Home ဆောင်းပါး သွေးစွန်းသင်္ကြန်မှာမပျော်ချင်ပါ

သွေးစွန်းသင်္ကြန်မှာမပျော်ချင်ပါ

ဒေဝီ။ ။

“ကျွန်တော်တို့ကလူငယ်တွေပါ…မတည့် အမေ့ကို လွမ်းနေတတ်နေပြီ”

“ဦးငှက်ကြီးရဲ့အမေ့အိမ်သီချင်း ရေရွတ်ရင်းနဲ့အခက်အခဲတွေကို ကျော်ဖြတ်နေခဲ့”

“အိမ်ပြေးသီချင်းနားထောင်ပြီးလဲ…လူမမြင်ကွယ်မှာ ငိုနေတတ်ပြီ”

အစရှိတဲ့ သံချပ်တွေကို စည်းချက်ညီညီ သီဆိုနေတဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့ရဲ့ သင်္ကြန်သံချပ်အသံက လွတ်မြောက်နယ်မြေဆီကနေ ထွက်ပေါ်လာတယ်။

အရင်ကတော့ တက္ကသိုလ်ကျောင်းသားတွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က သင်္ကြန်အချိန်တိုင်း သံချပ်တေးသွားတွေကို မဏ္ဍပ်တွေဆီ လှည့်လည်ပြီး ဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။

စစ်အာဏာရှင်အုပ်စိုးတဲ့ ယနေ့ကာလမှာ ကျရောက်တဲ့ သင်္ကြန်မှာတော့ သူတို့သံချပ်သံတွေဟာ မြို့ကြီးတွေမှာရှိတဲ့ မဏ္ဍပ်တွေဆီကမဟုတ်တော့ဘဲ လွတ်မြောက်နယ်မြေကနေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။

အာဏာရှင်ကိုတော်လှန်ရင်း တောထဲတောင်ထဲရောက်နေကြပေမယ့် အစဉ်အလာမပြတ် တော်လှန်သံချပ်ထိုးတာကို ဆက်ပြီးလုပ်မယ်လို့ ဒေါင်းတို့မျိုးဆက်အဖွဲ့က ကြေငြာထားပါတယ်။

လူမှုရေး၊ နိုင်ငံရေးနဲ့ အစိုးရတွေရဲ့ လစ်ဟာချက်တွေအပါအဝင် နှစ်ဟောင်းမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို နှစ်သစ်ကူးချိန်မှာ ဟာသနှောပြီး ဟစ်ကြွေးကြတဲ့ သံချပ်ဟာ မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီပွဲတော်တွေထဲ လူအစည်ကားဆုံးဖြစ်တဲ့ သင်္ကြန်ကာလမှာ မပါမဖြစ်တဲ့ အစဉ်အလာတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်ပြီးခဲ့တဲ့နှစ်တွေမှာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းဂယက်ကြောင့် သင်္ကြန်ရောသံချပ်ပါ ဆိတ်သုဉ်းခဲ့ရတာ ၂၀၂၀ကတည်းကပါ။ ဒီနှစ်သင်္ကြန်မှာတော့ စစ်ကောင်စီက တော်လှန်ပုန်ကန်မှုတွေမရှိ‌တော့ဘူးဆိုတာ ပြချင်တဲ့သဘောနဲ့ သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်ပေးပြီး ဆိတ်သုဉ်းနေတဲ့ သင်္ကြန်ကိုပြန်အသက်သွင်းဖို့ ပြင်ဆင်နေပါတယ်။ တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့သင်္ကြန်ကို သပိတ်မှောက်ဖို့နဲ့ တော်လှန်သင်္ကြန်ဆင်နွှဲဖို့ နှိုးဆော်ထားပါတယ်။

နေရာပေါင်းစုံကနေ နည်းလမ်းမျိုးစုံနဲ့ အာဏာရှင်ကို တော်လှန်ဆန့်ကျင်နေတဲ့ သူတွေကလည်း လူငယ်လူရွယ်ပီပီ ပျော်ချင်ပါးချင်ကြပေမယ့် တော်လှန်ရေးကာလအတွင်း အပျော်အပါးထက် တော်လှန်ရေးကို ဦးစားပေးနေရပါတယ်။

မြို့ပြနဲ့လွတ်မြောက်နယ်မြေတွေမှာ အာဏာရှင်ကိုရရနည်းနဲ့ တော်လှန်သူတွေကတော့ သင်္ကြန်ကာလဖြစ်ပေမယ့်လည်း ပေတရာပေါ်မှာစီးတဲ့သွေးကို သင်္ကြန်ရေနဲ့မဆေးကြော၊ ရေဖလားအစား သေနတ်ကိုင်တော်လှန်ပြီး အာဏာရှင်ကို ဆန့်ကျင် တော်လှန်သွားမယ်လို့ဆိုပါတယ်။

“တော်လှန်သင်္ကြန်ဆိုတာ ရေပက်ရတာမဟုတ်တဲ့သင်္ကြန်၊ မုန့်လုံးရေပေါ်အစား ခွေးပစ်ဖို့ လောက်စာလုံး လုံးကြမယ်၊ ခွေးသေဖို့ သင်္ကြန်အမြှောက်နဲ့ ထုကြမယ်” လို့ လွတ်မြောက်နယ်မြေမှာ တော်လှန်ရေးလုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ မဝင့်ဝါက ပြောပါတယ်။

သင်္ကြန်ကာလတွင်းဖြစ်ပေမယ့်လည်း စစ်ကျွန်ဘဝရောက်ပြီး တစ်နိုင်ငံလုံး သောကပွေနေရတာကြောင့် သင်္ကြန်ပွဲဆင်နွှဲပျော်ရွှင်ဖို့ထက် လက်ရှိလုပ်နေတဲ့ စစ်ဆင်ရေးတွေ၊ ထောက်ပို့ပိုင်းတွေကို ဆက်လုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ကောင်စီကလုပ်နေတဲ့ သင်္ကြန်ကို သပိတ်မှောက်ဆန့်ကျင်မယ်လို့ မဝင့်ဝါကပြောပါတယ်။

“တတိုင်းပြည်လုံးစိတ်ညစ်ပြီး ဒုက္ခတွေရောက်၊ သောကတွေရောက်နေချိန်မှာ သင်္ကြန်ကို အစစ်အမှန် ပျော်နိုင်မှာမဟုတ်ဘူး။ သွေးစွန်းသင်္ကြန်မှာလည်း မပျော်ချင်ဘူး။ တော်လှန်ရေးပဲလုပ်မယ်၊ အတုအယောင်အပျော်သင်္ကြန်ကို သပိတ်မှောက်မယ်” လို့ မဝင့်ဝါကပြောပါတယ်။

တော်လှန်ရေးအတွက် ကျဆုံးသွားတဲ့ပုဂ္ဂိုလ်တွေ၊ သူတို့ရဲ့မိသားစုတွေ၊ မတရားဖမ်းဆီးခံထားရတဲ့သူတွေ၊ စစ်ဘေးရှောင်ရသူတွေ၊ CDMဝန်ထမ်းတွေ၊ တောထဲတောင်ထဲမှာ အသက်ကိုပဓာနမထားဘဲ အစားအသောက်အနေအထိုင်ဆင်းရဲစွာနဲ့ တော်လှန်နေတဲ့PDFတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို လေးစားအားနာတဲ့အတွက် တော်လှန်သင်္ကြန်အဖြစ် သပိတ်မှောက်ရခြင်းလို့ ဆက်ပြောပါတယ်။

တိုင်းရေးပြည်ရေးကောင်းနေချိန်၊ စစ်အာဏာမသိမ်းခင်အချိန်တွေတုန်းကတော့ မဝင့်ဝါလည်း လူငယ်တစ်ဦးပီပီ သင်္ကြန်နားနီးရင် သင်္ကြန်နဲ့ပတ်သက်တဲ့ ခံစားချက်တွေ၊ ပျော်ရွှင်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ သင်္ကြန်မတိုင်ခင်ကတည်းက အဝတ်အစားတွေ၊ ဆံပင်ကာလာတွေကအစ ကြိုတင်ပြင်ဆင်ထားတာ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မဏ္ဍပ်ထိုင်လည်ပတ်ဖို့၊ စတုဒီတာကျွေးဖို့ တိုင်ပင်တာစတာတွေနဲ့ အလုပ်များနေခဲ့တယ်လို့ ပျော်ရွှင်ရတဲ့အတိတ်ကာလတွေအကြောင်း ပြောပြပါတယ်။

“စင်ပေါ်ပဲတက်ရတက်ရ စင်အောက်ကပဲကရ၊ကရ။ သင်္ကြန်ဆိုရင် ကရမှ ကျေနပ်တဲ့ အမျိုးအစားထဲပါတယ်။ ဘာစိတ်ညစ်စရာမှ ခေါင်းထဲမထည့်ပဲနဲ့ သင်္ကြန်ကာလ‌ တွေအကုန်လုံးမှာ ပျော်ခဲ့တယ်” လို့ မဝင့်ဝါကပြောပါတယ်။

သင်္ကြန်ဆို နှစ်စဉ်ပျော်ပျော်ရွှင်ရွှင်နဲ့ ရေကစားလည်ပတ်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်တွေက ကိုဗစ်ရောဂါကြောင့် လူစုလူဝေးနဲ့ပွဲလမ်းသဘင်တွေကျင်းပခွင့် မပြုတာတွေကြောင့် သင်္ကြန်တွင်းကာလမှာ ရိပ်သာဝင်ခဲ့ပေမယ့် နောက်နှစ်သင်္ကြန်ကာလတွေမှာ ပုံမှန်အတိုင်းပြန်လည်ပျော်ပါး နိုင်မယ်လို့ လည်းတွေးထားတာပါ။

ဒါပေမယ့် အာဏာသိမ်းဖြစ်စဉ်နဲ့အတူ သူလည်း တော်လှန်ရေးနယ်ပယ်ထဲရောက်ပြီး စစ်အာဏာရှင်ကို တတ်နိုင်တဲ့နေရာကနေ တော်လှန်နေတာကြောင့် အပျော်အပါးကိုတော့ ဘေးဖယ်ထားတယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် တတိုင်းတပြည်လုံး သောကဝေနေချိန်မှာ စစ်ကောင်စီက တည်ငြိမ်အေးချမ်းနေသယောင် သင်္ကြန်ပွဲတော်ကျင်းပပြီး ပျော်ပါးဖို့စီစဉ် နေတာတွေကိုလည်း လက်သင့်မခံဘဲ ပြည်သူတွေကိုလည်း ပူးပေါင်းပါဝင်ခြင်းမပြုဖို့ တောင်းဆိုတယ်လို့ မဝင့်ဝါကပြောပါတယ်။

“တတိုင်းတပြည်လုံး ဒုက္ခရောက်ပြီးစစ်ဘေးရှောင်၊ သေကြေ၊ အိုးမဲ့အိမ်မဲ့ဖြစ်နေတာတွေ ပြည်သူ့မျက်နှာမှမထောက်ပဲ သင်္ကြန်ပွဲကို မရရအောင်ဆင်နွှဲ။ ပျော်ပွဲရွှင်ပွဲကြီးကို ဦးစားပေးနေတဲ့ အကြမ်းဖက်ကောင်တွေကိုလည်း စိတ်တိုတာပဲရှိတယ်။ အပျော်ကို ဟန်ဆောင်ဖန်တီးနေတာတွေကို စိတ်တိုတာကလွဲဘာမှတော့မရှိဘူး” လို့ မဝင့်ဝါကဆိုတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ သင်္ကြန်ပွဲကိုပါဝင်ဆင်နွှဲမယ်ဆိုရင် အိုးမဲ့အိမ်မဲ့ ထွက်ပြေးရသူတွေ၊ ထိခိုက်သေဆုံးရတဲ့သူတွေနဲ့ ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေအပေါ် လိပ်ပြာလုံစွာ ပျော်ရွှင်နိုင်လားဆိုတာ မေးခွန်းထုတ်ချင်တယ်လို့ ဆိုပါတယ်။

“အဲ့နေရာမှာငါဖြစ်နေရင်။ ငါတို့လူ၊ ငါတို့မိသားစုဝင်ဖြစ်နေရင် ဘယ်လိုနေမလဲ ကိုယ်ချင်းစာကြည့်စေချင်တယ်။ အပြင်မှာကျန်ခဲ့တဲ့သူက ပျော်နိုင်ပါ့မလား။ အပျော်အစစ်အမှန်ဖြစ်နိုင်ပါ့မလား။ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့် လိပ်ပြာလုံရဲ့လား ဆိုတာလေးမေးချင်တယ်” လို့ မဝင့်ဝါက ပြောပါတယ်။

ဒါ့အပြင်လွတ်မြောက်နယ်မြေမှာ သင်္ကြန်ပွဲတွေပျော်ရွှင်မှုတွေကိုမေ့ထားပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဘဝတူတော်လှန်ရေးလူငယ်တွေကိုလည်း တော်လှန်ရေးရောင်နီသန်းနေပြီဖြစ်တဲ့အတွက် အချိန်အနည်းငယ်သည်းခံပြီး အောင်ပွဲရလာတဲ့အချိန်မှာ ဒီထက်ပိုသာလွန်တဲ့ ပျော်စရာတွေ ကြုံရမှာကြောင့် စိတ်ဓာတ်မကျဖို့ပြောချင်တယ်လို့ဆိုတယ်။

“အခုချိန်ပျော်လည်း အစစ်အမှန်မဟုတ်တဲ့အတွက် နည်းနည်းလေးမေ့ထားကြ ဖို့ပြောချင်တယ်။ အခုချိန်မှာစစ်ကောင်စီကို တော်လှန်တာကပဲ သူတို့အတွက် အစစ်အမှန်ပျော်ရွှင်မှုပဲ” လို့ မဝင့်ဝါက ဆိုပါတယ်။

တော်လှန်ရေးလုပ်ဆောင်နေသူတွေက စစ်ကောင်စီက လုပ်ဆောင်နေတဲ့ အတုအယောင်အပျော်သင်္ကြန်ကိုဆန့်ကျင်ပြီး တော်လှန်သင်္ကြန်အဖြစ် မှတ်ယူဖြတ်သန်းကာ တော်လှန်ရေးကာလနဲ့ အထောက်အပံ့ဖြစ်တဲ့ သင်္ကြန်ရနံ့ သင်္ကြန်ဓလေ့နဲ့လည်း လိုက်ဖက်တဲ့ လူထုလှုပ်ရှားမှုတွေနဲ့ ဆင်နွဲဖြတ်သန်းကြဖို့ နှိုးဆော်ထားကြပါတယ်။

တော်လှန်ရေးအင်အားစု ၃၅ဖွဲ့ကလည်း တော်လှန်ရေးအရှိန်အဟုန်ပျက်ပြားစေမည့် သင်္ကြန်ပွဲတော်အား ဆင်နွှဲခြင်းမပြုဖို့ လူထုကိုတောင်းဆိုထားကြပါတယ်။

စစ်ကောင်စီဘက်က ရိုးရာသင်္ကြန်ကိုခုတုံးလုပ်ကာ ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခြင်း၊ ပွဲလမ်းသဘင်များကျင်းပ‌စေခြင်းဖြင့် လူထုနှင့်တော်လှန်ရေးရေချိန်ကို ဆွဲချရန် ဖိအားပေးဆောင်ရွက်လာတယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်ကဆိုပါတယ်။

လွတ်မြောက်နယ်မြေမှာ အာဏာရှင်ကိုတော်လှန်နေတဲ့ လူငယ်တစ်ဦးအနေနဲ့ စနစ်ဆိုးကိုတိုက်ဖျက်နေချိန်မှာ အပျော်အပါးဆိုတာကို ခေါင်းထဲကထုတ်ထားပြီး ပျော်စရာပါးစရာကိစ္စတွေကိုလည်း ဘယ်သူမှ တွေးတောပြင်ဆင်ထားတာမရှိဘူးလို့ ကချင်ပြည်နယ်ရွှေကူ PDF တပ်ဖွဲ့က အတာကပြောပါတယ်။

မိဝေးဖဝေးနဲ့ လွတ်မြောက်နယ်မြေမှာ အတူတကွ အာဏာရှင်ကို တော်လှန်နေတဲ့ ရဲဘော်တွေ၊ မောင်နှစ်မတွေနဲ့အတူ သင်္ကြန်အချိန်အခါဖြစ်လည်းပဲ မူလတာဝန်တွေကို ထမ်းရွက်ရင်း ဖြတ်သန်းသွားမှာဖြစ်တယ်လို့ အတာကပြောပါတယ်။

“သင်္ကြန်မှာ ကျနော်တို့တွေ တာဝန်တွေထမ်းရင်း ဖြတ်သန်းကြမယ်ပေါ့။ တကယ်လို့ ကျနော်တို့အချိန်လေးရရင် တယောက်နဲ့တယောက် ကျီစယ်ပြီး ရေးလေပက်လို့ရရင် ပက်ကောင်းပက်ကြမယ်။ အားလပ်ချိန်မှာ အချင်းချင်း ပျော်စရာလေးတွေ ဖန်တီးဖြစ်တာ‌တော့ ရှိကောင်းရှိလာနိုင်တယ်” လို့ အတာကပြောပါတယ်၊

မန္တလေးဇာတိဖြစ်တဲ့ အတာက အရင်သင်္ကြန်ကာလတွေဆို အစဉ်အလာကြီးမားတဲ့ မန်းသင်္ကြန်မှာဆင်နွှဲဖို့ သင်္ကြန်ရက်မတိုင်ခင်ကတည်းက ပြင်ဆင်နေရတာ၊ ရိုးရာလမ်းလျှောက်သင်္ကြန်မှာ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်ပြီး ရေကစားခဲ့ရတာ၊ ပညာပေးကမ်ပိန်းတွေမှာ ပါဝင်လုပ်ဆောင်ခဲ့ရတာစတဲ့ လူငယ်သဘာဝ ပျော်ရွှင်ရတဲ့အချိန်တွေကို လွမ်းဆွတ်သလို လက်ရှိအခြေအနေတွေကြောင့် မဆုံစည်းနိုင်တဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း သတိရတမ်းတမိတယ်လို့ အတာကဆိုတယ်။

သင်္ကြန်ချိန်ခါ လူငယ်ပီပီ ပျော်ရွှင်ရမယ့်အချိန်မှာ အပျော်အပါးတွေဘေးဖယ်ပြီးတော့ တော်လှန်ရေးထဲပါဝင်ပြီး အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေရတဲ့အတွက် တခါတရံစိတ်မကောင်းပေမယ့် နောင်အနာဂတ်၊ နောင်မျိုးဆက်တွေ ကောင်းစားဖို့ ကြိုးပမ်းနေချိန်ဖြစ်တဲ့အတွက် ဝမ်းနည်းမိတာမျိုးတော့မရှိဘူးလို့ အတာကဆိုပါတယ်။

“အချိန်ခဏလေးပျော်ပါးလိုက်ရုံနဲ့ ကျနော်တို့ရဲ့အနာဂတ်ကြီးက ပျော်ရွင်မှုတွေရလာမှာ မဟုတ်ဘူး၊အခုခဏလေး မပျော်ပါးရရင်လည်း ကျနော်တို့တွေတစ်ဘဝစာ၊ ကျနော်တို့ မဟုတ်ရင်တောင် နောင်မျိုးဆက်တွေ တစ်ဘဝစာ ပျော်ဖို့အတွက်ကို တောထဲမှာရှိနေတဲ့ သူတွေရဲ့စိတ်ထဲမှာ ပိုရည်သန်ပါတယ်” လို့အတာကဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်၂၀၂၀တုန်းက ကိုဗစ်ကပ်ရောဂါကြောင့် ပွဲလမ်းသဘင်တွေ ကန့်သတ်ထားတာကြောင့် သင်္ကြန်လည်း မပျော်ရွှင်ခဲ့ရပဲ၊ ကာကွယ်ဆေး တွေထိုးနှံပြီး ကူးစက်ရောဂါတွေ လျော့ပါးသွားပြီးတဲ့အခါ၊ အရင်လိုပုံမှန်အတိုင်း ပြန်ဖြစ်မယ်လို့ မျှော်လင့်ခဲ့ပြီးတကယ်လို့ အာဏာသိမ်းမှုသာမရှိခဲ့ရင် ဒီနှစ်သင်္ကြန်ကာလက အင်မတန်ပျော်ရွှင်စရာကောင်းမှာလို့ အတာကဆက်ပြောပါတယျ။

“အာဏာသာမသိမ်းခဲ့ဘူးဆိုရင် ဒီသင်္ကြန်ကို အရမ်းပျော်မိမှာပေါ့၊လူငယ်တွေအတွက် ပျော်စရာပေါ့ အဲလိုပျော်ပါးမှုတွေကိုလည်း ပြန်လိုချင်တယ်။ အာဏာသာမသိမ်းခဲ့ရင် အဲ့အတိုင်းပဲ ဖြတ်သန်းနေရမှာပါ” လို့ အတာကဆိုတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက မြို့ပြတွေမှာ အေးချမ်းနေပြီ ဆူပူမှုတွေမရှိတော့ဘူးဆိုတာပြဖို့ သင်္ကြန်ပျော်ရွှင်မှုနဲ့ ဝေးနေတဲ့သူတွေကို ဆွဲဆောင်ပြီး သင်္ကြန်ပွဲတော်ကို စည်ကားအောင်လုပ်ဆောင်နေတာကို တွေ့နေရတယ်လို့ဆက်ပြောတယ်။

သင်္ကြန်မှာ ပျော်ရွှင်စွာပါဝင်ခြင်း၊ မပါဝင်ခြင်းက လူသားတိုင်းရဲ့ အခွင့်အရေးမှန်ပေမယ့် စစ်ကောင်စီရဲ့လက်ချက်ကြောင့် သေဆုံးသွားရတဲ့ တော်လှန်သူတွေရဲ့ သွေးတွေက လမ်းမထက်မှာ မ‌ခြောက်သေးဘဲ ၊ပေတရာထက်က သွေးတွေကို သင်္ကြန်ရေနဲ့ဆေးကြောဖို့ လုပ်နေတာတွေကိုတော့ အများပြည်သူ သဘောပေါက်အောင် အချင်းချင်းသတိပေး ပြောဆိုသင့်တယ် လို့ဆက်ပြောပါတယ်။

သင်္ကြန်ပျော်စရာအချိန်တွေကို မေ့ထားပြီး အတူတကွတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်ရဲဘက်တွေကိုလည်း ကျေးဇူးတင်ဂုဏ်ယူမိပြီး ဒီကာလမှာ အများသူငှာလို မပျော်ရွှင်နိုင်ပေမယ့်လည်း မဝေးတော့တဲ့ ကာလမှာ ဒီထက်ပိုပျော်ရွှင်ရမှာ မလွဲဧကန်ပဲလို့ဆိုတယ်။

တော်လှန်ရေးမှာ ရှေ့တန်းကနေပါဝင်နေတဲ့သူတွေလည်း ညီညီညွတ်ညွတ်နဲ့ လက်မလျှော့ဘဲ အားတင်းဖို့လိုသလို၊ တော်လှန်ရေးအပေါ်မှာ ပါဝင်သူတွေ လျော့နည်းမသွားဘဲ၊ စိတ်ဝင်စားတဲ့သူတွေ ပိုများလာမယ်ဆိုရင် အိပ်ပြန်ရမယ့်ခရီးနီးလာပြီး ပျော်ရွှင်စရာပွဲလမ်းတွေ အများကြီး ကြုံတွေ့မှာလို့ အတာကဆက်ပြောတယ်။

မကြာသေးခင် နှစ်များအတွင်းက လမ်းမတွေပေါ်မှာ ရေကစားနေကြတဲ့ လူငယ်တွေဟာ နိုင်ငံရေးအလှည့်အပြောင်းကြောင့် အခုဆိုရင် လွတ်မြောက်နယ်မြေတွေဆီ အရောက်သွားကြပြီး စစ်ပညာသင်ယူတာတွေ လုပ်ဆောင်နေကြပါပြီ။

တိုက်ပွဲတွေကြားက ထွက်လာတဲ့ ဒေါင်းတို့မျိုးဆက်ရဲ့ သံချပ်တွေထဲက စာသားတချို့ကတော့ တော်လှန်ရေးကာလအတွင်းမှာ သူတို့ရဲ့မျှော်လင့်ချက်တွေကို ရောက်ပြန်ဟပ်နေခဲ့ပါတယ်။

“ကျနော်တို့က လူငယ်တွေပါ…ကိုယ့်အနာဂတ်ကို လွမ်းနေတတ်ပြီ”

“ကျနော်တို့က လူငယ်တွေပါ… ကိုယ့်အိမ်ကိုလည်း လွမ်းနေတတ်ပြီ”

Author:

Related Articles