Home ဆောင်းပါး လူသတ်၊မုဒိန်းကျင့်၊ဓါးပြမှုတွေကြား ကူရာမဲ့နေရတဲ့ မူဆယ်‌မြို့က ပြည်သူတွေ

လူသတ်၊မုဒိန်းကျင့်၊ဓါးပြမှုတွေကြား ကူရာမဲ့နေရတဲ့ မူဆယ်‌မြို့က ပြည်သူတွေ

ဒေဝီ။ ။

လွန်ခဲ့တဲ့ခြောက်လဝန်းကျင်က ကြုံရတဲ့အဖြစ်အပျက်ကို ပြန်တွေးတိုင်း မဟန်နီ(အမည်လွှဲ) စိုးရိမ်ထိတ်လန့်ရဆဲပါ။

ယင်းဖြစ်ရပ်ကတော့ သူတို့မိသားစုတွေ နေအိမ်မှာရှိနေစဉ် လူစိမ်းနှစ်ဦးက နေအိမ်အတွင်းဝင်‌ရောက်ကာ ရန်ပြုတိုက်ခိုက်ခဲ့ ပြီး နေအိမ်ကိုပါ မီးရှို့သွားခဲ့တာပါ။

မူဆယ်မြို့မှာနေထိုင်တာ ၂၅ နှစ် ရှိပြီဖြစ်ပေမယ့် အန္တရာယ် ကြီးကြီးမားမားမကြုံဖူးခဲ့၊ အခုတော့ ရန်ငြိုးရန်စမရှိပါဘဲ နေအိမ် အတွင်းဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် မိသားစုစီးပွားဥစ္စာအချို့ ဆုံးရှုံးခဲ့ရသလို စိတ်ဒဏ်ရာပါဖြစ်ခဲ့တယ်။

တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့မူဆယ်က ယခင်ကတည်းက ရာဇဝတ်မှုတွေများပေမယ့် အာဏာသိမ်းကာလနောက်ပိုင်းမှာ    တရားဥပေဒစိုးမိုးမှု မရှိတာ၊ လောင်းကစားနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ မြင့်တက်လာတာတွေကြောင့် လုယက်သတ်ဖြတ်မှု အမှုအခင်း‌တွေ ပိုမြင့်တက်လာပါတယ်။

လုယက်မှု၊ နေအိမ်ဖောက်ထွင်းမှုကစလို့ ဓားပြတိုက်မှု၊အဓမ္မကျင့်သတ်ဖြတ်မှု၊ လူသတ်အလောင်းစွန့်မှုတွေက ခပ်စိပ်စိပ် ဖြစ် လာတာကြောင့် အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ ပြည်သူတွေမှာ လူရောစိတ်ပါမလုံခြုံမှုတွေနဲ့ နေထိုင်နေရပါတယ်။

“ လမ်းသွားရင်တောင်စိတ်မချရတဲ့ အခြေအနေပါ။ ကိုယ့်နားတစ်ယောက်ယောက် ကပ်လာရင်တောင် ငါ့ကိုအန္တရာယ်ပြု မလား ဆိုတာ သံသယစိတ်နဲ့သွားလာနေရတယ်။” လို့ မဟန်နီက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာနေထိုင်တဲ့  မဟန်နီတို့ဇနီးမောင်နှံနှစ်ဦးလုံးက ပြင်ပစီးပွားရေး လုပ်ဆောင်နေသူတွေ ဖြစ်ပြီး သူတို့မှာ ရန်ငြိုးရန်စရယ်လို့လည်း မရှိခဲ့ပါဘူးလို့ဆိုတယ်။

ပြီးခဲ့တဲ့ ဧပြီလနေ့လည်ပိုင်းမှာ မိသားစုတွေနေအိမ်မှာနေထိုင်နေစဉ် လူနှစ်ဦးဝင်လာပြီး ရေတောင်းသောက်ရာက စပါတယ်။ ယင်းလူစိမ်းနှစ်ဦးကို  သူ့အမျိုးသားက ရေခပ်တိုက်လိုက်ပေမယ့် မသောက်ဘဲ  အရက်သောက်မယ်ဆိုပြီးပြောတဲ့အခါ အရက် သောက်လို့အဆင်မပြေဘူးဆိုတာ ပြောဆိုရင်း စကားအခြေအတင်ဖြစ်ခဲ့တယ်။

အဲ့ဒီအခါမှာ လူစိမ်းနှစ်ဦးက သူတို့ကို မချေမငံနဲ့ပြောဆိုတယ်ဆိုပြီး အသင့်ပါလာတဲ့ ဓားနဲ့ဝင်ရောက်ခုတ်ခဲ့ပါတယ်။ ဖြစ်ပွား တဲ့အချိန်က နေ့ခင်းဘက်လူအသွားအလာကျဲတဲ့ အချိန်ဖြစ်တာကြောင့် အော်ဟစ်အကူအညီတောင်းတဲ့အခါ ဘေးပတ်ဝန်း ကျင်က လာကူညီကြတဲ့အတွက် ယင်းလူစိမ်းနှစ်ဦးမှာ ထွက်‌ပြေးသွားခဲ့ပါတယ်။

ရပ်ကွက်အကူညီနဲ့ ဆေးရုံမှာ ဒဏ်ရာတွေကုသနေတုန်းမှာပဲ ယင်းလူစိမ်းနှစ်ဦးက မဟန်နီတို့နေထိုင်တဲ့ နေအိမ်ကို ထပ်လာခဲ့ ပြီး  မီးရှို့သွားတာကြောင့် နေအိမ်လည်း ပျက်စီးသွားဆုံးရှုံးသွားခဲ့ပါတယ်။

" ဒဏ်ရာတွေချုပ်တုန်းရှိသေးတယ်၊ နောက်မှာ မကျေနပ်လို့ဆိုပြီး ဆေးရုံသွားတဲ့အချိန်၊ အိမ်တံခါးတွေတော့ ပိတ်ထားတယ်။ ပြတင်းပေါက်တစ်ချပ်မပိတ်ထားတော့ အဲ့ဒီအပေါက်ကနေ မီးရှို့သွားတာ အကုန်လုံးကုန်သွားတယ်။" လို့ မဟန်နီက ပြောပါတယ်။

ရန်ပြုတိုက်ခိုက်ခံရတာကြောင့် မဟန်နီမှာ နဖူးကို ရှစ်ချက်ချုပ်ရပြီး အမျိုးသားဖြစ်သူကတော့ နားမှာခုနှစ်ချက်၊ လက်ကို ရှစ် ချက်စီချုပ်ခဲ့ရပြီး ကလေးဖြစ်သူကတော့ ကံကောင်းစွာနဲ့ ဘာမှမဖြစ်ခဲ့ပါဘူး။

သူတို့ဇနီးမောင်နှံကို ရန်ပြုခဲ့တဲ့လူစိမ်းနှစ်ဦးနဲ့ သိကျွမ်းမှုမရှိတဲ့အပြင် ရန်ငြိုးရန်စလည်း မရှိဘဲ တမင်ရန်ရှာလိုတဲ့သဘောနဲ့ ရန်ပြုခဲ့တာလို့ ဆက်ပြောပါတယ်။

သူတို့ကိုရန်ပြုတိုက်ခိုက်ခဲ့သူတွေကို တိုင်ကြားဖို့အတွက်ကလည်း လက်တလောနိုင်ငံရေးအခြေအနေတွေကြောင့် မတိုင်ကြား ဖြစ်ခဲ့သလို တိုင်ကြားခဲ့ရတောင် နောက်ဆက်တွဲ လုပ်ဆောင်ရမယ့်ကိစ္စတွေနဲ့ ရက်ပိုင်းလောက်ဖမ်းဆီးခံရပြီး ပြန်လွှတ်လာ တဲ့အခါ နောက်ထပ်ရန်ငြိုးရန်စတွေထားပြီး အန္တရာယ်ပြုမလားဆိုတာ တွေးတောမိပြီး မတိုင်ကြားဖြစ်ခဲ့ဘူး။” လို့ မဟန်နီက ပြောပါတယ်။

“အခုတောင်ရန်ငြိုးရန်စမရှိဘဲ ဒီလောက်ရန်ရှာသွားတာ တိုင်လို့ ခဏလောက်အဖမ်းခံရလည်း နောက်ပိုင်း  ကျနော်တို့ကပိုပြီး အန္တရာယ်များသွားမှာ‌ အဲဒီလိုကြောက်လို့မတိုင်ကြားခဲ့ဘူး။”လို့ မဟန်နီကပြောပါတယ်။

ဒီလိုရန်ပြုတိုက်ခိုက်ခံရပြီးတဲ့နောက် ယင်းနေအိမ်မှာဆက်မနေတော့ဘဲ ပတ်ဝန်းကျင်စည်စည်ကားကားရှိတဲ့ နေရာမှာ မိသားစုတွေ ပြောင်းရွှေ့နေထိုင်ရတယ်လို့ သူကဆက်ပြောတယ်။

“လုံခြုံမယ်ထင်တဲ့နေရာလေးမှာနေရတာပေါ့။ တုတ်ဓားလက်နက်တွေကလည်း အခြေအနေကမကောင်းတော့ ဆောင်ပြီး မသွားရဲဘူး။ ဒီတိုင်းပဲ သတိဝိရိယထားပြီးဆင်ခြင်နေရတာပေါ့။” လို့ မဟန်နီက ပြောပါတယ်။

သူတို့လို အကြောင်းမဲ့သက်သက်ရန်ပြုခံရမှုတွေက ဒီ‌နောက်ပိုင်းမှာ မကြာခဏကြားနေရတဲ့ဖြစ်စဉ်လို့ဆိုတယ်။ နေအိမ်ထဲ ဝင်လာပြီး သတ်ဖြတ်သွားတာ၊ အိမ်ထဲထိဓားနဲ့ခုတ်တာ၊ လူမရှိတဲ့အချိန် အိမ်အတွင်းက ပစ္စည်းတွေယူသွားတာ၊ ဆိုင်ကယ် စီးနေရင်း လုယက်သွားတာတွေက နေ့စဉ်နဲ့အမျှပါပဲ။

” အိတ်တွေလွယ်လည်း အထဲမှာ ပါပါမပါပါ အိတ်လွယ်ထားရင်ကို လိုက်ဆွဲတာတို့ လုတာတို့ နောက်ကလိုက်ချောင်းတာ တို့ လုပ်တယ်။” လို့မဟန်နီကပြောပါတယ်။

အမျိုးသမီးတွေမှာလည်း နေ့စဉ်နဲ့အမျှအပြင်ထွက်သွားလာတာ ကလေးကျောင်းပို့ကျောင်းကြို သွားလာရတာတွေရှိတဲ့ အတွက် မလုံခြုံပါဘူး။ အပြင်ထွက်တာနဲ့ လုယက်မှုတွေကလည်း စောင့်ကြိုနေပြီး အထူးသဖြင့် အမျိုးသမီးတွေကို ပိုပစ်မှတ် ထားလုယူကြတယ်လို့ဆိုတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရာဇဝတ်မှုတွေက သိသိသာသာများပြားလာပြီး လုယက်မှု ဓားပြတိုက်မှု ခိုးမှုနဲ့ပြန်ပေးဆွဲမှု တွေက အဆိုးဆုံးအခြေအနေထိရောက်လာတယ်လို့ မူဆယ်ဒေသမှာ export & import လုပ်ငန်းလုပ်ကိုင်သူ မယု(အမည်လွှဲ) က ပြောပါတယ်။

“ ညညဆိုအိပ်မပျော်တာများတယ်။ ဘယ်တော့ ငါတို့အိမ်ဝင်ခိုးမလဲဟဲ့ ဘယ်တော့ကိုယ့်မရှိမဲ့ရှိမဲ့ဟာလေး ပါသွားမလဲဟဲ့ ဆို တာမျိုးတွေနဲ့ စိုးရိမ်စိတ်တွေများတယ်။” လို့ မယုက ပြောတယ်။

လူအသွားအလာနည်းတဲ့နေရာတွေနဲ့ ညမှောင်ချိန်တင်မက နေ့လည်ခေါင်လူစည်ကားရာနေရာမှာလည်း ဓားမြတိုက်မှုတွေ က မကြာခဏဖြစ်နေပြီး အထူးသဖြင့် တရုတ်မြန်မာငွေလဲ လုပ်ငန်းလုပ်ကိုင်သူတွေကို ပစ်မှတ်ထားတာများတယ်လို့ ဆက် ပြောတယ်။

ရာဇဝတ်မှုကျူးလွန်သူတွေထဲ   ယူနီဖောင်းဝတ်တွေပါ ပါဝင်နေပြီး သူ့ရဲ့ယောကျာ်းလေး သူငယ်ချင်းတစ်ဦးလည်း လုယက်မှု ဆိုးဆိုးရွားရွား ကြုံလိုက်ရတယ်လို့ ဆိုတယ်။

လွန်ခဲ့တဲ့ငါးလခန့်က မယုရဲ့သူငယ်ချင်းဖြစ်သူက မိတ်ဆွေတွေနဲ့ ညဘက်စားသောက်ပြီး  ပြန်လာချိန်မှာ ယူနီဖောင်းဝတ် လူ တစ်စုက လမ်းမှာတားပြီး တာဝန်အရစစ်မယ်ဆိုတဲ့အတွက် ရပ်ပေးလိုက်ချိန်မှာ သေနတ်ဒင်နဲ့ ရုတ်တရတ်ရိုက်ခဲ့ပါတယ်။ သူ့ကိုလဲကျသွားတဲ့အထိ ဝိုင်းရိုက်နှက်နေကြတဲ့အတွက်  မေ့လဲချင်ယောင်ဆောင်ပြီးငြိမ်သက်လိုက်တော့မှ ဆိုင်ကယ်ယူပြီး ထွက်သွားကြတော့တယ်လို့ဆိုတယ်။

” သူသာဒီနေရာမှာ မေ့ချင်ယောင်မဆောင်ရင် သေအောင်သတ်မဲ့ပုံစံမျိုးပါပဲ ။ သိပ်မကြာဘူး နေရာစိပ်စိပ်မှာ ဆိုင်ကယ်လုမှု တွေများလာတယ်။” လို့ မယုက ပြောတယ်။

ဒါ့အပြင် မယုက သူစီးနေကျ ဆိုင်ကယ်လေးလည်း အခိုးခံရတာ မကြာသေးဘူးလို့ဆက်ပြောတယ်။ အပြင်ကပြန်လာချိန် ဆိုင်ကယ်ကို အိမ်ရှေ့မှာရပ်ထားပြီး အိမ်ထဲဝင်နေတုန်း အချိန်ခဏလေးအတွင်းမှာ ဆိုင်ကယ်က ခိုးယူခံလိုက်ရတယ်။

ပစ္စည်းအခိုးခံရမှုတွေ လုယက်မှုတွေကြုံရပေမယ့် ရဲစခန်းတိုင်ဖို့ဆိုတာ ဘယ်သူမှ အားမကိုးကြဘူးလို့ဆိုတယ် ။ တန်ဖိုးကြီး တဲ့ ပစ္စည်းတွေ ဓားပြတိုက်မှုတွေကိုတောင် မဆောင်ရွက်ပေးနိုင်တဲ့အခါ ဘယ်သူမှ အလုပ်ရှုပ်ခံမတိုင်ကြတော့ဘူးလို့ ဆက် ပြောတယ်။

” အသိဦးလေးတစ်ယောက်လည်း အိမ်နားကားရပ်ထားတာ ခိုးခံရပြီးပြီ။ ရဲစခန်းသွားတိုင်တယ်။ ခုထိဘာမှမထူးဘူးရယ်။” လို့ ဆိုတယ်။

အဓိကအားဖြင့် မှောင်ရီပျိုးစအချိန်တွေနဲ့ လူသွားလာနည်းတဲ့နေရာမျိုးတွေဆို မိန်းကလေးတစ်ဦးတည်းသွားရတာ မလုံခြုံ ဘူးလို့ မယုက ပြောပါတယ်။ လုယက်သူတွေက အုပ်စုလိုက်လုယက်ကြသလို  သေနတ်တွေပါတာကြောင့်  ပြန်မခုခံသာဘူး လို့ ဆိုတယ်။

” မိန်းကလေးတွေကိုကျ ဆိုင်ကယ်လုတာ ဘေးနားကပ်လာပြီး အသိလိုလိုဘာလိုလို စကားပြောသလိုနဲ့ ဓားထောက်ခေါ်ပြီး ဆိုင်ကယ်ယူသွားတာမျိုး၊ မြင်တဲ့သူတွေကလည်း ကြောင်နေတာ နောက်မှလုမှန်းသိရတာမျိုး။”လို့ မယုကပြောတယ်။

တရားရေးအဖွဲ့အစည်းတွေက အားကိုးမရတဲ့အခါ ကိုယ့်တစ်ကိုယ်ရေစာလုံခြုံရေးအတွက် ငရုတ်ကောင်းဖြန်းဗူးလိုမျိုး ကိရိ ယာတွေ ဆောင်ထားရပြီး  အန္တရာယ်ပြုမှုကြီးကြီးမားမား ကြုံရင်တော့ မထိရောက်နိုင်ဘူးလို့ဆိုတယ်။

” ကိုယ့်ကိုကိုယ်လုံခြုံဖို့အတွက်ကတော့ အိတ်ထဲငရုတ်ကောင်းရည်ဗူးတို့ ဘာတို့တော့ထည့်သွားတာပေါ့။ ထည့်လဲ ဘာမှမ ထူးဘူးရယ်။ ဓားပြတိုက် လုယက်သူတွေက အုပ်စုဖွဲ့သေနတ်တွေနဲ့ဆိုတော့ ကိုယ်ဆောင်ထားပေမယ့်လည်း အရာမရောက် နိုင်ဘူး။” လို့ ဆိုတယ်။

မူဆယ်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂မတ်လတုန်းက အသက်၂၄နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ကားဝယ်မယ်လို့ဆိုကာ ဖုန်းဆက် ခေါပြီး လူတစ်စုက အဓမ္မကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ယခုနှစ် မတ်လမှာလည်း လက်နက်ကိုင်ဆောင်ထားတဲ့လူတစ်စုက သေနတ်ဖောက်ခြိမ်းခြောက်ပြီး တရုတ်ငွေလဲလှယ်သူ တွေဆီက ငွေတွေယူဆောင်သွားတာ၊ သြဂုတ်လတုန်းက မူဆယ်မြို့လည်ခေါင်ညစျေးလမ်းကြားမှာ ငွေလဲလုပ်ငန်း လုပ်ကိုင် တဲ့ အမျိုးသမီးတစ်ဦးကို မနက်အစောပိုင်းမှာသေနတ်နဲ့ပစ်ခတ်ပြီး ငွေအိတ်လုယူသွားတာ၊ နေအိမ်မှာနေထိုင်နေတဲ့ အမျိုး သမီးတစ်ဦးကို လည်ပင်းညှစ် အုတ်ခဲနဲ့ရိုက်နှက်သွားတာ၊ ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးကို ရိုက်နှက်လုယက်သွားတာစတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ယခုလအောက်တိုဘာအတွင်းမှာလည်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူအမျိုးသမီးတစ်ဦးသေနတ်နဲ့ ပစ်ခတ်ခံရပြီး ငွေ လုယက်ခံရသလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမျိုးသားနှစ်ဦးနဲ့ အလုပ်သမားအမျိုးသမီးတစ်ဦးတို့ ပစ္စည်းဝယ်ယူဖို့သွားစဉ် ငွေလုယူသတ်ဖြတ်ကာ အလောင်းတွေကို လက်ပြန်ကျိုးတုတ်ပြီး စွန့်ပစ်ထားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

မူဆယ်မြို့က အရင်ကတည်းက နယ်စပ်မြို့ဖြစ်တာကြောင့် ရာဇဝတ်မှုတွေ ထူပြောတာမှန်ပေမယ့် အာဏာသိမ်းပြီးနောက် ပိုင်းမှာတော့ ရာဇဝတ်မှုတွေကပိုများလာသလို ပိုအတင့်ရဲလာကြတယ်လို့ မူဆယ်မြို့ဒေသခံ ဦးထွန်း(အမည်လွှဲ)က ပြောပါ တယ်။

“အရင်ကတည်းကတော့ ရာဇဝတ်မှုတွေက မရှိတာတော့မဟုတ်ဘူးရှိတယ်။ နယ်စပ်မြို့ဆိုတော့သိတဲ့အတိုင်းပဲ၊ အခုကတော့ ပိုဆိုးလာတာ လက်ရဲဇတ်ရဲပိုနိုင်လာတာပေါ့။” လို့ ဦးထွန်းက ပြောပါတယ်။

လက်နက်ကိုင်အချင်းချင်းပစ်ခတ်မှုကြောင့်လူသေဆုံးတာ စျေးလယ်ခေါင်မှာ သေနတ်နဲ့ပစ်ခတ်တာကြောင့် စျေးဝယ်အမျိုး သမီးသေဆုံးတာ ၊ အမျိုးသမီးတွေကိုလည်း လုယက်ရုံမက မုဒိမ်းကျင့်သတ်ဖြတ်ပြီး အလောင်းစွန့်သွားတဲ့ဖြစ်စဉ်တွေလည်း အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလမှာ မနည်းဘူးလို့ဆိုတယ်။

ရာဇဝတ်မှု အမှုအခင်းတွေများတာက လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံနောက်ခံနဲ့ လောင်းကစားဝိုင်းတွေ စိတ်ကြွဆေး၊ မူး ယစ်ဆေးဝါးတွေကြောင့်လည်းပါဝင်ပြီး ဒါတွေကထိန်းချုပ်လို့မရတော့သလိုဖြစ်နေတာကြောင့် နောက်ဆက်တွဲအမှုအခင်း တွေလည်း ပါလာတာဖြစ်တယ်လို့ဆက်ပြောတယ်။

” လောင်းကစားရုံတွေကလည်း ပိုများလာတယ်။ အဲ့ဒီမှာဆေးသုံးဘာသုံးနဲ့လောင်းကစားကလည်းရှုံးတော့ ဓားပြတိုက် လုယက်တာတွေ လူသတ်သွားတာတွေက အလွယ်လုပ်လာကြတော့တယ်။” လို့ဆိုတယ်။

မူဆယ်မြို့မှာ  ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အခြားလက်နက်ကိုင်တပ်ဖွဲ့တွေ အများအပြားရှိပြီး ကျူးလွန်မှုတွေနဲ့ ပက် သတ်လို့ လုံခြုံရေးအရ တာဝန်ယူတာမရှိဘူးလို့ဆိုတယ်။ ဒါ့အပြင် တစ်ခါတစ်ရံ ယူနီဖောင်းဝတ်နဲ့ လုယက်ဓားပြတိုက်မှုတွေ လည်းရှိပြီး ဒါကအယောင်ဆောင်လား အမှန်အကန်လားဆိုတာ ခွဲခြားလို့မရဘူးလို့ ဦးထွန်းက ပြောပါတယ်။

ကိုဗစ်နဲ့အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရုတ်နယ်စပ်ဂိတ်ပိတ်တာကြောင့် လူတွေအလုပ်လက်မဲ့ဖြစ်လာသလို လောင်း ကစားလုပ်ငန်းတွေကြောင့် လူတွေဒုက္ခရောက်လာကြပြီး အထိန်းအကွပ်မဲ့ရာဇဝတ်မှုခင်းတွေ ကျူးလွန်နေ‌ကြပေမယ့် အရေး ယူပေးတဲ့ အဖွဲ့အစည်းတွေလည်းမရှိတော့ ဆက်ဖြစ်နေဦးမှာလို့ ဆိုတယ်။

ဒါ့အပြင် တရုတ်နိုင်ငံသားတွေ လုပ်ဆောင်နေတဲ့ အွန်လိုင်ငွေလိမ်လုပ်ငန်းတွေကလည်း ရာဂဏန်းလောက်ရှိနေတာကြောင့်  တော်တော်ကို ရှုပ်ထွေးနေတဲ့ အနေအထားလို့ဆက်ပြောတယ်။

ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေက ရှမ်းပြည်နယ်မူဆယ်မြို့၊ လောက်ကိုင်မြို့၊ ဝပြည်နယ်နဲ့မြဝတီမြို့နယ် က ရွှေကုက္ကိုလ်မြို့သစ်တို့မှာ အကြီးအကျယ်လုပ်ကိုင်နေပြီး ယင်းနဲ့ဆက်စပ်တဲ့ လူကုန်ကူးမှု နှိပ်စက်ညှင်းပန်းမှုတွေက ဆိုးဆိုးရွားရွားရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ ငရဲတွင်းကပိတ်မိခြင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရာဇဝတ်မှုတွေက တစ်နေ့ထက်တစ်နေ့ များပြားလာပေမယ့် နောက်ဆက်တွဲအရေးယူမှုတွေကတော့ မရှိသလောက်ပဲလို့ ဦးထွန်းက ပြောတယ်။

အရင်နှစ်တွေတုန်းက ရာဇဝတ်မှုတွေဖြစ်ပွားပေမယ့်လည်း တိုင်ကြားကြတာ ဖမ်းဆီးအရေးယူမှုတွေလုပ်ဆောင်တာမျိုးတွေ ရှိပြီး အခုနောက်ပိုင်းကတော့ ယိုယွင်းနေတဲ့ တရားဥပဒေစိုးမိုးရေးကြောင့် လူတွေက ရဲစခန်းတွေကိုမသွားကြတော့သလို တိုင်ရင်လည်း မထူးခြားတဲ့အခြေအနေတွေကြောင့် ကိုယ့်ဘာသာဖြေရှင်းကြရတော့တယ်လို့  ဆက်ပြောတယ်။

မူဆယ်မြို့လိုဒေသမှာ ရာဇဝတ်မှုတွေထူပြောတာက မထူးဆန်းပေမယ့် အာဏာသိမ်းကာလနောက်ပိုင်းကြုံရတဲ့ အမှု အခင်း တွေနဲ့ နောက်ဆက်တွဲလုံခြုံရေးပိုင်းအားကိုးစရာမရှိတာတွေက ပိုဆိုးလာစေတာလို့ လွန်ခဲ့တဲ့ ငါးနှစ်ဝန်းကျင်က မူဆယ်မြို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိမှာ CDM  လုပ်ဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

” ကျွန်တော်တို့ရှိကတည်းကိုက လုယက်မှုတွေ  နေ့ခင်းကြောင်တောင်ပြန်ပေးဆွဲမှုတွေရှိပါတယ်။ ဒါပေမယ့် အရေးယူတဲ့ အပိုင်းတွေလည်း ရှိပါတယ်၊ အခုကတော့ တရားဥပဒေစိုးမိုးရေးပျက်ပြားသွားတော့ ပြည်သူတွေက အကာအကွယ်မဲ့သလိုဖြစ် နေတာပေါ့။” လို့ ယင်းရဲဝန်ထမ်းက ပြောပါတယ်။

ဒီလိုရာဇဝတ်မှုတွေက မူဆယ်မြို့တင်မက အခြားမြို့ကြီးတွေနဲ့နယ်မြို့တွေမှာပါ ကြုံနေရတာဖြစ်ပြီး ရာဇဝတ်ကျုးလွန်သူ တွေကို ဖမ်းဆီးအရေးယူရမယ့်အဖွဲ့အစည်းက ရာဇဝတ်မှုနဲ့မသက်ဆိုင်တဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကိုသာ  ပစ်မှတ်ထား ဖမ်း ဆီးနေတဲ့အတွက် အမှန်တကယ်ကျူးလွန်သူတွေက ထင်တိုင်းကြဲခွင့်ရနေတာလို့ သူကပြောပါတယ်။

မူဆယ်ဒေသခံ ပြည်သူတွေကတော့ မလုံခြုံတဲ့အခြေအနေနဲ့ နေထိုင်နေရပေမယ့် ကျုးလွန်သူတွေကို သေသေချာချာလေး အရေးယူအပြစ်ပေးမှုတွေရှိရင်တော့ စိတ်လုံခြုံမှုရှိရှိနဲ့နေထိုင်နိုင်မယ်လို့ဆက်ပြောတယ်။

ဒါကလည်း စစ်တပ်ကအာဏာသိမ်းထားတဲ့ကာလတလျှောက်လုံးမှာ မျှော်လင့်လို့မရတဲ့ အခြေအနေလို့  ယူဆကြပါ တယ်။

မဟန်နီကလည်း နေထိုင်ရတာမလုံခြုံတဲ့အပြင် ကလေးလည်းရှိတော့ အခြားအရပ်ဒေသသွားရောက်ပြီး နေထိုင်မလား စိတ် ကူးရှိပေမယ့် ဒီဒေသမှာပဲစီးပွားရေးလုပ်ကိုင်စားသောက်တတ်တော့ စွန့်ခွာဖို့ရာမလွယ်ကူဘူးလို့ဆိုတယ်။ ဒီအတွက်ကြောင့် လည်း  အန္တရာယ်ကင်းအောင် သတိဝိရိယနဲ့ဆင်ခြင်ပြီးနေထိုင်ရတယ်လို့ ဆိုတယ်။

” ဖြစ်စေချင်တာကတော့ လွတ်လွတ်လပ်လပ်နဲ့ ရာဇဝတ်မှုကင်းကင်းနဲ့ ၊ အနိုင်ကျင့်ခံရမယ်ဆိုရင်တောင် တိုင်ကြားပြီးတော့ ပြစ်ဒဏ်ပေးတဲ့ တရားဥပဒေစိုးမိုးမှု လိုချင်တာ‌ပေါ့” လို့ မဟန်နီကပြောပါတယ်။

Author:

Related Articles