မေ
အခန်းနံရံပေါ်မှာ စိတ်ဝင်စားဖို့ကောင်းလှတဲ့ အကျီဒီဇိုင်းမျိုးစုံနဲ့အမျိုးသမီးရုပ်ပုံတွေကို ချိတ်ဆွဲထားတယ်။ နံရံရဲ့ဘေးစားပွဲမှာ တော့ အမျိုးသမီးငယ်တစ်ဦးကစာရွက်ပေါ်မှာအလွန်လှပပြီး စွဲဆောင်မှုရှိလှတဲ့ အကျီဒီဇိုင်းတွေကို ရေးဆွဲနေတယ်။
သူကတော့ fashion illustration တွေ ရေးဆွဲနေတဲ့ မနေခြည်နွေးနွေးပါ။ မနေခြည်နွေးနွေးဟာ မသန်စွမ်းသူတစ်ဦးလည်း ဖြစ်ပါတယ်။
မနေခြည်နွေးနွေးဟာ ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီးတော့ Katherine Paing (Japan Tokyo Designer college)ရဲ့ ပရောဂျက် မှာ ပါဝင်ခဲ့ပြီးတော့ UK fashion illustrator ဆရာမ Ms.Purua Kulshrestha( Head fashion Design Department, The Conflux Rivista) ဆီက certificate ရရှိထားသူလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်တဲ့သင်တန်းတွေ ဆက်တက်ပြီးလေ့လာနေဆဲပါပဲ။
ငယ်ငယ်ကတည်းက ပုံဆွဲရတာဝါသနာပါတဲ့ မနေခြည်နွေးနွေးဟာ ကျောင်းစာအုပ်အဖုံးတွေမှာ ပုံတွေဆွဲလေ့ရှိတယ်။ အဲဒီ နောက်တီဗီကလာတဲ့ ဖက်ရှင်ရှိုးတွေကိုကြည့်ရာကနေ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်တွေအစပျိုးခဲ့တယ်။
“ ရှိုးတွေကြည့်တိုင်းလဲငါသာဆိုရင် ဘယ်လိုဖန်းတီးလိုက်မှာ ဘယ်ကာလာကိုသုံးမှာဆိုပြီးတော့ စိတ်ကူးတွေယဉ်ခဲ့တယ်။” လို့ မနေခြည်နွေးနွေးက ပြောပါတယ်။
၂၀၂၀လောက်ကစပြီး ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်တဲ့ သင်တန်းတွေအွန်လိုင်းကနေတက်ရင်းလေ့လာခဲ့တယ်။ မနေခြည်နွေးနွေးဟာ နယ်မှာနေထိုင်တာဖြစ်တဲ့အတွက် သင်တန်းတက်တဲ့အခါ အင်တာနက်လိုင်းမကောင်းတာ၊ သင်တန်းအတွက်လိုအပ်တဲ့ ပစ္စည်းတွေ လွယ်လွယ်ကူကူဝယ်လို့မရတဲ့ အခက်အခဲစတာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။
နောက်ပိုင်းမှာတော့ မနေခြည်နွေးနွေးဟာ ဒီဇိုင်းပုံတွေကိုကျွမ်းကျွမ်းကျင်ကျင်ရေးဆွဲလာနိုင်ခဲ့ပြီး ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်တဲ့ ပညာသင်ဆုရအထိ လျှောက်ထားနိုင်ခဲ့တယ်။ မနေခြည်နွေးနွေးရဲ့မိသားစုကတော့ ဝါသနာနဲ့ပတ်သက်ပြီးလိုအပ်တာ မှန်သမျှ ကူညီထောက်ပံ့ပေးပါတယ်။
“ကျွန်မပုံဆွဲနေတဲ့အခါမျိုးဆို ရိုးရိုးကောင်မလေးပုံဆွဲနေတယ်။ အဓိပ္ပာယ်မရှိတာတွေဆွဲနေတယ်လို့ တချို့ကတော့ထင်ကြတာပေါ့နော်။ အပြင်မှာချုပ်ဝတ်လို့အဆင်မပြေတဲ့ဟာတွေ ဆွဲနေတယ်ဆိုပြီးတော့ဝေဖန်ကြတာပေါ့။” လို့ သူကပြောပြပါ တယ်။
Fashion illustration ဆိုတာဟာ သရုပ်ဖော်ပုံတွေ ဆွဲခြင်းကနေအစပြုလာတာဖြစ်ပြီး ဖက်ရှင်ဒီဇိုင်နာတွေကဝတ်စုံ တစ်စုံ မချုပ်ခင်အရင်ဆုံး ပုံကြမ်းတွေရေးဆွဲရပါတယ်။ ဖက်ရှင်ပုံကြမ်းတွေဟာ အမြင်အာရုံပုံစံနဲ့ ဖက်ရှင်စိတ်ကူးတွေကိုဖန်တီးပေး တဲ့ အနုပညာတစ်မျိုးလည်းဖြစ်တယ်လို့ မနေခြည်နွေးနွေးကပြောပါတယ်။
ဖက်ရှင်ဒီဇိုင်းရေးဆွဲတာအပြင် MCA Network ရဲ့ “ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” ပေါ့ကတ်အစီစဉ်မှာ အလုပ်သင်အဖြစ်ပါ ဝင်ပြီး မသန်စွမ်းသူတွေအတွက် အသိပညာပေးတဲ့ အစီအစဉ်တွေမှာ ပါဝင်နေပါတယ်။
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာမွေးဖွားခဲ့တဲ့ မနေခြည်နွေးနွေးဟာ မွေးရာပါကိုယ်အင်္ဂါ မသန်စွမ်းသူတစ်ဦးပါ။ မိဘတွေက တောင်သူလယ်သမားတွေဖြစ်ပြီး လယ်ယာလုပ်ငန်းနဲ့ကွမ်းရွက်၊ တခြားသီးနှံစိုက်ပျိုးကြသူတွေဖြစ်တယ်။ မနေခြည်နွေးနွေး ဟာမွေးရာပါ အရိုးကျွတ်ဆက်တဲ့ ရောဂါရှိတာကြောင့် ငယ်ငယ်ကတည်းကချော်လဲတာတို့ ပြုတ်ကျတာတို့ဆို အရိုးခဏခဏ ကျိုးပါတယ်။
“အရိုးခဏခဏကျိုးတဲ့အတွက် ကျွန်မကလမ်းလျှောက်ရမှာကို ကြောက်ခဲ့တယ်။”လို့ မနေခြည်နွေးနွေးကဖွင့်ဟပါတယ်။
ဒါကြောင့်အကူကိရိယာဖြစ်တဲ့ ရှေ့မှာဘီးနှစ်ဘီးပါပြီးတော့ လက်နဲ့တွန်းသွားရတဲ့ လက်တွန်းလှည်းကို အသုံးပြုပြီးလမ်း လျှောက်ခဲ့ရတယ်။ အရမ်းဝေးတဲ့နေရာတွေကိုတော့ ဝှီးချဲအသုံးပြုခဲ့တယ်။
နောက်ပိုင်းမှာတော့ အရိုးကျိုးတာရပ်တန့်သွားခဲ့ပေမယ့် နာကျင်တာတော့ရှိပါတယ်။
ကျောင်းတက်တဲ့အရွယ်ရောက်တဲ့အခါမှာတော့ သူငယ်တန်းကိုကျောင်းဆရာမကို အကူအညီတောင်းပြီး အိမ်ကနေပဲစာသင်ခဲ့တယ်။
ပထမတန်းရောက်တဲ့အခါမှ ကျောင်းစတက်ခဲ့တယ်။ ခုနှစ်တန်းအထိရွာကကျောင်းမှာပဲ တက်ခဲ့ပြီး ရှစ်တန်းရောက်တဲ့အခါမှာ တော့ တခြားမြို့မှာသွားတက်ရမှာစိတ်မချတဲ့အတွက် မိဘတွေကကျောင်းမထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ မနေခြည်နွေးနွေးက ကျောင်းတက်ချင်တဲ့ ဆန္ဒပြင်းပြတာကြောင့် မိဘတွေက ကျောင်းဆက်ထားဖို့ သဘောတူခဲ့တယ်။
မနေခြည်နွေးနွေးကျောင်းနေဖို့ မြို့ပေါ်မှာမိဘတွေဟာအိမ်တစ်လုံးငှားပေးပြီး အဖော်အမျိုးသမီးလေးတစ်ဦးနဲ့ နေစေပါတယ်။
တက္ကသိုလ်ဝင်တန်းရောက်တဲ့အချိန်မှာတော့ အိမ်မှာပြန်နေပြီး တက္ကသိုလ်ဝင်တန်းဖြေခဲ့တယ်။ ဖခင်ဖြစ်သူနဲ့ အကိုဖြစ်သူက ကျောင်းနဲ့ကျူရှင်ကို တစ်လှည့်စီလိုက်ပို့ပေးခဲ့ကြတယ်။ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးသုံးဘာသာနဲ့အောင်မြင်ခဲ့တယ်။ တက္က သိုလ်ဝင်တန်းအောင်ပြီးတော့ မသန်စွမ်းကျောင်းမှာစက်ချုပ်သင်တန်းတက်ရောက်ခဲ့တယ်။
သင်တန်းကျောင်းကို အဆောင်ကနေသွားတဲ့အခါ ဝှီးချဲသုံးဖို့အဆင်မပြေတဲ့အတွက် လက်တွန်းလှည်းကိုအသုံးပြုပြီး သွားရ တယ်။
“ ကျွန်မကလမ်းလျှောက်တာနှေးတဲ့အတွက် သင်တန်းကိုရောက်ဖို့ အဆောင်ကနေ စောစောထွက်ရပါတယ်။ မိုးတွေအရမ်းရွာရင် သင်တန်းကျောင်းကို သွားရတာသိပ်အဆင်တော့မပြေပါဘူး။ နောက်ဆုံးမှာတော့ သင်တန်းသုံးလကိုပြီးမြောက်အောင် တက်နိုင်ခဲ့ပါတယ်။”လို့ မနေခြည်နွေးနွေးက ပြောပြပါတယ်။
အဲ့ဒီနောက် တက္ကသိုလ်ကိုဇာတိမြို့မှာပဲ ဆက်တက်ဖြစ်ခဲ့တယ်။ တက္ကသိုလ်တက်တဲ့အခါမှာလည်း အကိုဖြစ်သူကဆိုင်ကယ်နဲ့ လိုက်ပို့ပေးခဲ့တယ်။ မနေခြည်နွေးနွေးအနေနဲ့ကတော့ အစပိုင်းမှာ လူအများကြီးရှိတဲ့နေရာကိုသွားရမှာ ကြောက်ခဲ့တယ်။ မုန့် ဆိုင်ထိုင်ရင်တောင် လူများတဲ့ဆိုင်ဆိုမထိုင်ရဲတဲ့အထိဖြစ်ခဲ့တယ်။
“ ဟဟ။ကိုယ်ကမသန်စွမ်းသူဖြစ်တဲ့အတွက် အပြင်သွားတဲ့အခါတချို့က မသန်စွမ်းသူဆိုအရမ်းကြည့်ကြတယ်ပေါ့နော်။ အဲ့အကြည့်တွေကို ကိုယ့်ရဲ့မျက်လုံးနဲ့ပြန်ကြည့်ပြီးတုန့်ပြန်ခဲ့တယ်။ နောက်ပိုင်းတော့ လူတွေကိုမကြောက်တော့ပါဘူး။ ကျွန်မ ကိုကြည့်တဲ့ မျက်လုံးတွေကို ကျွန်မရင်ဆိုင်နိုင်ခဲ့ပါတယ်။”လို့ မနေခြည်နွေးနွေးက ပြောတယ်။
မနေခြည့်နွေးနွေးဟာ မွေးဖွားလာကတည်းက မသန်စွမ်းသူတစ်ဦးအနေနဲ့မွေးဖွားလာတာဖြစ်တဲ့အတွက် တချို့ခွဲခြားဆက်ဆံ တာတွေကို သိပ်ပြီးခံစားမနေတော့ဘဲ ဖြစ်တည်မှုကိုလက်ခံနိုင်အောင် ကြိုးစားလိုက်တယ်လို့သူ့ခံယူချက်ကိုပြောပါတယ်။
ရှေ့ဆက်ပြီးတော့ ဝါသနာပါတဲ့ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်တာတွေလုပ်ကိုင်ရင်း လိုအပ်တဲ့ပညာတွေသင်ယူပြီး မသန်စွမ်းသူတွေ အတွက် စံပြအမျိုးသမီးတစ်ဦးဖြစ်အောင် အမြဲတမ်းကြိုးစားသွားမယ်လို့ မနေခြည်နွေးနွေးက ဆုံးဖြတ်ထားပါတယ်။
တခြားဘဝတူမသန်စွမ်းအမျိုးသမီးတွေကိုလည်း အခုလိုသတင်းစကားပါးပါတယ်။
“ စိတ်ညစ်နေရုံနဲ့ဘာမှဖြစ်မလာပါဘူး။ အိပ်မက်တွေကိုအကောင်အထည်ဖော်ပါ။ လိုအပ်တဲ့အရည်အချင်းတွေကိုဖြည့်ပါ။ ကိုယ်ဝါသနာပါတဲ့ အရာတွေအပေါ်မှာ ရူးသွပ်ပါ။ စိတ်ဓာတ်မာကြောပါလို့ပြောချင်ပါတယ်။” လို့ ဆိုပါတော့တယ်။
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024