Home ဆောင်းပါးသတင်းဆောင်းပါး လူ့အခွင့်အရေးချိုးဖောက်ခံရကာ ဓားစာခံအဖြစ် ဖမ်းဆီးခံနေရတဲ့ မိသားစုဝင်တွေ

လူ့အခွင့်အရေးချိုးဖောက်ခံရကာ ဓားစာခံအဖြစ် ဖမ်းဆီးခံနေရတဲ့ မိသားစုဝင်တွေ

ရှင်ငြိမ်း။    ။

စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားရယူပြီးနောက်မှာ ပြည်နယ်နဲ့တိုင်းအသီးသီးမှာက သူတို့ကိုဆန့်ကျင်နေတဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ မတရားဖမ်းဆီးထောင်ချမှုတွေကို နေ့စဉ်ရက်ဆက်ဆိုသလိုရှိနေခဲ့ပါတယ်။

ဒီထဲမှာအဆိုးဝါးဆုံးကတော့ စစ်တပ်က သူတို့အလိုရှိသူူကိုမတွေ့ခဲ့ရင် နေအိမ်မှာရှိနေတဲ့ညီအစ်ကိုမောင်နှမ၊ မိဘတွေ အပြင် သက်ကြီးရွယ်ဘိုးဘွားနဲ့ ကလေးသူငယ်တွေပါမချန် ဓားစာခံအဖြစ် ဖမ်းဆီးထောင်ချနေတာပဲဖြစ်တယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မှတ်တမ်းတွေအရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နေ့ကစလို့ ယနေ့အထိဖမ်းခံထားရတဲ့ အမျိုးသမီး ၁၄၆ ယောက်အပါအဝင် စုစုပေါင်း ၃၁၄ ယောက်ရှိပြီး ဒီထဲမှာအမျိုးသမီး ၃၃ ယောက် ပြန်လည်လွတ်မြောက်ထားပါတယ်။ 

အခုလိုဓားစာခံအဖြစ်ဖမ်းဆီးခံထားရသူတွေထဲမှာ ထားဝယ်မြို့၊ ကနိုင်းဒါရွာမှာနေထိုင်တဲ့အသက် ၂၂ နှစ်အရွယ် မသီရိမိုး ရဲ့မိခင်လည်းပါဝင်ခဲ့တယ်။ 

“ သူတို့အလိုရှိတဲ့သူ မတွေ့လို့ မိဘဆွေမျိုးသားချင်းတွေကို ဖမ်းတယ်ဆိုတာ ရိုင်းရိုင်းပြောရရင်အောက်တန်းကျတဲ့လုပ်ရပ် ပေါ့။ သူတို့ဘယ်လောက် သတ္တိနည်းတယ်ဆိုတာ ဒီလုပ်ရပ်တွေက သက်သေပဲ” လို့ မိခင်ကို သူ့အစားဓားစာခံအဖြစ် ဖမ်း သွားတဲ့စစ်တပ်ကို မသီရီမိုးက ရှုတ်ချဝေဖန်ပါတယ်။

စစ်တပ်နဲ့ ရဲအင်အား ၂၀ လောက်က နိုဝင်ဘာ ၈ ရက်၊ ည ၈ နာရီလောက်မှာ မသီရိမိုးရဲ့နေအိမ်ကို စီးနင်းဝင်ရောက်လာ ပြီး ဖခင်ဖြစ်သူက မသီရိမိုးမရှိသလို ဖခင်ကလည်းပြည်ပမှာအလုပ်သွားလုပ်နေတဲ့အတွက် မိခင်နဲ့ ညီမဖြစ်သူကို ဓားစာခံ အဖြစ် ဖမ်းခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

လာဖမ်းတဲ့အချိန်မှာ စစ်သားတွေက မိခင်နဲ့ညီမဖြစ်သူကို မသီရိမိုးအကြောင်း ခြိမ်းခြောက်ကာစစ်ဆေးမေးမြန်းခဲ့သလို အိမ်မှာရှိတဲ့ဆိုင်ကယ်၊ ရွှေငွေ အပါအဝင်စုစုပေါင်း ငွေကျပ်သိန်း ၁၀၀ နီးပါးကိုလည်း သိမ်းယူသွားခဲ့တယ်လို့ ဆိုတယ်။ 

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ဥပဒေတတိယနှစ်ကျောင်းသူလည်းဖြစ်တဲ့မသီရိမိုးဟာ ဒေသကာကွယ်ရေးတပ်(PDF)အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး စစ်အာဏာရှင်ကို တွန်းလှန်နေသူဖြစ်လို့ စစ်တပ်က သူ့ကိုပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဝရမ်းထုတ်ကာ အလိုရှိနေခဲ့တာဖြစ်တယ်။

ဒီလိုဖမ်းခေါ်သွားပြီးနောက် နိုဝင်ဘာ ၁၁ ရက်နေ့မှာ အသက် ၁၇ နှစ်သာရှိသေးတဲ့ မသီရိမိုးရဲ့ညီမဖြစ်သူကို ခံဝန်နဲ့ ပြန် လွတ်လာပြီး မသီရိမိုးလာရောက်အဖမ်းခံမယ်ဆိုပါက မိခင်ကိုပါ လွှတ်မယ်လို့ဆိုလာပေမယ့် မသီရိမိုးကတော့ အဖမ်းမခံ ခဲ့ဘူး။

သူအဖမ်းမခံတဲ့အတွက် အသက် ၄၆ နှစ်အရွယ်မိခင်ဖြစ်သူမှာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲ ခံရပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရပါတယ်။

“ စသိလိုက်ရတော့အရမ်းလည်းဝမ်းနည်းမိတယ်။ အမေကိုလည်းစိတ်ပူမိတယ်။ စစ်အာဏာရှင်ကိုလည်း ပိုပြီးနာကျည်းမုန်း တီးမိတယ်။ ဒါမဲ့ကျမတို့ရဲ့စစ်အာဏာရှင်တော်လှန်ရေးကတော့ ဆက်တိုက်သွားမှာပါ”လို့ သူက ပြတ်သားစွာဆိုပါတယ်။

ဥယျာဉ်ခြံစိုက်ပြီး အေးချမ်းစွာနေတဲ့ မသီရိမိုးရဲ့မိခင်ကို မတရားထောင်ချလိုက်တဲ့အတွက် တော်လှန်ရေးအောင်မြင်သွား တဲ့အချိန်ကျရင် အခုလိုမတရားဖမ်းဆီးထောင်ချသတ်ဖြတ်ညှင်းပန်းခဲ့သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူ တာတွေလုပ်စေချင်တယ်လို့လည်း သူ့ဆန္ဒကိုဖွင့်ဟထားပါသေးတယ်။

လက်ရှိမိခင်ဖြစ်သူမှာ ထောင်ဒဏ်အမိန့်ချလိုက်တဲ့နေ့ကစလို့ ကျန်းမာရေးကောင်းတယ်လို့သာသိရပြီး ယနေ့ထိတိုင် မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးလို့ အားလုံးက စိုးရိမ်ပူပန်နေကြပါတယ်။

အလိုရှိသူကို မမိလို့ မိသားစုဝင်တွေကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတဲ့ဖြစ်ရပ်ဟာ ထားဝယ်မြို့၊ ကနိုင်းဒါရွာ တစ်ခုထဲဖြစ်ခဲ့တာမဟုတ်ပါဘူး။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာလည်း သားဖြစ်သူကိုမတွေ့လို့ အမျိုးသမီး သုံးယောက်ကို ရိုက်နှက်ဖမ်းဆီးသွားမှုလည်း ဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၅ ရက်၊ နံနက် ၅ နာရီလောက်မှာ မြင်းခြံ၊ သပြေသာရွာရှိကိုဇော်ဝင်းရဲ့နေအိမ်ကို စစ်ကားခုနစ်စီးနဲ့ အင်အား ၂၀လောက်ဟာ ဝင်ရောက်စီးနင်းရာမှာ ကိုဇော်ဝင်းထွက်ပြေးတာကို မိခင်ဖြစ်သူက ကာပေးလို့ဆိုပြီး ရိုက်နှက်ခဲ့ တာဖြစ်တယ်။

“ သားကို ကာထားတော့ ခင်ဗျားကြီးနော်၊ ခင်ဗျားကြီး အသက်တော်တော်ကြီးနေပြီ။ ရှေ့ကနေ ရှုပ်ရှုပ်မလုပ်နဲ့ဆိုပြီး ထင်း ခြောက်နဲ့ သုံးလေးချက်ဆင့်ရိုက်တာ။ ဟိုမလိုက်နိုင်တော့ အမေကြီးကို မဲပြီးရိုက်တာ”လို့ ကိုဇော်ဝင်းနဲ့နီးစပ်တဲ့သူတွေက ဆိုပါတယ်။

ကိုဇော်ဝင်းတို့တစ်အိမ်ထဲမဟုတ်ဘဲ အဲ့ဒီနေ့က တရွာထဲနေဦးကျော်မြင့်ရဲ့နေအိမ်ကိုလည်း သွားရှာရာမှာ မတွေ့တဲ့ အတွက် မိခင်နဲ့ဇနီးသည်ကို ဖမ်းခေါ်သွားခဲ့ပါတယ်။ ထိုနေ့က အလိုရှိသူမတွေ့တဲ့အတွက် အမျိုးသမီးသုံးယောက်နဲ့ အသက် ၆၀ အရွယ် ဦးမှတ်ပါဖမ်းဆီးခံခဲ့ရတာဖြစ်တယ်။

ဒေသခံရွာသားတွေရဲ့ပြောကြားချက်အရ ယင်းရွာရဲ့အုပ်ချုပ်ရေးမှူးအသတ်ခံရပြီးနောက် အခုကိစ္စက မှားယွင်းတိုင်ကြား မှုကြောင့်သာ ဖမ်းတာဖြစ်နိုင်ပြီး အလိုရှိသူတွေကလည်း နိုင်ငံရေးကင်းရှင်းသူတွေလို့ ရှင်းပြပါတယ်။ 

လက်ရှိအချိန်ထိ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အသက် ၅၀ အရွယ်ဒေါ်မြရှင်၊ အသက် ၆၀ အရွယ်ဒေါ်မုန်းနဲ့ ၃၀ အရွယ် မနှင်းမိုးအပြင် ဦးမှတ်တို့ဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးလို့ စိတ်ပူပန်နေကြပါတယ်။

အလားတူ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာလည်း သားဖြစ်သူကို မတွေ့တဲ့အတွက် မိဘနှစ်ပါးအပါအဝင် မိသားစု ငါးယောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။ 

အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၃ ရက်၊ ည ၁၀ နာရီဝန်းကျင်မှာ ရဲနဲ့ စစ်သား အင်အား ၃၀ လောက်ဟာ မောင်းတိုင် ၂ ရပ်ကွက်မှာနေတဲ့ အသက် ၂၆ နှစ်အရွယ် ကိုစတားရဲ့အိမ်ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ဒေသကာကွယ်ရေးတပ်တွေနဲ့ ပတ်သက်ဆက်နွယ်လို့ဆိုတဲ့ သံသယနဲ့ စစ်တပ်ကလာရောက်ဖမ်းဆီးတဲ့ ကိုစတားဟာ တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတာ နှစ်နှစ်ခန့်ရှိပြီး မိသားစုကလည်း သူ့ကိုအမွေပြတ်ထားခဲ့တာကြာပြီလို့ ကိုစတားနဲ့နီးစပ်တဲ့သူတစ်ယောက်က ရှင်းပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကိုစတားရဲ့အိမ်ကို အခုလိုစီးနင်းဝင်ရောက်လာတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် မတ်လကစလို့ ဒီဇင်ဘာလအထိ ၁၀ ကြိမ်ထက်မနည်းအခုလိုမကြာခဏစီးနင်းဝင်ရောက်မှုတွေလုပ်နေတာပါ။

မတ်လ ၁၆ ရက်၊ စစ်တပ်စတင်စီးနင်းလာတဲ့အချိန်မှာလည်း အိမ်တွင်းပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးသွားပြီး ရွှေငွေလက် ဝတ်ရတနာ(ကာလပေါက်ဈေးအရ ငွေကျပ် ကိုးသိန်းကျော်)တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားကာ ဖခင်နဲ့ ညီငယ်ကို ဦးစွာဖမ်းသွားခဲ့တယ်။

ဒီဇင်ဘာလမှာတော့ ကိုစတားရဲ့မိခင်ဖြစ်တဲ့ အသက် ၆၂ နှစ် အရွယ် ဒေါ်သန်းသန်းစိုး၊ ညီမတွေဖြစ်တဲ့အသက် ၂၂ နှစ်အ ရွယ် မဆုလာဘ်ရတနာနဲ့ အသက် ၁၂ နှစ်အရွယ် မသွန်းသော်တာဇွန်တို့ကို ထပ်မံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့မိသားစုနဲ့နီးစပ်သူရဲ့ပြောပြချက်အရ ကျန်းမာရေးမကောင်းတဲ့ကိုစတားရဲ့ဖခင်နဲ့ သမီးနှစ်ယောက်က ပြန်လွတ်လာ ပေမယ့် မိခင်ဖြစ်သူနဲ့ ညီတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ကာ မကွေးဒေါင်းနေအကျဉ်းထောင်မှာ ဖမ်း ဆီးချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။ 

စစ်တပ်က ကျူးလွန်တဲ့ပြစ်မှုတွေက ဒီလောက်နဲ့မပြီးသွားပါဘူး။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာ ၂ ရက်က မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ အမတ်ဟောင်း ဦးမျိုးဝင်းကို မတွေ့သဖြင့် ဇနီး၊ သမီးအပြင် အသက် ၉၀ အရွယ်အမေဖြစ်သူကိုပါ ဖမ်းခေါ်သွားခဲ့ပါတယ်။

ရေးမြို့မှာ စစ်အာဏာရှင်တော်လှန်ရေးမှာပါဝင်သူတွေကို စစ်တပ်ကလိုက်လံဖမ်းဆီးနေတာကြောင့် ဦးမျိုးဝင်းနဲ့ သားဖြစ် သူဆရာဝန်တို့ဟာ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း ပုသိမ်မြို့၊ အမှတ် ၇ ရပ်ကွက်မှာလည်း မေလ ၆ ရက်က ဆန္ဒပြရာမှာပါဝင်တဲ့သားဖြစ်သူကို မတွေ တဲ့အတွက် မိခင်နဲ့ အစ်ကိုဖြစ်သူကို ဓားစာခံအဖြစ်ဖမ်းခေါ်သွားပြီး နေအိမ်ရှိတန်ဖိုးရှိပစ္စည်းတွေပါ ယူငင်သွားခဲ့တယ်။

အာဏာသိမ်းစစ်တပ်ကျုးလွန်တဲ့အမှုတွေထဲမှာ အဆိုးဆုံးကတော့ ကလေးသူငယ်တွေပါ ဓားစာခံအဖြစ် ဖမ်းဆီးနေတာ ဖြစ်တယ်။ ထင်ရှားတဲ့အမှုဟာ မိုးကုတ်မြို့သပိတ်ခေါင်းဆောင် ဦးစိုးဌေးကိုမတွေ့လို့ ဇနီးနဲ့အတူ အသက် ငါးနှစ်အရွယ် မစုထက်ဝိုင်းပါ ဖမ်းခေါ်သွားလို့ နိုင်ငံတဝှမ်းက ပြည်သူတွေဟာ စစ်တပ်ကို ဒေါသထွက်ခဲ့ကြတယ်။

အခုလိုအပြစ်မဲ့ပြည်သူတွေကို ဓားစာခံအဖြစ် ရက်ရှည်ထိန်းသိမ်းထားတာ၊ မတရားပုဒ်မတပ်ပြီး ဖမ်းဆီးထားတာတွေအပါ အဝင် ပြည်သူတွေအပေါ်မှာ စစ်တပ်ရဲ့လုပ်ရပ်ဟာ တည်ဆဲဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ် တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ယောက်က ထောက်ပြပါတယ်။

“ သူတို့(စစ်တပ်)အလိုရှိသူမတွေ့လို့ မိသားစုဝင်ကိုဖမ်းတယ်ဆိုတာက အကြောင်းပြချက်ပေးလို့ကောင်းတာပေါ့။ သူတို့ အလိုရှိသူလည်းဖမ်းမိတယ်။ မဆိုင်တဲ့မိသားစုဝင်တွေပါ ဖမ်းတာကတော့ တကယ်လူမဆန်တဲ့လုပ်ရပ်ပဲ ”လို့ သူက သုံး သပ်ပါတယ်။

စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားရယူလိုက်တဲ့အချိန်ကစလို့ ယနေ့အထိ တည်ဆဲဥပဒေတွေသာမက လူ့အခွင့် အရေး၊ စစ်သည်တော်ကျင့်ဝတ်တွေအပြင် မြန်မာနိုင်ငံက လိုက်နာကျင့်သုံးပါမယ်လို့ လက်ခံသဘောတူလက် မှတ်ရေး ထိုးထားတဲ့ဂျနီဗာကွန်ဗန်းရှင်းရဲ့ပြဌာန်းချက်တွေကိုပါ ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်ပါတယ်။

AAPP မှ တာဝန်ရှိသူတစ်ယောက်က ခုလိုဓားစာခံအဖြစ်ဖမ်းဆီးတဲ့လုပ်ရပ်ဟာ အင်မတန်စက်ဆုတ် ရွံရှာစရာဖြစ်ပြီး လုံးဝ သည်းမခံနိုင်တဲ့လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် AAPP အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယုတ်ညံ့တဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပြီး ဖမ်းဆီး ထားတဲ့ဓားစာခံတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း တောင်းဆိုနေပါတယ်။

မသီရိမိုးကတော့ သူ့အစားအဖမ်းခံလိုက်ရတဲ့မိခင်ကျန်းမာစေဖို့ဆုတောင်းရင်း လာမယ့်အမေများနေ့မှာ အမေနဲ့အတူ မရှိ နိုင်တဲ့အပေါ် အခုလိုဝမ်းနည်းစကားဆိုလိုက်ပါတယ်။

“ခက်ခဲပင်ပန်းတယ်လို့ခံစားရတိုင်း ဒီတော်လှန်ရေးကြီးကို အမေအတွက်ရည်စူးပြီး တိုက်နေရတာပါပဲ”

Author:

Related Articles