်း မြွေတွေနဲ့ပတ်သက်ပြီးအသိပညာတွေမျှဝေနေပါတယ်။

တောကြီးမြွေဟောက်တွေကို ကာကွယ်ဖို့လိုအပ်တဲ့အကြောင်းတွေ တင်ဆက်နေတဲ့ Protect The Burmese King Cobra မှာလည်းမြွေနဲ့ပတ်သက်တဲ့အကြောင်းတွေကိုရေးသားမျှဝေနေပါတယ်။

ဒါ့အပြင် Myanmar Biodiversity page မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ အကောင်လေးတွေ မျိုးစိတ်တွေ အကြောင်းရေး သားနေပါတယ်။

“ မြွေတွေအကြောင်းကိုပြောပြမှ လူတွေကပိုပြီးတော့ အော်မြွေတွေက ဒီလိုမျိုးပါလား။ ဒီမြွေကတော့အဆိပ်မရှိပါလား။ ဒီမြွေ ကတော့အဆိပ်ရှိပေမယ့် အရမ်းအဆိပ်မပြင်းပါလား။ ဒီမြွေရဲ့အမူအရာကတော့ ဘယ်လိုမျိုး အဲ့လိုမျိုးတွေသိလာပြီးတော့ မြွေ ကြောက်တဲ့စိတ်လေး လျော့နည်းသွားမယ်လို့ထင်ပါတယ်။” လို့ မစိုးသန္တာအောင်က ဆိုပါတယ်။

ဂေဟစနစ်အကြောင်း၊တိရစ္ဆာန်လေးတွေအကြောင်း၊ မြန်မာနိုင်ငံကမြွေတွေအကြောင်းကို ကလေးငယ်တွေလေ့လာနိုင်ဖို့ အတွက် သင်တန်းလေးတွေလည်းဖွင့်လှစ်သင်ကြားပေးနေပါတယ်။

မစိုးသန္တာအောင်အနေနဲ့ခရီးသွားတဲ့အခါဖြစ်ဖြစ်၊ နေအိမ်ပတ်ဝန်းကျင်ဖြစ်ဖြစ် ဘယ်နေရာရောက်ရောက်  မြွေတွေနဲ့ ပတ်သက် တဲ့ ကူညီမှုတွေလည်း ပြုလုပ်ပေးဖြစ်ပါတယ်။  လူတွေအန္တရာယ်ကင်းစေဖို့ မြွေတွေကိုကယ်ဆယ်တာမျိုးတွေ အဓိက ဆောင် ရွက်ပါတယ်။

မြွေတွေကိုလေ့လာရတဲ့အခါ ကယ်ဆယ်ရတဲ့အခါမှာ မစိုးသန္တာအောင်အနေနဲ့ စိတ်လှုပ်ရှားမှုတွေအပြည့်ခံစားရပါတယ်။

“ မြွေမျိုးစိတ်တွေကိုသဘာဝထဲမှာ မြင်လိုက်ရရင်စိတ်လှုပ်ရှားတယ်။  တခါတခါမျက်ရည်တောင်ဝဲတယ်။ အဲ့မြွေတွေ အကြောင်းကို လေ့လာနေတာကြာပြီ။ အပြင်မှာမမြင်ဖူးတဲ့မြွေမျိုးစိတ်တွေရှိတယ်။ ရှားပါးတဲ့မြွေတွေကို တွေ့လိုက်ရရင် အရမ်းပျော်တယ်။ ကယ်ရတဲ့အခါမျိုးမှာ အပြင်မှာမမြင်ဖူးတဲ့မြွေမျိုးဆိုစိတ်ထဲမှာတော်တော်ကြီး ပျော်တဲ့ခံစားချက်ဖြစ်ပါ တယ်။” လို့ သူ့ခံစားချက်ကိုပြောပြပါတယ်။

မစိုးသန္တာအောင်ဟာ တောထဲတွေသွားရတာကိုပင်ပန်းတယ်လို့မခံစားရသလို ဝါသနာပါရာကို တစ်စိုက်မက်မက်လုပ်နေရတဲ့ အတွက် အမြဲတက်ကြွနေခဲ့ပါတယ်။

ဒီလိုသုတေသနပညာရှင်အဖြစ်နဲ့ မြန်မာနိုင်ငံမှာအသက်မွေးဝမ်းကျောင်းပြုဖို့က မလွယ်ကူလှပါဘူး။

“ မြန်မာနိုင်ငံမှာဆိုရင် ဒီလမ်းကြောင်းနဲ့ပတ်သက်ပြီး အလုပ်အကိုင်တွေကရှားပါးတယ်လေ။ ဒီလမ်းကြောင်းကို ရွေးလိုက် တာကတော့ စွန့်စားရာရောက်တာပေါ့။” လို့ မစိုးသန္တာအောင်ကဆိုပါတယ်။

ရှေ့ဆက်ပြီးမြွေတွေနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကိုပိုပြီးဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

မြွေတွေနဲ့ပတ်သက်ပြီးလေ့လာချင်တဲ့ တခြားအမျိုးသမီးတွေအနေနဲ့လည်း စိတ်ဝင်စားတယ်ဆိုရင်လိုအပ်တဲ့ အကူအညီတွေ ပေးဖို့အသင့်ပါပဲလို့ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ နယ်တွေကိုလှည့်လည်သွားလာပြီးတော့ မြွေတွေနဲ့ပတ်သက်တဲ့ အသိပညာပေးတာတွေကို ပြုလုပ်ပေးချင် တယ်လို့ဆိုပါတယ်။

လူထုအနေနဲ့ မြွေတွေနဲ့ပတ်သက်ပြီးအကြောက်တရားတွေလျော့သွားကာ မြွေတွေကိုပိုပြီးကယ်ဆယ်လာနိုင်ပြီး ထိန်းသိမ်း စောင့်ရှောက်လာနိုင်ဖို့လည်း မစိုးသန္တာအောင်တစ်ယောက် မျှော်လင့်ထားပါတယ်။

“မြန်မာနိုင်ငံမှာ မြွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလူတွေပိုပြီး ဗဟုသုတတွေရလာဖို့က အဖြစ်ချင်ဆုံးပါပဲ။” လို့ မစိုးသန္တာအောင် က သူ့ဆန္ဒကို ပြောပါတော့တယ်။

Author:

Related Articles